အခုရက်ပိုင်းမှာ ဘာကိုပဲလုပ်လုပ်၊ ငါ ဒီ့ထက်ပိုပြီး ကြိုးစားရဦးမယ် ဆိုတဲ့ အသိနဲ့ လုပ်ပါတယ်။ ရန်သူက ငြိမ်းကာနီးဆီမီးခွက်လို နောက်ဆုံးလောင်ကျွမ်းခြင်းနဲ့ မီးညွန့်တောက်နေချိန်မှာ လောင်စာနောက်တစ်ခု မစွဲစေချင်ဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့အလုပ်မှန်သမျှ မနားမနေ အင်တိုက်အားတိုက် လုပ်နေတယ်။ စာရေးတဲ့အလုပ်တစ်ခုလည်း အဲ့ဒီထဲမှာ ပါပါတယ်။ ကိုယ်ကြိုးစားပန်းစား ရေးထားတဲ့စာတစ်ပုဒ် ကွန်မန့်တောင် စုံအောင်မဖတ်ရသေးခင်မှာ နောက်တစ်ပုဒ်ကို စရေးထားနှင့်ပြီ။ ဟိုသွားသည်သွား၊ လမ်းမှာခဏနားတုန်းလေး အချိန်ရရင်ရသလို ရောက်တဲ့အစလေးဆွဲထုတ်ပြီး ရေးနေတာလည်း သိုးမွှေးဆွယ်တာထိုးတဲ့ အာဂျီးမားများလိုပဲ။ လက်ရောမျက်စိရော ထိန်းချုပ်မရတဲ့ လမ်းကြမ်းခရီးပေါ် ကားစီးနေရင်းတောင် ဦးနှောက်ကတော့ အလကားမနေပါဘူး။ ရေးစရာလေးတွေ တွေးတောနေတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ဘက်မှာ ဝါဒဖြန့်၊ စိတ်ဓါတ်စစ်ဆင်ရေးသမားတွေကို နေ့စားရော၊ လခစားရော၊ ကံထရိုက်ပရောဂျက်နဲ့ပါ ငွေအားလူအား ဒလဟောသွန်ပြီး ထိုးစစ်ဆင်နေချိန်မှာ ကိုယ့်ဘက်က စာဖတ်ပရိသတ်တွေ လျော့သွားမယ်၊ သူ့ဘက်ပါသွားမယ် ဆိုရင်လည်း မြို့တွေရွာတွေ အသိမ်းခံရတာနဲ့ အတူတူပဲ။ ပရိသတ်ကြီးရယ်။ အချစ်မလျော့ပါနဲ့။ သားသား ဒီညလည်း ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင် ကပြဖျော်ဖြေပါဦးမယ်ပေါ့။ ကိုယ့်လက်ထဲမှာ ဒရုံးလည်း မရှိဘူး။ ဗုံးလည်း မရှိဘူး။ ဖုန်းကလေးပဲရှိတာ။ အဲ့ဒီဖုန်းကလေးနဲ့ ရောက်တဲ့အရပ်မှာ စာရိုက်ရင်း ရန်သူကို တိုက်ပွဲဝင်နေရတာပါ။
