ချန်ဂင်တို့စခန်း (၃၄)

“မရွာပဲ မည်းလိုက်ပါနဲ့ ရွှေမိုးညို

တို့ပါခင် အနေကြုံ့အောင်

မိုးလှုံ့သကို။

တို့ဆီကိုလိုလိုနှင့်

ရွှေမိုးညို မြောက်လေရုန်းကာ

ချုန်းတန်သင့်ဘူး။”

မိုးတွေကတော့ မည်းလို့သာပါပဲ။ ရွာမယ် မရွာမယ်တော့ အတတ်ပြောလို့မရ။ အိမ်မှာရှိတဲ့ တောက်တဲ့တွေကတော့ ဗေဒင် ဟောတတ်တယ်လို့ ပြောကြလေရဲ့။ မိုးအုံ့လာရင် သူတို့တွေက အသံပေးကြတယ်။ “တောက်တဲ့။ တောက်တဲ့။” တဲ့။ သူတို့အော်သံနောက်ကို တစ်ခွန်းချင်းလိုက်မေးသွားလေ။ “မိုးလား။” “လေလား။” ဆိုပြီး။ အသံဆုံးသွားရင် အဖြေထွက်လိမ့်မယ်။ မှန်တာ မမှန်တာ အပထား။ တောက်တဲ့တွေနဲ့ ရင်းနှီးသွားရင် အရင်ကလောက် မကြောက်တော့ဘူးပေါ့။ နို့မို့ တောက်တဲ့ကပ်ကပ်ရင် နောက်တစ်ခါ မိုးမခြိမ်းမချင်း ပြန်ခွါမရတော့ဘူး ဆို ဟုတ်လည်း မဟုတ်ပဲနဲ့ ကြောက်နေလိမ့်မယ်။ အမ်းမှာတုန်းက တောက်တဲ့ကြီး ၃ ကောင်နဲ့ ၂ နှစ်လုံးလုံး တစ်အိမ်တည်း တူတူနေခဲ့တာ။ တစ်ခါမှ ကပ်တယ်လို့ မကြားဖူးပါဘူး။ မိုးရွာရင် အော်လွန်းလို့ နားညည်းတာပဲ ရှိတယ်။

မိုးရွာရင် တောက်တဲ့မှ မဟုတ်ဘူး။ ဖားတွေ ပုရစ်တွေကလည်း အော်တယ်။ ကလေးတွေလည်းပျော်တယ်။ ညဆို မီးခွက်ကလေးတွေ ထွန်းပြီး ပုရစ်ကောက်၊ ဖားရိုက်ထွက်ရတာ။ သူတို့တွေ မြွေမကြောက်ဘူးနော်။ ဖားတွေပုရစ်တွေ မရလည်း ကိစ္စမရှိဘူး။ ချောင်းစပ်ကိုသွားလိုက်။ ကမ်းစပ်ရေတိမ်မှာ ငြိမ်ငြိမ်ကလေး အိပ်ပျော်နေတဲ့ ငါးတွေရှိတယ်။ အသာလေး ဖမ်းလိုက်ရုံပဲ။ အဲ့ဒါကြောင့် လယ်သမားတျာချင်းထဲမှာ “ဝသန်ကာလ မိုးကျတည့်လျှင်” နဲ့ စပြီး “ဖားပေါင်စင်းနှင့် ခြင်းပလိုင်းဝယ်။ ခရုပီလော ရောနှော၍သာ လွယ်။” လို့ ပါတာ။ ကိုသာမြတ်ကယ် သူ့လယ်တောက ပီလောရယ်တဲ့ မှိုနားတိုကို ဟင်းချိုအောင် ပုဇွန်ခပ်ရတာလည်း ဒီရာသီပဲ။ တောင်ပေါ်မှာ ပုဇွန်မရှိဘူး မထင်နဲ့နော်။ အိုင်စပ်မှာ ခြေချောင်းလက်မ အစုံအလင် နဲ့ ပုဇွန်ဆိတ်ကလေးတွေ ကူးနေတာ မြင်ဖူးခဲ့တယ်။

