ကချင်မြေကိုလာတော့ … (၂)

အဲ့ဒီနောက် ဆယ်ဇင်း၊ ဖားကန့်ဘက်ကို ကိုယ်ရောက်တဲ့အခါမှာ ဒီအရပ်တွေဟာ “အာဏာသိမ်းထားတာမှ ဟုတ်ရဲ့လား” လို့ ထင်ရလောက်အောင် လွတ်မြောက်ငြိမ်းချမ်းနေတာ တွေ့ရပါတယ်။ ရဲနဲ့စစ်တပ် ရှိပေမယ့် ရှိမှန်းတောင် မသိရဘူး။ ရဲစခန်းရှေ့ တို့အရေးအော်၊ အလံထောင်၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ လိုင်းပေါ်တက်လာလည်း မသိသလိုနေတယ်။ စကစ စစ်ကြောင်း အသွားအလာ ရှိမယ်ဆိုရင် KIA တွေဆီ အသိပေးပြီးမှ အဝင်အထွက် လုပ်တယ်။ စကစရော၊ KIA ရော၊ SNA ရောက ဆယ်ဇင်းမှာ အထိုင်မချပဲ မလှမ်းမကမ်းအရပ်တွေမှာ တပ်ရင်းတပ်စခန်းနဲ့နေတယ်။ ဆယ်ဇင်း နဲ့ ရွှေပြည်မြင့်မှာ ရဲစခန်းပဲ ရှိတယ်။

စကစဟာ ကချင်တွေ တော်လှန်ရေးထဲဝင်ကူနေမှန်းသိလို့ NCA ထိုးဖို့ ခေါ်ပြီး NUG / PDF တွေနဲ့ မပါတ်သက်ဖို့ အကြိမ်ကြိမ် ဖိအားပေးပါတယ်။ EAO တွေ အားလုံး Federal လိုချင် သူ့ဆီလာ။ လွှတ်တော်ခေါ်စရာမလိုပဲ သူတစ်ယောက်တည်းနဲ့ပြီးတုန်း မြန်မြန်လာ ပြီးလိုက်ကြ လို့ မက်လုံးပေးပြီးဆွယ်သော်လည်း ဘယ်သူကမှ မယုံကြပါဘူး။ ညှိမရရင် သူ့အဆိုးမဆိုနဲ့ လို့လည်း ခြိမ်းခြောက်သေးတယ်ဗျ။

ဆယ်ဇင်းမှာတိုက်ပွဲတွေ ဖြစ်တော့မယ် ဆိုတာ ဘာထောက်လှမ်းရေးမှ မရှိတဲ့ ကိုယ်လို အရပ်သားဆရာဝန်တစ်ယောက်ကတောင် သိနေပေမယ့် ရွာထဲကလူတွေကတော့ “မဖြစ်လောက်ပါဘူး။ မဖြစ်သေးပါဘူး။” ဆို ဒီအတိုင်းနေကြတယ်ဗျ။ တသက်တကျွန်းပြစ်ဒဏ်ချထားတဲ့ ABSDF အဟောင်းတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာပေးပြီး လက်နက်အကူအညီ လိုချင်သလောက်ယူသွား ဆိုပြီး ဒီဘက်ကို လွှတ်လိုက်ပါတယ်။ သူနဲ့ မဟာမိတ် ဘုရားတကာကြီးဦးယွက်ဆစ်ဆီက ငွေကြေးအင်အားတွေလည်း ပံ့ပိုးပေးထားတယ်။ ဟုမ္မလင်းရှမ်းနီ၊ အင်းတော်ကြီး ရှမ်းနီ၊ ဟိုပင် မိုးညှင်း ရှမ်းနီတွေ အင်အားစုပြီး ဆယ်ဇင်းကို သိမ်းမယ် လို့ ပြင်ဆင်နေတာ စစ်မဖြစ်ခင် ကတည်းက ကိုယ်တို့သတင်းကြားခဲ့ပြီးသားပါ။ ဘယ်ရွာထဲကို အင်အား ဘယ်လောက်နဲ့ ရောက်နေပြီ။ လက်နက်တွေ ရောက်လာပြီ။ ကိုယ်တောင် အချိန်နဲ့ တပြေးညီ သိနေတာ KIA တွေက မသိပဲ မနေပါဘူး။ ဒါပေမယ့် သူတို့က ဘာဆိုဘာမှ မလုပ်ခဲ့ဘူးဗျ။ အထက်က အမိန့်မရဘူး။ ကချင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားအချင်းချင်း စစ်မီးမတောက်ချင်ဘူး လို့ ပြောပါတယ်။

