မိုးသည်းသည်း လမ်းကြမ်းကြမ်းမှာ ကားကပျက်။ ဒုက္ခတော်တော်ရောက်တာပဲ။ ဝပ်ရှော့ဆရာ သွားခေါ်ဖို့ကလည်း လွယ်တာ မဟုတ်။ အချိန်လွန်လို့ မိုးကြီးချုပ်ရင် တောထဲမှာပဲ အိပ်ရမယ့်သဘောရှိတယ်။ လမ်းတွေပိတ်ထားတော့ ကားအသွားအလာလည်း မရှိသလောက်ပဲ။ ဖုန်းလိုင်းတွေလည်း မမိဘူးလေ။ ဘာမှ လုပ်မရပဲ စိတ်ပျက်နေမယ့်အတူတူ ဖုန်းအားလေးရှိတုန်း စာထိုင်ရေးနေလိုက်တယ်။ တခါတခါမှာ ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေမှာ ဒီအတိုင်းထိုင်စောင့်နေမယ့်အတူတူ တခုခုလုပ်နေလိုက်တာက အာရုံတွေ မပျံ့လွင့်ဘူး။ စိတ်ပျက်အားငယ်ဖို့လည်း အချိန်မရဘူး။ ဆေးရုံကို ဗုံးလာကြဲရင် ဗုံးကြဲခံရတဲ့အကြောင်း စာထိုင်ရေးတယ်။ တောထဲမှာ ကားပျက်နေရင် ကားပျက်တယ်ဆိုတဲ့အကြောင်း စာထိုင်ရေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ စာထိုင်ရေးနေနိုင်တဲ့ အခြေအနေရှိတယ်။ ဘာလို့ စိတ်ပျက်ရမှာလဲ။ ဘဝမှာ ဒီလိုပဲ ကျော်ဖြတ်လာခဲ့တဲ့ အခက်အခဲတွေ အများကြီးပဲဟာ။ This too shall pass.” လို့ သဘောထားလိုက်မှာပေါ့။ ကိုမြတ်က ဝပ်ရှော့ဆရာ သွားခေါ်နေတယ်။ ပြန်လာတော့ တခုခု အဖြေထွက်လိမ့်မယ်။
ကိုယ်တို့ရဲ့ တော်လှန်ရေးခရီးကြမ်းကြီးကလည်း ဒီလိုပဲလေ။ အခက်အခဲ အတားအဆီးတွေ ဘယ်လိုပင်များပါစေ။ ကိုယ်နိုင်ရာဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့အလုပ်ကိုယ် ဆက်လုပ်နေရုံပဲ ရှိတယ်။ အခုလို တောထဲမှာ ကားပျက်တုန်း စာရေးတာလည်း တော်လှန်ရေးအတွက်ပဲ။ အပန်းတကြီး မဟုတ်ပေမယ့် အပတ်တကုပ်တော့ အားထုတ်နေရတာပ။ စစ်ပွဲတွေက ရှိနေတယ်လေ။ တိုက်နေတုန်းပဲ။ စစ်ကြောင်းတွေကလည်း ဟိုဘက်ကလှည့်ထိုးလိုက်၊ သည်ဘက်ကလှည့်ထိုးလိုက်။ ထိုးနေတာပဲ။ တိုးမရရင် ပြန်ဆုတ်သွားလိုက်။ စုထားတဲ့လူသစ်တွေ ရောက်လာရင် ပြန်တိုးလိုက်။ သူ့ဘက်ကိုယ့်ဘက် လူမကုန်မချင်း လုပ်နေမှာလေ။ အရင်ကုန်သွားတဲ့သူက အရှုံး။
သူတို့ကလည်း လူ သန်း ၅၀ ကုန်အောင်များ ပေါ်တာဆွဲမလို့လား မသိ။ ဆွဲစရာလူ မကုန်မချင်း ဖမ်းခေါ်နေတာ။ သီတင်းကျွတ်လောက်ဆို ဘုန်းကြီးကျောင်းထဲဝင် သင်္ကန်းတွေ ချွတ်ခိုင်းလိမ့်မယ်။ အခုတောင် ဂိတ်ဖြတ်သံဃာ ပရိတ်ကြီး ၁၁ သုတ်မှ အလွတ်မရရင် စုဆောင်းရေးကိုကြွခိုင်းနေပြီ။ ဝါခေါင်လ စာပြန်ပွဲက အဲ့သလိုမျိုး ကျင်းပနေတာ။ သံဃာအင်အားလျော့သွားမှာတော့ မပူပါနဲ့။ အရပ်ထဲက ဖာခေါင်းဖာဆွယ် အင်ဖော်မာတွေ ရယ်ဒီမိတ် ကတုံးတုံးပြီးသားရှိတယ်။ အချိန်မရွေး သင်္ကန်းကောက်စည်းနေကျ။ “ဧဟိဘိက္ခု” တောင် ခေါ်စရာမလို။ နိုင်ငံခြားအထိ တရားရိပ်သာ သွားဖွင့်လို့ရတယ်။ စစ်ကတော့ သူတို့မတိုက်ဘူးလေ။ သေမှာစိုးလို့။ စစ်တိုက်ဖို့ လိုသမျှလူပဲ ဖမ်းဖမ်းပေးမှာ။
တို့မြန်မာပြည်ကြီး တိုးတက်ပုံကတော့ အာဖရိကက လူမည်းတွေဖမ်းပြီး ကျွန်ဈေးမှာရောင်းတဲ့ခေတ်ကို ပြန်ရောက်သွားတာပါလား။ မိန်းကလေး ငယ်ငယ်ရွယ်ရွယ်ဆို တရုတ်ကို export လုပ်လို့ရတယ်။ သွားလေးဖြဲလိုက်၊ ပါးလေးဆွဲလိုက်နဲ့။ ရန်ကုန်ထိ ဆင်းဝယ်နေကြတာ။ ချိုကျိုးနားရွက်ပဲ့မို့ အကောင်လိုက် ရောင်းမရရင်လည်း အားမငယ်နဲ့။ ကလီဆာတွေ စပယ်ယာပတ်လုပ်ဖို့ ဈေးကွက်ရှိတယ်။ ဥရုဂွေးလေးတစ်လုံးတောင် သူ့တန်ကြေးနဲ့သူ။ “စစ်ပွဲတွေကို ရွေးမလား။ တွေ့ဆုံဆွေးနွေးပွဲကို ရွေးမလား။” ဆိုတဲ့ တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ တကယ့်လက်တွေ့အခြေအနေမှာ အခုလိုအဖြစ်မျိုးကို တွန်းပို့တော့တာပဲ။
“ဘာဆိုင်လို့လဲ” တော့ မပြောနဲ့နော်။ ကန်းနေတာ ပင်းနေတာ မဟုတ်ဘူး မှလာား။ သေချာနားထောင်။ “တရုတ်အစိုးရက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ထောက်ခံကူညီပေးမယ်။” လို့ မအလ ကို အိပ်မက်ပေးသွားရော။ စစ်ရှုံးနေတဲ့ မအလက တရုတ်ကူမှ အသက်ရှင်နိုင်မှာမို့ “မြစ်ဆုံယူပါ။ ကျောက်ဖြူ ယူပါ။ မြေရှား ယူပါ။” ရှိသမျှ အကုန်ထိုးပေးပြီး တရုတ်ကြီးအလိုကျ ရွေးကောက်ပွဲကို မရအရ လုပ်မယ်ဆို ထိုးစစ်တွေ တလကြမ်းဆင်ပါလေရော။ ရေရှည်မှာ ရှုံးတာနိုင်တာ အရေးမကြီးဘူး။ ဒီဇင်ဘာအထိ တောင့်ခံနိုင်ပြီး ရွေးကောက်ပွဲကို စတိလောက် လုပ်ပြလို့ရရင်တောင် တရုတ်ကြီးက လားရှိုးယူသလို ပြန်ယူပေးလိမ့်မယ် လို့ တွက်ထားပုံရတယ်။ အဲ့ဒီအကြံကြောင့် သင်တန်းဆင်းစကလေးတွေ သေချင်သလောက်သေ။ မြို့ပေါ်ကွက်ကွက်ကလေး မဲရုံထောင်နိုင်ရင် ရပြီ ဆိုပြီး လွတ်မြောက်နယ်မြေတွေကို နေရာတိုင်းမှာ လူအားနဲ့ တလကြမ်းထိုးစစ်ဆင်နေတာပေါ့။ သောက်သောက်လဲ သေတာမှန်ပေမယ့် သေသလောက်ကို အစားပြန်ဖြည့်နိုင်ဖို့ စစ်သားစုဆောင်းရေးကို တောရောမြို့ပါမကျန် နေ့နေ့ညည ဖြစ်တဲ့နည်းနဲ့ ရအောင်ဆွဲခိုင်းထားတာ။ သူ့ဆီက အမိန့်ရလို့လည်း အုပ်ကြီးတွေ၊ ဒလန်တွေ၊ ပျူစောထီးတွေက လက်ရဲဇက်ရဲ လူဖမ်းပွဲတွေ လုပ်ကြတာ။ လက်နက်မဲ့လူတွေကို လက်နက်ကိုင်တွေက ဖမ်းရတာ ဘာခက်တာလိုက်လို့။ တောနင်းစရာ၊ ထောင်ခြောက်ဆင်စရာတောင် မလို။ “မဆိုင်သူ မကပ်နဲ့။ အဘကိုယ်တိုင် ညွှန်ကြားထားတာကွ။” ဆို ဘယ်သူမှတောင် ဝင်မဆွဲရဲဘူး။ ရှီကျင့်ဖျင် ပါးစပ်ဖျားက တဖွဖွပြောနေတဲ့ ဒေသတွင်းငြိမ်းချမ်းရေး ဆိုတာ တကယ့်အဖြစ်အပျက်က အဲ့ဒါပဲ။
