ချစ်၍ခေါ်ရာ

လမ်းသွားနေရင်း “ဆရာ” လို့ ခေါ်သံကြားရင် ကိုယ့်များခေါ်လေသလား အမှတ်တမဲ့ လှည့်ကြည့်မိတာ အကျင့်ပါနေပြီ။ မကြည့်နဲ့။ မကြည့်နဲ့။ ငါက ဆရာမှ မဟုတ်တာ။ “ဆရာကြီး” လို့ ခေါ်မှ လှည့်ကြည့်မယ်။ ပြန်ခေါ်စမ်း။ ဆရာကြီး။ မခေါ်ရင် လှည့်မကြည့်ဘူးနော်။ မကြားချင်ယောင် ဆောင်နေလိုက်မှာ။ အဲ့လိုမျိုး အိုက်တင်ခံတတ်တဲ့ အလေ့အထကလည်း ကိုယ့်မှာ မရှိပဲကိုး။ ကိုယ့်ခေါ်သလား မခေါ်သလား မသိရင် မထူးပဲနေမယ်လေ။ အသိဖြစ်နေတော့ ဘယ်လို လုပ်မလဲ။ အဲ့ဒါကြောင့် ကြည့်တော့ ကြည့်မိတယ်။ ဘယ်သူခေါ်တာလဲ။ ဘယ်သူ့ကိုခေါ်တာလဲပေါ့။ ဆရာဆိုတာ လူတိုင်းကိုခေါ်တာ မဟုတ်ဘူး။ ငယ်ငယ်ကဆို ရှုံးတဲ့သူ ဆရာခေါ်ကြေး ကစားရတာ။ ဒါပေသိ ဆေးကျောင်းပြီး လုပ်ငန်းခွင်ဝင်ကတည်းက ကိုယ့်မှာ ဆရာတပ်အခေါ်ခံထိုက်သော အဆင့်အတန်းထဲ ရောက်သွားပါတော့တယ်။ အင်္ဂလိပ်လိုခေါ်တဲ့ “ဒေါက်တာ” ဆိုတဲ့ အသုံးအနှုန်းထက် “ဆရာ” လို့ ခေါ်တာက ကိုယ့်အပေါ် တလေးတစား ရှိတယ် လို့ ခံစားရတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ မှ ဆရာ မဟုတ်ပါဘူး။ ဆိုက္ကားဆရာလည်း ဆရာပဲ။ လက်သမားဆရာလည်း ဆရာပဲ။ နွားဂွေးသင်းတဲ့ ဆရာလည်း ဆရာပဲ။ အလုပ်တခုခုကို professional ကျကျ လုပ်ကိုင်စားသောက်နေသူ ဆိုရင် ဆရာတပ်ခေါ်လို့ရတယ်။ ဒါပေမယ့် ဆရာဝန်ကို ခေါ်တဲ့ ဆရာ ကတော့ လေးစားသမှုလည်းပါတယ်။ ယုံကြည်ကိုးစားမှုလည်း ပါတယ်။ နားထောင်လို့လည်း ကောင်းတယ်။ ဘူတန်မှာဆိုလည်း သူတို့က ဆရာဝန်/ဆရာမ ဆို Sir/Madam တပ်ပြီး ယဉ်ယဉ်ကျေးကျေး ခေါ်ကြတာပဲလေ။