၂၀၂၂ မှာ တကယ်တမ်း စစ်မီးတောက်လာတော့ သောက်သောက်လဲ အသေအပျောက် များတာ ဘယ်လက်နက်ကိုင် တပ်သားတွေမှ မဟုတ်ပဲ ဆယ်ဇင်းရွာသား အရပ်သားတွေ ဖြစ်နေတာပါ။ ဈေးဆိုင်တန်းကြီးတွေ ဖင်ချင်းခေါင်းချင်းဆိုင်ဆောက်ထားတဲ့ အောက်ကျင်း တရပ်ကွက်လုံး တက်တက်ပြောင်သွားတယ်။ SNA နဲ့ စကစ ပေါင်းပြီး လိုချင်သမျှ အကုန်ယူ၊ လူသတ်၊ မီးရှို့ပြီး အကုန်ဖျက်စီးပစ်ခဲ့တာပါ။ လေယာဉ်ဗုံးတွေလည်း အခါခါကြဲ၊ ရွာထဲကလူတွေလည်း အကုန်လုံးမျက်စိအောက်တင် ရက်ရက်စက်စက် သတ်ဖြတ်ပြတဲ့အခါ နောက်ဆုံးတော့ ရွာပျက်သွားပါတယ်။ အရင်တုန်းက အမိန့်မရလို့ မတိုက်တဲ့ KIA ဟာ အဲ့ဒီအချိန်မှာလည်း ဆယ်ဇင်းကို မရအရ ပြန်သိမ်းမယ်ဆိုပြီး အသည်းအသန် ပြန်တိုက်မနေပါဘူး။ ရွာအပြင်မှာရှိတဲ့ သူ့စခန်းတွေကနေ အထိုင်ချပြီး ခံစစ်ဆင်၊ စစ်ပြေးဒုက္ခသည်တွေ နေရာချထားရေးပဲ လုပ်ပါတယ်။ “ဘာလုပ်ဖို့ ပြန်သိမ်းမလဲ။ အထဲမှာ ဘာမှမှ လုပ်စရာ မရှိတာ။ သိမ်းပြီး လေယာဉ်လာရင် ပြန်ဆုတ်နေရမယ်” တဲ့။

အဲ့သလိုပါပဲ။ ဘီလူးဆိုင်းတီးပြီး ဆယ်ဇင်းကို ဝင်စီးတဲ့ SNA + စကစ ပူးပေါင်းတပ်ကလည်း ရွာပြင်ဆက်မလိုက်တော့ပဲ ရွာထဲမှာတင် တစ်အိမ်မှ မကျန်အောင် ဖောက်ထွင်းယူငင်ပြီး အောင်လံစိုက်ပါတော့တယ်။ ဥရုချောင်းကနေ စက်လှေတွေနဲ့ ပစ္စည်းတင်ပြီး ဟုမ္မလင်းပို့တာ ဆယ်ဇင်းရဲစခန်းထဲ ဖမ်းထားတဲ့ ရွာသားတွေ နေ့တိုင်းလုပ်ပေးရတဲ့ အလုပ်ပါ။ သယ်စရာ ခိုင်းစရာ မကျန်တော့မှ အဲ့ဒီရွာသားတွေကို SNA လက်ထဲအပ်ပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်း၊ ဂေါ်ပြားနဲ့ ရိုက်ချ၊ ကျင်းထဲကတစ်ယောက်က လည်လှီး၊ တသုတ်ပြီးတသုတ်၊ မကုန်မချင်း သတ်ပါတယ်။ သူဌေးတွေရဲ့ ဆီဂိုထောင်၊ ဆီခြံတွေကိုလည်း “မီးမရှို့စေချင် အခုချက်ချင်း ပိုက်ဆံလာပေး” လို့ ဆင့်ဆော်ပါတော့တယ်။ အသက်ရော၊ အိုးအိမ်ရော၊ စည်းစိမ်ရော ဘာမှမကျန်အောင် ပျက်စီးသွားတာ ရွာခံအရပ်သားတွေချည့်ပါပဲ။