ရေချိုးရင်လည်း ငါးအုပ်ကလေးတွေ ဆတ်ဆတ်လူးကြားမှာ ချိုးရတာပဲ။ ထိုင်းမှာ fish massage အလုပ်ခိုင်းတဲ့ အရွယ်လောက်ရှိမယ်။ ငြိမ်နေရင် အောက်ခံ သဲကြမ်းခင်းနဲ့ ခွဲမရအောင်တူလို့ ဖြတ်ကနဲကူးထွက်သွားတော့မှ မြင်လိမ့်မယ်။ ဟိုးတောထဲချောင်းဖျားအထိ တက်ရင်တော့ ခပ်ကြီးကြီး ငဖယ်တွေ ရလိမ့်မယ်။ ဒီမှာ ငရှဉ့်တွေ အားကြီးပေါပေမယ့်လို့ တရုတ်ဆိုင်တွေမှာလို အသားချည့်ထွင်ပြီး ငရှဉ့်ခြောက်စပ် မလုပ်တတ်လို့ မစားဖြစ်ဘူး။ ကိုယ့်ဆီမှာ မရှိတဲ့ ငါးအထူးအဆန်းတွေဆိုလည်း မလုပ်တတ်လို့ သူတို့ချက်ကျွေးတဲ့အတိုင်းပဲ စားလိုက်တယ်။ ချောင်းရေရဲ့သဘောက တသမတ်တည်း မရှိဘူး။ တချို့နေရာ တိမ်တယ်။ တချို့နေရာနက်တယ်။ တချို့နေရာ ရေငြိမ်ပြီး တချို့မှာတော့ ရေစီးသန်တယ်။ ဘယ်နေရာ ဘယ်လိုရှိသလဲသိရင် အဲ့ဒီမှာ ဘာငါးရှိမလဲ မှန်းရတာ သိပ်မခက်ဘူး။ ငါးရှာဖားရှာစားကြတယ် ဆိုပေမယ့် ကိုယ့်အိမ်ကိုယ် ဟင်းစားရရုံပဲ ဖမ်းကြတာမို့ အကောင်ရေကတော့ နည်းမသွားပါဘူး။ လူဦးရေကလည်း သိပ်ရှိတာမှ မဟုတ်တာ။ မှိုတရာသီတောင် တပါတ်ဆယ်ရက် အိမ်စေ့အောင် စားရတာဆိုတော့ တောထဲက ဟင်းစားလည်း သူ့လူနဲ့သူတော့ အလျှံပယ်ပါပဲ။

လမ်းတွေပျက်သွားပြီဆိုတော့ ဆိုင်ကယ်နဲ့လာတဲ့ ဟင်းစိမ်းသည်တွေ မလာတော့ဘူး။ ရွာမှာအထိုင်ချတဲ့ တစ်ဆိုင်တည်းသော ကုန်စိမ်းဆိုင်တောင် မိုးသည်းတဲ့ရက်ဆို ဆိုင်ကယ်မဝင်လို့ ဘာမှရောင်းစရာမရှိ။ သူ့ဆီ ပုံမှန်ဝယ်တာဆိုလို့ ကိုယ်တို့ဆေးရုံရယ် တောင်ပေါ်ကစခန်းရယ်ပဲ ရှိတယ်။ ဆောင်းတွင်းမှာတုန်းက ရွာကနေ စခန်းရောက်အောင် ၁ နာရီသာသာလောက် လာရတဲ့ခရီးဟာ အခုတော့ တနေကုန်လာလို့တောင် ရောက်ချင်မှရောက်တယ်။ ၂ ရက် ၃ ရက် ဆက်တိုက်လောက် နေပူမှ ဆိုင်ကယ်လေးဘာလေး လာလို့ရတာ။ လမ်းမှာ ဗွက်က ခြေသလုံးနစ်တယ်။ ခါတိုင်းကားနဲ့သည်အတိုင်းဖြတ်နေကျ ချောင်းစပ်စပ်ကလေးတွေက ရေကျော်နေပြီ။ နောက်ဆိုရင် ရေလမ်းတွေပွင့်ပြီး လှေနဲ့ပဲ လာကြတော့မှာ။ တော်ရုံလူနာ မလာနိုင်တော့ဘူး။ အသည်းအသန် ခဲမှန်တွေပဲ လာကြတော့တယ်။ သူ့ဟာသူ လမ်းမှာက ဘယ်လောက်ကြာကြာလေ။ ကိုယ့်ဆီရောက်ရင်တော့ နာရီဝက် တစ်နာရီအတွင်း ခွဲခန်းထဲတန်းသွင်းနိုင်အောင် အသင့်ပြင်ထားရတယ်။ သွေးလိုရင် ရွာထဲကကလေးတွေ လာလှူပေးတယ်။ တမိုးတွင်းစာ ဆေးနဲ့ဆေးပစ္စည်းတွေတော့ တော်တော်ဖူလုံသွားပြီလို့ ပြောရမယ်။ အခုမှပဲ စိတ်အေးရတော့တာလေ။ ပစ္စည်းမှာရတာ လွယ်တာ မဟုတ်ဘူး။ လက်ဦးက တန်ဆာခ ၅၀၀၀ လောက်ပဲပေးရတဲ့ ဆေးဖာတစ်ဖာကို အခု ၁၀၀၀၀ ပေးနေရပြီ။ ဆေးခန်းစတည်တုန်းက ဒီဇယ် တစ်ပီပါ ၃ သိန်းနဲ့ သုံးခဲ့တာ ဒုတိယပီပါမှာ ၄ သိန်းခွဲဖြစ်သွားတယ်။ အခု တတိယပီပါမှာ ၆ သိန်းဗျား။ နောက် ၁ လုံးမှာရင် ၉ သိန်းလောက် ဖြစ်မှာတောင် ကြောက်ရတယ်။ မိအောင်လှိုင် အဝီစိရောက်ရင် ဆီမပါပဲ air fryer နဲ့ အကြော်ခံရပါစေဗျာ။

