အလယ်ကလူ စကားဝဲ၏

ဘူတန်မှာ ဘုရားရှိခိုးကြတဲ့အခါ မတ်တပ်ရပ်လျက်ကနေ မှောက်လျားကြီးထိုးပြီး ရှိခိုးလေ့ရှိကြတယ် လို့ ပြောခဲ့ဖူးပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတုန်းကဆို ဘယ်သူ ဘယ်လို ရှိခိုးသလဲ ကြည့်ရင် ဘယ်နိုင်ငံက လာသလဲ ခန့်မှန်းလို့ ရတယ်။ လက်အုပ်ချီပြီး ဦးချတာချင်း တူတာတောင် မြန်မာတွေ ဦးချနည်းက ထိုင်းတွေနဲ့ မတူဘူး။ သူတို့က ခါးစောင်းလေးလိမ်ပြီး ဦးချတယ်။ လေယာဉ်မယ်လေးတွေ လက်အုပ်ချီ နှုတ်ဆက်တာတောင် ဆာဝါဒီးခပ်က ရင်ညွန့်အောက်မှာ နှိမ့်ထားတယ်။ နမာ့စတေးက မေးစေ့နားအထိကပ်ထားပြီး ခေါင်းလေးယမ်းတာ အဆစ်ပါတယ်။ ဗမာတွေလက်အုပ်ချီရင်တော့ “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ။” ဆိုတဲ့ ကပ်ဖားရပ်ဖား မျက်နှာပေးတွေ အဆစ်ပါလာမလား မသိဘူး။ တရုတ်တွေဆီမှာကျတော့ ရှောင်လင်ဘုန်းကြီးတွေလို လက်ဖဝါးလေးတစ်ဘက်ထောင်ပြီး “အော်မီတော်ဖော်” အော်လိုက်ရုံပဲ။ ဂျပန်တွေကျတော့ လက်ဖဝါးနှစ်ဘက်ကို ခြင်ရိုက်သလို ဖျန်းကနဲမြည်အောင်ရိုက်ပြီးမှ မျက်လုံးလေးစုံမှိတ် ပွစိပွစိ ရေရွတ်တာကမှ ရှိခိုးတာ။ သူ့ဟာကမှားတယ်။ ငါ့ဟာက မှန်တယ် မရှိဘူးလေ။ အကုန်လုံး သူ့နည်းသူ့ဟန်နဲ့ မှန်တာချည့်ပဲ။ အမူအရာလေးတစ်ခုတောင် အဲ့လောက် ခြားနားနေရင် အတွေးအခေါ်၊ အယူဝါဒ၊ ယုံကြည်မှုတွေ မတူကြရင် ဘယ်လောက်များ ကွဲပြားမလဲ စဉ်းစားကြည့်ပါဦး။

ကိုယ့်ဇာတိရပ်ရွာမဟုတ်ပဲ ဝေးမြေရပ်ခြားကို ရောက်သွားတဲ့အခါ၊ ဒါမှမဟုတ် အဲ့ဒီတိုင်းတပါးသားတွေ ကိုယ်တို့မွေးရပ်မြေကို ရောက်လာတဲ့အခါ၊ မတူကွဲပြားမှုတွေက ပြစ်တင်ရှုံ့ချပြီး စကားများ ငြင်းခုန်ရမယ့် အရာ မဟုတ်ဘူး။ ထိတ်လန့်ကြောက်ရွံ့နေရမယ့် အရာလည်း မဟုတ်ဘူး။ အဲ့သလိုဖြစ်ရင် ယဉ်ကျေးတဲ့၊ လူကြီးလူကောင်း ပီသတဲ့ အပြုအမူလို့ မဆိုနိုင်ဘူး။ Xenophobic ဖြစ်တယ် လို့ အထင်သေးခံရလိမ့်မယ်။ ဒီ့ထက်ပြင်းထန်လာရင်တော့ racist ဖြစ်တယ်လို့ ရှုံ့ချကြလိမ့်မယ်။ မြန်မာပြည်ကလူတွေ နားလည်အောင် ပြောရရင်တော့ အဲ့ဒါကို မဘသစိတ်ဓါတ်လို့ခေါ်တယ်။ အတုယူရမယ့် ဂုဏ်ယူရမယ့် အရာ မဟုတ်ဘူး။ ရှက်စရာကောင်းတယ်။ အဲ့ဒီစိတ်ဓါတ်ရှိတဲ့သူတွေကို ဘယ်အဖွဲ့အစည်းကမှ လက်မခံဘူး။