အင်မတန်ချောပါပေတယ်ဆိုတဲ့ မင်းသားကြီးကိုဝင်းဦးတောင် အပြင်သွားရင် သူ့ကားကြီးကို အတွင်းကနေ လိုက်ကာတွေတပ်ပြီး စီးပါတယ် တဲ့။ သူ့မျက်နှာ မြင်ဖန်များရင် ရိုးသွားမှာစိုးလို့ လို့ ဆိုတယ်။ ကိုယ်ရေးတဲ့စာတွေကလည်း နှစ်ရက်တစ်ခါလောက် တက်တက်လာတာဆိုတော့ ဖတ်ပါများရင် ရိုးအီပြီး စာအရှည်ကြီးတွေ ပျင်းဖို့ကောင်းတယ် ဖြစ်သွားမလား မသိပါဘူး။ ရေးတဲ့သူကလည်း သက်ကြီးရွယ်အို။ ဖင်လန်နိုင်ငံက ခြေအိပ်ကြော်ငြာကလေးလို ရင်ခုန်စိတ်လှုပ်ရှားစရာမှ မကောင်းတဲ့ဥစ္စာ။ အဖိုးကြီးအို ခါးကုန်းကုန်းဆိုတော့ “ငါ ခါးကော့လို့ ပေးထားမှာပါ။” ဆိုတဲ့ သီချင်းလေးတွေလည်း ဆိုလို့မဖြစ်တော့ဘူး။ တခုခုတော့ ကြံရမှာပါပဲ။ မတ်မတ်ဆောင်းလိုမျိုး ကိုယ့် ပဒီးပဒါးပြောတဲ့သူဆို “အိုက်လူ တို့ကို ရည်းစားစကားပြောဖူးတယ်။ ယူမလို့တောင် စဉ်းစားခဲ့သေးတယ်။” ဆိုပြီး စာထဲ ထည့်ရေးရ ကောင်းမလား။ ဘယ်သူမှ ဘာမှ လာမပြောလည်း ကိုယ့်ဘာသာကိုယ် “ငါတို့က မင်းလို ပွဲချောင်တုန်း ဆယ်လီဖြစ်ခဲ့တာ မဟုတ်ဘူး။” ဆို ရှိသမျှဆယ်လီတွေ ပွဲကြပ်ကုန်အောင် ပတ်မွှေကြည့်ရင် ဘယ်လိုနေမလဲ။ အဆဲကောင်းတဲ့သူတွေ ပွဲတောင်းမယ်လေ။ ယုန်ထိုးပွဲလို ပျော်စရာကြီးနေမှာ။
ပွဲဆိုတာမျိုးက အခြောက်ပွဲပဲဖြစ်ဖြစ်၊ မျောက်ပွဲပဲဖြစ်ဖြစ်၊ ပွဲဆူတုန်းခဏသာ လူစည်တာပါ။ မနက်ခင်း မိုးလင်းတော့ ပွဲခင်းထဲကျန်တာ အမှိုက်တွေချည့်ပဲ။ တော်လှန်ရေးက တစ်ပွဲတိုး မဟုတ်ဘူး။ စစ်ပွဲတွေ မရေမတွက်နိုင်အောင် နွှဲရတာ။ စာတစ်ပုဒ်ကို စစ်ပွဲတစ်ပွဲလို့ သဘောထားရင် ကိုယ်လည်းပဲ လိုင်းပေါ်မှာ စစ်ပွဲပေါင်း ၅၀၀ မကတော့ဘူး။ အောင်ပွဲရသလား အရေးနိမ့်သလားက ကိုယ့်စာဖတ်ပရိသတ်တွေ အသိဆုံးနေမှာပါပဲ။ ကိုယ်သာ စာမရေးတတ်ရင် ကုသမှုတစ်ခုတည်းနဲ့ ကိုယ့်ဆေးရုံတွေ ရပ်တည်လို့ ရမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် “ငါ အသက်ရှင်နေမှ ရမယ်။ ငါ အလုပ်တွေ မရပ်မနား လုပ်နေမှ ဖြစ်မယ်။ ငါစာရေးနေတာတွေ ရပ်သွားလို့ မရဘူး။” ဆိုတဲ့စိတ်နဲ့ မောင်းနှင်လှုပ်ရှားလာခဲ့တယ်။ မရှိရှိတာကို အတင်းဖြစ်ညှစ် ရေးသားတာ မဟုတ်ပဲ ရေးသမျှအပုဒ်တိုင်းကို အကောင်းဆုံး အားထုတ်ရေးသားခဲ့ပါတယ်။ နံမည်ရ စာရေးဆရာမလေးတွေ အုပ်ရေများလာရင် သူများရေးတဲ့စာတွေကို ဇာတ်ကောင်နံမည်ပြောင်း၊ အခန်းစဉ်ရှေ့နောက်ရွှေ့ပြီး “အသစ်စက်စက် လုံးချင်းဝတ္ထုသစ်” ဖန်တီးလို့ရချင်ရမယ်။ ကိုယ်ရေးတဲ့စာတွေကတော့ ကော်ပီ ပေ့စ်လုပ်ပြီး သူများနံမည်နဲ့ ကူးတင်ထားလည်း ဒါ ဘယ်သူရေးတာမှန်း အလွယ်တကူ သိနိုင်ပါတယ်။ ရေးသမျှစာတိုင်းမှာ sincerity ရော၊ authenticity ရော ပါအောင် ကြိုးစားထားတယ်။ “ဒီတစ်ခါရေးတာ ကောင်းလည်းမကောင်းဘူး။” လို့ အပြောမခံချင်ဘူး။
စစ်ကောင်စီဘက်က မာယာတွေသုံးပြီး ထိုးစစ်တွေ အရှိန်မြှင့်နေတဲ့အချိန်မှာ ကိုယ့်ဘက်က အလုပ်လုပ်တာလည်း ဖြေးဖြေးလေးနဲ့ မှန်မှန်လေး သမားရိုးကျ သွားနေလို့ မရဘူး။ တချို့အလုပ်တွေက သတင်းလုံခြုံရေးအတွက် မပြောပြနိုင်သေး။ လေနဲ့ချည့် ထိုင်လှော်နေတာ မဟုတ်တဲ့အတွက် အဆက်မပြတ် အလုပ်လုပ်နေရတာပဲ။ ကိုယ်ရှိမယ့်နေရာကို တကောက်ကောက် စုံစမ်းပြီး ခုထက်ထိ ဗုံးလိုက်ကြဲနေဆဲပေမယ့် တခါမှ မနီးစပ်ပါဘူး။ လေယာဉ်ဗုံးတွေ အခါခါကျပြီး ဘာတစ်ခုမှ အထိအခိုက် အပျက်အစီး မရှိတဲ့အခါလည်း ကိုယ်တို့အတွက် အောင်ပွဲလို့ပဲ မှတ်ရမယ်။ ဒီမှာမအောင်တဲ့အလုံးတွေဟာ တခြားနေရာတွေမှာ ဒုက္ခပေးမယ့်အထဲက လျော့သွားတာပဲ။ ဒဿဂီရိမှာ ခေါင်း ၁၀ လုံး ရှိသလိုပဲ ဒေါက်စိုးလေးကို လိုက်ကြဲတာ ပေါင် ၅၀၀ ဗုံး ၁၀ လုံး ရှိပြီ။ ဘာမွှေးမှ မီးမလောင်ဘူး။ စစ်ကြောင်းတွေ ထိုးရတာလည်း အင်းတော်ကြီးကထိုးလိုက်၊ ဖားကန့်ကထိုးလိုက်။ စာရေးတောင် တစ်ရက်မပျက်ဘူး။ “ဆေးရုံဆောက်နေတယ်ဆို။ ဟိုနေရာမှာလား သည်နေရာမှာလား။” လိုက်စုံစမ်းရတာလည်း အမော။ “ပါရာစီတမော တစ်လုံး၊ ကော်ဖီမစ်တစ်ထုပ်တောင် မသယ်စေနဲ့ဆိုပြီး ပိတ်ဆို့စစ်ဆေး ဖမ်းဆီးရတာလည်း ပိုက်စိပ်ကိုတိုက်လို့။ လွယ်သလား ခက်သလား ကြင်စိုး။ ပြောစမ်း။ လွယ်သလား ခက်သလား။ သမ္မတလုပ်ချင်တဲ့ကောင်ဆိုတာ ရွေးကောက်ပွဲ ဝင်ရဲရတယ်ကွ။ အခုဟာက မဲရုံက ဘယ်ဆီနေမှန်းမသိ၊ မဲပေးရမယ့် ကိုယ်စားလှယ်လောင်းက ဘယ်နှစ်ယောက်ရှိမှန်းမသိ၊ ရွေးကောက်ပွဲ အလုပ်မခံပါဘူး ဆိုတဲ့အရပ်မှာ သေနတ်နဲ့ချိန်ပြီး စာရင်းကောက်နေတာ ကြိုတင်မဲ တဲ့။ ရယ်စရာကောင်းလိုက်လေ။