အခေါ်အဝေါ်က အဓိက မဟုတ်ပါဘူး။ ဆရာဝန်အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ပြုသူ ဆိုလို့ရှိရင် သူ့ရဲ့ client တွေက service provider အနေနဲ့ မယူဆပဲ ကျေးဇူးပြုသူအဖြစ် ယူဆကြတာ moral high ground ယူထားသလို တချို့က ပြောကြလို့။ ဆရာဝန်/ ဆရာဝန်မ၊ ကျောင်းဆရာ/ကျောင်းဆရာမ ဆိုတာ အတတ်ပညာတခုတည်းနဲ့ အသက်မွေးလို့ မရဘူး။ နာ ၃ နာပါမှ အလုပ်လုပ်လို့ရတာလို့ လူတိုင်းနားလည်ထားလို့ပါ။ ဒါပေမယ့် ဆရာဝန်/ ဆရာမလို့ အခေါ်ခံရသူ အားလုံးကရော အများသူငါ အထင်တကြီး တလေးတစား ဆက်ဆံဖို့ ထိုက်တန်ရဲ့လား ဆိုတာကတော့ စဉ်းစားစရာ ရှိပါတယ်။ တချို့လည်း ထိုက်တန်လိမ့်မယ်။ တချို့လည်း ထိုက်တန်မှာ မဟုတ်ဘူး။ အထင်ကြီးလေးစားထိုက်တဲ့ ဆရာဝန်ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်။ ဘွဲ့တွေ အများကြီးရတာလား။ ဆေးခန်းမှာ လူနာအများဆုံးလား။ ရာထူးကြီးကြီး ဆရာဝန်ကြီးတွေလား။ အလကားကုပေးတဲ့ ပရဟိတဆရာဝန်မှ စေတနာဆရာဝန် ခေါ်မှာလား။ တွေးစရာတွေတော့ အများကြီးပဲလေ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆရာသမားတွေ သွန်သင်ဆုံးမထားတဲ့အတိုင်း ဆိုရင်တော့ ဆရာဝန်ဆိုတာ အရိုအသေတန်အောင် မနေရဘူး။ ရူးတူးပေါတောနဲ့ ကျပ်မပြည့်သလို ပြောဆိုနေထိုင်တဲ့သူဆို ဘယ်သူက အသက်နဲ့ပုံပြီး ယုံမှာလဲ။ “ဟုတ်ရောဟုတ်ရဲ့လားဟယ်။” ဆို လူနာတွေဘက်က သံသယဝင်သွားရင် ကိုယ်ပေးတဲ့ဆေးက အာနိသင်မလျော့ရင်တောင် အစွမ်းသိပ်မထက်တော့ဘူး။ ဆရာဝန် နဲ့ လူနာကြားမှာ ယုံကြည်မှု က မဖြစ်မနေ လိုအပ်တာကိုး။ ကျောင်းသားဘဝတုန်းကတော့ ကိုယ်လည်း နားမလည်ဘူးလေ။ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ ကျောင်းလာလို့ အိမ်ပြန်အလွှတ်ခံရဖူးတယ်။ အဝတ်အစားက အဓိက မဟုတ်ဘူး။ ပညာကသာ အဓိက လို့ ဆင်ခြေတွေလည်း ပေးတာပေါ့။ ဒါပေမယ့် အခုမှတွေ့ဖူးတဲ့ လူနာတွေ ကိုယ့်အပေါ် ယုံကြည်ကိုးစားလာဖို့ကျတော့ ဘယ်သူမဆို အသွင်အပြင်က စ အကဲခတ်တာပဲလေ။ တကိုယ်လုံး တက်တူးအပြည့်နဲ့ ဆံပင်ဂုတ်ဝဲဖြစ်နေတဲ့ဆရာဝန်၊ ဖွာလန်ကြဲဆံပင်နီနီနဲ့ အေးမြတ်သူရင်ကွဲလေးဝတ်ထားတဲ့ ဆရာဝန်မဆိုရင် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် ဖြစ်မှဖြစ်ပါ့မလား လို့ စိတ်ပူမိမှာ အမှန်ပဲ။ ကိုယ်တွေလို လန်ပျံထွက်နေတဲ့ ပုံမျိုးနဲ့ဆို “ဟဲ့။ သူ က ဆာဂျင်လား။ ငါတော့ မခွဲရဲပေါင်။” လို့ အပြောခံရတယ်။ တကယ်တော့ အများအမြင်မှာ လေးစားလောက်တဲ့ ဆရာဝန်မျိုးဆိုတာ ရုပ်ချောတာ မချောတာထက် neat, tidy and decent ဖြစ်ဖို့ လိုအပ်တာပေါ့။ ဘယ်လိုပဲ ပြောပြော ဆရာဝန်ဆိုတာ ဆရာဝန်ရုပ်ထွက်မှ ကောင်းမှာ မဟုတ်လား။

