တချို့စကားတွေဟာ တစ်ကြောင်းတည်း တစ်ခွန်းတည်းပေမယ့် နောက်ခံအခြေအနေအရပ်ရပ်ကို ထင်ဟပ်သဘောပေါက်စေတာကြောင့် ပြီးပြီးပျောက်ပျောက် ပျောက်မသွားပဲ အစဉ်အဆက် ပြောစမှတ်ကြီးတွင်ကျန်ရစ်ခဲ့ပါတယ်။ နရသီဟပတေ့ရဲ့ “စောလုံ စောင့်ပါခလှည့်။” ဆိုတဲ့စကား။ ဆရာတော်ဦးဗုဒ်ရဲ့ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရသည်သာ။” ဆိုတဲ့စကား။ မေရီအန်ထွာနက် ရဲ့ “ကိတ်မုန့်လေးပဲ စားကြရောပေါ့။” ဆိုတဲ့စကားတွေဟာ တစ်ခွန်းတည်း ကြားရရုံနဲ့ သမိုင်းနောက်ခံဇာတ်လမ်းတစ်ခုလုံးကို လှစ်ကနဲ လှမ်းမြင်ခွင့်ရတဲ့ ဇာတ်ဝင်ဒိုင်ယာလော့ခ်တွေပါပဲ။ အဲ့လိုစကားမျိုးကို အခုခေတ်မှာလည်း ပြောခဲ့ကြပါတယ်။ အမျိုးသားပညာရေးကော်မရှင် ဥက္ကဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ငိုသံပါကြီးနဲ့ ပြောခဲ့တာပါ။ “အိမ်က မြေးလေးတွေလည်း ကျောင်းမတက်ရတာ ကြာပါပြီဗျာ။” တဲ့။
ဦးခင်ညွန့်က ရုပ်မြင်သံကြားသတင်းထဲမှာလာရင် ကလေးချစ်တတ်တဲ့ ဘဘဗိုလ်ချုပ်ကြီးကာရိုက်တာနဲ့ အကယ်ဒမီယူနေကျပါ။ သူလာမယ်ဆိုရင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို လှလှပပ ပြင်ဆင်ဝတ်စားပြီး ပန်းစည်းဆက်ဖို့ ရှာဖွေသင်ပြထားရပါတယ်။ စစ်သားပေမယ့်၊ နိုင်ငံတော်အကြီးအကဲပေမယ့် မြန်မာနိုင်ငံရဲ့ ပညာရေးကို စိတ်ဝင်တစား ဦးဆောင်လမ်းညွှန်နေသူအဖြစ် ပုံဖော်ထားတယ်။ သို့သော်လည်း အိမ်နိမ့်စံဘဝ ရောက်တော့ သူ့အိမ်ကမြေးကလေးတွေတောင် အေးအေးချမ်းချမ်း ပညာသင်ကြားခွင့် မရရှာဘူး။ ဦးခင်ရီ နဲ့ လူချင်းတွေ့တဲ့အခါ အသက်ကိုချမ်းသာပေးပါ၊ စည်းစိမ်ကို ချမ်းသာပေးပါ၊ မတောင်းဆိုပဲ အိမ်ကမြေးကလေးတွေ ကျောင်းပြန်တက်ခွင့် ပေးပါ လို့ မျက်နှာအောက်ချပြီး ဆို့ဆို့နင့်နင့် အရေးဆိုရတယ်။ မအေးအေးဝင်း စီစဉ်တာပဲဖြစ်ဖြစ် အကယ်ဒမီကတော့ ပေးကိုပေးသင့်တာ။ ဦးကျောက်လုံးလောက် သောက်မြင်ကပ်တဲ့လူကြီးစကားကိုကြားပြီး ကိုယ်တို့မှာ မျက်ရည်ကိုလည်လို့။
သူ့ကိုသနားလို့ မျက်ရည်လည်တာ မဟုတ်ဘူးဗျ။ ကိုယ့်အဖြစ်ကိုယ် ရင်နာလို့။ မြန်မာပြည်မှာ ကလေးတွေအတွက် ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ဆိုတာ ထိပ်ဆုံးကရေရင် တတိယမြောက် နိုင်ငံခေါင်းဆောင်အိမ်က မြေးကလေးတွေမှာတောင် အာမခံချက် မရှိဘူး။ ကျန်တဲ့သူတွေဆိုရင်တော့ စကားထဲထည့်ပြောမနေပါနဲ့တော့။ အခု မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသားလူငယ်တွေ ပညာသင်ကြားရေးဆိုတဲ့ကိစ္စဟာ ဘယ်လောက်အခြေအနေဆိုးသလဲ။ အိမ်မှာ ကလေးသူငယ်ရှိတဲ့မိဘတွေကိုယ်တိုင် အသိဆုံးပါပဲ။ မာလာလာ ကျောင်းမတက်ရတာ တကမ္ဘာလုံး သိပေမယ့် မောင်ခွေးတို့၊ မအေးတို့ စာသင်ကျောင်းမှာ ဗုံးကြဲခံရတာ ဘယ်သူကမှ စာနာပေးမယ့်သူ မရှိဘူး။ ကလေးသတ်တဲ့ ခွေးတပ်ကြီးကို တရားဝင်အစိုးရဖြစ်ဖို့ ရွေးကောက်ပွဲ အတင်းလုပ်ခိုင်းနေကြတယ်။
“မင်းတို့က သူပုန်နယ်မှာနေလို့ ငါတို့ပညာရေးနဲ့ မတန်ဘူး။ သူပုန်ကျောင်းမှာနေရင် သူပုန်အားပေးမို့ ဆရာရောကျောင်းသားရော သေရုံမကဘူး။ ကျောင်းကိုပါ မီးရှို့ဖျက်စီးရမယ်။” လို့ အမိန့်ပေးထားတဲ့ စစ်အစိုးရဟာ တာလီဘန်တွေထက်တောင် ပိုဆိုးပါသေးတယ်။ ဒီလိုဆိုရင် စစ်တပ်အုပ်ချုပ်ရေးအောက်မှာ မရှိတဲ့ ၆၅% သော နိုင်ငံအကျယ်အဝန်က ကျောင်းသားလူငယ်တွေက ပညာဆက်မသင်ရတော့ဘူးလား။ NUG အစိုးရက ကျောင်းတွေဖွင့် ဆရာတွေခန့်ပြီး စာသင်ပေးနေတာတောင် ကျောင်းတွေချည့်လိုက် ဗုံးကြဲနေတော့ မြန်မာပြည်မှာ စာသင်ကျောင်းတောင် မြေအောက်စာသင်ကျောင်းဆောက်သင်နေရပြီ။ ကျန်တဲ့ ၃၅% က နန်းစိန်ပညာရေးကရော ဘာတွေ ဖြစ်နေသလဲ။ ဆယ်တန်းစာမေးပွဲကို အဖြေလွှာတွေ ငလျင်ထဲပါကုန်လို့ နောက်တစ်ကြိမ် ပြန်ဖြေခိုင်းသတဲ့။ “၄၀ ဆို အောင်မှတ်၊ သူ့အောက်ဆို အကျ။” လို့ အင်္ဂလိပ်ခေတ်ကတည်းက အဖြူအမည်း ကွဲပြားတဲ့ အောင်စာရင်းကို ၂၉- ၃၀ တွေ အောင်စာရင်းထွက်ထားလို့ “အမှတ်စာရင်းထုတ်မပေးနဲ့တော့။” ဆို ရပ်ပစ်လိုက်ရတယ်။ အစိုးရအဖွဲ့ဖွဲ့တာ ပညာရေးဝန်ကြီးပါမလာလို့ ဖေ့စ်ဘုတ်ပေါ် ဝိုင်းအော်တော့မှ “မေ့လို့ မေ့လို့” ဆို နောက်ကလိုက်ခန့်ရတယ်။ ဒီ့ထက် ဗရမ်းဗတာကျတာ ဘာရှိသေးလဲ။
CDM လုပ်တာ အစိုးရဝန်ထမ်းတွေတင် မဟုတ်ဘူးလေ။ ပညာသင်ဆဲ ကျောင်းသားလူငယ်တွေလည်း အများကြီးပါတယ်။ စစ်ကျွန်ပညာရေးကို အလိုမရှိဘူး။ ဒါကြောင့်မို့ စစ်အစိုးရအောက်ကကျောင်းတွေ ပြန်မတက်ဘူး။ ရုံးမတက်နဲ့။ ရုန်းထွက်။ ကျောင်းမတက်နဲ့။ ကျောင်းထွက်။ အော်ခါစမှာတော့ ဟုတ်တာပေါ့။ တနိုင်ငံလုံး အုန်းအုန်းကြွက်ကြွက် အော်ခဲ့ကြတာ။ နှစ်ကူးလည်၍ နေ့နှယ်ရက်ပြောင်း ကြာညောင်းဆည်းဆာဖြစ်လာတော့ လမ်းတွေပျောက်ကုန်ရော။ “တစ်ယောက်တည်း ခံစားနေရ။ အမေ့သားတွေ သမီးတွေ ထိုင်းမှာ က က က က။” ဆိုတာမြင်ရရင် ကလေးတွေက ဘယ်လိုတောင့်ခံနိုင်မှာလဲ။ အစိုးရကျောင်း မတက်တော့ဘူး။ အပြင် ပုဂ္ဂလိကကျောင်းမှာပဲ ပြောင်းတက်တော့မယ် ဆိုပါတော့။ နံပါတ် (၁) က ပိုက်ဆံတွေ အများကြီး ပေးရမယ်။ စာသင်နှစ်တစ်နှစ်ကို သိန်း ၁၀၀-၂၀၀ တော့ အသာလေးပဲ။ အိမ်မှာ ကျောင်းသား ၄-၅ ယောက်ရှိရင် စည်းစိမ်ပြုတ်ကရော။ ဆရာဝန်လခ ၃ သိန်းခွဲနဲ့ ကိုယ့်သားသမီးကိုယ် ကျောင်းထားနိုင်ဖို့ ရုန်းကန်ကြည့်ပါဦး။ “ဆင်းရဲသားတို့ရပ်ကွက်မှာ ကျွန်တော်မွေး။ မီးမလင်းတဲ့တဲလေးဟာ ကျွန်တော့အိမ်ပါ။” ဆိုတဲ့ကလေးတွေမှာ ကျောင်းတက်ဖို့တောင် အနိုင်နိုင်ဟာကို ကျောင်းထွက်ဖို့က စိတ်ကူးတောင် မယဉ်နိုင်ဘူး။ ပစ္စည်းမဲ့တော်လှန်ရေးကလည်း ဓနရှင်ဆန်လိုက်တာကွာ။ အခြေခံလူတန်းစားတွေ လက်လှမ်းမမီတဲ့ luxury product တစ်ခုပါလား။
လောကကြီးမှာ ပိုက်ဆံရှိရုံနဲ့ ပြီးသွားတယ် ဆိုရင်လည်း အကောင်းသားပေါ့ ဒေါ်ချောချောစိန်ရယ်။ မထားဘူး။ ခင်ဗျားတို့နန်းစိန်ကျောင်းတွေမှာ ထားကိုမထားဘူး။ ကျုပ်တို့သားသမီးတွေ နိုင်ငံတော်ဈာပနမှန်သမျှ နေပူကြီးထဲ အလံလေးတွေ လိုက်ယမ်းခိုင်းနေမယ်။ တို့ဘာတို့ ပရိုက်ဗိတ်ကျောင်းမှာ နန်နန်ဂျားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အင်တာနေရှင်နယ်စတူးဒန့် အလုပ်ခိုင်းမှာ။ ကုန်ဘေ့ဂျေ ကုန်ဘေ့ဂျေ။ အေး ဟုတ်တယ်။ ကျောင်းတွေမှ ပေါလွန်းလို့ပါလေ။ ကြောင်ကြီးရယ် မြီးတံတို။ အဆီကိုစားပြီး အသားကိုမြိုမလို့ စောင့်နေကြတယ်။ အဲ့ဒီအထဲမှာ သမားတော်ကြီး ဒေါ်ခင်စန်းရီလို အင်္ဂလန်က Royal College ကြီးကို စိန်ခေါ်ပြီး ပညာပြိုင်မယ့် နိုင်ငံကျော်ဆယ်လီကြီးတွေလည်း အများကြီး ရှိတယ်။ ဘယ်သူ့ကို ယုံလို့ ပုံမှာလဲ။ ပိုးသာကုန် မောင်ပုံ စောင်းမတတ်တာ ဦးရှင်ကြီးတင်တဲ့ဆီ စောင်းသွားသင်နေတာကြောင့် မဟုတ်ဘူးလား။ စောင်းပုံကြီးမြင်ရင် စောင်းသင်လို့ရမယ် မှတ်နေ။ ဆယ်တန်းအောင်စာရင်းတောင် အဖြစ်ရှိရှိ မထုတ်နိုင်တဲ့ ပညာရေးဝန်ကြီးဌာနဟာ ငါးပွက်ရာ ငါးစာချနေတဲ့ ပရိုက်ဗိတ်ကျောင်းပေါင်းများစွာကို ပိုက်ဆံယူ လာဘ်စားရုံကလွဲလို့ ဘာတစ်ခုမှ စောင့်ကြည့်ကြီးကြပ်ပေးနိုင်မှာ မဟုတ်ဘူး။ နေပြည်တော်က ဈေးအကြီးဆုံး မူကြိုကျောင်းမှာတောင် ၄ နှစ်သမီးလေးရဲ့ အရှက်ကို မကာကွယ်နိုင်ဘူး။ ကြေးကောင်းပေးတိုင်း ဆရာကောင်းရမယ် မထင်နဲ့။ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ၊ ဆရာမတွေရဲ့ service ကို ပိုက်ဆံများများပေးနိုင်မှ ကောင်းကောင်းမွန်မွန် ရလိမ့်မယ် လို့ တွက်တာဟာ တော်တော်ကို မှားတာ။ ဈေးအကြီးဆုံးဆရာဝန်တွေဟာ အတော်ဆုံးအတတ်ဆုံး ဖြစ်မှာပဲ ဆိုတဲ့အတွေးဟာ “ဖာလူဒါသောက်မယ်။ ဒန်ပေါက်စားမယ်။ ဂျင်းဘောင်းဘီဝယ်မယ်။” ဆိုတဲ့ တောသားတစ်ကောင် ပိုက်ဆံတွေ ကြွပ်ကြွပ်အိပ်နဲ့ပိုက်ပြီး “ဒီဆိုင်မှာ ဘာအကောင်းဆုံးလဲဟေ့။” လို့ လိုက်မေးတာနဲ့ အတူတူပဲ။