အမှန်အတိုင်း ပြောရရင် ကိုယ်တွေငယ်ငယ်တုန်းကတော့ အဲ့သလိုစိတ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ အိမ်ကလွဲရင် ဘယ်မှ မရောက်ဖူးဘူး။ ဆွေတွေမျိုးတွေကလွဲရင် အပြင်လူနဲ့ မဆက်ဆံဖူးဘူးလေ။ ရွာကအသိုင်းအဝန်း ကျဉ်းကျဉ်းလေးထဲ ခေါင်းစိုက်ပြီး တို့အမျိုးထဲမှာ တယ်ရုတ်မရှိဘူး။ ကယ်လား မရှိဘူး။ နင်းကန်ဂုဏ်ယူနေတာကိုး။ ကျောင်းနေတဲ့အရွယ်မှာ အတန်းဖော် သူငယ်ချင်းထဲက လူမျိုးခြားကလေးတွေပါလာရင် “အဲ့ဒီကောင် တရုတ်ပဲ၊ ကုလားပဲ၊” နှုတ်ကအမည်တပ်ခေါ်ရင်တောင် ဒါဟာ ဘယ်လိုရိုင်းပြတဲ့ အပြုအမူမှန်း နားမလည်ဘူး။ Discriminate လုပ်တယ်ဆိုတဲ့စကားကို ကြားလည်း မကြားဖူးဘူး။ အဓိပ္ပါယ်လည်း မသိဘူး။ ကိုယ့်ညီအကိုအရင်းချင်းကိုတောင် အသားညိုပြီး ဆံပင်ကောက်နေတဲ့ကလေးကို “ကုလားလေး” လို့ နှုတ်ကျိုးအောင် ခေါ်နေမိတယ်။ ဆဲရေးတိုင်းထွာတဲ့ အသုံးအနှုန်း မပါပေမယ့်လည်း ကိုယ်နဲ့မတူတဲ့ လူမျိုးခြားတစ်ယောက်အပေါ်မှာ ခွဲခြားနှိမ့်ချပြီး အထက်စီးကပြုမူဆက်ဆံတာလည်း ရိုင်းပြစော်ကားရာ ရောက်တယ် လို့ သဘောမပေါက်ခဲ့ဘူး။ ငယ်ငယ်ထဲကပါလာတဲ့အကျင့်ဆိုတော့ သူငယ်နာ ခေါ်မှာပေါ့လေ။ တော်တော်ချွတ်ရခက်တဲ့ အစွဲပါ။

မဆလခေတ်ပညာရေးနဲ့ ကြီးပြင်းလာရတဲ့ကိုယ့်ဆီမှာ Xenophobic ဖြစ်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဦးနေဝင်းကြီးကိုယ်တိုင်က တရုတ်ကော ကုလားကော ကြောက်ပြီး တနိုင်ငံလုံးကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားတာ မဟုတ်လား။ သူ အာဏာသိမ်းပြီးနောက်မှာ လူမျိုးခြားတွေ သိန်းနဲ့ချီပြီး နေရပ်ပြန်ပို့ခဲ့တယ်။ ပိုင်ဆိုင်မှုတွေ သိမ်းယူခဲ့တယ်။ အရပ်ထဲကလူတွေက တရုတ်၊ ကုလား မခွဲခြားပဲဆက်ဆံပေမယ့် ဌာနဆိုင်ရာ အရာရှိထဲမှာ၊ စစ်တပ်ထဲမှာဆိုရင်တော့ ဘာသာခြား လူမျိုးခြား (တိုင်းရင်းသား ကိုပြောတာ) တွေကို ထိပ်တန်းရာထူးကြီးတွေ မပေးဖို့ ကန့်သတ်တားမြစ်ထားတယ်။ ချွင်းချက်တစ်ယောက်နှစ်ယောက်ကလွဲရင် စစ်တပ်ထဲမှာ အာမင်တွေ၊ ဆလံမာလေးကွမ်းတွေ မထားဘူး။ ဗိုလ်ချုပ်အေဘယ်လ် နဲ့ မောင်သော်ကတို့လောက်ပဲ မြင်ဖူးတယ်။ သူတို့က နေရာမပေးရုံတင် မဟုတ်ဘူး။ သူများက နေရာပေးထားရင်လည်း လျှို့ဝှက်မစ်ရှင်ကြီးနဲ့ လုပ်ကြံသတ်ဖြတ်ပြီး ရှင်းလင်းပစ်ကြတယ်။ ဦးကိုနီအမှုကိုကြည့်။ တရားခံကို လက်ရဖမ်းပေးထားတာတောင် ထောင်ထဲမှာ ဘုရားလို ကိုးကွယ်ပြီး ပြန်လွှတ်ပစ်တာ။ ရခိုင်မှာဖြစ်တဲ့၊ မိတ္ထီလာမှာဖြစ်တဲ့ State Sponsored Riots တွေကိုကြည့်ရင် ကိုယ်တို့တိုင်းပြည်မှာ Racist ဖြစ်တဲ့သူ တော်တော့်ကိုများမှန်း သိသာတယ်။ ခုနောက်ပိုင်းမှာ ဘာသာရေးကို လက်နက်သဖွယ် ခုတုံးလုပ်ပြီး အသုံးချကြလို့ ဝီရသူတို့၊ ဝါသဝတို့၊ ပေါက်ကိုယ်တော်တို့၊ မဘသအဖွဲ့တွေ ဇောင်းကြွလာတယ်။ ဒီအဖွဲ့တွေဟာ တာလီဘန်တို့၊ ဟူသီတို့၊ ဟားမက်ဇ်တို့နဲ့ အတူတူပဲဆိုတာ သဘောမပေါက်ပဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် အမုန်းစကားများ ဖြန့်ချီကြတယ်။ မြန်မာတော်တော်များများကလည်း အဲ့ဒီဟာတွေကို အဟုတ်ကြီးမှတ်ပြီး နားယောင်ကြတယ်။ သူတို့ကိုယ်သူတို့တေ့ အဲ့ဒါ မျိုးချစ်စိတ် လို့ နံမည်ကောင်းယူကြတာပေါ့။ ကိုယ့်အမျိုးကိုယ် ချစ်တာ အပြစ်မဟုတ်ပေမယ့် သူများအမျိုးတွေကို အလကားနေရင်း ရန်လိုမုန်းတီးတာ၊ ခွဲခြားတက်ဆံတာကျတော့ လက်ခံလို့ မရဘူးလေ။

အိန္ဒိယမှာ ဗုဒ္ဓသာသနာ ကွယ်သွားတဲ့အခါ ဘာသာခြားအုပ်ချုပ်သူတို့က ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို သတ်ဖြတ်နှိပ်စက်တာကြောင့် သံဃာတော်များဟာ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ဆွမ်းကွမ်းရှားပါးလွန်းတဲ့အတွက် သပိတ်ကို ရေကျင်းသောက်ပြီး ဝမ်းဗိုက်ကို သဲပူကပ်ကာ ပိဋကတ်စာပေများကို ပျောက်ပျက်မသွားအောင် အလွတ်ရွတ်ဆိုထိမ်းသိမ်းလာခဲ့ရတယ် ဆိုတဲ့အကြောင်းကို ဆရာတော်တွေဆီက နာဖူးကြားဖူးခဲ့ပါတယ်။ ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀ လှူဒါန်းလို့ ၉ တိုင်း ၉ ဌာနဆီ သာသနာပြုရဟန်းများ စေလွှတ်ခဲ့တဲ့ အာသောကမင်းတြားကြီးတောင်မှပဲ သေရာညောင်စောင်း လဲလျောင်းတဲ့အခါ သျှစ်သျှားသီးတခြမ်းမျှသာ ကိုယ်ပိုင်ဥစ္စာ ကျန်တယ် လို့ သိရပါတယ်။ မင်းပြောင်းမင်းလွဲမှာ ရဟန်းသံဃာတွေ ရာဇဘေးဒဏ်သင့်ကြရတာလည်း သဘောပေါက်ကြမှာပါ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာမို့လို့ ဒီလိုအဖြစ်အပျက်မျိုးကို ရင်ထဲက မချိအောင်နာတယ်ဆိုတာ ပြောစရာ မလိုပါဘူး။ မိုးညှင်းစလုံသား၊ သိုဟန်ဘွားလက်ထက်တုန်းက တောင်စလူရင်ပြင်မှာ ရဟန်းတော်တွေ ပင့်ဖိတ်ဆွမ်းကပ်ပြီးမှ ဆင်နဲ့ နင်းပြီးဖျောက်ဖျက်ပစ်တယ် ဆိုတာလည်း ရာဇဝင်ထဲမှာ အမည်းစက်ထင်ခဲ့ဖူးပါတယ်။ “ဒီလို အဖြစ်အပျက်မျိုး နောက်နောင်ဘယ်တော့မှ မရှိစေရဘူး။” ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း ထားရှိတဲ့ ခံယူချက်ပါပဲ။

ဒါပေမယ့် နှစ်ပေါင်း ၂၀၀၀ ကျော် ကြာသွားပြီးတဲ့ ဒီကနေ့ခေတ် အချိန်ကာလမှာတောင် အဲ့ဒီလိုအဖြစ်ဆိုးတွေက “ရှိနေတုန်းပဲ။ ဖြစ်နေတုန်းပဲ။” ဆိုတာ ဘယ်လို သက်သေပြရမလဲ။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ဘာသာရေးထုံးတမ်းစဉ်လာတွေ မလုပ်ဖို့ ပိတ်ပင်တားမြစ်ခံရတယ်။ ပရိယတ္တိသာသနာ ပြန့်ပွါးဖို့ ကိုရင် သာမဏေတွေ စာပေပိဋကတ်သင်ကြားပို့ချခြင်းကို အလိုမရှိကြဘူး။ သာသနာပိုင်ဆရာတော်ရဲ့ အမည်နာမ၊ ရုပ်ပုံကားချပ် ဘာတစ်ခုမှ သိမ်းခွင့်ထားခွင့် မရှိဘူး။ ရဟန်းသံဃာများကို ထောင်သွင်းအကျဉ်းချတယ်။ သတ်ဖြတ်နှိမ်နှင်းတယ်။ အတင်းအကြပ် လူဝတ်လဲစေတယ်။ အဲ့ဒါတွေအားလုံး မျက်မှောက်ခေတ်မှာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ ဘယ်နေရာမှာလဲဆိုတော့ တရုတ်နိုင်ငံ၊ တိဘက်ကုန်းမြေမြင့်မှာပါ။ တိဘက်တွေ မျိုးရိုးစဉ်ဆက် ကိုးကွယ်ကြတဲ့ လားမားဆရာတော်ဘုရားကြီးကိုတောင် ရန်သတ္တရုပြုလို့ အိန္ဒိယနိုင်ငံကို တိမ်းရှောင်သီတင်းသုံးရတာ နှစ်ပေါင်းများစွာကြာပြီ။ ဒီဘဝ မပြောနဲ့။ နောက်ဘဝကူးရင်တောင် တရုတ်ပြည်ထဲ ပြန်ဝင်ခွင့်မပေးဘူး။ သာသနာပိုင်အသစ်တင်ရင် Made in China ဖြစ်မှပဲ တရုတ်အစိုးရက ခွင့်ပြုပါမယ်တဲ့။ တကယ့်အဖြစ်အပျက်ပါ။ မျက်မှောက်ခေတ်မှာပါ။ တိဘက်ကလေးငယ်တွေဟာ တိဘက်ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ၊ ဓလေ့ထုံးစံတွေကို မေ့ပစ်ပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ပေးထားချက် ပုံစံအတိုင်းသာ ရှင်သန်နေထိုင်ကြီးပြင်းရမတဲ့။ သူတို့က Diversity ကို အလိုမရှိဘူး။ Uniformity ကိုသာ မရအရ တည်ဆောက်နေတာ။ တရုတ်တနိုင်ငံလုံးက ကွန်မြူနစ်ဝါဒကို ကိုးကွယ်နေရင် တိဘက်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေဟာလည်း ရှင်တော် ဂေါတမကို ရှေ့တန်းတင်ဖို့ မကြိုးစားပါနဲ့။ ရာဇဝင်ထဲမှာ ဗုဒ္ဓကို ထားရစ်ခဲ့ပါ လို့ ဆိုလိုတာပါ။

မထားခဲ့ရင် ဘာဖြစ်မှာလဲ။ CCP ကြီးစကားကို နားမထောင်ရင်ကော ဘယ်လိုအကျိုးဆက်တွေ ရလာမှာလဲ။ အဲ့ဒါသိချင်ရင်တော့ တိဘက်ကုန်းမြေမြင့်ရဲ့ မြောက်စူးစူးကိုတက်ပြီး ဂိုဘီသဲကန္တာရကြီး ရှိတဲ့ ရှင်းကျန်းပြည်နယ်ကို အလည်သွားကြပါစို့ဗျာ။ ရှင်းကျန်းဒေသဆိုတာ ကမ္ဘာပေါ်မှာ အလှဆုံး ရှုခင်းတွေရှိတယ်။ တောင်ကမ်းပါးယံမြင့်မြင့်မားမားနဲ့ ရှုမျှော်မဆုံးတဲ့ သဲကန္တာရလွင်ပြင်ကြီး ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ မကြားဖူး မမြင်ဖူးကြဘူးလေ။ စာထဲပေထဲဖတ်ရတာလည်း နည်းလိမ့်မယ်။ တိုးရစ်စ်တွေ၊ သတင်းထောက်တွေလည်း ပေးမဝင်ဘူး။ မမြင်ချင် မတွေ့စေချင်လို့ ဖုံးကွယ်မှိန်ဖျောက်ထားတဲ့ နေရာကိုး။ အဲ့ဒီမှာ ပန်းသေးမူဆလင်တွေရှိတယ်။ ဝီဂါ ဆိုတာ သူတို့ထဲက မျိုးနွယ်စုတစ်ခုရဲ့ နံမည်ပါ။ သူတို့က တရုတ်နိုင်ငံထဲမှာပေမယ့် တရုတ်စကား မပြောပါဘူး။ တူရကီဘာသာစကားနဲ့ပဲ ပြောဆိုကြပါတယ်တဲ့။ ကိုယ်ငယ်ငယ်တုန်းက ပန်းသေးဆိုတာ တရုတ် နဲ့ ကုလား နဲ့ သွေးနှောသွားတဲ့ လူမျိုးတစ်မျိုး လို့ ထင်နေတာ။ တရုတ်ပြည်မှာ မူဆလင်ရှိမှန်းမသိဘူး။ ရန်ကုန်မှာရောင်းတဲ့ ပန်းသေးခေါက်ဆွဲဆိုတာ တရုတ်ပြည်ကလာတဲ့ပန်းသေး မဟုတ်ဘူး။ ရခိုင်က ကဘားခေါက်ဆွဲ နဲ့ပဲတူတယ်။ ပန်းသေးခေါက်ဆွဲအစစ် စားချင်ရင် ကျိုင်းတုံပန်းသေးဆိုင်တွေမှာမှ ရတယ်။ အနံ့ရော အရသာရော ဘာတစ်ခုမှ မတူဘူး။ ပန်းသေးလက်ရာကို လောက်ကိုင်မှာ စွဲစွဲမြဲမြဲ စားခဲ့ဖူးတယ်။ ဆေးရုံရှေ့က ပန်းသေးထမင်းဆိုင်မှာပေါ့။ ရေချိုးခေါင်းလျှော်တဲ့အချိန်ကလွဲလို့ အမြဲတမ်း ခေါင်းပေါ်မှာ ဟီဂျပ်လေး ခြုံထားလေ့ရှိတဲ့ လော်ပန်ညံဟာ ကိုယ်တို့မြန်မာဆရာဝန်လေးနှစ်ယောက်ကို ပန်းသေးဟင်းလျာအမျိုးမျိုး ချက်ပြုတ် ကြော်လှော် လို့ ကျွေးခဲ့ဖူးပါတယ်။ လောက်ကိုင်မှာ ပန်းသေးဆိုင်တွေ တော်တော်များများရှိပြီး ဘယ်လိုသိသလဲဆို ဆိုင်တိုင်းမှာ ကိုရမ်ကျမ်းစာတွေနဲ့ မက္ကာကကျောက်တုံးကြီးပုံတွေ မှန်ဘောင်သွင်းထားပြီး ဆိုင်ထဲကအမျိုးသမီးတွေ ခေါင်းမြီးခြုံထားတယ်ဆိုရင် အဲ့ဒါ ပန်းသေးဆိုင်မှန်း သိတယ်။ ညနေဘက်ဆို မိသားစုလိုက် ဘုရားဝတ်ပြုကြပါတယ်။

မြန်မာပြည်မှာရှိတဲ့ ကျိုင်းတုံပန်းသေး၊ လားရှိုးပန်းသေးတွေဟာ တရုတ်ပြည်ထဲမှာ ဖိနှိပ်မှုတွေကို မခံနိုင်လို့ ထွက်ပြေးလာကြသူများ လို့ ပြောကြပါတယ်။ ဘာတွေများ ဖိနှိပ်ချုပ်ချယ်ထားလို့တုန်း သိချင်လို့ ရှာဖွေဖတ်ရှုတဲ့အခါ တိဘက်တွေထက်ဆိုးတဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းတွေကို သိလိုက်ရတယ်။ ကိုယ်တိုင်မြင်တာကြားတာလည်း မဟုတ်ပဲနဲ့ သူများပြောစကားကို ကိုးကားချဲ့ထွင် လိုရာဆွဲရေးသားနေတယ် လို့ ပြောမှာစိုးလို့ ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုကြဖို့ပဲ တိုက်တွန်းနှိုးဆော်ပါတယ်။ အကျဉ်းချုံးပြီးပြောရရင်တော့ ဘာသာရေးစာပေတွေ လေ့လာသင်ကြားခွင့် မရဘူး။ ဟီဂျပ်ဝတ်တာကို တားမြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာ အလုံအလောက်မပေးပဲ အတင်းအဓမ္မ စုဆောင်းစေခိုင်းမှုတွေ ရှိတယ်။ ရှင်းကျန်းနယ်သားတွေကို သူတို့ဒေသက ထွက်ခွါခွင့်မပေးဘူး။ တရားဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချမှုတွေ ရှိတယ်။ မကြာသေးခင်က ထိုင်းမှာ ကျားဖြန့်တွေဖမ်းတဲ့အခါ ဝီဂါမူဆလင် အများအပြားကို တရုတ်အစိုးရလက်ထဲအပ်လိုက်လို့ ဖါအိမ်ကထွက်ပြေးလာတဲ့သူကို ခေါင်းလက်ပြန်အပ်သလို ဝိုင်းဝန်းပြစ်တင် ရှုံ့ချကြတာလည်း မှတ်မိဦးမှာပါ။ ကိုယ်တွေကတော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ထွက်ပြေးပြီး အလုပ်လုပ်နေတဲ့ကလေးတွေကို ထိုင်းရဲက မြန်မာစစ်တပ်လက် ပြန်အပ်လိုက်တဲ့ အဖြစ်နဲ့တူလို့ ကိုယ်ချင်းစာပြီး ရင်နာမဆုံး ဖြစ်ရတယ်။