တချို့ ဆာဂျင်ဆရာကြီးတွေဆို ဝါဒ်ထဲမှာ grand round လှည့်တဲ့နေ့မှာ ဘောင်းဘီ နဲ့၊ ရှူးဘိနပ် နဲ့ နက်တိုင်နဲ့ ဝတ်ခိုင်းတယ်။ ရှိုးထုတ်တာ ပဲများတာ မဟုတ်ပါဘူး။ ဆာဂျင်ဆိုတာ ဒီလိုရုပ်မျိုးရှိတယ် ဆိုပြီး ရုပ်ထွက်ကောင်းအောင် အလေ့အကျင့် လုပ်ပေးတာ။ အနောက်တိုင်းဝတ်စုံဆိုတာ ဝတ်နေမကျရင် တော်တော်မထော်တာလေ။ အကျင့်မရှိရင် ရှူးဘိနပ်၊ ဒေါက်ဘိနပ်နဲ့ လမ်းလျှောက်ဖို့၊ တနေကုန်အလုပ်လုပ်ဖို့တောင် မလွယ်ဘူး။ ဘုန်းကြီးကျောင်းပညာရေးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကိုယ့်အဖွားတောင်မှပဲ ကိုယ့်ကို အမြဲသွန်သင်နေကျ စကား။ “လူတစ်ယောက်မှာ အင်ပရက်ရှင် ဆိုတာ ရှိတယ်။ အင်ပရက်ရှင် ဒေါင်းသွားရင် ဘာမှ လုပ်မရဘူး။” တဲ့။

တကယ်တော့ အသွင်အပြင်တို့၊ အထင်အမြင်တို့ဆိုတာ packaging သက်သက်မျှသာပါပဲ။ အထဲက ပစ္စည်းရဲ့ ကွာလတီကို အာမခံချက် မပေးနိုင်ပါဘူး။ သို့သော်လည်း branded quality ဆိုတာကတော့ တံဆိပ်မြင်တာနဲ့ အစစ်အမှန်သာဆိုရင် ယုံကြည်စိတ်ချရတယ် ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ ကွာလတီကို အကဲဖြတ်ရင် အရင်ဆုံးကြည့်တာကတော့ သူ့ရဲ့ personality ပါပဲ။ အဲ့ဒါကြောင့် အနှစ်မပါ အကာသက်သက်ဆိုသော်ငြားလည်း အပြစ်အနာအဆာ ပြောစရာ မရှိအောင် ဂရုစိုက်ထားရပါတယ်။

ကိုယ်တို့ရဲ့ ဆရာကြီးတစ်ယောက်ဆိုရင် လူနာ round တာကို စင်ပေါ်မှာ ပြဇာတ်ကနေသလိုကို လေယူလေသိမ်း၊ ဟန်ပန်အမူအရာတွေနဲ့ detail မိအေး ပလေးတာပါ။ ဒီနားလေးကိုရောက်ရင် သူက “Opps sorry!” ဆိုပြီး ဟာသလေးတစ်ခု ပြောလိမ့်မယ်။ ငေးမနေနဲ့။ အဲ့ဒါ ကိုယ့်အတွက် လုပ်ကွက်ပေးနေတာ။ ရယ်လိုက် ရယ်လိုက်။ အသံကလေးထွက်အောင်ကို ရယ်ပေးလိုက်။ သူ့ဝါဒ်ထဲမှာ တစ်လလောက်နေရင် ဒီပြက်လုံးက မရယ်ရတော့ပေမယ့် ဆရာကြီးက ကိုယ့်ကို အန်တာတိန်းနေတာ မဟုတ်ဘူး။ လူနာရဲ့ အသည်းနှလုံးကို သိမ်းပိုက်နေတာ။ ဒီနေရာရောက်ရင် ကိုယ့်အက်ရှင်က ရယ်ပေးရမယ်။ သဘောပေါက်လား။ တိတ်စမ်း။ ဆက်ပြောရင် ဘယ်သူမှန်း ရိပ်မိကုန်တော့မယ်။ ရပ်။ ဒမှာတင် ရပ်။

