မြောက်ပိုင်းမှာ မိုးတွေကြီးနေတာ နှစ်ပါတ်လောက်ရှိပါပြီ။ တောင်ပေါ် မှာလည်း ရေကြီးရေလျှံ ဖြစ်တတ်တာပဲ။ လိုင်ဇာမှာတောင် ရေကြီးတာ နှစ်ခါရှိပြီ။ ဒီမှာက ရေကြီးရင် မြေလည်းပြိုတယ်။ ညဦးပိုင်းလေး သည်းသည်းမည်းမည်း ရွာလိုက်တာနဲ့ ချောင်းရေတွေက ၄-၅ ပေလောက် တမဟုတ်ချင်းတက်လာတာ။ ရေစီးလည်းသန်လို့ ဖြတ်ကူးလို့ မရတော့ဘူး။ ကမ်းပါးတွေပြိုတယ်။ တံတားတွေကျိုးတယ်။ ငှက်ပျောပင်တွေ မျောပါလာကြတယ်။ လူဆိုလည်း မျောမှာပဲလေ။ ဘယ်ကိုမှ သွားလို့လာလို့ မရတော့ဘူး။ ရေတွေ တလဟောစီးနေပေမယ့် သုံးဖို့ရေကို မိုးရေစောင့်ခံရတယ်။ ချောင်းရေက ရေချိုးလို့တောင် မရဘူး။ အသားတွေ ယားတယ်။ သူတို့က သစ်ပင်မြင့်မြင့်ခုတ်ပြီး သစ်လုံးတံတားထိုးမယ် ကြံကြပေမယ့် ကိုယ်ကတော့ သဘောမကျပါဘူး။ အဲ့သလို မြင့်မြင့်ဖြောင့်ဖြောင့် သစ်ကြီးဝါးကြီးမျိုး ရဖို့က နှစ်တွေ အများကြီး စောင့်ရတယ်။ ဒီမိုးက ဘယ်လောက်ကြီးကြီး နောက်တစ်လလောက်ဆို ကုန်ပြီ။ ဒီဘက်ကလူတွေကို သစ်ပင်မခုတ်အောင် ဘယ်လိုသွန်သင်ရမှန်း မသိပါဘူး။ ထင်းလိုရင်တောင် အပင်ခုတ်လှဲတဲ့ဟာတွေ။ အခုခေတ်က လွှဆွဲစရာမလိုတော့ပဲ လက်ဆွဲလွှစက်လေးတွေနဲ့ တစ်နေ့တည်း လေးငါးပင်မက သူတို့ခုတ်ကြတယ်။ ငါ့နှယ်နော်။ တောတကာ့တောထဲရောက်တာလည်း ငါးနှစ်ပြည့်တော့မယ်။ တောခေါင်းကြီးတို့၊ တောအုပ်ကြီးတို့ဆိုတာ တစ်ယောက်တလေတောင် မမြင်ဖူးသေးဘူး။ မြင်မြင်သမျှ မုဆိုး နဲ့ သစ်ခုတ်သမားချည့်ပဲ။ ငှက်မပစ်ရ၊ သစ်မခုတ်ရ။ တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ အင်းတော်ကြီး ဇီဝစက်ဝန်း ကြိုးဝိုင်းထဲမှာကို အင်းနဖူးရောက်တဲ့အထိ မြေလှန်ပြီး ရွှေတွေတူးနေကြတာ။ ဥရုချောင်းတလျှောက်လုံးလည်း ရေမျှောတွေ မေးတင်မောင်းနေကြတာမို့ ချောင်းရေတွေက ငါးတောင်အသက်ရှင်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး။ ရေထဲဆင်းမိရင် ရေပြန်ချိုးမှ ရမယ့် အနေအထား။
သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးဆုတ်ယုတ်လာတာကို စိတ်မပူနိုင်ပါဘူး။ အာဏာသိမ်းပြီးကတည်းက လူသားအရင်းအမြစ်တွေ သိန်းနဲ့သန်းနဲ့ချီပြီး သေကြေပျက်စီး ပြောင်းရွှေ့ထွက်ပြေးနေရတာကို ဒီအတိုင်း ထိုင်ကြည့်နေရတာ မဟုတ်လား။ ပိုပေါ့လက်ထက်တုန်းက ကမ္ဗောဒီးယားလိုပဲ။ မြန်မာနိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံလောက် လျော့သွားမယ့် သဘောရှိတယ်။ ဆေးရုံတက်ပြီး ဆေးကုနေရင်း ခေါင်းပေါ်ကို ဗုံးကြဲခံရတဲ့တိုင်းပြည်၊ နေ့စေ့လစေ့ မီးဖွားနေရင်း ဆရာဝန်မလာခင် လေယာဉ်နဲ့ ဗုံးလာကြဲတဲ့တိုင်းပြည်မှာ ရေမြေတောတောင် သဘာဝတွေကို အရေးတယူ ပူပင်နေစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူများနိုင်ငံကလူတွေ မစာနာနိုင်ရန်ကော လို့လည်း အပြစ်မတင်နိုင်ဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်းကို ရက်ရက်စက်စက် သတ်ဖြတ်နေတာဖြစ်ပြီး ဝမ်းသာအားရ ဝန်းရံထောက်ခံနေကြတဲ့သူတွေကလည်း ကိုယ့်နိုင်ငံသားတွေချည့်ပဲဟာကိုး။ “တနိုင်ငံလုံး တစ်ယောက်မကျန် သေသွားလည်း ကျွန်မ မဲဆွယ်ထွက်တဲ့အခါ လုံခြုံရေးလေးတော့ ယူပေးကြပါဦး။” ဆိုတဲ့ဟာတွေကလည်း တစ်မျိုး။ သဗ္ဗေသင်္ခါရ အနိစ္စတဲ့။ တောပြုန်း၊ တောင်ပြုန်း၊ ငွေပြုန်း၊ လူပြုန်း၊ ပြုန်းချင်ရာပြုန်း။ ငါတို့ကလည်း ခပ်ပြုံးပြုံးပဲ။
ကချင်ပြည်နယ်မှာ သစ်တွေခုတ်တယ်ဆိုတာ ခုတ်စရာ သစ်ပင်တွေ ရှိသေးလို့ လို့ပဲ သဘောထားပါတယ်။ ပဲခူးရိုးမကြီးတောင် သခင်သန်းထွန်းတို့ တောခိုတဲ့ခေတ်နဲ့ အပုံကြီး ကွာသွားပြီ မဟုတ်လား။ ဘာပဲပြောပြော ကိုယ်တို့ကမှ လေယာဉ်လာရင် တောထဲဝင်ပြေးစရာ ရှိသေးတယ်။ အညာတခွင်မှာဆို ဘယ်ကိုမှ ပြေးစရာပုန်းစရာ တောမရှိတော့ဘူး။ မိုးများတော့လည်း များပစေ။ ရေကြီးတော့လည်း ကြီးပစေ။ သစ်ပင်သစ်တောတွေ စိမ်းလန်းစိုပြေဖို့ ဖြစ်လာတယ် လို့ပဲ စိတ်ထဲမှတ်လိုက်မယ်။ ဒီတောဒီတောင်တွေ ရေဝေရေလဲကောင်းမှ အညာအကြေတကြောမှာ ရေစီးရေလာကောင်းမှာလေ။ ကိုယ်နေထိုင်ရာ ပတ်ဝန်းဘယ်ညာ စိမ်းညို့အုပ်ဆိုင်းနေတဲ့ သစ်ပင်သစ်တောတွေ မြင်ရတာ စိတ်ချမ်းသာပါတယ်။ ဘယ်လောက်အထိခံမလဲတော့ မပြောတတ်ဘူးပေါ့။ ဂြိုလ်တုဓါတ်ပုံတွေ ကြည့်ရင် ရွှေတူးကျောက်တူးတဲ့နေရာတွေဆို ဘာပင်မှ မရှိပဲ ပြောင်ပြောင်ရှင်းရှင်း မြေစာပုံကန္တာရတွေပဲ ကျန်တော့တယ်။ မြေဆီလွှာဆိုတာ တွင်းထွက် သယံဇာတလောက် မတန်တော့ ထောင်မြင်ရာစွန့် စွန့်ကြတဲ့ သဘောပေါ့။ အပင်မပေါက်လည်း နေပစေ။ ကမ္ဘာကြီးပူရင် အဲကွန်းဝယ်တပ်မယ် ဆိုတဲ့ ဦးနှောက်တွေ။ အခုဆို ဝှေခါမှာ ကျောက်အောင်သွားတာ တစ်ရပ်ကွက်လုံး လော်ပန်ဖြစ်သွားရော။ ဒီနှစ်အတွင်းမှာ ဝှေခါမှော်က ကျောက်အကြီးကြီးအောင်တာ ၂ ခါရှိပြီဆိုတော့ စကစ က လောဘအိုးတွေ မျက်စောင်းထိုးလာဦးမှာ သေချာတယ်။