သူ့တိုင်းပြည်အစိုးရက သူ့နိုင်ငံထဲကပြည်သူကို နိုင့်ထက်စီးနင်း ပြုချင်တိုင်းပြုကျင့်တာကို “သူတို့ပြည်တွင်းရေးပဲလေ” ဆို မဆိုင်သလိုနေရင် ဘယ်လိုခံစားရသလဲဆိုတာ ကိုယ်တို့တွေထက် သိမယ့်သူ မရှိနိုင်ပါဘူး။ တနိုင်ငံလုံးကို နေ့ညမပြတ် နေရာအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့အထိလည်း ဘယ်သူကမှ တားမယ့်ဆီးမယ့်သူ မရှိဘူး။ ဟစ်တလာတို့ အိုက်ခမန်းတို့က ဂျူးခြောက်သန်း သတ်တာလည်း ပြည်တွင်းရေးပဲလား။ အဲ့ဒါက ပါးစပ်ကပြောတဲ့ ဆင်ခြေတွေပါ။ သူတို့စွက်ဖက်ချင်ရင် ဒရုံးတွေ၊ ဗုံးတွေ၊ လေယာဉ်ပျံတွေတင်မကဘူး။ လားရှိုးမှာပါ ရုံးဝင်ထိုင်ထားတဲ့အထိ လက်တဆုံးဝင်စွက်ဖက်တာပဲဟာ။ ဒီလိုသဘောထားရှိတဲ့ တရုတ်အစိုးရဟာ သူ့နိုင်ငံထဲမှာ ဘာသာရေး၊ ယဉ်ကျေးမှု ဖိနှိပ်ချုပ်ချယ်ထားတယ်ဆိုတာ မဖြစ်နိုင်စရာ ဘာရှိသလဲ။ ယဉ်ကျေးမှုတော်လှန်ရေးတုန်းက ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုကိုတောင် ဖြောက်ဖျက်ရှင်းလင်းပစ်ခဲ့သေးတာ မဟုတ်လား။ ထားပါတော့လေ။ ဒါ သူ့နိုင်ငံထဲက ကိစ္စမို့ တော်လှန်ရေးလုပ်စရာရှိလည်း တိဘက်တွေ၊ ရှင်းကျန်းတွေပဲ သူတို့ဘာသာ လုပ်ကြပလေ့စေ။ ကိုယ်တွေအနေနဲ့ သင်ခန်းစာယူမိတာက Diversity ကို လက်မခံပဲ ကိုယ်နဲ့ မတူတူအောင် uniformity မဖြစ်မချင်း လုပ်ယူရင် ဘာတွေ ဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို ပြချင်တာ။

ရှမ်းမင်း သိုဟန်ဘွားကို မင်းကြီးရန်နောင်က ယိမ်းနွဲ့ပါးဓါးနဲ့ သုတ်သင်လိုက်တော့ ဇာတိသွေး ဇာတိမာန်တွေ တက်ကြွလာတယ် ဆိုလို့ရှိရင် တိဘက်တွေ၊ ဝီဂါတွေမှာရော အဲ့လိုစိတ်မျိုးတွေ ရှိမလာရဘူးလား။ အဲ့လို ပဋိပက္ခတွေကို ရပ်တံ့စေချင်တဲ့အခါ ဖိနှိပ်သူဘက်ကို မတားဆီးပဲ တော်လှန်သူကို နှိမ်နှင်းရုံသက်သက်နဲ့ ငြိမ်ဝပ်အေးချမ်းသွားရိုးထုံးစံ မြင်ဖူးသလား။ ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာ ဘာသာခြားတွေက အနိုင်ကျင့် ဖိနှိပ်ချုပ်ခြယ်တာ လက်မခံနိုင်ဘူးဆိုရင် မူဆလင်တွေပဲဖြစ်ဖြစ်၊ ခရစ်ယာန်တွေပဲဖြစ်ဖြစ် သူတို့အပေါ် ချုပ်ခြယ်တာကိုလည်း အလားတူ ခံစားကြရလိမ့်မယ်။ ဒါကြောင့်မို့လို့ အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်တယ်။

ဩကာသလောကကြီးမှာ အဖြူမဟုတ်ရင် အမည်း။ နှစ်ရောင်တည်း ရှိတာ မဟုတ်ဘူး။ ကိုယ်နဲ့မတူတာ မှန်သမျှ အမှားချည့်ပဲသာ လို့ လိုက်ပြင်ချင်လို့လည်း မရဘူး။ လူတစ်ယောက်ကို မုန့်တစ်ခုစီ ဝေထားတာကို သူများဆီကမုန့် လိုက်လုလို့ မရသလိုပဲ လူတိုင်းကိုယ်စီမှာရှိတဲ့ လူ့အခွင့်အရေးဟာ တပါးသူအခွင့်အရေးကို ထိခိုက်လုယူ လို့ မရဘူး။ ပါးစပ်ကပြောဖို့ လွယ်တယ်။ လက်တွေ့မှာ အဲ့သလိုကျင့်သုံးနိုင်ဖို့ နေနေသာသာ တွေးနိုင်မြင်နိုင်ဖို့တောင် တော်တော်ခဲယဉ်းပါတယ်။ တရုတ်ပြည်က ကွန်မြူနစ်ပါတီအစိုးရက သူ့လူမျိုးတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာ ကိုယ့်ကိစ္စမဟုတ်ဘူး။ သူများပြည်တွင်းရေးပဲ ထားလိုက်ပါတော့။ ကိုယ့်မြန်မာပြည်က အစိုးရကရော တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို သူတို့ဆန္ဒမပါပဲ ပြုပြင်ပြောင်းလဲယူမယ်၊ မှေးမှိန်ပျောက်ကွယ်အောင် တမင်ရည်ရွယ်ပြီး Burmanization လုပ်ပစ်မယ်ဆိုရင်ကော အဲ့ဒီတိုင်းရင်းသားတွေဘက်က ဘယ်လိုခံစားရမှာလဲ ဆိုတာကို နမူနာပြပြီး သဘောပေါက်အောင် ရှင်းပြတာပါ။ ရှုထောင့်ချင်းမတူတဲ့အခါ အတွေးအမြင်တွေလည်း မတူတော့ဘူးလေ။ ကိုယ့်အမြင်လေးနဲ့ကိုယ် ချောင်ပိတ်မိနေရင် အမြင်ကျဉ်းမြောင်းတယ် လို့ ခေါ်တယ်။ တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်။ ကိုယ်တို့ကလေးအရွယ်တုန်းက အမှားအမှန် မခွဲခြားနိုင်သေးလို့ မရင့်ကျက်တဲ့ အတွေးအခေါ်တွေကို လူကြီးသူမ နေရာကို ရောက်လာတဲ့အခါ ပြုပြင်တည့်မတ်ယူရမယ် မဟုတ်လား။ မင်းအောင်လှိုင်ကစလို့ ခင်ရီ၊ သိန်းစိန်၊ သန်းရွှေ၊ နေဝင်းတို့ အတွေးအခေါ်တွေကို တော်တည့်မှန်ကန်တယ် လို့ ယူဆရင်တော့ သူတို့နောက်ကို လိုက်သွားကြပါကုန်။