နယ်တွေကိုရောက်ပြီး အချိန်ကြာကြာနေရတဲ့အခါ အဲ့ဒီဒေသရဲ့ ပထဝီတွေ သမိုင်းတွေလိုပဲ ဌာနေတိုင်းရင်းသားတွေရဲ့ မနုဿဗေဒ နောက်ခံတွေကလည်း စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ရှမ်း/မြောက်မှာတုန်းက ကိုးကန့်တိုင်းရင်းသား၊ ဝတိုင်းရင်းသား နဲ့ ပလောင်၊ မြောင်စီးတွေဟာ တမြေတည်း တရေတည်းပေမယ့်လည်း ရုပ်ထွက်၊ မျက်နှာပေါက်၊ ခန္ဓာကိုယ်အချိုးအဆစ်ချင်းက မြင်တာနဲ့ ကွဲပြားခြားနားတယ်။ ရှမ်းချင်းအတူတူမှာလည်း မိုးညှင်း၊ မိုးကောင်းဘက်က ရှမ်းကြီး/ ရှမ်းနီ နဲ့ ကျိုင်းတုံ၊ တာချီလိတ်ရှမ်း သပ်သပ်စီ မြင််ရလိမ့်မယ်။ မနုဿဗေဒဇစ်မြစ်ချင်း မတူကြပဲကိုး။ မကြီးဟုန်ရဲ့ ဗီဒီယိုတွေကြည့်ပြီး ရှောင်ကောကောလေးတွေကို “အိုး ရယ်ချင်တယ်။ ဒါ အကုန်ပဲလား။ ကိုကိုရယ်။” ဆို လှောင်နေတဲ့သူတွေလည်း Anthropology လေးဘာလေး လေ့လာတီးခေါက်ဖို့ ကောင်းပါတယ်။ ဒေလီမှာ ကလပ်ထဲရောက်သွားတုန်းကဆို ကိုယ့်မှာ သိပ်အားငယ်ရတာပဲ။ ကိုယ်တစ်ယောက်တည်း မျက်နှာပြောင်ကြီးနဲ့ ချောချောမွတ်မွတ်ဖြစ်နေရတာ ရှက်တောင်ရှက်မိတယ်။ ကိုယ်လည်းပဲ မုတ်ဆိပ်ကျင်စွယ် မထွက်ဘူး မဟုတ်ပေမယ့် သူတို့လို လှလှပပ သထားလောက်အောင် မသန်စွမ်းဘူး။ အရပ်အမောင်းနဲ့ ယှဉ်ကြည့်ရင်တော့ မပြောပါနဲ့။ ပန်ချာပီတွေရဲ့ ချိုင်းအောက်မှာပဲ ရှိတယ်။ မျိုးရိုးဗီဇချင်းက မတူကြဘူးလေ။ သူတို့က အာရီးယန်းမျိုးနွယ်၊ ကိုယ်တို့က တိဘက်တို-ဘားမန်းမျိုးနွယ်၊ မြန်မာအချင်းချင်းတောင်မှပဲ တိဘက်- မြန်မာသွေး နဲ့ မွန်-ခမာသွေးက ကွဲပြားပါသေးတယ်။ နဖူးကျယ်ကျယ် အသားညိုညိုနဲ့ ဦးအောင်ဇေယျမျိုးနွယ်တွေဟာ ရွှေဘုံဟံသာနန်းဆီက ရှင်စောပုဆွေမျိုးတွေလောက်တော့ နုညက်ဖွေးအုနေမှာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်တွေမှာ genotypes တွေ phenotypes တွေ ရှိသဗျ။
ကချင်ပြည်နယ်မှာ အနေကြာလာတဲ့အခါ ကိုယ့်မျက်စိထဲမှာ ကချင်ရယ်၊ ရှမ်းနီရယ်၊ အောက်ဘက်ကတက်လာတဲ့ မြန်မာရယ် ခွဲခြားခန့်မှန်းလို့ တတ်ပါတယ်။ အဝတ်အစားကြောင့် မဟုတ်ဘူး။ လူပုံသဏ္ဍန်ချင်း နည်းနည်းကွဲပြားတယ်။ ရခိုင်ချင်းတောင် စစ်တွေ၊ ပေါက်တော ရခိုင်နဲ့ မာန်အောင်၊ ကျောက်ဖြူရခိုင် ရုပ်မတူဘူး။ သိသာတယ်။ လူတွေရဲ့ မတူကွဲပြား ခြားနားမှုတွေက စိတ်ဝင်စားစရာတော့ အကောင်းသားပါလေ။ မြန်မာတိုင်းရင်းသားတွေဟာ တရုတ် နဲ့ အိန္ဒိယကြားမှာ ရှိပေမယ့် တရုတ်နဲ့လည်း မတူ၊ အိန္ဒိယနဲ့လည်းမတူပါဘူး။ ဒါဖြင့်ရင် တရုတ်လူမျိုးတွေနဲ့ အင်ဒီးယန်းလူမျိုးတွေ သွေးနှောပြီး ကပြားဖြစ်လာတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ လူဆိုတာ သူ့မျိုးနွယ်စုတွေရဲ့ စရိုက်လက္ခဏာတွေ ဆက်ခံသယ်ဆောင်လာကြပြီး ဘမျိုးဘိုးတူ အမွေဆက်ခံကြတယ်။ အညာမှာရှိတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေဆိုရင် သူတို့မြေးအရွယ် မြစ်အရွယ် ကလေးသူငယ်တွေကို အကုန်မမြင်ဖူးတော့ပါဘူး။ တစ်မိပေါက်ရင် ကိုးယောက်၊ တစ်ကျိပ်လောက်ဆိုတော့ သူတို့လည်း ဘယ်မှတ်နိုင်မှာလဲ။ ဒါပေမယ့် ကလေးတွေရဲ့ရုပ်ကို သေချာကြည့်ပြီး ဒါ ဘယ်အပိုင်းက ဘယ်သူ့မြေးပဲ ဖြစ်ရမယ် လို့ အတတ်ဟောနိုင်တယ်။ ဒါ သိပ်မခဲယဉ်းဘူးဗျ။ ကိုယ့်တူလေးတွေ၊ တူမလေးတွေဆို သူတို့အဖေအမေ သူတို့အရွယ်မှာ ရှိခဲ့တဲ့ ရုပ်ကလေးတွေအတိုင်းပြန်ထွက်တယ်။ အသက်ကြီးလာတော့လည်း ဒီအတိုင်းပါပဲ။ ဘူးပင်စိုက်လို့ ခရမ်းသီး မသီးဘူး ဆိုသလိုပေါ့။ အဲ့သလိုမျိုး တူရာတူရာ အမျိုးလေးတွေစုပြီး နေထိုင်လာခဲ့ကြတာ ရာစုနှစ်များစွာကြာတော့ လူမျိုးစုရယ် လို့ ဖြစ်ပေါ်လာကြတယ် ထင်ပါရဲ့။ ကိုယ်တို့တွေ ရေခြားမြေခြားကို ရောက်သွားရင်လည်း တစိမ်းတရံဆံတွေက သူကတော့ ဘာလူမျိုးဖြစ်မယ် ထင်တယ် လို့ ခန့်မှန်းတွေးတောကြပါတယ်။ အိန္ဒိယကိုသွားရင် “နာဂလန်း က လာတာလား” လို့ မေးကြတယ်။ ထိုင်းမှာ ဒင်နာသွားစားရင် တီးဝိုင်းက အဆိုတော်က ကိုယ့်ကိုမြင်တာနဲ့ တရုတ်သီချင်းတွေ ကောက်ဆိုတော့တာပဲ။ ကိုယ်တို့နဲ့ ခပ်ဆင်ဆင် တူတဲ့သူတွေဟာ နိုင်ငံနယ်နိမိတ်ရဲ့အပြင်ဘက်မှာလည်း ရှိတတ်ကြတာပဲနော့။ ဒါကြောင့်မို့ ထိုင်းဘက်မှာ လည်ပင်းကြေးကွင်းစွပ်တဲ့ ကယန်းလူမျိုးတွေ တွေ့ရတာ၊ ယူနန်နယ်ထဲမှာ ဘော်ငွေရောင် ကချင်ဝတ်စုံတွေ မြင်ရတာ။ အထူးအဆန်း မဟုတ်ဘူး။ တို့လူမျိုးတွေကို သူတို့က ခိုးယူသွားတာလည်း မဟုတ်ဘူး။ လူသားမျိုးနွယ်တွေရဲ့ ပျံ့နှံ့နေထိုင်မှုကို နယ်နိမိတ်စည်းရိုးတွေနဲ့ သတ်မှတ်ကန့်သတ် ထားလို့ မရဘူး လို့ သဘောပေါက် လာတာပါ။ အခုဆိုကြည့်လေ။ သက်ရှိစည်းရိုးတွေ ဟိုဘက်နိုင်ငံထဲဝင်ပြေးကြတာ တစ်စခန်းလုံး တစ်ယောက်ပဲ ကျန်တယ် မဟုတ်လား။
ဒါတောင်မှ ကိုယ်က ကချင်ပြည်နယ်ကို မြစ်ဆုံရဲ့ အထက်ထိ မတက်ဖူးသေးဘူး။ အဲ့ဒီဘက်မှာ အခုထက် စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီး ရှိသတဲ့။ အကြောင်းကတော့ အခုထက်အများကြီးပိုမြင့်တဲ့ တောင်ကုန်းတောင်တန်းကြီးတွေ ရှိတယ်လေ။ တနှစ်ပါတ်လုံးနှင်းခဲတွေဖုံးနေတဲ့ တောင်ထွဋ်ကြီးတွေလည်း ရှိတယ်။ ကိုယ်တို့နဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်ကြတယ်။ သူတို့ဟာ မြန်မာနိုင်ငံကပေမယ့် ဟိမဝန္တာတောင်တန်းကြီးတွေနဲ့ တဆက်တစပ်တည်းဖြစ်ပြီး တိဘက်ကုန်းမြေမြင့်ကလူတွေနဲ့ ပိုနီးစပ်သတဲ့။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာပေမယ့် တိဘက်ရွာကလေးတွေလည်း အဲ့ဒီမှာ ရှိပါသတဲ့။ ရဝမ်၊ လီဆူး၊ လဘော်၊ လချိတ်၊ ထရုံတွေ ကြားဖူးပေမယ့် မြန်မာတိုင်းရင်းသား ၁၃၆ မျိုးထဲမှာ တိဘက် ပါလား မပါလား၊ ကိုယ်မပြောတတ်ဘူး။ ခါကာဘိုရာဇီတက်တဲ့သူတွေက တိဘက်ရွာလေးတွေ အကြောင်းတော့ စာထဲထည့်ထည့်ရေးကြတယ်။ တိဘက်တိုဘားမန်းက ဆင်းသက်တယ် ဆိုရင် ကိုယ်တို့က တိဘက်တွေနဲ့ ဆွေမျိုးတော်သလား၊ မတော်ဘူးလား။ ကိုယ်တို့ဆီကို ဆောင်းရာသီရောက်တိုင်း ဝင်လာတဲ့ မြောက်လေ အေးအေးကြီးတွေဟာ အဲ့ဒီတိဘက်ကုန်းမြေမြင့်က လာတာ မဟုတ်ဘူးလား။ တိဘက်လူမျိုးတွေကို နီးနီးစပ်စပ် မြင်ဖုးသလား လို့ ပြန်စဉ်းစားတဲ့အခါ မြင်ဖူးတာပေါ့။ ဘူတန်မှာ ၂ နှစ်တောင် နေခဲ့ဖူးသေးတယ်လေ လို့ ပြန်သတိရလာပါတယ်။
ဘူတန်ဟာ ကိုယ်တို့လိုပဲ တရုတ် နဲ့ အိန္ဒိယကြားမှာ ညပ်နေတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ သူ့အနောက်ဘက် မလှမ်းမကမ်းမှာ သူ့လိုပဲ ကြားညှပ်နိုင်ငံကလေးတစ်ခုကတော့ နီပေါပါ။ အသွင်အပြင်အားဖြင့် ဆိုရင်တော့ နီပေါက အိန္ဒိယဘက်ကိုနွယ်ပြီး ဘူတန်ကတော့ တရုတ်ဘက်ကို ဆင်တူတဲ့ ပုံသဏ္ဍန် ရှိပါတယ်။ ဒါပေမယ့် နေပါလိစ်တွေက အိန္ဒိယနဲ့ ချစ်ခင်တဲ့ ဆက်ဆံရေး မရှိသလို ဘူတန်တွေကလည်း တရုတ်တွေနဲ့ မိတ်ဆွေ မဖြစ်ချင်ပါဘူး။ နေပါလိစ်တွေကို မြန်မာတွေက ဂေါ်ရခါး လို့ ခေါ်ကြပါတယ်။ နီပေါ၊ ဘူတန်၊ မြန်မာ၊ ၃ နိုင်ငံမှာ တူညီတဲ့အချက် နောက်တစ်ချက်ကတော့ ဗုဒ္ဓဘာသာဝင်တွေ အများအပြား ရှိနေခြင်းပါပဲ။ သို့သော်လည်း သူတို့ဗုဒ္ဓဘာသာ ၃ ခုက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ “ဒီနိုင်ငံ ၃ ခုအနက် ဗုဒ္ဓသာသနာက ဘယ်မှာအထွန်းကားဆုံးလဲ။” လို့ မေးရင် ကိုယ်ကတော့ “ဘူတန်” လို့ ဖြေပါမယ်။ ဘုရားကျောင်းကန် အရေအတွက် နဲ့ ပြောတာ မဟုတ်ပဲ ဗုဒ္ဓရဲ့အဆုံးအမအောက်မှာ ကျင့်ကြံနေထိုင်သော နိုင်ငံသားအရေအတွက်နဲ့ တိုင်းတာမယ် ဆိုရင်ပေါ့။ ဗုဒ္ဓဘာသာချင်းတူလို့ ဘုရား၊ တရား၊ သံယာ၊ ရတနာသုံးပါးချင်း အတူတူ ကိုးကွယ်ဆည်းကပ်ကြသော်ငြားလည်း စရဏပိုင်းမှာတော့ ကိုယ်တို့ဆီက ဒါနခန်းကို ဦးစားပေးပြီး သူတို့ကတော့ သီလ၊ ဘာဝနာဘက်ကို ပိုအားသန်ပါတယ်။ ရေခံမြေခံ သဘာဝချင်း မတူတဲ့အတွက် ကွဲပြားသွားတာလည်း ဖြစ်နိုင်ပါတယ်။ ယိုးဒယားဘုန်းကြီး၊ သီဟိုဘုန်းကြီးတွေ ရွတ်တဲ့ ပါဠိစကားကို နားလည်နိုင်ပေမယ့် ဘူတန်ဘုန်းကြီး၊ တိဘက်ဘုန်းကြီးတွေ ရွတ်ကြဖတ်ကြတာတော့ နားမလည်ပါဘူး။ ဒါပေမယ့် ကိုယ်တို့ဆီမှာ တခါတခါ သုံးလေ့ရှိတဲ့ “ဥုံ မဏိပါဒ် မေ ဟုံ” ဆိုတဲ့ စာသားဟာ သူတို့ဆီက လာတာပါ။ သူတို့ရဲ့ မဟာယာန ဗုဒ္ဓဘာသာထဲမှာ ဂါထာမန္တယားနဲ့ တန္တရအတတ်တွေ ရောနှောပါဝင်ပါတယ်။ ဥုံတွေ ဩောင်းတွေကို သူတို့က ပိုရွတ်တယ်။ ဘုရားစေတီပုံစံချင်းကျတော့လည်း သူတို့က တရုတ်ပြည်က စွယ်တော်တိုက်ပုံစံမျိုး စေတီတည်ကြပါတယ်။ တံခွန်တိုင် နဲ့ ငှက်မြတ်နားဆိုတာ မဟာယာနစေတီပုထိုးတွေက ဆင်းသက်လာတာလို့ ထင်ပါတယ်။ ရောင်စုံအဝတ်စတွေပေါ်မှာ အင်းကွက်မန္တန်ရေးပြီး တလူလူလွင့်နေအောင် ကြိုးတန်းနဲ့ဆွဲထားရင် ဒီထဲက တရားစာတွေဟာ လေထဲလွင့်ပျံသွားပြီး မကောင်းဆိုးဝါး မိစ္ဆာတွေ ထွက်ပြေးရတယ် လို့ သူတို့ ယုံပါတယ်။ ကိုယ်တို့တွေ ပရိတ်ရေဖျန်းတာ၊ ဆန်မန်းပေါက်ပေါက်တွေ ကြဲပက်တာက သူတို့နဲ့ တူပါတယ်။ စေတီပုထိုးတွေမှာ ခေါင်းလောင်းမထိုးပဲ တရားရစ်ဘီးအကြီးအသေးတွေ ချာချာလည်နေအောင် လက်နဲ့တွန်းလှည့်တာလည်း သူတို့ရဲ့ ဓလေ့စရိုက်ပါပဲ။
တိဘက်၊ ဘူတန်က လာတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ။ မြန်မာပြည်ထဲမှာလည်း ပုဂံခေတ်မတိုင်မီကတည်းက ရှိနှင့်ပုံရပါတယ်။ ပွဲကျောင်းဘုန်းကြီး၊ အရည်းကြီးသာသနာ နဲ့ မထီးတူမ သမ္ဗူလဆိုတဲ့ ဇာတ်ကောင်စရိုက်တွေဟာ သဘင်သည်တွေ သရုပ်ဖော်တဲ့ ထိုးဇာတ်တွေနဲ့တော့ ကွဲလွဲနေပါတယ်။ ဘူတန်မှာ အရည်းကြီးသာသနာနဲ့ ပွဲကျောင်းတစ်ကျောင်း ရှိသေးတယ်ဗျ။ အဲ့ဒီမှာ ကိုယ်တို့ဆီက ပန်းဦးလွှတ်တယ်ဆိုတဲ့ အလေ့အထ သဘောမျိုးကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာအော်ပရာထဲမှာလို “လွှတ်နော် လွှတ်။ ရှင် ခွေးကျင့်ခွေးကြံ မကြံနဲ့။” ဆိုတဲ့ ဆင်ဆာဇာတ်ဝင်ခန်းမျိုး မဟုတ်ပါဘူး။ သတို့သမီးကညာစင်ကို သားကောင်းရတနာ ဖွားမြင်စေဖို့ ဆြာတော်ဖျားကျိန်းစက်ရာဝယ် ပေါင်ငွေ့လှုံထားသော တန်ဆာတော် သစ်သားချောင်းကြီးနဲ့ နဖူးသုံးချက်တို့တဲ့ မင်္ဂလာအခမ်းအနား ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်နဲ့ မြောက်သားတော် မိဖုရားကြီးကိုယ်တိုင် လာရောက် သားဆုပန်ခဲ့ကြပါတယ်။ သူတို့က ကိုယ်နားလည်အောင် ရှင်းပြတာကတော့ fertility clinic ပါတဲ့။ သူတို့က အဲ့ဒီပစ္စည်းကြီးကို sex toy အနေနဲ့ မယူဆကြပါဘူး။ မကောင်းဆိုးဝါးများ ထိတ်လန့်ထွက်ပြေးသွားစေတတ်သော အစီအရင်တစ်ခု လို့ ယူဆကြပါတယ်။ အိမ်ဦးမှာ၊ ဘုရားစင်မှာ ဝံ့ကြွားစွာ ချိတ်ဆွဲခင်းကျင်းထားလေ့ရှိသလို