ဒီဒေသကို မရောက်ခင်တုန်းကတော့ ရွှေအကြောင်း ကျောက်အကြောင်းတွေ သိပ်မသိပါဘူး။ ကြားဖူးနားဝလောက်ပဲ ရှိတာ။ အနေကြာလာတော့ မျက်စိရည် နားရည် ဝလာတယ် ပြောရမှာပဲ။ ကျားကြီးတွေရော၊ ကျားခြေရာကြီးတွေရော မြင်ဖူးသွားပြီ။ လော်ပန်တွေ ကျောက်အောင်ပြီဆို နေတဲ့အိမ်တောင် “မင်း ယူလိုက်တော့။” အလကားပေးပြီး ပြန်သွားတာ။ KFC ထိုင်ရင် တစ်သိန်းလောက်ပေးရပေမယ့် စက္ကူခွက်လေးပေါ်မှာ “ကျောက်အောင်ပါစေ။” လို့ မြန်မာလိုရော တရုတ်လိုရော ဆုတောင်းပေးထားတာမို့ တန်ပါတယ်။ လေးဖြူတို့ ဝိုင်ဝိုင်းတို့ဟာ ရန်ကုန်မှာ “ကျေးဇူးပြုပြီး ဇွန်းခရင်းလေးတွေ ခဏလောက် ချထားပေးလို့ ရမလား မသိဘူး။” ဆိုပြီး သီချင်းတွေ လုလုဆိုနေမယ့်အစား ဒီဘက်ကို လာကြရောပေါ့။ အောင်သွားတဲ့သူမှာ လစ်မစ်ဆိုတာ မရှိဘူး။ ရွှေလမ်းရော ငွေလမ်းရော ခင်းပေးနိုင်တယ်။ ဟုတ်မဟုတ် သိချင် သီလရှင်ဝတ်နေတဲ့ အဆိုတော် မင်းသမီးမမကို မေးကြည့်။
ဒီလို ရွှေတွေကျောက်တွေ ထွက်တဲ့အရပ်မို့လည်း မြေစာပုံပဲပြိုပြို၊ လေယာဉ်ဗုံးပဲကြဲကြဲ၊ လက်နက်ကြီးပဲကျကျ၊ စစ်ပြေးစစ်ရှောင် မလုပ်ပဲ ပေကပ်တူးဆွနေကြတာပေါ့။ စစ်မဖြစ်ခင်တည်းက ရွှေမှော် ကျောက်မှော်ဆိုတာ သေမြေကြီး ရှင်ရွှေထီး စွန့်စားရတာမို့ စစ်ကြောင့်သေတဲ့ ဆယ်ဂဏန်းလောက်ကို ခြောက်ခြောက်ခြားခြား စာဖွဲ့မနေတော့ဘူး။ မြေစာပုံ တစ်ခါပြိုရင် ရာဂဏန်းလောက်က အသာလေးရယ်။ ကိုယ်က ဆရာဝန် ဆိုတော့ ရွှေအောင်ကျောက်အောင်လို့ မင်းသမီးယူတဲ့လော်ပန်ချည့် မြင်ဖူးတာ မဟုတ်ဘူး။ ဆေးသုံးလို့ အေကိုက်ပြီး သေတဲ့ပမာဏ ဘယ်လောက်များသလဲလည်း သိတယ်။ မြန်မာပြည်မှာ AZG တို့၊ AHRN တို့ INGO project တွေ ဂျင်ခြေလည်အောင် အလုပ်ရှုပ်သော နေရာ။ ဆယ်ဇင်းမှာလည်း ရှိတယ်။ တာမခန် မှာလည်း ရှိတယ်။ ဖားကန့်မှာလည်း ရှိတယ်။ အခုတော့ စစ်ပွဲတွေက ရက်လရှည်ကြာပြီမို့ အဲ့ဒီဆေးခန်းတွေ ပိတ်ကုန်တာ ကြာပြီ။ ဆေးတွေဝါးတွေ ဝယ်မရ သယ်မရအောင် ပိတ်ပင်ထားလို့ ငှက်ဖျားဆေး၊ တီဘီဆေး၊ ART ဆေး မပြောနဲ့ condom တောင် ဝယ်မရတဲ့ အခြေအနေ။ Depo တောင် ထိုးစရာမရှိတဲ့ အရပ်။ ကိုယ်တို့ဆေးရုံဆို တစ်လတစ်လ ငှက်ဖျားလူနာချည့်ပဲ ၁၅၀၀ လောက် ကုနေရတာ ၊ အခု ဗုံးကြဲလိုက်လို့ ဘယ်မှသွားကုစရာ မရှိတော့ဘူး။ သေစရာအကြောင်းက သောင်းခြောက်ထောင်။ လက်နက်ကြီးသံ လေယာဉ်သံနဲ့တော့ ထွက်ပြေးမနေတော့ပါဘူး။ ထွက်ပြေးတိုင်းရော လွတ်တာကျလို့။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းမှာ စစ်ရှောင်ရင်း သေတဲ့သူက အိမ်ထဲမှာပုန်းရင်းသေရတာထက် ပိုများတယ် မဟုတ်လား။
ဖားကန့်ဟာ လောက်ကိုင်၊ လွယ်ဂျယ်၊ လိုင်ဇာလို တရုတ်နယ်စပ်မြို့ မဟုတ်ပေမယ့် ကုမ္ပဏီတွေက တရုတ်ပိုင်တွေချည့်ပါပဲ။ စစ်ဘယ်လောက်ဖြစ်ဖြစ် ကျောက်တူးတာ မရပ်ဘူး။ နယ်စပ် ဘယ်လောက်ပဲပိတ်ပိတ်၊ လူသာအဝင်အထွက် လုပ်မရတာ။ ကျောက်တုံးကြီးတွေ ဗီဇာမလိုဘူး။ တရုတ်တွေက ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဓါတ်ဆီ၊ ဒီဇယ်ကျ အသေအလဲ ပိတ်ထားပေမယ့် တို့ဆီက ကျောက်စိမ်းတွေ၊ ကြေးနီတွေ၊ ဓါတ်ငွေ့တွေကျ ဥဒဟို ဒလဟော လက်တစ်ဆုံး ဝင်နှိုက်တာ။ ဗမာတွေသာ တရုတ်ပြည်ဝင်ဖို့ ဗီဇာမရတာ။ တရုတ်တွေ ဗမာပြည်ဝင်ချင် ထောင်ဖောက်ပြေးပြီးသားလူတောင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်လို့ ရတယ်။ ရန်ကုန်က ကာရာအိုကေမှာ တရုတ်မာဖီးယားအချင်းချင်း အရှော့ခံရရင် အာဇာနည်ကုန်း တစ်ခါမှ မသွားဖူးတဲ့ ဗိုလ်ချုပ်တွေ တန်းစီပြီး ပန်းခွေပို့ ဂါရဝပြုရတယ်။ မင်းအောင်လှိုင်တောင် တရုတ်ပေးတဲ့အသက်နဲ့ သက်ဆိုးရှည်နေရတာ။
ကချင်တွေကတော့ တရုတ်ဩဇာ ဘယ်လိုပဲ ရှိသည်ဖြစ်စေ။ စကစ ကို နိုင်အောင်တိုက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဦးသိန်းစိန်လက်ထက်ကတည်းက NCA မထိုးပဲ လှည့်ပြန်လာခဲ့တဲ့အဖွဲ့။ NUG အစိုးရနဲ့ အတိအလင်း ပူးပေါင်းတိုက်ပွဲဝင်တဲ့အဖွဲ့။ တအာင်းတွေ၊ ရခိုင်တွေ၊ PDF တွေနဲ့အတူ မြန်မာပြည်မြောက်ပိုင်း စစ်မျက်နှာကြီးအဖြစ်နဲ့ စကစကိုရော တရုတ်ကိုပါ တောင့်ခံထားတဲ့အဖွဲ့။ အတက်အဆုတ်၊ အနှုတ်အသိမ်း တချို့ကလွဲလို့ ရှုံးပွဲမရှိ ထိုးစစ်ရော၊ ခံစစ်ရော ကစားနိုင်ပါတယ်။ ဒီအခြေအနေနဲ့တော့ ကျော်စွာလင်းဦးစီးတဲ့ စုပေါင်းစပ်ပေါင်း တပ်ပေါင်းစုတွေအနေနဲ့ ကချင်မြေကို အပိုင်သိမ်းဖို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ မအလ ကစားမယ့်ညစ်ကွက်က ယာဂုအိုးအကွဲကို “ရွှေစည်းခုံ လှူပါ၏။” လုပ်ချင်ပုံ ရတယ်။ “ကျောက်စိမ်းယူမလား။ မြေရှားယူမလား။ သူ့ဘက်ကနိုင်အောင်ကူတိုက်ပေး။ သူနိုင်ရင် ပေးမယ်။” ဆိုတာမျိုးပေါ့။ အမေရိကန် သံအရာရှိ မြစ်ကြီးနားကို လာသွားတာ KIO က ဖိတ်လို့ မဟုတ်သလို၊ KIO နဲ့လည်း တွေ့မသွားပါဘူး။ စကစ အစီအစဉ်နဲ့ မဟုတ်ရင် လေယာဉ်လက်မှတ်တောင် အဝယ်ခံပါ့မလား။ စဉ်းစားလေ။ ကချင်တွေက မြေရှားရောင်းဖို့ ဈေးဗန်းမခင်းရသေးခင် သူတို့ကအရင် လက်ညှိုးထိုး ရောင်းစားဖို့ ကြံနေပုံပါပဲ။ တရုတ်အားကိုးနဲ့ စစ်တိုက်နေပြီး တရုတ်ကြီးဖင်ဝ မီးမြှိုက်တဲ့ကောင်တွေပါလား။ ဒီကောင်တွေတော့ နားကားတော့မယ်။
အခုလာမယ့် စက်တင်ဘာလထဲကျရင် တရုတ်ပြည်မှာ ဖက်ဆစ်ဂျပန်ကိုတော်လှန်တဲ့ အခမ်းအနားတစ်ခု လုပ်ဖို့ပြင်နေတယ်။ လူတွေစိတ်ဝင်စားတာက အဲ့ဒီအခမ်းအနားမှာ ရှီကျင့်ဖျင်က ဘယ်လိုအနေအထားနဲ့ တက်လာမှာလဲ ဆိုတာပဲ။ ဘာဖြစ်လို့ဆိုတော့ တရုတ်ပြည်က အာဏာသိမ်းတာ၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်တာတွေကို အမြဲ သတင်းမှောင်ချထားလေ့ရှိတယ်။ သေပြီးသားလူကိုတောင် သတင်းစာထဲမှာ ဓါတ်ပုံအဟောင်းတွေနဲ့ မိန့်ခွန်းပြောခိုင်းထားပြီး ပွဲလမ်းအခမ်းအနားတစ်ခုခုကျမှ “ဘယ်ရောက်သွားပလဲ။ မတွေ့မိပါလား။” ဖြစ်အောင် စီမံတတ်တယ်။ ရှီကျင့်ဖျင်ကြီးခမျာ ကောလဟလပေါင်းများစွာထဲမှာ ရာထူးပြုတ်တာ၊ သေတာ ၊ ဘယ်နှစ်ခါ ရှိပလဲ။ သူ့မိန်းမဆိုလည်း ထွက်ပြေးလိုက်ရတာ ကမ္ဘာတစ်ပါတ်တောင် ပြည့်တော့မယ်။ တို့ဆီက ဦးသန်းရွှေကြီးလိုပေါ့ကွယ်။ တစ်ခါတည်းသေရင် အားမရလို့ အကြိမ်ကြိမ်အခါခါ သေပေးနေရတာ။ တကယ် ပြုတ်မပြုတ်တော့ ပွဲတက်တဲ့အခါ စောင့်ကြည့်ရုံပေါ့။ တို့အိမ်က အနူလက်နဲ့ ဟန်းရှိတ်လုပ်ထားမိမှတော့ ပြုတ်ဖို့အလားအလာ အများကြီးရှိပါတယ်။ ဘင်္ဂလာဒက်ရှ်ရော ထိုင်းရော ပြုတ်ပြီးပြီ။ ဒီတစ်ခါ ဒင်းအလှည့်။