“Professionalism အရကြည့်ရင် ဆရာဝန်အလုပ်ပဲဖြစ်ဖြစ်၊ ကျောင်းဆရာအလုပ်ပဲဖြစ်ဖြစ် service providers တွေသာ ဖြစ်တယ်။ ကျေးဇူးခံ ကျေးဇူးစား မရှိဘူး။” လို့ တွေးကြ ရေးကြတာ တော်တော်များပါတယ်။ အတတ်ပညာတခုခုကို အရင်းပြုပြီး တန်ရာတန်ကြေးယူလို့ ဝန်ဆောင်မှုပေးတဲ့အခါ စားသုံးသူအခွင့်အရေး consumer’s right အရ အခကြေးငွေနဲ့ ထိုက်တန်သော အဆင့်အတန်းတစ်ခု ရရှိသင့်တာ အမှန်ပါပဲ။ MBBS ဘွဲ့နဲ့ လူနာကြည့်ရင် တစ်ယောက် ၅၀၀၀ ရမယ်။ MSc ဘွဲ့နဲ့ ကြည့်ရင် ၁၀၀၀၀၊ MRCP/ MRCS ပါရင် ၁၅၀၀၀၊ Doctorate နဲ့ဆို ၂၀၀၀၀ တန်တယ် လို့ သတ်မှတ်ကြမယ် ဆိုပါစို့။ ကိုယ်ပေးထားတဲ့ အခကြေးငွေအလိုက် ထိုက်တန်တဲ့ ဝန်ဆောင်မှုအဆင့်အတန်းကို ပြန်ရသင့်တာပေါ့နော်။ အဲ့လိုလား။ အကိုရေ ဆေးခန်းကအပြန်ကျရင် J Donut လေး ဘာလေး ဝယ်သွားပါဦးလား။ အဲ့ဒါက ရန်ကုန်မှာပဲ ရတာနော်။ ကြွပ်ကြွပ်အိပ်ကလေးတောင် လွှင့်မပစ်နဲ့။ ရန်ကုန်ကပြန်လာမှန်း မြင်တာနဲ့သိတယ်။
ဆရာဝန်ကို၊ ကျောင််းဆရာကို ကျေးဇူးတင်တယ် ဆိုတဲ့ကိစ္စဟာ သူပေးတဲ့ service ကို ကျေနပ်လို့ အဲ့ဒီအတွက် ကျေးဇူးတင်တာ မဟုတ်ပါဘူး။ service က အဖိုးအခနဲ့ ပေးရတာမို့ သူ့တန်ရာတန်ကြေးနဲ့သူ ရှိတယ်။ ကျေးဇူးတင်စရာ မလိုဘူး။ ထားပါတော့။ အဲ့ဒီ service ရဲ့နောက်မှာ အခကြေးငွေ မယူပဲပေးတဲ့ စေတနာဆိုတာ ရှိတယ်။ စေတနာမပါရင် ဘာမှဖြစ်မလာဘူး။ စေတနာ နေရာမကျရင်လည်း ဝေဒနာဖြစ်တတ်တယ်။ ဘွဲ့တွေအများကြီးရလေလေစေတနာတွေ တလှေကြီးပါလေ လို့လည်း မအောင့်မေ့နဲ့။ စေတနာက စေတနာပဲ။ အဲ့ဒီနောက်မှာ ပညာဆိုတာလည်း ပါရသေးတယ်။ ပညာရှင်တစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်မှုကို AI လို data တွေနဲ့ feed လုပ်ပြီး အဖြေထုတ်လို့ မရဘူး။ လူတစ်ယောက်တည်းမှာတောင် ဝါတွေ သဘာတွေက အများကြီး စကားပြောတယ်။ အဲ့ဒီအရာတွေကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ဖို့တော့ ခက်တယ်။ ဘယ်လိုပြောရမလဲ မသိပါဘူး။ ကျေးဇူးလို့ စိတ်ထဲက သိလိုက် ခံစားလိုက်ရရင် ရပါပြီ။ အဲ့ဒါလေးပဲ လိုတာ။ ထိုင်ကန်တော့စရာ မလိုဘူး။