ဒီ ၆ လအတွင်းမှာ ကိုယ်ရှိလောက်မယ့်နေရာကို ရည်ရွယ်ပြီး ဗုံးကြဲတာ ၁၀ လုံး ရှိပြီ။ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ဗန်းမော်မြို့ထဲကို ဗုံးကြဲတာချည့် အကြိမ် ၅၀ ကျော် ရှိတယ်။ ကရင်နီ၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ချင်းမှာလည်း နေ့စဉ် ဗုံးမကြဲတဲ့ရက် မရှိဘူး။ကိုယ်တို့တော်လှန်ရေးဘက်ကဆရာဝန်တွေ လူနာအကြောင်း စုပေါင်းဆွေးနွေးကြတဲ့ ဇွန်းမီတင်တွေမှာတောင် လေယာဉ်လာလို့ ခဏထွက်ပါရစေ ဆိုတဲ့ ဆရာဝန်တွေက အမြဲလိုလို ရှိတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် တနေရာရာမှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ လေယာဉ်တစ်စီးမဟုတ်တစ်စီး ရှိနေတယ် ဆိုတဲ့သဘောပါပဲ။ စစ်ကိုင်းငလျင်ကြီးဟာ စစ်အုပ်စုကို လေယာဉ်ဆီဖိုး၊ ဗုံးဖိုးရအောင် တော်တော်ရှာပေးခဲ့သားပဲ။ နာဂစ်ကတည်းက ကယ်ဆယ်ရေးမလုပ်တဲ့ စစ်ဗိုလ်တွေလက်ထဲကို ဒေါ်လာတွေသန်းနဲ့ချီပြီး ကယ်ဆယ်ရေးအလှူငွေတွေ ပေးခဲ့တယ်ဆိုတာ တနိုင်ငံလုံးကို နေ့နေ့ညည ဗုံးကြဲသတ်ဖြတ်ဖို့ချည့်ပဲ ဖြစ်လာရတယ်လေ။ ကြွတ်ကြဲနေတာလည်း မဟုတ်ဘူး။ စွပ်စွဲနေတာလည်း မဟုတ်ဘူး။ ကိုယ်ပေးသွားတဲ့ပိုက်ဆံတွေဟာ ကပ်ဘေးဒုက္ခသည်တွေဆီကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာတယ်လို့ feedback ပြန်ပေးတာ။ မယုံရင်လိုက်ကြည့် အလောင်းတောင် ဖော်လို့မပြီးသေးဘူး။ အပြိုတွေကိုလည်း မရှင်းနိုင်သေးဘူး။ ဒုက္ခသည်တွေကို စာရင်းကောက်၊ လက်မှတ်ထိုးခိုင်းနေတာ ဆန်ပေးဖို့ ဆီပေးဖို့ မဟုတ်ဘူး။ ကြိုတင်မဲ ကောက်ထားတာတဲ့။