ဒီလောက် သွားရေးလာရေးခက်တဲ့အရပ်မို့လို့ အပြင်ကလူလည်း အထဲမလာနိုင်၊ အထဲကလူလည်း အပြင်မထွက်နိုင်။ တသီးတခြားလေးဖြစ်နေတာကိုး။ အာဏာသိမ်းတဲ့ကိစ္စသာ ဖြစ်မလာရင် ရှိမှန်းတောင် မသိတဲ့နေရာလေး။ စမ်းချောင်းလေးနံဘေးမှာ လူနေအိမ်ခြေ ခပ်ပါးပါးနဲ့ စပါးစိုက်တဲ့ တောင်သူတွေနေထိုင်ကြတယ်။ ရွာမှာ ကျေးလက်ဆေးပေးခန်းလေးတစ်ခု၊ အလယ်တန်းကျောင်းလေးတစ်ကျောင်း ရှိပြီး EAOs အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေတယ်။ ရွာမှာ အုပ်ကြီးတို့ ဆယ်အိမ်မှူးတို့ ရှိတယ် ဆိုပေမယ့်လည်း အဲ့ဒီလူတွေဟာ EAOs က လက်ခံတဲ့သူ ဖြစ်မှ ရတယ်။ စကစက ခန့်လိုက်တဲ့သူ လာလို့မရဘူး။ ရဲ နဲ့ စစ်တပ် မရှိပဲ “ကျနော် အုပ်ကြီးပါ။” လာလုပ်ရင် “မင်းလားကွ အုပ်ကြီး။” ဗီဒီယိုဖိုင် မြင်ဖူးတယ် မဟုတ်လား။