ဟိတ်တွေဟန်တွေ အလုပ်လွန်သွားရင်လည်း လေးစားစရာမကောင်းပဲ ရယ်စရာကောင်းသွားတာ မြင်ဖူးပါတယ်။ လာမယ်ဆိုရင် ဖုန်းကြိုဆက်ထားပြီး ပေါ်တီကိုအောက်က ဆင်းစောင့်နေရတယ်။ ကားကလည်း အကြိုလွှတ်ထားရတဲ့ကား။ အဲ့ဒါကို ကားတံခါးဖွင့်တာပဲဖြစ်ဖြစ်၊ ပိတ်တာပဲဖြစ်ဖြစ် စောင့်ကြိုတဲ့သူက ဖွင့်မပေးရင် ကားထဲကမဆင်းဘူး။ “ဟဲ့ လူနာပါတယ်။ ထရော်လီသွားယူခဲ့။” လို့ အော်ရမတတ်။ “မောနင်းပါ မမ။” လို့ နှုတ်ဆက်ပြီး ကားတံခါးလေးဆွဲဖွင့်ပေးလိုက်မှ ညာဘက်လက်နဲ့ ကမ်းပေးတဲ့ ပိုက်ဆံအိပ်ကိုဆွဲ၊ ဘယ်ဘက်လက်က ခြေထောက်ချမယ့်နေရာကို လက်ဖဝါးလေးနဲ့လှမ်းပြ။ ဓါတ်လှေခါးမှာ တစ်ယောက်က ခလုပ်နှိပ်ပြီး စောင့်နေရမယ်။ လမ်းမှာ ရှေ့တော်ပြေးက “ဆရာမကြီး လာတယ်။ ဘေးကိုဖယ်။” သိုင်းကွက်နဲ့ လမ်းရှင်းပေးရလိမ့်မယ်။ ပြန်ရင်လည်း အဲ့ဒီအတိုင်းပြန်တာ။ ဝင်စည်ထွက်စည်ရွမ်းဖို့ ဆိုင်းဝိုင်းပဲ ငှါးပေးထားရမလို။ သူတို့ကပဲ အိုဗာတင််းကြိုက်တာလား။ သူတို့နောက်ကဝိုင်းမတဲ့ တပည့်တပန်းတွေကပဲ အိုဗာတင်းဖျော်တာ လက်လွန်သွားသလား မပြောတတ်ပါဘူး။ နေ့စဉ်နေ့တိုင်း ညနေ ရုံးဆင်းချိန် အိမ်မပြန်သေးပဲ ညနေ ၆ နာရီခွဲဆရာကြီးအိမ်က ကားလာကြိုမှ “ဆရာကြီး တာ့တာ။” ဆို ပေါ်တီကိုအောက်မှာ လက်ပြတန်းဖြုတ်ပြီး ပြန်ကြရတာလည်း တွေ့ဖူးတယ်။ အတုခိုးချင် ခိုးလို့ရပါတယ်။ ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။

ကိုယ့်အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ ကိုယ်တို့ သိုင်းလောကမှာ ဆရာကြီးအဆင့်ဆိုတာ အလိုလိုနေရင်း အလကားနေရင်း စိုင်ကော်လို့ ခြုံပေါ်ရောက်သွားတာမျိုး တစ်ယောက်မှ မရှိပါဘူး။ တဘက်ကမ်းခတ်ကျွမ်းကျင်တဲ့ ကိုယ်ပိုင်သိုင်းကွက် တခုခုတော့ ရှိရတယ်။ နို့မို့ရင် တင်ကျန်မနေဘူး။ မြုပ်သွား မျောသွားတာ။ တချို့လူတွေကျ တစ်ကွက်ဆို ဆိုသလောက် သူတတ်ကျွမ်းတဲ့ သိုင်းကွက်လေးတစ်ကွက်တည်းအားကိုးပြီး ဆရာကြီး level အထိ တက်လှမ်းနိုင်သူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ ကိုယ်တို့ထက် တော်တော်လေးငယ်တဲ့ ဆရာဝန်တစ်ယောက်ဆိုရင် သိုင်းလောကအလယ်မှာ ဘာကိုမှ ဟုတ်ဟုတ်ငြားငြား ထူးချွန်တတ်မြောက်သူ မဟုတ်ပါဘူး။ knowledge တွေ skill တွေက ရွက်ကြမ်းရေချိုလို့တောင် ပြောလို့မရ။ သို့သော် သူကျွမ်းကျင်တဲ့ အညှာကိုင် သိုင်းကွက်က ရောက်လေရာ မျက်နှာပန်းလှစေတယ်။ တလောကလုံး ဘယ်သူတွေ ဘယ်လိုပြောပြော ရာထူးအကြီးဆုံးလူဆီ ဒိုင်ဗင်ပစ်ပြီး အပိုင်ကိုင်ထားလိုက်တာ။ အခုဆို ဝန်ကြီးဌာနမှာ အသက်အငယ်ဆုံး ညွှန်ချုပ်တောင်ဖြစ်နေပြီ။ ဘယ်ဝန်ကြီးတက်တက်၊ တက်သမျှလူ ပြားပြားဝပ် သစ္စာခံမယ်။ တလောကလုံး ဆဲချင်သလောက်ဆဲ။ အပြုံးမပျက်ဘူး။ သူဆည်းကပ်တဲ့ ဆရာသမားတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြုတ်သွားကြတာ။ သူကတော့ ရာထူးထပ်တက်စရာ ဝန်ကြီး/ ဒုဝန်ကြီးပဲ ကျန်တော့တယ်။ ဘယ်လောက်ပဲ ဘွဲ့တွေ တသီတတန်းနဲ့ ပညာအရာ တဘက်ကမ်းခတ်သော ပါရဂူဆရာဝန်ကြီးများဖြစ်စေကာမူ ထိုဆရာလေးက ထားရာနေ စေရာသွားရလေတယ်။ Ex-Burma Leave တွေဘာတွေ လိုချင်လို့ကတော့ လက်ဆောင်ပစ္စည်း ထိုက်ထိုက်တန်တန်နဲ့ ရုံးခန်းဝ တနေကုန်ထိုင်စောင့်ပေတော့။