KIA ပြောသလိုပါပဲ။ ဆယ်ဇင်းထဲမှာ ဖောက်ထွင်းလုယက် ယူငင်စရာ ဘာမှ မကျန်တော့တဲ့အခါ ရှမ်းနီတွေလည်း ရွာပျက်ကြီးကိုစွန့်ခွါပြီး စစ်ကိုင်းဘက်ကမ်းက ရွှေတွင်းလမ်းဆုံ၊ စုံတွဲ၊ ရွှေပြည်မြင့် အရပ်တွေမှာ အကြီးအကျယ် ရွှေတူးပါတော့တယ်။ အကောင်သေးသေးလေးတုန်းက ခွါမချခဲ့တဲ့အတွက်ကြောင့် အခုချိန်မှာတော့ အစွယ်ပြူးပြူး ဧရာမဘီလူးကြီး ဖြစ်လာပြီး သူတို့ကို အကြီးအကျယ် ဒုက္ခပေးပါတော့တယ်။ ဆယ်ဇင်းဘက်ကို ဝင်တုန်းကလိုပဲ အင်းတော်ကြီးအဝင်ဝက နန့်မွန်းထဲကို တဖြေးဖြေးစိမ့်ဝင်ပြီး အဲ့ဒီမှာရှိတဲ့ ကချင်တွေကို အကုန်မောင်းထုတ်လိုက်ပါတယ်။ နန့်မွန်းတောင်ထိပ်မှာ လက်နက်ကြီးတပ်ဆင်ပြီး ပတ်ပတ်လည် လက်လှမ်းမီရာ တဆော်တည်းဆော်တော့တာ။ စစ်သားသစ်စုဆောင်းပြီး နန့်မွန်းဘုန်းကြီးကျောင်းထဲတင် စစ်သင်တန်းတွေ ပေးပါသတဲ့။

အဲ့ဒီနောက် ကချင်တွေဟာ အနန့်ပါမှာ ဥရုတိုင်းဆိုင်ရာ တံခွန်စိုက်၊ ဂေါက်ရိုက်ပြိုင်ပွဲကြီး ကျင်းပပြီး ဆုပေးပွဲနဲ့ ဂုဏ်ပြုညစာစားပွဲကြီး ကျင်းပကြပါတယ်။ တိုးတိုးတိတ်တိတ် လုပ်တဲ့ပွဲတော့ မဟုတ်ပါဘူး။ သူတို့နဲ့ဆက်စပ်တဲ့ စကစ စစ်ဘက်အရာရှိကြီးများထံမှာ ထုံးစံနဲ့အညီ နတ်တင်ပသပြီးမှ ပွဲမိန့်နဲ့ကျင်းပတာပါ။ ဒါပေမယ့် နောက်ကျောကို ဓါးနဲ့ထိုးသွားတာ ပွဲမိန့်ပေးတဲ့သူချည့်ပဲ မဟုတ်ပဲ ပွဲခင်းထဲမှာ ဗုံးကျခါနီးမှ ထပြန်သွားတဲ့ CDM စစ်ဗိုလ်တစ်ယောက်လည်း ပါပါသေးတယ်။ ကချင်ပြည်နယ်မှာ အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ခန်းမကြီးတစ်ခုလုံး သူသေ သူနာတွေ ပြည့်သွားပေမယ့် ကိုယ့်ဆေးရုံကို မရောက်သလောက်ပါပဲ။ ကန်ဆီးဂိတ်က ပိတ်ထားလို့ မကျော်နိုင်ကြဘူး။ ဖားကန့်မှာ ဆရာဝန်တွေ အများကြီး ရှိလို့လည်း ပါတာပေါ့။

ကချင်တွေဟာ ဆယ်ဇင်းကို အလွယ်တကူနဲ့ ဆုတ်ခွါပေးလိုက်သလိုပဲ ပြန်ယူတဲ့အခါလည်း အလွယ်တကူနဲ့ ရခဲ့ပါတယ်။ အဲ့ဒီအတွက် သူတို့ရဲ့ ဗျူဟာကတော့ စစ်ကိုင်းဘက်က အဝင်လမ်းမှာ ရှမ်းနီတွေကို သူတို့နေရပ်ပြန်ရောက်တဲ့အထိ အရင်ရှင်းထုတ်လိုက်တယ်။ နောက်တစ်ဘက် ထွက်ပေါက်လမ်းက တာမခန်စခန်းကုန်းကို အသေအကြေ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ပြီး သိမ်းယူပါတယ်။ တာမခန်မှာတော့ စကစပဲ ရှိပြီး ရှမ်းနီအင်အားမကောင်းတဲ့အတွက် ရွာပျက်မသွားပါဘူး။ မီးဝင်ရှို့တဲ့ ရှမ်းနီတွေကို ဖမ်းဆီးသုတ်သင်နိုင်တဲ့အတွက် အိမ်ခြေ ၃-၄၀ လောက်ပဲ မီးလောင်ပျက်စီးပါတယ်။