အပြောင်းအပြုတ် အလှုပ်အရှား မရှိခဲ့ရင်တောင် အမာခံဘက်တော်သားတွေ ဖယ်ထုတ်ထားပြီးသားမို့လို့ ဩဇာအာဏာက ချည်တုပ်ချုပ်နှောင်ထားသလို နေမှာပါပဲ။ ပါတီတွင်းမှာရော၊ အစိုးရအဖွဲ့အတွင်းမှာပါ အတော်လေး အကြိတ်အနယ် ရုန်းကန်ရင်ဆိုင်ရလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ မြန်မာနယ်စပ်အပေါ်မှာ သက်ရောက်နေတဲ့ ဗဟိုအစိုးရရဲ့ ဖိအားဩဇာတွေ လျော့ကျသွားမှာ အမှန်ပဲ။ ယူနန်အစိုးရဘက်က ကြည့်ရင်လည်း တော်လှန်ရေးကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်နေတာ တစ်နှစ်ကျော်ရှိပြီ။ မအလ ကို ကျားကန်ရတာ သူ့အတွက် စီးပွါးရေးထိခိုက်တယ်။ ဒီဟာကြီး မြန်မြန်ပြီးစေချင်တဲ့စိတ်က ကိုယ်တို့ထက်တောင် ပြင်းထန်နေဦးမှာ။ ကဲ သူမပါရင်လေ။ ဘာတွေများ ရှေ့ဆက်ဖြစ်ကြမယ်။ စောင့်သာကြည့်။ ပျော်စရာကြီး။
သူပါပါ မပါပါ၊ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေတာမို့ စစ်ပွဲရလပ်တွေ မြင်နေရပါတယ်။ အင်းတော်ကြီးက မိုင်းနောင် နဲ့ မမုံကိုင် ရွာ ၂ ရွာ ပြန်ရခဲ့ပြီ။ ဗန်းမော်၊ ဖားကန့်က အသိမ်းခံရတဲ့ ကုန်းတချို့လည်း ပြန်ရလာပြီ။ ရေကြောင်းကနေ ဗန်းမော်ကိုတက်လာတဲ့ စစ်ကူတွေဟာ သူတို့ဘက်က သောက်သောက်လဲ အသေအပျောက်များသလောက် ဘာမှလည်း အထောက်အကူ မဖြစ်ဘူး။ “ဗန်းမော်ကို ထိုးစစ်မရပ်ရင် ကချင်တွေဆီက မြေရှားသတ္တု မဝယ်တော့ဘူးနော်။” လို့ ဖိအားပေးလာတဲ့ တရုတ်ကြီးလည်း မြစ်ကြီးနားကို လာတဲ့ဧည့်သည်ကြောင့် နွဲ့နွဲ့မူ မလုပ်နိုင်လောက်တော့ဘူး။ ဒီဇင်ဘာ ၂၈၊ ရက်သပ်ထားတာမို့ အဲ့ဒီနေ့မတိုင်ခင် စစ်ပွဲတွေကို အပြတ်ဖြတ်မယ် လို့ စကစဘက်က ကြိမ်းဝါးနေသလို ရွေးကောက်ပွဲလုပ်ပေးလိုက်ရင်တော့ မြန်မာပြည်က စစ်ပွဲတွေ ရပ်သွားပါလိမ့်မယ် လို့လည်း တရုတ်ကြီးက မျှော်လင့်နေသတဲ့။ ရယ်လည်းရယ်ရတဲ့ဟာတွေ။ ဆီ ငါးဆယ်သား နဲ့ မမဟုန်ဆီသွားပြီး “သားလေးမွေးရင် ကိုယ့်နံမည်ပေးပါ။” လုပ်ချင်နေသေး။ နောက် ၄ လ ဆိုတာ ဘာမှ မကြာတော့ဘူးလေ။ ဘာ ၄ ဘာ ကုန်တာနဲ့ ဘယ်သူက ဘာလဲ သဲသဲကွဲကွဲ မြင်ရတော့မှာ။ လေယာဉ်တွေ နေ့တိုင်း လာပါတယ်။ စစ်ကြောင်းတွေ နေ့စဉ်ထိုးပါတယ်။ စစ်သားတွေ ရအောင်စုသော်လည်း …။ ၁၅ မိနစ်ကျော်ရင် အလိုလို ရှုံးလာတယ်။