အိမ်နံရံမှာလည်း လူတရပ်လောက် ရုပ်ပုံကိတ်ကိတ်ကြီး ရေးဆွဲထားတတ်ပါတယ်။ ကိုယ်ကတော့ အဲ့ပုံကြီးတွေမြင်ရင် “Levi’s ကုန်နေတယ် ညီလေး။” လို့ပဲ ကြားယောင်မိပါတယ်။ ဂျပန်မှာဆို ဘုရားပွဲကြီးလုပ်ပြီး အဲ့ဒါကြီးကို ခိုစီးနေကြလို့ GPG ဆိုပြီး နံမည်ပေးခဲ့ကြသေးတယ်လေ။
ရှင်ဥပဂုတ္တမထေရ်ဟာ မဟာယာန က လာတာမို့လို့ တရုတ်ဘုံကျောင်းတွေမှာ ဖောင်တော်ရေမျှောပွဲ လုပ်ကြပါတယ်။ ဘူတန်မှာ ရဟန္တာမထေရ်တွေကိုလည်း ကိုးကွယ်ကြတယ်။ သူတို့အခေါ်ကတော့ ဂုရုရင်ဘူချီတဲ့။ တန်ခိုးပျာဋိဟာ ရှစ်မျိုးပြတတ်ပြီး တစ်မျိုးကို ရုပ်ထုတစ်ခုစီ ထုလုပ်ကိုးကွယ်ပါတယ်။ 8 manifestations လို့ ရှင်းပြတယ်။ စစ်အောင်နိုင်စေတာ၊ စီးပွါးတိုးတက်အောင်စောင့်ရှောက်တာ၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့်ပေါ့။ ဂုရုရင်ဘူချီတရားကျင့်တဲ့ လိုဏ်ဂူ၊ စေတီ၊ ဘုရားပွဲတော်တွေလည်း ရှိကြတယ်။ ထူးခြားတာက ဂုရုကြီးက အထီးကျန် မဟုတ်ပါဘူး။ ပါရမီဖြည့်ဘက် မိန်းမပျိုတစ်ဦး ရှိပါတယ်။ တခါတခါမှာ ဗုဒ္ဓဘာသာကို စော်ကားတယ်ဆိုပြီး လိုင်းပေါ်တက်တက်ဖွကြတဲ့ ဘုရားဆင်းတုတစ်မျိုးရှိပါတယ်။ တင်ပလ္လင်ခွေပေါ်မှာ အမျိုးသမီးရုပ်၊ ဒါမှမဟုတ် ကလေးရုပ်တစ်ခုက ကျောပေးပြီး ခွထိုင်ထားတဲ့ အရုပ်ပါ။ အဲ့ဒါ one of the manifestation of Guru Rimpoche လို့ သူတို့က ရှင်းပြပါတယ်။ ညစ်ညမ်းတဲ့အတွေးနဲ့ သရုပ်ဖော်မှုတွေ မပါပါဘူး။ ဆုတောင်းပြည့် ဆင်းတုရုပ်ပွါးတော် တစ်ခုမျှသာပါပဲ။ ကိုယ်တို့ဆီက နေပြည်တော်မှာ ယတြာချေတဲ့ ပုံမကျပန်းမကျ ဘုရားဆင်းတုတွေနဲ့ မတူပါဘူး။ သူတို့ ယုံကြည်ရာကို သူတို့ဘာသာ ကိုးကွယ်ကြတာပါ။ ဘူတန် တော်တော်များများက ငါးပါးသီလ လုံကြပါတယ်။ ဘယ်သူနဲ့ နှိုင်းပြောတာလဲဆို ကိုယ်နဲ့ပဲ နှိုင်းပြမယ်လေ။ ကိုယ့်ထက်တော့ လုံကြပါတယ်။
ဘူတန်ကလူတွေ ဘာသာတရား ကိုင်းရှို