ဒီအရပ်မှာက ရဲတွေ စစ်တပ်တွေတောင်မှ EAOs ရဲ့ မေတ္တာရိပ်အောက်မှာ “ထမင်းအိုးလေး တည်ပါရစေဦး။” ဆို ခွင့်တောင်းပြီး နေရတဲ့ဘဝ။ ကိုယ့်တပ်ရင်းထဲကိုယ်နေ။ ယူနီဖောင်းနဲ့အပြင်မထွက်နဲ့။ စစ်ကြောင်းထိုးသလို ဘာလိုလို လာလုပ်ရင် ဟိုက ကိုင်ထည့်လိုက်ရော။ ဖေ /၂၁ ပြီးတာနဲ့ ရွာနဲ့ကပ်လျက်က စခန်းကို ဝင်သိမ်းထားလိုက်တယ်။ “ဟျောင့်တေ။ ငါတို့လာသိမ်းပြီနော်။” လို့ အသံပေးထားတော့ အထဲကကောင်တွေလည်း လစ်လိုက်တာ မှုန်နေတာပဲ။ နောက်တစ်လလောက်ကြာတော့ အသာလေး ပြန်လာနေကြတယ်။ ဒီကလည်း မသိချင်ယောင်ဆောင်ထားလိုက်တယ်။ ညကျ ဘီယာဆိုင်မှာတွေ့ရင် “ယောက်ဖရေ။ နေတောင်အတော်စောင်းပြီ။” ပဲ။ အချိုးမပြေဘူး ထင်ရင် တပ်ရင်းမှူးစီးတဲ့ကားထဲ ပါဆယ်ဗုံးထည့်ပေးလိုက်တာ။ သေအောင်တော့ မလုပ်ပါဘူး။ သွေးထွက်သံယိုလောက်ပဲ အကြောင်းသိရုံပြတာ။ သူ့ဘက်ကိုယ့်ဘက် မုန်းလို့တိုက်နေတာ မဟုတ်ဘူးလေ။ အထက်အမိန့်ကိုယ်စီကို နာခံနေရလို့သာ။ အခွန်ကိုယ်စီရနေတာလည်း ပါမှာပေါ့နော့။ ပြောခဲ့ဖူးတယ်လေ။ ဒီအရပ်မှာ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲ လို့။

စစ်သားက အဲ့သလိုဆိုတော့ ရဲသားတွေက ဘာပြောစရာရှိမှာလဲ။ ရဲစခန်းပတ်ပတ်လည် စည်းရိုးဆူးကြိုးကာ၊ ခံတုပ်ကျင်းတူး၊ လင့်စင်ပေါ်ကင်းစောင့်ပြီး “ငါမသေ ငါ့စခန်းမကျစေရ” ဆိုပြီး ခံစစ်ကလေးနဲ့နေတယ်။ စခန်းရှေ့ တို့အရေးအော် ဗီဒီယိုရိုက်သွားလို့တောင် ထွက်ကြည့်တာ မဟုတ်ဘူး။ လူဆိုးထွက်ဖမ်းဖို့နေနေသာသာ သူခိုးမိလို့ စခန်းလာအပ်ရင်တောင် ခနလက်ခံထားပြီး EAOs တွေ လက်ထဲသွားပို့ပေးလိုက်တယ်။ အဲ့ဒါနဲ့ ဟိုခမျာတွေလည်း အချုပ်ခန်း၊ အကျဉ်းထောင်၊ တရားရုံးတွေ ဆောက်ပြီး တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတွေ တာဝန်ယူရတော့တယ်။ ဒီဘက်ကလူတွေက အမိန့်နာခံရေးကလွဲရင် ဘာတာဝန်မှ မယူတော့လို့။

အဲ့သလိုနဲ့ပဲ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဟိုဘက်ကို ပါသွားတော့တာပဲ။ ပညာရေး။ NUG ကျောင်းတွေ ပြန်ဖွင့်ပေးတယ်။ ကျန်းမာရေး။ ကိုယ်တို့ဆေးရုံ အလုပ်လုပ်နေတယ်။ တရားရုံးဆောက်ပြီးသွားလို့ တရားသူကြီးတွေ ရှေ့နေတွေလည်း ရောက်နေပြီ။ အခွန်ကတော့ နဂိုကတည်းက ရှိပြီးသား။ အစကတော့ မြန်မာတွေဘက်က အဲ့ဒါကို ဆက်ကြေး လို့ ပြောနေတာ။ အခုကျတော့ မြန်မာစစ်တပ်ကို ပေးနေတာ ဆက်ကြေးလို့ ပြောကြမှာပေါ့။ ဒီမှာက အခွန်ရယ် အကောက်ရယ်က နံမည်တပ်တာပဲ ရှိတာလေ။ လက်နက်ကိုင်တွေ လာတောင်းရင် ၃ ဖွဲ့ရှိလည်း ၃ ဖွဲ့လုံးပေးမှ အလုပ်လုပ်လို့ရမယ်။ သူတို့ဟာသူတို့ ဘယ်ရောက်ပြီး ဘယ်လိုသုံးတယ်က ကိုယ့်ကိစ္စ မဟုတ်ဘူး။ ကိုယ့်ဆီက ရွှေတစ်ပိဿာယူသွားလို့လည်း အဲ့ဒီတစ်ပိဿာလုံး ဗိုလ်ကြီးရတာ မဟုတ်။ သူတို့လည်း အထက်အဆင့်ဆင့် ဆက်ကြေးပြန်ပေးရတာပဲ။ ဒီရွာကို စခန်းမှူးအဖြစ်နဲ့ရောက်ဖို့ ပေါက်ဈေး သိန်း ၃၀၀ ရှိသတဲ့။ တစ်နှစ်ပြည့်ရင် ပြန်ပြောင်းရမယ်။ နောက် သိန်း ၃၀၀ တစ်ယောက် ထပ်လာမှာမို့လို့။ လိမ်လိမ်မာမာမနေရင် ရင်းထားတဲ့ပိုက်ဆံ ပြန်မရပဲနေမှာပေါ့။ “မင့် ဘယ်သူကပြောလဲ။ မဟုတ်တာတွေ လျှောက်ရေးနေတယ်။” လို့ မယုံဘူး။ မဟုတ်ဘူး။ ငြင်းချင်လည်း ငြင်းလိုက်ပါ။ ကိုယ်တိုင် လာဖူးနေဖူးတဲ့သူတွေကတော့ ဘယ်ဟာအမှန်ဆိုတာ သိမှာပေါ့။ မယုံရင် ပုံပြင်ပဲမှတ်လေ။ အဲ့ဒါက အရေးမှ မကြီးတာ။ အရေးကြီးတာက စကစရဲ့ အာဏာစိုးမိုးမှုကနေ လွတ်မြောက်နေတဲ့အကြောင်း ပြောတာ။ ကိုယ်သိမ်းသော်လည်း သိမ်းတိုင်းအကုန်မရတာ အာဏာ လို့ ခေါ်သလား။ ကိုကြင်စိုးကို မေးပေးပါဦး။

ဒီလိုမျိုး မစိုးမိုးတဲ့နယ်မြေတွေ မြန်မာပြည်မှာ များသထက်များလာပြီ။ တဖက်က စစ်အုပ်စုရဲ့ အာဏာစက်က နောက်ဆုတ်ဆုတ်သွားရင် တခြားတဘက်မှာ EAOs နဲ့ NUG ရဲ့ အာဏာစက်က တိုးတိုးပြီးတော့ ဝင်လာမှရမယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး ရပ်ဆိုင်းသွားတာကို ဒီအတိုင်းကြည့်နေလို့မရဘူး။ စကစလက်အောက်မှာ အလုပ်မလုပ်ကြဖို့ တားဆီးကန့်ကွက်ရုံနဲ့ ပြီးမသွားဘူး။ NUG အောက်မှာ အဲ့ဒီအလုပ်တွေ ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်ရလိမ့်မယ်။ အဆုံးထိ CDM လုပ်တာက ပန်းတိုင်မဟုတ်ဘူး။ အဲ့ဒီ CDM ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ လုပ်ငန်းဆောင်တာတွေ NUG အောက်မှာ ပုံမှန်အတိုင်း အလုပ်လုပ်လာနိုင်တဲ့အထိ ဆက်လုပ်ရမှာ။ CDM တွေရဲ့အလုပ်ဟာ Non CDM တွေကို ခေါင်းထဲထည့်စဉ်းစား၊ စကားထဲထည့်ပြောနေဖို့ အချိန်မရဘူး။ အဲ့ဒီလူတွေကအမှန် ကိုယ်ကများ မှားနေပြီလား လို့ နောင်တရနေရင် ရှေ့မှာစွန့်လွှတ်လာခဲ့သမျှ အလကားပဲ။ “အရေးတော်ပုံအောင်မှ တွေ့ကြသေးတာပေါ့ကွာ။” လို့ စောင့်နေရမှာကို မဟုတ်ဘူး။ အဲ့ဒီအရေးတော်ပုံအောင်ဖို့ ကိုယ့်ဘာသာ ဆက်ရုန်းရမှာ။ ကိုယ့်ကိုယ်ကိုယ်မှ မကယ်နိုင်ရင် သူများလာမကယ်ရန်ကောလို့ အပြစ်တင်မနေပါနဲ့။ အကယ်ခံမယ့်အစား ကယ်တင်မယ့်သူပဲ လုပ်လိုက်ပါ။ ဆရာဝန်တွေ ဆေးပြန်ကုမယ်။ ကျောင်းဆရာတွေ စာပြန်သင်မယ်။ ဘယ်သူ့လက်အောက်မှာလဲ။ NUG အောက်မှာ။ အဲ့ဒါလေး ဖြစ်အောင်ကြိုးစားနေရင် စိတ်ညစ်နေဖို့ အချိန်တောင်မရပါဘူး။

တော်လှန်ရေးဆိုတာ PDF တွေ၊ CDM တွေနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး။ NUG နဲ့ NLD ကလူတွေမှာပဲ တာဝန်ရှိတာ မဟုတ်ဘူး။ လူတိုင်းက ကိုယ်နိုင်ရာတာဝန်ကို ရုန်းရတာ။ လွတ်မြောက်နယ်မြေအဖြစ် ခိုလှုံနေတဲ့ ဧရိယာတွေကို သိမ်းပိုက်နယ်မြေဖြစ်အောင် ကိုယ့်ဘက်ကစိုးမိုးမှုကို တည်ဆောက်ရပါမယ်။ ဆုတ်ခွါတဲ့သူက မြေလှန်ချေမှုန်းသွားတဲ့ ရပ်ရွာတွေကို ကိုယ့်ဘက်က ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရပါတော့မယ်။ ရွာမီးရှို့တာနဲ့ ရပ်သစ်ရွာသစ်တည်တာ ဘာမှမဆိုင်အောင် ကွာမှန်း သိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရွာကို မီးရှို့တဲ့ကောင်တွေ ပြန်တည်ပေးမှာမှ မဟုတ်တာ။ ကိုယ်မလုပ်လို့ ဘယ်သူလုပ်မလဲ။ ဒီအလုပ်တွေလုပ်နိုင်ဖို့ လူသားချင်းစာနာထောက်ထားသော ကယ်ဆယ်ရေးအကူအညီများ ကို ဒုက္ခသည်တွေဆီ အရောက်ပို့နိုင်ဖို့ နည်းနာလမ်းကြောင်းများ ရှာဖွေဖန်တီးထားရပါမယ်။

လေဆိပ်က ကွန်တိန်နာကြီးနဲ့လာ။ စကစယန္တရားကြီးကနေဖြတ်။ မြဝတီသတင်းထောက်များရှေ့မှာ သတင်းမှတ်တမ်းယူ။ ဒုက္ခသည်တွေက လက်အုပ်ကလေးချီပြီး ဒူးတုပ်လက်ခံရတဲ့ ကယ်ဆယ်ရေးပစ္စည်းမျိုးကို တပ်ထဲကမုဆိုးမတွေအတွက်ပဲ ထားလိုက်ရအောင်ပါ။ ကိုယ့်ပြည်သူတွေအတွက်တော့ ကိုယ်တိုင်ပဲ နည်းလမ်းရှာကြရအောင်လေ။ ဘယ်လမ်းကြောင်းကနေ ဘယ်လိုအရောက်ပို့မလဲ။ ဘယ်မှာလက်ခံပြီး ဘယ်လိုသယ်ယူမလဲ။ လက်လှမ်းမီရာ လက်သင့်ရာ မဟုတ်ပဲ ဘယ်မှာ ဘယ်တုန်းက ဘာဖြစ်ခဲ့လို့ ဘာတွေလိုနေသလဲ logistics နဲ့ survey ဆင်းပြီး အလုပ်လုပ်သင့်ပြီလို့ ထင်ပါတယ်။ သတင်းဌာနတွေ နဲ့ အင်တာဗျူးတာရယ် zoom meeting တွေ တက်တာရယ်နဲ့တော့ အဲ့ဒီကိစ္စတွေ အလိုလို မပြီးပါဘူး။