ကိုယ်ကတော့ နိုင်ငံခြားကနေ ပရိုပိုဇယ်တင်ဖို့ ဇာတ်ညွှန်းရေးနေတာ မဟုတ်ဘူး။ အဲ့ဒီ တကယ့်အဖြစ်အပျက်တွေ အလယ်က စစ်မြေပြင်မှာ ကိုယ်ကိုယ်တိုင် ရှိတယ်။ ဘဲရီးဆောရီး တောကြီးမြိုင်လယ်မှာ ကားပျက်နေတာနဲ့ အတူတူပါပဲ။ စုဆောင်းရေးတပ်သားသစ်တွေနဲ့ လှိုင်းလုံးကြီးအလား ထိုးစစ်ဆင်နေတဲ့ စစ်မြေပြင်မှာ ရောက်နေတယ်။ ကလေးတွေပါ။ အသက်မပြည့်သေးတဲ့သူတွေပါ။ သူတို့ဆန္ဒမပါပဲ အတင်းအကြပ် ခေါ်ထားခံရသူတွေပါ။ အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ။ “အချစ်ရေ။ ပြန်။ ပြန်တော့ကွယ်။ အပြင်မှာ မိုးလည်း ရွာတော့မယ်။” ဆို သီချင်းလေးနဲ့ ချော့သိပ်ရမှာလား။ ကိုယ်ကမသတ်ရင် ကိုယ့်ကိုသတ်သွားမယ့်ဥစ္စာ။ သိပ်အများကြီးတွေးမနေပါနဲ့။ သူသော်လည်းကောင်း၊ ကိုယ်သော်လည်းကောင်း တဘက်ဘက်ကတော့ အကုန်သေသွားပါလိမ့်မယ်။ သူတို့ဘက်က အလံဖြူထောင်ရင်၊ လက်နက်ချရင်၊ ကိုယ်တို့က မသတ်ဘူး။ ကိုယ်တို့ဘက်မှာတော့ အဲ့ဒီ option မရှိဘူး။ ဒါကြောင့် စဉ်းစားစရာ မလိုဘူး။
ဒီလိုနဲ့ ရက်ပေါင်းများစွာ သူတို့ဘက်က ထိုးစစ်ဆင်နေကြတယ်။ တိုးလို့ မပေါက်သေးပါဘူး။ ကိုယ်တို့လည်း တောင့်ခံထားဆဲပဲ။ တနေ့ထက်တနေ့ လေကြောင်းအင်အား၊ လက်နက်ကြီးအင်အား၊ ဒရုံးဗုံးများစွာနဲ့ တိုက်။ နေရာအနှံ့ ပိတ်ဆို့ဖြတ်တောက်သော်ငြား ကိုယ်တို့ဘက်က မရှုံးဘူးဆိုတာ ဘယ်လိုစိတ်ဓါတ်အင်အားမျိုးနဲ့ စစ်တိုက်နေသလဲ သိလောက်ရောပေါ့။ သူများအားကိုးနဲ့ စစ်တိုက်နေရင် ဘယ်သူကမှ တောင့်မခံနိုင်ဘူး။ ကိုးကန့်တွေ၊ ဝတွေကို ကြည့်။ အဲ့ဒီစိတ်ဓါတ်အင်အားကို ရိုက်ချိုးချင်လို့ အမျိုးမျိုးသော အလိမ်အညာတွေနဲ့ လိုင်းပေါ်မှာ လေပွေမွှေ့နေတာမို့ ကိုယ့်ဘက်ကလည်း စိတ်ဓါတ်မြှင့်တင်ရေးစာတွေ ရေးရမှာပဲ။ လင်းသိုက်ညွန်လုပ်ဖို့၊ ဖြိုးဖြိုးအောင် လုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်လူတွေ ကိုယ့်စာလေးတွေဖတ်ရရင် အားသစ်အင်သစ်တွေ တိုးပွါးလာစေဖို့။ စမ်းတဝါးဝါး လမ်းပျောက်ရင် လမ်းမှန်မြင်အောင် အလင်းပြမယ်။ စိတ်ဆင်းရဲ ညှိုးငယ်နေရင် ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော ပြန်ဖြစ်လာစေရမယ်။ အဲ့ဒါကြောင့် တောထဲမှာ ကားပျက်နေလည်း စာဆက်ရေးနေတယ်လေ။