င်းတယ် ဆိုတာ တိဘက်တွေ အိပ်နေသလောက်ပဲ ရှိတယ် လို့ ပြောရင် မလွန်ပါဘူး။ တိဘက်တွေက ဘာသာတရားအဆုံးအမအောက်မှာ နေတာ မဟုတ်ပဲ ဘာသာတရား အုပ်ချုပ်မှုအောက်မှာ နေတာမို့လို့ပါ။ ဗာတီကန်စီးတီးကို ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်သလိုပဲ တိဘက်ကုန်းမြေမြင့်ကို လားမားဘုန်းတော်ကြီးတွေ အစဉ်အဆက် အုပ်ချုပ်ကြပါတယ်။ တရုတ်အစိုးရက တိဘက်ကိုဝင်သိမ်းပြီး ဒလိုင်းလားမားကြီးကို မောင်းမထုတ်ခင်အထိပေါ့။ တိဘက်ဘုန်းတော်ကြီးပေါင်းများစွာ သွေးမြေကျခဲ့ပြီး အခုချိန်ထိလည်း ဖိနှိပ်တားဆီးမှုများစွာနဲ့ တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲလို့ ဆိုပါတယ်။ တရုတ်သိုင်းဝတ္ထုတွေထဲမှာ ရှောင်လင်ဘုန်းတော်ကြီးတွေ သိုင်းပညာတဘက်ကမ်းခတ်ပုံ အမွှန်းတင် ရေးသားကြတာဟာ လားမားဘုန်းတော်ကြီးတွေရဲ့ တော်လှန်ရေးစိတ်ဓါတ်ကို ပျောက်ကွယ်မသွားအောင် စိတ်ခွန်အားပေးတဲ့သဘောများ ပါမလား မသိပါဘူး။ တိဘက်ကုန်းမြေမြင့်ရဲ့မြောက်ဘက်မှာ ခွန်းလွန်တောင်တန်းကြီးနဲ့ ပိုင်းခြားထားတဲ့ ဂိုဘီသဲကန္တာရကြီး ရှိပါတယ်။ အဲ့ဒါကတော့ ပန်းသေးမူဆလင်တွေ နေကြတဲ့ ရှင်းကျန်းနယ်ပါ။ အနောက်ဘက်ကို ကျမ်းစာသွားပင့်တဲ့ ထန်ကျောင်းလောင်တို့ ဖြတ်သန်းသွားရာနယ် ဖြစ်သလို ရှောင်လင်၊ ဝူထန်း၊ အော်မေ့၊ ခွန်းလွန် စတဲ့ သိုင်းလောကသားတွေ ကျင်လည် ကျက်စားရာ နယ်မြေလည်း ဖြစ်ပါတယ်။ အဲ့ဒီကနေ အပေါ်တက်သွားရင် မွန်ဂိုးလီးယား ကုန်းမြေမြင့်ကြီးကို ရောက်သွားပြန်ရော။ မျက်ပေါက်မှေးမှေး၊ နှာခေါင်းပြားပြားနဲ့ ကိုယ်တို့ရဲ့ Mongoloid မျက်နှာပေါက်ကြီးဟာ အဲ့ဒီဘက်က အမွေရတာပါလား။ အဝေးကြီးပဲနော်။ အေးလေ။ ဂျင်ဂျစ်ခန် ဆိုတဲ့ မွန်ဂိုစစ်သူကြီးက တူရကီ၊ ပါးရှားဘက်အထိ သွားသိမ်းပြီး အိန္ဒိယမှာ မဂိုရ်မင်းဆက်ရယ်လို့ ကျန်ရစ်ခဲ့တာဆိုတော့ ကူဘလိုင်ခန် နဲ့ ရှာရွတ်ခန်ကို ဘယ်လို ရုပ်ဖမ်းပြီး ဆွေမျိုးစပ်ပြရမလဲ မသိတော့ဘူး။ အိုး ဟို ဟိုး ပန်းပေးပါတယ်။