အဲ့တော့ ဆေးကျောင်းပြီးလို့ ဘာလုပ်ရမှန်းမသိ။ လမ်းပျောက်နေပါတယ် ဆိုတဲ့ ကလေးတွေတွေ့ရင် အားမငယ်ဖို့ အားပေးချင်တယ်။ အဌာရဿ ၁၈ ရပ်စလုံး တတ်စရာ မလိုပါဘူး။ ကိုယ့်မှာ ဘာအားသာချက် ရှိသလဲ။ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်။ မှုန်နေအောင်ချောရင် ပိုးမမီသာ လုပ်။ တုန်နေအောင်ကိတ်ရင် နန်းမွေစံလုပ်။ အသံပါဝါအားကောင်းရင် ဖြူဖြူကျော်သိန်း လုပ်။ ၂ နာရီ ၃ နာရီစာလောက် နန်းစတော့ တော်ကီလွှတ်နိုင်ရင် မတ်မတ်မြ လုပ်။ တစ်လိုင်းဆိုတစ်လိုင်း အပိုင်ကိုင်ထားရင် ခိုင်ပါတယ်။ ဝေဘင်မှုတွေကို လှစ်လျူရှုပြီး ကိုယ့် flow လေးနဲ့ကိုယ် စီးမျောလိုက်ရင် မတ်မတ်ဆောင်းတောင် ရုံကြီးကားရိုက် ဈေးကွက်ဝင် အနုပညာရှင်တစ်ယောက်အဖြစ် လျှမ်းလျှမ်းကို တောက်ကရော။ နန်းခင်ဇေယျာတောင် သူ့ကိုမှီတက်နေရပြီ။ “ဒါဆို တားတို့က ဘာလုပ်ရမှာလဲ ဆျာ။” လို့ လာမမေးနဲ့။ လာ။ တောထဲကိုလာခဲ့။ သေနတ်ကိုင်ရအောင်။ မင်းကွာ။ ယောက်ကျားတန်မဲ့။ နန်းသလိုလို စီသလိုလို၊ ရေသာခိုမနေနဲ့။ ဇီးရိုးလား ဟီးရိုးလား။ ကိုယ်ကြိုက်တာရွေး။

ပညာရပ်ပိုင်း ဆိုတာက ဘယ်နေရာမဆို သူ့ထက်သူ လူစွမ်းကောင်းတွေချည့်ပဲဗျ။ ဒီကြားထဲမှာ ကိုယ့်နံမည် ထင်ရှားဖို့ဆိုတာ ဒေါင်ဒေါင်မြည်မှ အိုး ခေါ်တယ်။ ပညာသည်အချင်းချင်း တွေ့ကြတဲ့အခါ ဘယ်သူက ဘယ်နှစ်ကြိုးတတ်သလဲ အချင်းချင်းလည်း အကဲခတ်ကြတယ်။ ပညာစမ်းကြတယ်။ ကိုယ့်ဆရာဝန်အချင်းချင်းက လေးစားလောက်သော ဆရာဝန်မျိုး ဖြစ်မှသာ အဲ့ဒီဆရာဝန်ရဲ့ အရည်အချင်းဟာ စစ်မှန်တာ။ ရုပ်ထွက်ကြည့်ပြီး လူရှိန်တာက ပထမအဆင့်၊ ကိုယ်တိုင်ကုကြည့်ပြီး လက်တွေ့ယုံကြည်မှုရတာက ဒုတိယအဆင့် လို့ ဆိုရင်၊ ကိုယ့်လုပ်ငန်းခွင်က ဆရာဝန်အချင်းချင်းက “ဒီဆရာ တော်ပါပေတယ်။” လို့ လက်ခံပြီ ဆိုရင် အဲ့ဒါ တတိယ အဆင့်ပဲ။ ပါရဂူ၊ ပါမောက္ခချင်းတောင်မှပဲ “ဒီနေရာမှာ လောလောဆယ် သူက အကြီးဆုံးရာထူးမို့လို့ သူနဲ့ပဲ ပြစရာ ရှိတယ်။” ဆိုတာမျိုးထက် “ဒီရောဂါနဲ့ပါတ်သက်လာရင် ဒီဆရာလောက် တော်တာ ဘယ်သူမှ မရှိဘူး။” ဆိုပြီး ဘယ်မှာ ရှိရှိ၊ ရှိတဲ့နေရာ လိုက်ပြရတဲ့ ဆရာမျိုးကို ပိုအထင်ကြီးလေးစားရမှာ မဟုတ်လား။ အဲ့ဒါ စတုတ္ထဆင့်ပေါ့ဗျာ။

