စစ်မျက်နှာ ၃ ခု နဲ့ Stalemate ဖြစ်နေတဲ့ စကမတွေဟာ အခုရက်ပိုင်းမှာ နောက်ထပ် လမ်းအသစ်တစ်ခု ထပ်ထိုးလာပါတယ်။ အဲ့ဒါကတော့ ဝိုင်းမော်ကို အပြင်းအထန် ထိုးစစ်ဆင်ပြီး ဆဒုံး နဲ့ ကမ်ပိုက်တီးလမ်းကို ပြန်ပွင့်အောင် ကြိုးစားနေတာပါ။ မြေရှားထွက်တဲ့ဒေသတွေကို ပြန်သိမ်းချင်တာ အသေအချာပါပဲ။ မိုဒီ နဲ့ တရုတ်ပြည်မှာတွေ့တော့ မြေရှားရောင်းဖို့ ညှိကြသတဲ့။ အမေရိကန်ကို ဝယ်မလား စကားသွားစပ်တာလည်း စကမလော်ဘီတွေပါပဲ။ တော်တော်ဖြစ်နေကြတယ်ပေါ့။ အဖြေမပေါ်သေးတဲ့ စစ်မျက်နှာ ၃ ခု တိုက်ရင်းတန်းလန်းနဲ့ နောက်ထပ်စစ်မျက်နှာတွေ ထပ်ဖွင့်တာ ကချင်ပြည်နယ် အတွင်းမှာပဲ ရှိပါသေးတယ်။ အောက်ဘက် စစ်ကိုင်း၊ မန္တလေး၊ ရှမ်း/ မကွေး နေရာတိုင်းမှာ အထွေထွေထိုးစစ်ကြီး သူ့ဘက်က စနေတာ ဘယ်သူ့အားကိုးနဲ့များပါလိမ့်။ စစ်သားစုဆောင်းရေးအပါတ်စဉ် ၁၅ တောင် ပြီးသွားပြီဆိုတော့ သူ့စစ်တပ်ထဲကို စစ်သည်တစ်သိန်းခွဲလောက် သွေးသစ်လောင်းသွားတဲ့ သဘောပဲ။ အဲ့ဒီ စမထဥပဒေဟာ ပျူတွေ၊ ဒလန်တွေ၊ အုပ်ကြီးတွေကို human trafficking နဲ့ စိန်ရွှေအိမ်မြေတွေ လိုလေသေးမရှိ ချမ်းသာကြွယ်ဝစေပါတယ်။ အဲ့ဒါကြောင့်သူတို့လည်း ကြားနေပြည်သူတွေကို အတိုင်းအဆမရှိ အနိုင်ကျင့်နှိပ်စက်ကြတာ။ တော်လှန်ရေးတပ်သားတော့ သူတို့ကြောက်ပါတယ်။ မလုပ်ရဲဘူး။ အစားမတော်တစ်လုပ်၊ ဘာတွေ ဇယားရှုပ်တတ်တယ် သူတို့ ကောင်းကောင်းကြီး နားလည်တဲ့အတွက် အစွယ်မရှိ၊ အဆိပ်မရှိ အရပ်သားပြည်သူတွေကိုရွေးပြီး ဘယ်ပြန်ညာပြန် နှံကြနှက်ကြတော့တယ်။ အဲ့ဒီတော့ ဘာဖြစ်ရမလဲ။ နေရာတကာမှာ ဒလန်တွေ ဇောင်းကြွလာတော့တာပေါ့။
“နင်တို့ ဖြူဖြူကျော်သိန်း ကမ္ဘာပတ် ရှိုးပွဲဆိုသလောက်များဖြင့် ငါတို့ ရန်ကုန် မန္တလေး ဧည့်စာရင်းတစ်ခါစစ်စာ မရှိပါဘူး။” လို့ ပေါ်တင်ကြီးကို ဂုဏ်ဆာကြတာခင်ဗျ။ ပဂိုးဒါး ပဂိုးဒါး။ နားရှိလို့ ကြားရ။ လေဆိပ်မှာ ဂျူတီတစ်ရက်ဆင်းရင် ကော့စမက်တစ်တွေ တစ်ဆိုင်စာလောက်တော့ အိမ်ပြန်ပါသတဲ့။ ဇွန်နီလာဌေး၊ ချမ်းချမ်းဆီက မဝယ်နဲ့။ ထောင်စော် နံတယ်။ မမနန်းနန်းဆီက ဝယ်။ နန်းစိန်ဆိုတာ နံမည်သာဆိုးတာပါအေ။ အသံမထွက်ပဲ ကြိတ်ကောင်းနေတာ ယူတို့ နားမလည်ပါဘူး။ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်မှာ စစ်သားတွေ လခပေးဖို့ ငွေစက္ကူအသစ် ရိုက်ထုတ်စရာ မလိုတော့ဘူး။ စစ်ကိုင်းက နှာပေါက်ကြီးရှေ့မှာ၊ ပဲခူးက ညောင်ခါးရှည်ဂိတ်မှာ ငွေစက္ကူတွေ လိုသလောက် ဖန်တီးလို့ရတယ်။ တို့အဘ အာဏာသိမ်းမှပဲ ရဲ နဲ့ စစ်သားတွေ တအိမ်သားလုံး အိုင်ဖုန်းကိုင်နိုင်တဲ့ခေတ်ကို ရောက်သွားတော့တယ်။ အရင်ကဆို အစေ့နှိပ်တောင် ဘေလ်ပတ်ချေးနေရတာ။ အေးလေ။ ဒီလိုဆိုတော့လည်း တပ်ထောက်ခံသူတွေ ရိုက်သတ်လို့မကုန်အောင် ပေါများနေတာ အပြစ်မဆိုသာပါဘူး။
အာဏာသိမ်းပြီး ၅ နှစ်ကြာတဲ့အခါ တိုင်းပြည်မှာ အနီ နဲ့ အစိမ်း နဲ့ နှစ်ခြမ်းကွဲသွားတာ မဟုတ်ဘူး။ တပ်ထောက်ခံသူ နဲ့ စစ်တပ်မုန်းတီးသူ နှစ်ဖွဲ့ ကွဲသွားတာလည်း မဟုတ်ဘူး။ အာဏာသိမ်းစစ်တပ်ကြီးရဲ့ ပြုပြုသမျှ အကုသလအပေါင်းတို့အပေါ်မှာ “ကောင်းလိုက်တာတော်။” နဲ့ “သေပါပြီတော့။” ဆိုတဲ့ လူတန်းစားနှစ်ရပ် ကွဲပြားထွက်ပေါ်လာတာ။ ကောင်းမှု မကောင််းမှုတို့၊ ဓမ္မ အဓမ္မတို့ဆိုတာ အလကား။ အပိုတွေပါကွာ။ မယုံပါဘူး။ ရပ်ကွက်ထဲက ဆယ်အိမ်ခေါင်း၊ အုပ်ကြီးကို မော်မကြည့်ရဲတဲ့ခေတ်ဟာ အင်္ဂလိပ်ခေတ်မှာ မရှိခဲ့ဘူး။ ဂျပန်ခေတ်မှာလည်း မရှိဖူးဘူး။ ဦးနေဝင်း၊ ဦးသန်းရွှေခေတ်မှာတောင် မရှိသေးဘူး။ တို့အဘလက်ထက်ရောက်မှ ဘုန်းမီးနေလ အာသောက ဖြစ်လာတာ။ ဘယ်သူ ဘာပြောပြော။ ထောက်ခံပါတယ် သမ္မတကြီးပဲ။ ဧည့်စာရင်းတိုင်ရင် မှတ်ပုံတင် ပြန်မပေးပဲ “မဲထည့်ပြီးမှ ယူ” ဆို တခါတည်း သိမ်းထားပေးသတဲ့။ အုပ်ကြီးဖြူစင်တာ အုပ်ကြီးပဲ သိပါတယ်ကွာ။ နော့။
KIA အနေနဲ့တော့ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး လို့ အတိအလင်း ကြေငြာထားပေမယ့် မင်းအောင်လှိုင်ကလည်း သတင်းစာထဲမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကြီးကို quote လုပ်ပြီး “ရွေးကောက်ပွဲ ဖျက်တဲ့သူတွေကို ဒီတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး။” လို့ ထခြိမ်းခြောက်ပါတယ်။ ထိုင်မကြည့်ချင်လည်း ထကြည့်ကြည့်၊ အိပ်ကြည့်ကြည့်။ ကြည့်ချင်သလို ကြည့်တော့ကွယ်။ ၅ နှစ်လုံးလုံး ကချင်တွယ်သမျှ လိမ့်ခံနေရတဲ့သူက ဒီ ၅ ရက်လောက်နဲ့ သဟောက်သဟာ ထပြောတာ မရှက်တတ်လို့ပါ။ ကိုယ်တွေက သူ့မပြောနဲ့။ သူ့နောက်က တရုတ်ကြီးကိုတောင် ကြောက်တော့တာ မဟုတ်ဘူး။