ကိုယ့်စခန်းသေးသေးလေးက တစ်မိုးတွင်းစာ ဆေးဝါးရိက္ခာကိုတောင် ဘယ်လောက်ကြိုးစားပန်းစား စုရသလဲ နားလည်တဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ရတဲ့ သည်အလုပ်ဟာ ဘယ်လောက် တာဝန်ကြီးမယ်မှန်း နားလည်ပါတယ်။ ဒိုင်းညောင့်မပါပဲ တော်လှန်လို့ မဖြစ်နိုင်သလို ဒိုင်းညောင့်တစ်ခုတည်းနဲ့လည်း တော်လှန်ရေး ပြီးမသွားဘူး လို့ သိစေချင်တာပါ။ စာသင်တာလည်းတော်လှန်ရေး၊ သီချင်းလေးတွေ ဗီဒီယိုလေးတွေဖန်တီးတာလည်း တော်လှန်ရေး၊ ကဗျာတွေစာတွေ ရေးတာလည်း တော်လှန်ရေး၊ ဆေးကုတာကလည်း တော်လှန်ရေးပါပဲ။ (ကမ်းခြေမှာ ကာဗာဆိုတာလည်း တော်လှန်ရေးလို့ ပြောချင်ရင်တော့ ရသမျှအမြတ်တွေအားလုံး တော်လှန်ရေးအတွက် လှူရဲတဲ့သတ္တိရှိမှရမယ်။ ဒါလည်း ဖြစ်သေးပါဘူး။ ယူထားတဲ့ ယွကျားကြီး တော်လှန်ရေးအတွက် လှူပါတယ်ဆိုပြီး လင်ယူတာလည်း တော်လှန်ရေး လုပ်နေဦးမယ်။)

အရင်တုန်းက လေလှိုင်းထဲကအစိုးရ လို့ ပြောကြတဲ့ NUG အစိုးရဟာ နောက်တော့ online ပေါ်က zoom အစိုးရဖြစ်လာပြီး သံခင်းတမန်ခင်းမှာ ခြေကုပ်မြဲလာပြီ။ အခုတော့ နယ်မြေစိုးမိုးမှုတွေနဲ့ မြေပြင်ပေါ်မှာ ရပ်တည်နိုင်ဖို့ကြိုးစားရတော့မယ်။ ကလေးတွေက အသက်စွန့်ပြီး ပျောက်ကျားတိုက်ပွဲလုပ်တယ်။ လူကြီးတွေက အဆက်အသွယ် အစီအမံကောင်းကောင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်တယ်။ ငွေကြေးတတ်နိုင်တဲ့သူက ငွေကြေးနဲ့၊ ပညာတတ်နိုင်တဲ့သူက ဉာဏ်ပညာနဲ့၊ လုပ်အားတတ်နိုင်တဲ့သူက လုပ်အားနဲ့။ ကိုယ်စီကိုယ်စီ ပါဝင်ကြတာပေါ့လေ။ အဲ့ဒါတွေက ကြင်စိုးသေပြီး တပ်လုံးကုန်မှ နောက်အစိုးရလုပ်ရမယ့်အရာတွေ မဟုတ်ဘူး။ ခုကတည်းက လုပ်နေရမှာ လို့ ပြောချင်တာပါလေ။

မိုးရိပ်တိမ်လိပ်တွေ တရိပ်ရိပ်တက်ပြီး သည်းကြီးမည်းကြီး ရွာတော့မယ့် ထစ်ချုန်းသံတွေတော့ ကြားနေရပါပြီ။ “ချုန်းမနေနဲ့ကွာ။ ရွာချပစ်လိုက်။ ငါတို့က စိုဖို့အသင့်ပဲ။” လို့ စောင့်မျှော်နေသူတွေလည်း ရှိပါတယ်။ ရွာချင်သလောက်ရွာ အေးချင်သလောက်အေး။ ချမ်းလာရင် စောင်ခြုံကွေးမယ့်သူတွေကလည်း မြန်မြန်သာ ရွာပါတော့ လို့ ဆုတောင်းနေကြမယ် ထင်ပါတယ်။

“မရွာပဲမှောင်

လာခဲပေ ဝေးလေသူမျာ့မောင်။

ညဉ့်နက်ကလေးရယ်တဲ့မှ

ချိန်သန်းခေါင်။

ခြုံလှည့်ပါတော့မောင်မောင်ရယ်

ပိုးလေး ပိုးလေ့ ပိုးလေ ရွှေဖဲစောင်။”