အဲ့ဒီတော့ ပေးထားချက်အနေနဲ့က ဒီဇင်ဘာမတိုင်ခင် စကမတွေဘက်က အစွမ်းကုန် အင်အားသုံးပြီး ထိုးစစ်ဆင်နေတယ်။ ရလပ်ကတော့ နိုင်ရင်နိုင်၊ မနိုင်ရင်ရှုံး။ ဒီ ၂ လမ်းပဲ ရှိမယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ။ မအလ ကတော့ ရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ လုပ်မှာ။ ကိုယ်တွေကလည်း မအလတို့ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ။ တော်လှန်ရေးကတော့ အဆုံးထိသွားမှာပဲ။ ဒါဆိုရင် ဘာများတွေဝေစရာ ရှိလို့တုန်း။ ဘယ်လမ်းကသွားသွား။ ဒီဘူတာပဲ ဆိုက်မယ့်ဟာကို။ ကိုယ်လုပ်စရာ ရှိတာလုပ်နေရင်း အချိန်တန်ရင် သူ့ဟာသူ ပြီးသွားလိမ့်မယ်။ အနှေး နဲ့ အမြန်ပဲ ကွာမှာ။ စိတ်ပူစရာ မရှိပါဘူး။
စိတ်အေးလက်အေး စာဆက်ရေးနေတုန်းမှာပဲ ကိုမြတ်က ဝပ်ရှော့က ကလေးတစ်ယောက်ခေါ်ပြီး ပြန်ရောက်လာတယ်။ တိုင့်ရော့ ပြုတ်သွားတာတဲ့။ လိုတဲ့ပစ္စည်းတွေ သွားပြန်ယူကြရော။ လဲစရာ မရှိတော့ တိတ်နဲ့ပတ်ချည်ပြီး ဝပ်ရှော့ရောက်အောင် ထိန်းမောင်းသွားတယ်။ ကားကတော့ ဝပ်ရှော့မှာ ထားခဲ့ရမှာ။ ကိုယ်တို့ကို ပြန်ပို့ဖို့ ဝပ်ရှော့ကကားတစ်စီးကို အမြန်ပြင်ကြတယ်။ အဲ့ဒီကားပြင်ပြီးတော့ ညက မှောင်နေပြီ။ ဒါပေမယ့် အဲ့ကားက ဒိုင်နမို ချာဂျင် မဝင်ပြန်ဘူး။ ဘက်ထရီမကုန်မချင်းတော့ မောင်းလို့ရမယ်။ အဲ့လိုဆိုတော့ မီးတွေ၊ အဲကွန်းတွေ ဖွင့်လို့ မရတော့ဘူး။ လမိုက်ည မြေစာပုံ ဝင်္ကဘာအလယ်မှာ လေးထောင့်ဓါတ်မီးလေး ရှေ့ကိုထိုးပြီး မောင်းရတယ်။ ဘေးချော်လိုက်ရင် ချောက်ချည့်ပဲ။ အမယ် မီးကသာ မလင်းတာ။ ဟွန်းတီးလိုက်ရင် ဓါတ်ကလိုက်သေး။ နောက်ဆုံးတော့ ချောချောမောမော အိမ်ပြန်ရောက်ပြီး ရေးလက်စ စာလေး လက်စသတ်ပြီး တင်လိုက်ရော။ ဘယ်လိုအခက်အခဲ၊ အတားအဆီး ရှိရှိ၊ တည်တည်ငြိမ်ငြိမ်၊ စိတ်အေးလက်အေး ကိုယ့်အလုပ်ကိုယ် လုပ်နေရင်း အချိန်တန်တော့လည်း အိမ်ပြန်ရောက်တာပဲ။ တော်လှန်ရေးခရီးလည်း ဒီလိုပဲ ရှိပါလိမ့်မယ်။ ဆင်းရဲတွေ ဒုက္ခတွေဆိုတာ သည်းညည်းခံပြီး ကျော်ဖြတ်လိုက်ရင် နောင်တချိန်ကျ ဟာသနှောစရာ အမှတ်တရလေးတွေ ဖြစ်သွားစမြဲပါပဲ။
“ဘဝမှာ အချိန်တွေဟာ နည်းတယ်။ နည်းလွန်းတယ်။
ဘဝဟာ အိပ်မက်လေးလို
ပျောက်ပျက်လွယ်။
စိတ်မညစ်နဲ့။
ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့။
နောက်ပြီးရင် ကောင်းသွားမယ်။
ပျော်တတ်အောင် ကြိုးစားကွယ်။”