ကြင်စိုးဟာ ပြည်တွင်းမှာ စစ်ရှုံးပေမယ့် မီဒီယာပေါ်မှာ စစ်နိုင်တယ်။ သံခင်းတမန်ခင်းမှာ စစ်နိုင်တယ် လို့ ပြောကြတယ်။ ရွေးကောက်ပွဲတောင် ဘယ်နားနေမှန်းမသိဘူး။ မိုဒီရော ကျင့်ဖျင်ရော လက်ပေးသင်နေကြပြီ။ ဘယ်သူအရင် ကြမ္မာငင်မလဲတော့ မပြောတတ်ဘူး။ ဟာစီနာတို့ ပေထုံတန်တို့တော့ ထိကရုံးလေးတွေ ဖြစ်သွားပြီ။ တရုတ် ရဲ့ဖိအားမှာ ဝ နဲ့ ကိုးကန့် ကျရှုံးသွားပေမယ့် ပြောမရဆိုမရနဲ့ TNLA, KIA ကို တုတ်ကြီးကြီးနဲ့ ရိုက်ချင်လို့ စကမတွေကို လက်နက်၊ ပိုက်ဆံ အပြည့်အဝ ကူညီထားတယ်။ ဒါပေမယ့်လည်း စစ်က မနိုင်သေးဘူး။ ဘယ်လိုလုပ်မလဲ တာ့ကော။ မင်းမှာ ပလန်ဘီ ရှိလား။ ငါတို့မှာတော့ ရှိတယ်။ သမြင်ကပ်လို့ မင့် မပြောပြတာ။ ငတို့မှာ အားနည်းချက်ရှိသလို မင့်မှာလည်း ပျော့ကွက် ရှိတာပဲ။ ငါတို့က သေလည်း မထူးဘူး။ နေလည်း မထူးဘူး။ အောက်ပြုတ်အိမ် ဝင်ရှုပ်ရင် ဖဲကန်းပြီသာ မှတ်။ ၈၈ မှာ ဆိုဗီယက်ယူနီယံကြီး ရုရှားဖက်ဒရေးရှင်း ဖြစ်သွားတယ်။ ၂၁ မှာ ဝင်ရှုပ်မိတာ တရုတ်ပြည်ကြီး ၆၈ စိပ် ကွဲသွားမှ မငိုနဲ့။ Hundred China Policy ဆိုပြီး အသစ်ပြင်ရေးနေရမယ်။
ကိုယ်တို့ မြန်မာပြည်က သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။ ၆၅%သော လွတ်မြောက်နယ်မြေတွေကို နေ့ရောညပါ လေယာဉ်နဲ့ ဗုံးကြဲပြီး ထောင်းလမောင်း ကြေအောင် မြေလှန်ထားတယ်။ ဘယ်ရပ်ဘယ်ရွာမှ နဂိုအတိုင်း ပြန်မဖြစ်တော့ဘူး။ ကိုယ်တို့ ဆယ်ဇင်းရောက်ပြီး တနှစ်အကြာမှာ ရွာပျက်တယ်။ နောက် ၂ နှစ်ကြာမှ ရွာကိုပြန်သိမ်းနိုင်တယ်။ ပြာပုံ၊ အိမ်ပျက်နဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးနေတဲ့ရွာကို တဖြေးဖြေးချင်း ပြန်လည်ထူထောင်နေတာ တနှစ် ရှိတော့မယ်။ ဘာတစ်ခုမှ နဂိုအတိုင်း မဖြစ်တော့ဘူး။ အိမ်ပြုတ်၊ ဆိုင်ပြုတ်၊ အရင်းပြုတ်သွားတဲ့သူတွေ ရွာကို ပြန်မဝင်နိုင်။ ကလေးတွေ တနေရာစီ လွင့်သွားတယ်။ မိုးညှင်းမှာ၊ မြစ်ကြီးနားမှာ၊ မန္တလေးမှာ၊ ထိုင်းမှာ၊ မလေးမှာ။ လက်ချိုးရေလို့ရတဲ့ ထိပ်ထိပ်ကြဲ သူဌေးကြီးတွေတောင် ဆယ်ဇင်းကို ပြန်ဝင်မလာကြဘူး။ မဖြစ်မနေ ဆိုင်ပြန်ဖွင့်ခိုင်းရင် ဆိုင်အခွံနဲ့ အလုပ်သမား ငုတ်တုတ်ထိုင်ပြထားတယ်။ အရောင်းအဝယ် မရှိဘူး။ ပစ္စည်းလည်း မတင်ဘူး။ မြေဖြိုပြီး ရွှေရှာတဲ့သူတွေသာ အတားအဆီးမရှိခင် ခြေသွက်လက်သွက် ဝင်တူးနေတာ။ အင်းစပ်ရော ချောင်းဖျားရော ဘာမှ မရှောင်ဘူး။ ဘုန်းကြီးကျောင်းမြေ ရွှေထွက်ရင်တောင် ကျောင်းထိုင််ကိုယ်တော်နဲ့ ညှိပြီး သာသနာပြုပလိုက်တာ။ တကာတွေချီးမြောက်မှပဲ တို့ဆရာတော်လေးလည်း ရဟန်းကိစ္စပြီးမြောက်တော့တယ်။ ထွက်ရပ်ပေါက်သွားတာ ဘယ်ဘက်ကကြွသွားမှန်းတောင် မမြင်လိုက်ရဘူး။ ရွှေတွေက ထွက်တာတော့ ထွက်တုန်းပဲ ထင်ပါရဲ့။ အစဉ်အဆက်က ဆေးဝိဇ္ဇာ မယ်တော်ကြီးတောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာကြီးကိုစွန့်ပြီး ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ အဂ္ဂိရပ်စခန်းမှာ ရွှေဖြစ်ငွေဖြစ် တောင်လုံးဖြိုပြီး မျောမောင်းနေတော့တယ်။ ပုဆိုးကွက်ဝါ ကြက်ပြာပိုက်လို့ နောက်လိုက်တွေနဲ့ ကိုကြီးကျော်လည်း အံစာခုံတွေ မှောက်ထားရတာ ကြာပြီ။ ဘယ့်နှယ် အရက်၊ ဘီယာ နေနေသာသာ ရေသန့်ဗူးတောင် ၃ ထောင်ပေးသောက်ရတယ်။ ကျွဲရိုင်းတစ်ဗူး ရှစ်ထောင်၊ တစ်သောင်းက အေးချင်မှတောင် အေးမယ်။ ရွာထဲကဆေးခန်းတွေတောင် ဆရာမရှိမယ်။ ဆေးမရှိဘူး။ ရွာက ပျက်သွားတော့သာ တစ်ညတည်းရယ်။ အခု ၃ နှစ်ကြာပြီ။ ကျီးနဲ့ဖုတ်ဖုတ်။ ပစ္စည်းသင်္ခါရက ပြန်ဖြစ်ချင်ဖြစ်လာမယ်။ လူသင်္ခါရက ငကန်းသေလို့ ငစွေမပေါ်တော့ဘူး။ ဆယ်ဇင်းကစစ်ပြေးတဲ့သူတွေဟာ ၃ နှစ်ကြာတာတောင် ရွာပြန်မရောက်ပဲ နာတာရှည် ဒုက္ခသည်တွေ ဖြစ်နေဆဲပဲ။