ကိုယ့်ဘဝရဲ့ ပညာရေးမှာ အထက်တန်းပညာရေးရယ်၊ တက္ကသိုလ်ပညာရေးရယ်၊ ဘွဲ့လွန်ပညာရေးရယ် ရှိတယ် ဆိုပါစို့။ အဆင့်တိုင်းအဆင့်တိုင်းမှာ ကိုယ့်အတွက် ဆရာတွေ ရှိတာပေါ့။ အများကြီးပဲ။ မရေမတွက်နိုင်။ အဲ့ဒီဆရာတွေရဲ့ ကျေးဇူးကို ဘယ်သူသာတယ်။ ဘယ်သူလျော့တယ် ဘယ်လိုပြောမလဲ။ အဲ့ဒီဆရာတွေ အကုန်လုံး တာဝန်ကျေခဲ့လို့၊ ဝတ္တရားကျေခဲ့လို့၊ စေတနာထားကြလို့၊ ကိုယ့်ခေါင်းထဲကို ဒီပညာတွေ ရောက်လာတာလေ။ မူလတန်းပြဆရာမလေးပဲဖြစ်ဖြစ်၊ ဒိသာပါမောက္ခ ဆရာကြီးပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ ဆရာ့ဝတ္တရား ငါးပါးတင်မကဘူး။ စေတနာတွေ ရေစီးကမ်းပြိုလိုက်တဲ့အထိ သင်ကြားပေးခဲ့တာပေါ့။ နိုင်ငံကျော် သမားဟူးရားကြီးတွေကျမှ “ဒါ ငါ့ဆရာ။” “ကျွန်တော် ဆရာ့တပည့်ပါ။” နဲ့ တ တ ပြီး ဂုဏ်ဖော်စရာ မဟုတ်ဘူး။ ဒီဆရာကြီးတွေက ကိုယ့်ကို ဆရာဝန်ဖြစ်အောင် ဆေးပညာတွေ သင်ကြားပေးလိုက်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆရာဝန်ချင်းအတူတူ၊ သူများနဲ့မတူတဲ့စိတ်ဓါတ်၊ အတွေးအခေါ်၊ အမူအကျင့်တွေကတော့ ဆယ်တန်းမအောင်ခင် ဗိုလ်တထောင် (၆) မှာကတည်းက ဆရာအဆက်ဆက် ပဲ့ပြင်သွန်သင် ပေးခဲ့ကြတာ။ ကိုယ့်ဘဝမှာ တော်လှန်သော ဆရာဝန်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင် အဲ့ဒီ တော်လှန်သော မဟုတ်မခံ စိတ်ဓါတ်တွေက စိန်ပေါကျောင်းတုန်းက ရခဲ့တဲ့ အမွေပါ။ အတွေးအခေါ််ကောင်း၊ စာရေးကောင်းသော စာရေးသူတစ်ဦးဖြစ်ဖို့ကလည်း အဲ့ဒီကျောင်းမှာပဲ သန္ဓေတည်၊ မျိုးစေ့ချခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဆရာတွေကို ကျေးဇူးတင်ကြေးဆိုရင် စိန်ပေါကျောင်းက ဆရာတွေကိုလည်း မေ့မထားနိုင်ပါဘူး။
ဆရာဆိုတာ သတ်မှတ်ထားတဲ့ စာသင်နှစ်တစ်နှစ်အတွင်းမှာ သင်ရိုးညွှန်းတမ်းထဲက သင်ခန်းစာတွေ ပြီးပြတ်အောင် သင်ရမယ်။ အဲ့ဒီသင်ခန်းစာတွေကို စာမေးပွဲစစ်ပြီး ကျောင်းသားတွေ တတ်မတတ်၊ အောင်မအောင် ဆန်းစစ်ပေးရမယ်။ အဲ့ဒါ သူတို့ပေးရမယ့် service၊ သူတို့တာဝန်၊ ဝတ္တရားပဲ။ ဒါပေမယ့် သူတို့သင်ပေးတာ အဲ့ဒီထက် အများကြီးပိုပါတယ်။ အင်္ဂလိပ်စာသင်တဲ့ ဆရာအဆက်ဆက်ဟာ ကိုယ့်ကို သဒ္ဒါမှန်အောင်၊ သတ်ပုံမမှားအောင်၊ စကားအသုံးအနှုံးကြွယ်အောင်၊ သူများရေးတာ နားလည်အောင်ဖတ်တတ်ပြီး သူများဖတ်ရင် နားလည်အောင်ရေးတတ်ဖို့ အတန်းတိုင်းမှာ အထပ်ထပ်အခါခါ လေ့ကျင့်ပေးခဲ့ကြပါတယ်။ မြန်မာစာဆိုရင် ကိုယ့်ကို ၃ တန်းကတည်းက စာစီစာကုံးတွေ ရေးခိုင်းတာ။ “မရေးတတ်ဘူး။” ဆိုလို့ သတင်းစာတွေ တထပ်ကြီးချပေးပြီး အာဇာနည်နေ့နဲ့ပါတ်သက်တဲ့ သတင်းဆောင်းပါးတွေ အကုန်လုံးရွေး။ ဟိုထဲက တပိုဒ်ကူး၊ ဒီထဲက တပိုဒ်ကူးနဲ့။ ကိုယ်ပြောချင်တဲ့ စာတစ်ပုဒ်ဆုံးအောင် ဝါကျတွေ တည်ဆောက်ခိုင်းပါတယ်။ ဒီလိုနဲ့ စာစီစာကုံးပြိုင်ပွဲတိုင်း ဆုရရ မရရ ဝင်ပြိုင်ရင်း စာတွေ ရေးတတ်လာခဲ့တယ်။ မြန်မာသဒ္ဒါ၊ မြန်မာအထာကို စာဘောင်ပဲ့ပဲ့ ရေးတတ်ဖတ်တတ်အောင် သင်ပေးတာကတော့ ၆ တန်းက မြန်မာစာဆရာ ဦးထူးတင့်ပါ။ သင်ရိုးညွှန်းတန်းထက်မကပဲ အခြေခံတွေကို အသားသေသွားအောင် အထပ်ထပ်အခါခါ လေ့ကျင့်ပြီး စံနစ်ကျစေပါတယ်။ ကျန်တဲ့ ဘာသာရပ်ဆရာတိုင်းက အဲ့သလိုပါပဲ။ စာသင်တဲ့အခါ သူတို့ရည်ရွယ်ချက်က စာမေးပွဲစစ်ရုံ၊ စာမေးပွဲဖြေရုံ၊ စာမေးပွဲအောင်ရုံ အတွက် မဟုတ်ပဲ သူတို့လက်ကထွက်လို့ နောင် ဘဝတသက်တာမှာ ဒီအတိုင်းလေးပဲ ပုံစံတကျ အသားသေသွားအောင် ပုံသွင်းလေ့ကျင့်ပေးခဲ့ကြပါတယ်။ အဲ့ဒီစေတနာမျိုးက အပြင် ပရိုက်ဗိတ်ကျောင်းတွေမှာ တွေ့နိုင်ပါ့မလား မသိ။ သူတို့က စာမေးပွဲလေး တဖြတ်စာ တစ်ပွဲတိုး မှတ်မိနိုင်ဖို့ အဓိကထားကြတာ။
ကျောင်းဆိုတာမျိုးဟာ စာသင်၊ စာစစ်၊ အောင်လက်မှတ်ပေးတဲ့ educational service သက်သက် မဟုတ်ပဲ ဆရာသမား မိဘ အဆုံးအမ အပြုအပြင်နဲ့ နည်းမှန်လမ်းမှန် သွန်သင်ရာ အဝန်းအဝိုင်းတစ်ခု ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ်တို့ကြီးပြင်းခဲ့တဲ့ ပညာရေးရပ်ဝန်းတုန်းကတော့ ကျောင်းဆရာက ကျောင်းသားတွေအပေါ် harassment လုပ်တာ၊ grooming လုပ်တာ မသိဖူးပါဘူး။ တပည့်က ဆရာကို ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းပြီး သတ်ပစ်တာလည်း မကြားဖူးခဲ့ပါဘူး။ ကိုယ်တို့ကျောင်းက သူဌေးကျောင်း မဟုတ်ပေမယ့် အတန်းထဲမှာ ဆရာမက ဈေးရောင်းတာ၊ အတန်းပိုင်တွေ အိမ်မှာ ကျူရှင်ပေးတာ အလွန်ရှက်စရာကောင်းတဲ့ အလေ့အထ လို့ အထင်သေးလေ့ ရှိကြပါတယ်။ ကိုယ်တို့ ဆရာ ဆရာမတွေဟာ ကြွယ်ပိုးကြွယ်ဝ မဟုတ်တာတောင် အလွန်မာနကြီးတဲ့ ပညာရေးဝန်ထမ်းများ ဖြစ်ပေတာကိုး။ ကိုယ်တို့ကျောင်းမှာ ကျောင်းဝင်ခွင့်ရဖို့ ဝန်ကြီးလက်မှတ် မလိုဘူး။ သိန်းရာချီ အလှူငွေထည့်ဖို့ မလိုဘူး။ ကိုယ့်ဆရာမကိုယ် ခဏခဏ ကန်တော့နေဖို့လည်း မလိုဘူး။ အဆင့် (၁) ရဖို့ ဆရာမဆီမှာ ကျူရှင်တက်စရာလည်း မလိုပါဘူး။ ဒီဆရာတွေ ပျိုးထောင်ခဲ့လို့ ဒီလိုတပည့်မျိုး ထွက်လာတာ အဆန်းတကြယ်တော့ မဟုတ်ဘူးပေါ့။ အပြင်ကျောင်းတွေမှာ ဘယ်လိုပျိုးထောင်ကြသလဲတော့ ကိုယ်လည်း မကြုံဖူးလို့ မပြောတတ်ပါဘူး။
ဘဘဦးခင်ညွန့်အိမ်က မြေးကလေးတွေ ကျောင်းမတက်ရတာ ဘယ်နှနှစ်ကြာသလဲတော့ မမှတ်မိပါဘူး။ ကိုယ်ချီပိုးနေခဲ့တဲ့ သာကေတအိမ်က သားသားမီးမီးလေးတွေ အပြင်ကျောင်းတက်နေရတာတော့ Grade 5 တောင် ရောက်လောက်ရောပေါ့။ အင်္ဂလိပ်လိုတော့ ကိုယ့်ထက်ပိုတော်ကြမှာပါ။ သူတို့ကို ဘယ်သူတွေက ဘယ်လိုပုံသွင်းပဲ့ပြင်ပေးမယ် မပြောတတ်ပါဘူး။ သူတို့စိတ်ထဲမယ် ဘဘစိုးဆိုတာ သားသားတို့မီးမီးတို့ ငယ်ငယ်တုန်းက တောခိုသွားတဲ့ ဆရာဝန်ကြီး လို့ပဲ မှတ်မိရင်လည်း မှတ်မိမှာပေါ့။ သူတို့ဖွားဖွားကြီးဆိုတဲ့သီချင်းတွေ နားထောင်တတ်ဖို့၊ သူတို့ဖိုးဖိုးကြီးရေးတဲ့စာတွေဖတ်ပြီး နားလည်တတ်ဖို့ ကိုယ့်တာဝန်တွေ မကျေသေးပါဘူး။ တချိန်ကျတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် ဒါတွေနဲ့ ပိုဝေးကွာသွားဖို့ပဲ ရှိမယ်။ သူတို့ကြိုက်တဲ့ လွှမ်းပိုင်သီချင်းတွေနားထောင်ပြီး အာကြမ်းလျှာကြမ်း ဖြစ်လာမှာတောင်စိုးရ။ ခေတ်တွေက ပြောင်းသွားပြီလေ။ ဟိုးအရင်နှစ်တုန်းက တုံပင်ရွာမှာ မူကြိုကျောင်းဆင်းပွဲလုပ်တော့ ဆရာဝန်ကြီးက ကလေးတွေအတွက် ဆုတောင်းစကားလေး ပြောကြားပေးပါဦး လို့ဆိုတယ်။ ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။ ဆရာဝန်ကြီးဖြစ်ပါစေ။ မရေရာတဲ့ဆုတောင်းတွေ ဝတ်ကျေတန်းကျေ ဆုတောင်း မပေးချင်ပါဘူး။ ကိုယ့်အရွယ်နဲ့ကိုယ် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်တဲ့ ကလေးငယ်လေးတွေ ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်တယ်။ လူ့သက်တမ်းမှာ ကလေးအရွယ်ဆိုတာ အပူအပင်ကင်းတဲ့ ပျော်စရာကောင်းတဲ့ အသက်အပိုင်းအခြား လို့ ယူဆကြတယ် မဟုတ်လား။ ဘယ်အရပ် ဘယ်နေရာက ဘယ်ကျောင်းမှာ ပညာသင်နေတဲ့ကလေးပဲဖြစ်ဖြစ်၊ ကျန်းမာပျော်ရွှင်တဲ့ကလေးငယ်လေးတွေဖြစ်ရတာ အလိုရှိအပ် တောင့်တအပ်သော ဆုပဲလေ။ သိန်းထီပေါက်ပါစေ၊ ကျောက်အောင်ပါစေ ဆုတောင်းတွေက ကလေးတွေအတွက် လက်တွေ့မကျဘူး။