တစ်လကျော်ကျော် ဝိုင်းပတ်ပိိတ်ဆို့ ထိုးစစ်ဆင်ပြီးနောက်မှာတော့ တာမခန်မှာ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်မှူး သက်ပိုင်ထွန်းဟာ လမ်းကြောင်းတောင်းပြီး တပ်ရင်းစခန်းက ဆုတ်ခွါပါတယ်။ ဖားကန့်ဗျူဟာကုန်းကို သွားရောက်ပူးပေါင်းမယ့် လမ်းတဝက် ကသိုဏ်းတောင်ရောက်တဲ့အခါ တပ်လုံးပြုတ်ချေမှုန်းခံရလို့ သေရှာပြီ လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် မသေပါဘူး။ ဆိုင်းတောင်က Lucky Man Hotel KTV မှာ KIA နဲ့ KPDF အရာရှိတချို့ မိုက်ခဲနေတုန်း ဟော်တယ်ကို ဝင်စီးလို့ သူ့တပ်ကို ဟော်တယ်အပြင်က ပြန်ဝိုင်းရပါတယ်။ ဟော်တယ်ထဲမှာ ဓါးစာခံတွေဖမ်းထားပြီး ခုခံနေတာကို ၂ ပါတ်ကျော်လောက် အကျအဆုံးများစွာနဲ့ အသည်းအသန် ပြန်သိမ်းရပါတယ်။ စစ်ပွဲပြီးတော့ သူ့ဓါတ်ပုံကြီးနဲ့ “အခုတော့ ရှောသွားပြီ” သတင်းတွေ တက်လာပေမယ့် မယုံတော့ပါဘူး။ အဲ့ဒီကောင်တွေက လူလည်ပတ်ကားတွေ။ ဘယ်တော့ဘယ်မှာ ပြန်ပေါ်လာဦးမယ် မသိ။

တာမခန်ကျသွားပြီးမှ ဆယ်ဇင်းကို ပြန်ဝိုင်းတဲ့အခါ ကျည်ကုန်အောင် အသေအလဲ တိုက်စရာမလိုပဲ အလံဖြူထောင် ဆုတ်ခွါကြပါတယ်။ အင်းတော်ကြီးဘက်က ညောင်ပင်၊ ချောင်းဝမှာလည်း အခုလိုပဲ။ ဝိုင်းလိုက်ရုံနဲ့ “သွားလက်ပါဦးမျယ်နော်” ဆို စခန်းကို စွန့်ခွါသွားလို့ အလွယ်တကူပဲ ရခဲ့ပါတယ်။ စက်လှေတွေတောင် ငှါးပေးလိုက်ရသေး။ ဒီလိုနဲ့ အင်းတော်ကြီးပတ်လည်မှာ နန့်မွန်း၊ လုံးတုံအထိ လမ်းကြောင်းအရှင်း၊ ဖားကန့်ပတ်ပတ်လည်မှာ ဗျူဟာကုန်း နဲ့ ကန်ဆီးစုပေါင်းဂိတ်ကလွဲရင် လမ်းကြောင်းအရှင်း။ ထိန်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ သူတို့ဘက်က လက်လွှတ်နယ်မြေ၊ ကိုယ့်ဘက်က စိုးမိုးနယ်မြေ၊ ကိုယ့်အတွက်တော့ လွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး တရားဥပဒေစိုးမိုးရေးအလုပ်တွေ ပြန်လည်လည်ပတ်ဖို့ KIO ဘက်က အစွမ်းကုန် လုံးပန်းရပါတယ်။ ဒီအထိကတော့ မန္တလေးကို စစ်ကိုင်းငလျင်ကြီး ဝင်မဆောင့်ခင်တုန်းက တဖြတ်ပါ။

(ဆက်ပါဦးမည်)