ဆယ်ဇင်း နဲ့တောင် အဲ့လောက် ကမ္ဘာပျက်နေတာ။ ဗန်းမော်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ ဆို စဉ်းစားသာကြည့်။ “မိုးယံသို့ လွင့်ပျံစေမည်း မြန်မာစစ်သားတို့၏ ခွေးကျင့်ခွေးကြံ” ဆို ပေါ်လစီကားရိုက်လိ့ရတယ်။ မင်းအောင်လှိုင် တရုတ်ကိုသွားတော့ ကော်ဇောနီခင်းပြီး တရုတ်မပေါင်တိုလေးတွေနဲ့ အကြိုခံရလို့ အခုကတည်းက သမ္မတအဆင့်အတန်းနဲ့ ဆက်ဆံနေပါပြီဆို ဖီးတွေတက်နေတဲ့အထဲမှာ မအလတစ်ကောင်တည်း မဟုတ်ပါဘူး။ စန်းစန်းမော် (NLD) ဆိုပြီး သူ့ကိုယ်သူ အနီတံဆိပ်ကပ်ထားတဲ့ တစ်ယောက်လည်း ပါတယ်။ နွေဦးတော်လှန်ရေး ကျဆုံးသွားခဲ့ပြီ။ NUG ဆိုတာ မရှိတော့ဘူး။ KIA က မကြာခင် NCA ထိုးတော့မှာ။ မဟုတ်တမ်းတရားတွေ အကုန်လျှောက်ရေးနေတာ သူက NLD မှာဘယ်တုန်းက ဘယ်နေရာက ပါခဲ့လို့ပါလိမ့်။
တရုတ်က မအလကို မရမက သမ္မတတင်ရုံနဲ့ ကချင်တွေက လက်နက်ချရအောင် သူ့ခေါင်းထဲမှာ ဦးနှောက်မပါဘူးလား။ သမ္မတကြီး ဦးသိန်းစိန်၊ အတိုင်ပင်ခံ အံတီစု လက်ထက်မှာတောင် NCA မထိုးတဲ့ KIA က မအလတစ်ကောင်တည်း ကိုယ့်ဖျင်ကိုယ်မျိုးစပ်ပြီး သမ္မတကြီးဖွားမြင်တဲ့ဇာတ်တော်မှာ ကျရှုံးရအောင် ကချင်ပြည်နယ်ရဲ့ ဘယ်နေရာမှာ အရေးနိမ့်နေလို့လဲ။ ကျုံယွမ်ကျော်မြင့်တူမကို ဆဲလို့မပြီးသေးဘူး။ အဆဲတောင်းချင်လည်း နောက်က NLD ကြီး အရင် ဖြုတ်စမ်းပါဦး။
ငလျင်အပြီးတော်လှန်ရေးကာလတွေမှာ စကမတွေကိုချည့်တော်လှန်နေရတာ မဟုတ်ဘူး။ တရုတ်အစိုးရကိုပါ ကြံ့ကြံ့ခံတွန်းလှန်နေရတာမှန်း မြေပြင်ကလူတွေ အကုန်သိတယ်။ ဘယ််သူကမှ နောက်တွန့် မသွားခဲ့ပါဘူး။ မအလ သမ္မတဖြစ်ရင်လည်း ငါတို့မှာ Plan B ရှိတယ် လို့ ပြောခဲ့ပြီးသား။ အဲ့ဒီ Plan B က တော်လှန်ရေးကို ကျောခိုင်းသွားဖို့ မဟုတ်ဘူး။
ကချင်ပြည်နယ်က မြေပြင်စစ်ပွဲတွေဟာ ကိုယ်ရောက်နေတဲ့ ၅ နှစ်ကာလအတွင်းမှာ အပြင်းထန်ဆုံး ထိုးစစ်ခံစစ် ကစားနေကြပါတယ်။ ဗရမ်းဗတာ ပစ်ပြေးပုန်းရှောင် မလုပ်ပဲ ဗျူဟာနဲ့ အထာတကျ စစ်တိုက်နေပါတယ်။ ကိုးကန့်လို ဝလို ဖိအားမျိုး သူ့မှာလည်း ရှောင်မရပေမယ့် သူ့ဘက်ကတော့ တခါမှ စိတ်ပျက်အားလျှော့သွားတာ မရှိပါဘူး။ လိုင်ဇာကလူတွေလည်း ဖယောင်းတိုင်ထွန်း၊ ပါဝါဘန့်နဲ့ ဖုန်းသုံးနေရပေမယ့် “နားလည်ပေးကြပါ” လို့ တစ်ခွန်း မငြီးငြူဖူးဘူး။ ဒီတော်လှန်ရေးကာလမှာ ကိုယ့်အနေနဲ့ လမ်းရွေးမမှား၊ လူရွေးမမှားခဲ့သလို