ဒါပေမယ့် ဒီနှစ်မှာ အဲ့ဒီကျောင်းကလေးတွေ ခဏခဏပိတ်ထားရတယ် သိလား။ NUG ကျောင်းမို့၊ KIA ကျောင်းမို့ မဟုတ်ဘူး။ စကစကျောင်း၊ နန်းစိန်တွေသင်တဲ့ကျောင်း ဖြစ်ပါစေ။ ကျောင်းတွေပိတ်ပြီး ဆရာမအိမ် ကျူရှင်သွားတက်ရင်တောင် အဲ့ဒီဆရာမအိမ်ကို တည့်တည့်မတ်မတ် ဗုံးချသတ်တဲ့ စစ်အစိုးရမို့လေ။ ကလေးတွေ ဘယ်နားမှာ ကျောင်းတက်နေသလဲ စစ်ထောက်လှမ်းရေးတွေ၊ ဒလန် သတင်းထောက်တွေနဲ့ အချိန်နေရာ အတိအကျ ထောက်လှမ်းပြီး တည့်တည့်မတ်မတ် ဗုံးချနိုင်မှ လေသူရဲကြီးတွေ ဘဏ်အကောင့်ထဲကို သိန်း ၁၅၀၊ သတင်းပေးတဲ့သူ Kpay ထဲကို သိန်း ၃၀ စီ ရောက်မှာ မဟုတ်လား။ ကလေးတွေရဲ့ အသက်အန္တရာယ် စိတ်မချရတာကြောင့် ကျောင်းတွေကို ပိတ်ထားရတယ်လေ။ ဒီနှစ်အတွက် မူကြိုကျောင်းလည်း မဖွင့်နိုင်၊ အလယ်တန်းကျောင်းလည်း မဖွင့်နိုင်တော့ဘူး။ လေယာဉ်က တနေ့တည်းလည်း အခေါက်ခေါက်အခါခါ လာနေတာ ဥစ္စာ။ ဘဘဦးခင်ရီက ဦးခင်ညွန့်မြေးတွေကို ကျောင်းပြန်တက်ခွင့်ပေးမပေးတော့ ကိုယ်လည်း မသိဘူးဗျ။ သားတို့သမီးတို့ ကျောင်းတက်ဖို့တော့ မေးကြည့်ချင်မိတာ။ သူ့ရဲ့ ပြည်ခိုင်ဖြိုးပါတီကို အရင် မဲထည့်ကြပါဦး တဲ့။ သူပဲ ရှိတာမို့ သူပဲနိုင်၊ သူပဲ အစိုးရဖွဲ့နိုင်မှာ သေချာပါတယ်တဲ့။ သူအစိုးရဖြစ်တော့မှ ဗိုလ်ချုပ်ကြီးတွေအပေါ် ပိတ်ဆို့ထားတဲ့ sanction တွေ ပြန်ရုပ်သွားအောင် လုပ်မှာပါတဲ့။ ကျောင်းကိစ္စတော့ ဘာမှ ထည့်ပြောမသွားသေးဘူးနော်။ မပြောတာပဲ ကောင်းပါတယ်။ တော်နေကြာ “ဘဘပိုင်တဲ့ Wisdom Hill မှာ လာတက်ကြပါ သားတို့သမီးတို့။” ဆိုမှ ကိုယ်ကျိုးနည်းမှာ။ ပညာရေးဆိုတာ ပြန်မရတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတော့ ကျောင်းတွေကို အပြီးပိတ်ချင်လည်း ပိတ်ပစ်မှာပေါ့။ ဝင်းကိုကိုလတ် လို အကောင်မျိုး ရဖို့က ဘုန်းကြီးကျောင်းနဲ့ သင်လည်း ဖြစ်ပါတယ်။ ဆယ်တန်းအောင်စရာ မလိုဘူး။ အလိုက်သိဖို့ပဲ လိုတယ်။ ဆရာဝန်ထဲမှာဆို ဦးသက်ခိုင်ဝင်းတို့၊ ဒေါ်သက်သက်ခိုင်တို့၊ သက္ကမိုးညိုတို့လို ဆရာဝန်မျိုးကမှ တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီနိုင်တာ။ အိမ်း အဲ့ဒီဟာကြီးတွေအောက် ပညာသင်ရမှာစာရင်တော့ ဘာကျောင်းမှ မတက်တာကမှ ခပ်ကောင်းကောင်းပါလေ။ မဟုတ်တာတွေ သိကုန်တတ်ကုန်မှာက ဘာမှ မတတ်တာထက် ကြောက်စရာကောင်းတယ် မဟုတ်လား။“ပညာ သမာ အာဘာ နတ္ထိ” တဲ့။ ပညာသင်တယ်၊ ပညာတတ်တယ်ဆိုပြီး အမှားအမှန် ဝေဖန်နိုင်တဲ့ ဉာဏ်အလင်းရောင် မှ မရှိရင် ဘာအဓိပ္ပါယ် ရှိမှာလဲ။ ၆၈၀၀ စားတွေအတွက် စိတ်တော့မကောင်းပါဘူး။ နောက်ဘဝရောက်မှ ဉာဏ်မီအောင်ကြိုးစားပြီး ငါ့စာလာဖတ်လှည့်ကြကွာ။