ကိုယ်တို့ မြန်မာပြည်ဆေးလောကမှာ အဲ့သလိုမျိုး ထိပ်ထိပ်ကြဲဆရာဝန်ကြီးတွေ ရှိခဲ့ဖူးပါတယ်။ အများကြီးကို ရှိခဲ့ဖူးတာ။ တပည့်သားမြေးဆရာဝန်များက ကိုယ့်ဆရာကိုယ် တမ်းတရည်ညွှန်းပြီး ရေးတာတွေ ရှိသလို၊ ဆရာဝန်ရော၊ ဆရာဝန်မဟုတ်သူရော ဝိုင်းရေးကြတဲ့ ဆုရစာအုပ်တွေလည်း ဖတ်လို့ရပါတယ်။ ရေးမှာပေါ့။ ဒီလိုဆရာမျိုးတွေက ရေးလို့လည်းကောင်းတယ်။ ချစ်စရာခင်စရာ၊ လေးစားစရာ ကောင်းကွက်တွေလည်း ပြူးပြဲရှာစရာမလိုပဲ ပြွတ်သိပ်နေအောင် ရှိတယ်။ ဒါပေမယ့်လည်း ဆေးလောက ဆိုတာ Doctor Perfect တွေချည့် ရှိနေတာ မဟုတ်ဘူးလေ။ ဆရာဝန်အပဲ့အရွဲ့တွေလည်း လက်ညှိုးထိုးမလွဲပါဘူး။ အဲ့ဒါမျိုးကျ စာထဲထည့်မရေးဘူး မဟုတ်လား။ ရေးလည်း သောက်မြင်ကပ်စရာကောင်းတဲ့ ဆရာဝန်တွေ အကြောင်းကို ဘယ်သူက ပိုက်ဆံပေးပြီး ဝယ်ဖတ်မှာလဲ။ ကိုယ်တွေအချင်းချင်း လက်ကလေးတို့တို့ပြီး “ဟဲ့။ ကြားပြီးပလား။” ဆို တိုးတိုးတိတ်တိတ် ခွီရတဲ့ Doctor’s Gossip တွေ ဖြစ်ကုန်တာပေါ့။

ကိုယ်ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက် ဖြစ်တာမို့ ကိုယ့်လောကရဲ့ အပုပ်အစပ်တွေကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး မရေးချင်ပါဘူး။ ဒါပေမယ့် သိတယ် မှလား။ “ရယ်ချင်လျက်နဲ့ ဇာတ်ကွက်ကိုဆ ငိုလိုက်ရတယ်။” ဆိုတဲ့ ဘဝဟာ သဘင်သည်မနှင်းဆီမှာမှ ရှိတာ မဟုတ်ပါဘူး။ ဒေါက်တာရိုစီ ဆီမှာလည်း ရှိပါတယ်။ အလုပ်ထဲမှာတုန်းကတော့ ငို၍ရယ်၍ မရသောမျက်နှာမို့ မျိုချပစ်ခဲ့ပြီး တောထဲရောက်မှ သစ်ခေါင်းကြီး မျက်နှာအပ်ပြီး “မိုက်ဒရဲ့ နားရှည်၊ မြည်းနားရှည်” အော်တာ ဘယ်သူမှ မကြားလောက်ဘူး ထင်လို့ပါ။ သူများက တိုးတိုးလေး ပြောတဲ့ဟာကို။ ကတဲမှ။ ဒီတခါ လမ်းမှာတွေ့ရင် ခေါ်နော်။ ကိုကို လို့ ခေါ်မှာလား။ ဆရာ လို့ ခေါ်မှာလား။ ဒေါက်တာ လို့ ခေါ်မှာလား။ ကိုကိုဆရာဒေါက်တာ လို့ ခေါ်မှာလား။ ယော်ပါ်တို့ လောင်ကုံးတို့ မခေါ်ရင်ပြီးရော။ လှည့်ကြည့်မယ် သိလား။

“ဟိတ် ချာတိတ်လေး

မင်းက တို့ထက်ငယ်တော့။

တို့တွေ မတော်တဆ

ရည်းစားဖြစ်သွားရင်

တို့ကို အဘ လို့ပဲခေါ်။”

(ပုံ / အဘဆရာကြီးစိုး)