မှီခိုရာ အရပ်ဒေသလည်း မမှားခဲ့ပါဘူး။ ကိုယ့်အသိဉာဏ် နဲ့ အတွေ့အကြုံအရ ဘယ်တောင်ပို့ကိုမှ ဘုရားအမှတ်နဲ့ ဖင်ဗူးတောင်းမထောင်ခဲ့ဖူးဘူး။ ဒါပေမယ့် ၅ နှစ်ကြာတာတောင် တော်လှန်ရေးမအောင်သေးဘူး ဆိုတာကတော့ ကိုယ့်ဘက်မှာ လိုအပ်ချက်တွေကို ပြန်လှန်သုံးသပ်ပြီး ပြုပြင်ရမှာပါပဲ။
ဒီစာကို ရေးရတဲ့အကြောင်းကတော့ ၅ နှစ်ကာလအတွင်း ကိုယ့်မျက်စိရှေ့က စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲကို summary ပြန်ထုတ်ကြည့်တာပါ။ တကယ်တော့ အဲ့ဒီအဖြစ်အပျက်တွေဟာ ကိုယ်ရေးခဲ့ပြီးသား အကြောင်းအရာများသာ ဖြစ်ပါတယ်။ သို့သော်လည်း ရေးတဲ့အချိန်တုန်းက ရှေ့မှာ ဘာဖြစ်မလဲ ကြိုမသိတာမို့ အကြောင်းအကျိုးကို မဆင်ခြင်နိုင်ပါဘူး။ အခုမှ စာအဟောင်းတွေ ပြန်ဖတ်ပြီး သုံးသပ်ကြည့်တဲ့အခါ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့။
ကချင်ပြည်နယ်ထဲက တော်လှန်ရေးအင်အားစုတွေဟာ ထိုင်းနယ်စပ်မှာလို ပြည်ပက နည်းပညာနဲ့ ထောက်ပို့အကူအညီရဖို့ တော်တော်ခက်ပါတယ်။ တတိယနိုင်ငံကို ကူးဖို့လမ်းကြောင်းလည်း မရှိပါဘူး။ ဒါကြောင့်လည်း တော်လှန်ရေးအင်အားပြုန်းတီးမှု နည်းတာထင်ပါရဲ့။ ဒါပေမယ့် ကိုယ့်ဆီကို UK, Europe, Australia က ဆေးပစ္စည်းကိရိယာ အထောက်အပံ့တွေ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ အချိန်ကြာတာက လွဲလို့ပေါ့။ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်ကတော့ ဖြစ်ဖြစ်မြောက်မြောက် အားမကိုးလောက်ပါဘူး။ ပိတ်ဆို့ဖြတ်တောက်ခြင်းတွေ အပြင်းအထန်လုပ်နေတာကို ကိုယ်တို့လည်း တောင့်ခံနေရပါတယ်။ တောင်ပိုင်းစစ်မျက်နှာမှာလို လွတ်မြောက်နယ်မြေ သတင်းဌာနတွေ၊ ပြည်ပသတင်းထောက်တွေ သတင်းဝင်မယူနိုင်တဲ့နေရာမို့လို့လည်း ကိုယ်ရေးတဲ့စာကတဆင့် သတင်းအချက်အလက်တွေ စီးဆင်းစေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ ဆယ်ဇင်းက ပြည်စံဟိန်း ကာရာအိုကေမှာ စစ်ဗိုလ်ကြီးတွေ ကိုယ်တိုင် ကခုန်နေကျ သီချင်းလေးတစ်ပုဒ် ရှိပါတယ်။
“ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့။” တဲ့။