ဗန်းမော်မြို့ဟာ လက်နက်ကြီးဒဏ်၊ ဗုံးဒဏ်ကြောင့် ၈၀ % လောက် ပျက်စီးသွားပြီ။ မိုးကုတ် နဲ့ နောင်ချိုလည်း အလားတူပဲ။ ကိုယ့်မြို့ကိုယ့်ရွာမှာ စစ်ဖြစ်တယ်။ လေယာဉ်လာတယ်။ လက်နက်ကြီးကျတယ် ဆိုရင် ဘယ်သူမဆို ရပ်ရွာအိုးအိမ်ကို စွန့်ခွါထွက်ပြေးကြတဲ့သူချည့်ပါပဲ။ “ပြေးနိုင်မှ လွတ်မယ်။ မပြေးရင် သေမယ်။” ဆိုတာ လူတိုင်း သိတယ်လေ။ ဒါပေမယ့် “ပြေးစရာ မြေလည်း မရှိဘူး။ ငွေလည်း မရှိဘူး။ သေတော့လည်း ဝဋ်ကျွတ်သပ။” ဆိုတဲ့သူတွေလည်း အများကြီး ကျန်နေခဲ့ပါတယ်။ “အဖွားက အသက် ၇၀ ကျော်ပါပြီ ဗိုလ်ကြီးတို့ရယ်” ဆိုလည်း ခွေးကျင့်ခွေးကြံ ကြံကြတာပဲ။ အရေးပေါ် ဗိုက်ခွဲပြီး ကလေးမွေးနေတုန်း လေယာဉ်လာလို့ “ဆရာတို့၊ ဆရာမတို့။ ကျွန်မကို ထားခဲ့ပါ။ လွတ်ရာကို ပြေးကြပါ။” လို့ spinal ထိုးပြီး ခွဲရင်းတန်းလန်းလူနာက ငိုယိုတောင်းပန်ရတာလည်း ၂၀၂၅ ဩဂုတ်လအတွင်းမှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါပဲ။ ကိုယ်တို့တုန်းကလည်း ခွဲခန်းပေါ် ဗုံးကျတဲ့ ၂ ကြိမ်စလုံး လူနာက မေ့ဆေးပေးလျက် တန်းလန်းကြီးလေ။ လူနာကို ထရော်လီပေါ်တင်၊ ဗုံးခိုကျင်းထဲ ဆွဲချပြီးမှ လည်ချောင်းထဲထည့်ထားတဲ့ အသက်ရှူပိုက်တွေ ပြန်ဆွဲထုတ်ရတာ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ခဲ့တာ အမှန်ပါပဲ။ မနက်မိုးလင်းတိုင်း ကျွနုပ်တို့သည် ရွတ်ဆို၊ နိုင်ငံတော်အလံကို အလေးပြုပြီးမှ ဝါဒ်ထဲလာရတဲ့ နန်းစိန်တွေလောက် အရေအတွက်မများပေမယ့် ဒီလိုဆရာဝန်တွေလည်း ရှိခဲ့တာပဲလေ။
ကိုယ့်ဆီက စစ်ပွဲအခြေအနေတွေက အခုလာမယ့် ၉ လပိုင်းထဲမှာ ပိုပြီးပြင်းထန်လာဦးမှာပါ။ ဗန်းမော်ကို ရေကြောင်းက တက်လာတဲ့ စစ်ကူနဲ့ လက်နက်ရိက္ခာတွေ ရောက်သွားပြီ။ နမ့်ယားလမ်းက တက်သွားတဲ့ အင်အား ၄၀၀ လောက်ကလည်း ဖားကန့်ကို ရောက်သွားပြီ မဟုတ်လား။ ကိစ္စမရှိပါဘူး။ သူတို့စစ်သားက ကိုယ့်သုံ့ပန်းဖြစ်ပြီး သူတို့လက်နက်က ကိုယ့်လက်နက် ဖြစ်လာမှာပဲဥစ္စာ။ မင်းတို့တပ်သားသစ်တွေ ငှက်ဖျားကို နိုင်အောင် ခုခံကြပါဦး။ ရှေ့တန်းစစ်မြေပြင်ဆိုတာ ခန့်စည်သူရိုက်ပြတဲ့ သောက်ပေါကား မဟုတ်ဘူး ငါးကောင်တို့။ ရိက္ခာမလောက်လို့၊ ထောက်ပို့ မလာလို့၊ လေကြောင်းပစ်ကူမပါလို့၊ လက်နက်ကြီးပစ်ကူမပေးလို့။ ဘာလို့ညာလို့ အကြောင်းပြချက်တွေ ပေးစရာ မရှိတော့ဘူး။ ကိုင်း လာကြ လာကြ။ ကျားထိုးပြီး စစ်တိုက်ကြမယ်။ ကိုယ်တွေဘက်ကလည်း ရွှေကျင်၊ ကျောက်တူး၊ သစ်ခုတ်၊ ဂိတ်တား။ စီးပွါးရေးများကို ဘွာတေးခပ်ပြီး စစ်မျက်နှာဘက်ကိုမှ ရဲရဲကြီးမလှည့်ရင် အကုန်လုံး သူ့ဘက်ပါတော့မှာ မဟုတ်လား။ နှစ်ဘက်စလုံးက ရေကုန်ရေခမ်း တိုက်ရမယ့်ပွဲကြီး ဖြစ်လာပြီ။
ရန်သူက သူ့အလုပ်သူလုပ်နေတယ်။ ကိုယ်တို့ဘက်က ရန်သူကိုအထင်သေးလွန်းအားကြီးတယ် လို့ ရေးတဲ့စာတွေ ခဏခဏ ဖတ်ရပါတယ်။ ကိုယ်ရေးတဲ့စာတွေကိုလည်း သတင်းအမှားတွေပေါ်မှာ ဖော့စုတ်တွေပေးပြီး အာသာဖြေနေတယ် လို့ ပြောကြတာပါပဲ။ စစ်မြေပြင်မှာ ကိုယ်တိုင်ရောက်နေပြီး ကိုယ့်မျက်စိအောက်က အကြောင်းအရာတွေကို ရေးနေတာက သတင်းအမှား ဆိုတော့ သူတို့က ဘယ်ဟာကို သတင်းအမှန် လို့ ယူချင်တာတုန်း။ စကစဘက်က တရုတ်စစ်ကူပေးနေတာ တကမ္ဘာလုံးကသိတယ်။ ကိုယ်တွေလည်း သိတယ်။ သူတို့ဘယ်လောက်ပဲကူကူ၊ လေယာဉ်ဗုံး ဘယ်နှစ်ခါချချ နိုင်မှ မနိုင်တဲ့ဟာ။ဘာတွေကိုကြည့်ပြီး အထင်ကြီးစရာ ရှိသလဲ။ ဒီ့ထက်လည်း ပိုကူစရာ ဘာမှမကျန်တော့ဘူး။ ဒါနဲ့ကို မနိုင်တာ။ သူ့သတင်း ကိုယ့်သတင်း။ ဘယ်သတင်းက အမှန်အကန်လဲဆိုတာ အချိန်က စကားပြောလိမ့်မယ်။
သိအောင်ပြောပြရရင် KIA တွေ တိုက်ပွဲကျရင် ဘယ်တော့မှ တိတ်တိတ်ပုန်း မသာမချဘူး။ ဆုတောင်းပွဲလုပ်၊ အမိန့်ပြန်၊ စစ်ခရာမှုတ်၊ သေနတ်ပစ်ဖေါက်ပြီး အသုဘအခမ်းအနား ကျင်းပတယ်။ စစ်ပွဲတစ်ပွဲပြီးတိုင်းလည်း ကျဆုံးစစ်သည်အားလုံးအတွက် ဆုတောင်းပွဲလုပ်တယ်။ မိသားစုကို နစ်နာကြေးပေးတယ်။ ကိုယ်တို့ဆေးရုံအတွက် အလှူငွေပေးတယ်။ ဆိုလိုတာက ဒီဘက်မှာဖြစ်တဲ့ အကျအဆုံးကို ကိုယ့်အနေနဲ့ မသိလိုက်ရဘူး ဆိုတာ မရှိဘူး။ ကိုယ်နဲ့ လူချင်းသိတဲ့သူတွေပါမယ်ဆိုရင် နံမည်နဲ့ တကွ သိပါတယ်။ ဒီလောက် အပြင်းအထန် ထိုးစစ်ဆင်နေတာ လနဲ့ချီနေတာတောင်မှ ဒီဘက်မှာ ပြောပလောက်တဲ့ စစ်သည်အကျအဆုံး မရှိဘူးဆိုတာ သေစာရင်းစာရွက်ကြီးနဲ့ သက်သေပြရမှာလား။ ဟိုဘက်ရပ်ကွက်မှာ ဘယ်လိုတွေရှိသလဲ ကိုယ့်ဘာသာကိုယ် စုံစမ်းကြည့်ပါလေ။ ဂေါဝိန်က ဘယ်နှစ်ယောက်တက်လာလို့ ဗန်းမော်ကို ဘယ်နှစ်ယောက်ရောက်သလဲ။ ကာမိုင်းက ဝင်လာတဲ့စစ်ကြောင်းဟာ ဖားကန့်ရောက်တော့ ဘယ်လောက်ကျန်သလဲ။ တစ်ယောက်မှ မသေဘူး ထင်ပါတယ်။ အသက်အာမခံကြေးမှ မလျော်နိုင်တာ။ ဗိုလ်မှူးမသာတောင် ၈ လကြာမှ သပိတ်သွပ်နိုင်တယ်မှလား။ ဒီကောင်တွေက အရပ်သားတွေ၊ ကလေးတွေကိုပဲ သတ်နိုင်တာ။ အသက်ကလေးရယ်တဲ့ ရှည်စေလိုရင် မန်းတောင်ရိပ်ခိုမနေနဲ့။ KIA ထဲ ဝင်လိုက်။ ဗမာစစ်သားတွေ ပေါ်တာမဆွဲရဲတော့ဘူး။
စုဆောင်းရေးပါလာတဲ့ တပ်သားသစ်တွေမှာ ထွက်ပြေးနိုင်တဲ့သူ၊ အချင်းချင်း ပြန်ပစ်နိုင်တဲ့သူ အင်မတန်နည်းတယ် ဆိုတာ နားလည်ပါတယ်။ အစတည်းက ထွက်ပြေးရမှာကြောက်လို့ အဖမ်းခံရတာကိုး။ ဒါပေမယ့် ဒီအင်အားကို အားကိုးပြီး စစ်တိုက်လို့ မရတာ စစ်ကြောင်းမှူးတွေကိုယ်တိုင် အသိဆုံးပါ။ ဒီကလေးတွေက ရှေ့ထွက်မတိုက်ရဲလည်း နောက်ကစစ်ဗိုလ်တွေ ပစ်သတ်လို့ သေရမှာ။ လူဆိုတာ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် ဘယ်လိုကာကွယ်မလဲ သူတို့ကိုယ်တိုင် သင်ယူတတ်မြောက် လာလိမ့်မယ်။ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းဟာ အကျိုးရှိမရှိ၊ နဖူးတွေ့ဒူးတွေ့ ကြုံလာရပါတော့မယ်။ ဒါဖြင့်ရင် ရွေးကောက်ပွဲလုပ်တာကရော ထွက်ပေါက်ရမှာလား။ ဒါလည်း စောင့်ကြည့်လေ။ ဘာတွေလောစရာ ရှိလဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ မဲပေးမယ့်သူ မရှိရင်တောင် မင်းအောင်လှိုင်က သူ့မဲသူပေး။ ကြိုတင်မဲ သန်း ၅၀ နဲ့ မြှောက်ပြီး အရှက်မရှိ သမ္မတ တက်လုပ်မယ့်ကောင်။ vote vs no vote တွေ ဝိဝါဒကွဲမနေနဲ့။ ဗုတ်ဗုတ် မဗုတ်ဗုတ်၊ သူပဲ လုပ်မှာ။ ဖုတ်ဖုတ်တွေ၊ ဒုတ်ဒုတ်တွေ မြိန်ရေယှက်ရေသင်ပေးနေတဲ့ ရုပ်ရှင်ဖြတ်လျှောက်မလေး လည်း အဆဲပေါင်း ကုဋေကုဋာ နဲ့ လူတကာသိရုံကလွဲလို့ အိမ်ဖြည့်ရုံတောင် ခုံမရနိုင်ဘူး။ လုပ်ပွဲကြီးမှန်း တကမ္ဘာလုံးသိတဲ့ဟာကို အရေးတယူ ကန့်ကွက်နေမယ့်အစား ကိုယ့်စစ်ကိုယ် နိုင်အောင်တိုက်စမ်းပါလေ။ “မအလ က အလက်ရှင် လုပ်တော့မှာ။ NUG က ဘာအက်ရှင်မှလည်း မရှိပါလား။” ဆို ထွန့်ထွန့်လူးမနေနဲ့။ ချိုဇင်မာလင်းစံ ဂီတစည်းရုံးရေးမှူးဖြစ်လာတာကို ဖြူဖြူကျော်သိန်းက ကန့်ကွက်စရာ လိုလို့လား။ စဉ်းစားလေ။
ကဲ ဟုတ်ပြီနော်။ ဖြစ်သမျှပျက်သမျှ အကုန်လိုက်ဖတ်ပြီး သူများဆိုက်ဝါးထည့်တိုင်း ဒီပရက်ရှင် ဝင်မနေနဲ့။ နောက်ပိတ်ဆုံး သမ္မတကြီးမအလ ဖြစ်သွားတော့ကော ကိုယ်တို့တတွေက လက်နက်ချပြီး အလင််းဝင်မှာ မို့လို့လား။ ဝ က လက်နက်မရောင်းတော့ရင် အညာသားတွေ လောက်လေးပြန်ကိုင်ရမှာမို့လို့လား။ အဲ့ဒါ ဆင်ဝန်ကတော် ကြောင့်ကျကြီးတယ် လို့ခေါ်တယ်။ ဆင်ဝန်မင်း အလုပ်လုပ်ရာမှာ ဆင့်ဥစ္စာကြီး တရမ်းရမ်းနဲ့ မတော်လို့များ ဆင်ဝန်မင်းခေါင်းနဲ့ ဆောင့်မိရင် ဘယ့်နှယ်လုပ်ရပါ့မလဲ လို့ အိမ်က ဆင်ဝန်ကတော်ကြီးခမျာ အမြဲ ကြောင့်ကျပူပင်လို့ နေပါသတဲ့။ အဲ့ဒါကြောင့် သူများတကာ အဝှါကြီးတရမ်းရမ်းမြင်လို့ အသည်းတယားယားနဲ့ အိုးမိုင်ဂေါ့ အော်နေရင် အဲ့ဒါ ဆင်ဝန်ကတော်ကြောင့်ကျ လို့ ခေါ်သဗျ။ နှာမောင်းပြောတာ ထင်ပါရဲ့လေ။ သို့သော် အဲ့ဒီ ဆင့်ဟိုဒင်းကြီးကြည့်ပြီး “ငါ့ဆင်ကြီးကွာ။ အားရလိုက်တာ။ ငါ့လည်း အာ့မျိုးကြီး ရှိရင် ဘယ်လောက်ကောင်းမလဲ။ ငါ့လည်း မဲပေးကြပါဟ။” နဲ့ စိတ်ကူးတွေယဉ်ပြီး ထိပ်ဖူးတွေကျဉ်နေရင်တော့ နောက်စကားပုံတစ်ခု ပြောင်းသုံးရတာပေါ့ကွယ်။ ဘာဆိုလားပဲ။ မမှတ်မိတော့ဘူး။ ရွေးကောက်ပွဲဝင်မယ့်ကောင်တွေ သွားမေးချေလေ။