တိဘက်ကို တရုတ်ကသိမ်းတဲ့အခါ ဘူတန်တွေက တရုတ်ကို ခါးခါးသည်းသည်း မုန်းပြီး ခံစစ်ပြင်ကြပါတယ်။ သူတို့နိုင်ငံမှာ စစ်အင်အား မရှိတဲ့အတွက် ဘူတန်နိုင်ငံရဲ့ ခုခံစစ်ဟာ အိန္ဒိယအမျိုးသားစစ်တပ် (INA) အပေါ်မှာ လုံးလုံးလျားလျား မှီခိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေကို ပြည်ဝင်ခွင့် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားတဲ့ ဘူတန်ဟာ အိန္ဒိယစစ်တပ်ကိုတော့ ဥဒဟိုဝင်ခွင့်ပေးပြီး တရုတ်နယ်စပ် တလျှောက်လုံးမှာ စောင့်ကြပ်ထားပါတယ်။ ဘာသာရေးပစ္စည်းကလွဲလို့ ဘာကုန်ပစ္စည်းမှ တင်သွင်းခွင့်မပေးသလို လူအဝင်အထွက်ကိုလည်း ခွင့်မပြုပါဘူး။ စီးပွါးရေးမှာလည်း အိန္ဒိယငွေကြေးစံနစ်နဲ့ တစ်ကျပ်- တစ်ကျပ်ချင်း တူအောင်ညှိလိုက်ပြီး ငွေတန်ဖိုးမကျအောင် ထိန်းထားလိုက်ပါတယ်။ တိဘက်လူမျိုးအကြောင်း ပြောရင်းကနေ ဘယ့်နှယ်ကြောင့် ဘူတန်ကို ရောက်သွားတာလဲဆိုရင် ဘူတန်ဆိုတာ တရုတ်တို့ သိမ်းပိုက်ချေမှုန်းလို့မရတဲ့ တိဘက်မျိုးနွယ်တွေ အများစု နေထိုင်ရာမို့ပါပဲ။ ဘူတန်မှာလည်း သာသနာပိုင် ဆရာတော်က ဘုရင်မင်းမြတ်နဲ့အတူတူ တိုင်းပြည်ကို ပူးတွဲအုပ်ချုပ်ပါတယ်။ celestial king and religious king လို့ သူတို့ကတော့ ရှင်းပြတာပဲ။ အုပ်ချုပ်ရေးစုပေါင်းရုံးကြီးတွေမှာ ဘုန်းကြီးကျောင်းက တခြမ်းပါပါတယ်။ နိုင်ငံတော်အခမ်းအနားတိုင်းမှာလည်း သံယာ့ပရိသတ်က ရာထူးအကြီးဆုံးလူပုဂ္ဂိုလ်နဲ့ အတူထိုင်ရတယ်။ သို့သော် စီမံခန့်ခွဲမှုကိုတော့ သူတို့ဝင်မစွက်ကြပါဘူး။
သာသနာပိုင်ဆရာတော်တွေ တိုင်းပြည်ကို စီမံတဲ့အခါ သူကွယ်လွန်ရင် ဘယ်သူက ဆက်ခံမှာလဲ ဆိုတဲ့ ပြဿနာရှိပါတယ်။ ထီးရိုးနန်းရိုးများလို အိမ်ယာထူထောင်ပြီး မျိုးဆက်ချန်ထားလို့ ရတာလည်း မဟုတ်။ တို့ဆီက ပါချုပ်ဆရာတော်လို ကိုယ့်ဆရာ မပျံလွန်ခင်ကတည်းက ရုံးခန်းထဲတက်ထိုင်နေတာမျိုးဆိုရင် ဘယ်လိုရှင်းကြမလဲ။ သူတို့ဆီမှာတော့ ရှင်းပါတယ်။ သာသနာပိုင် လားမားဘုန်းတော်ကြီးတွေဟာ သက်တမ်းမစေ့မီ အနာရောဂါနဲ့သော်လည်းကောင်း၊ ဥပစ္ဆေဒကကံနဲ့သော်လည်းကောင်း၊ ဘဝနတ်ထံ ပျံလွန်တော်မူရိုး ထုံးစံ မရှိပါဘူး။ ဇရာဒုလ္လဘနဲ့ စုတေစိတ်ကျလုဆဲဆဲရောက်တဲ့အခါ တပည့်သံယာများကိုခေါ်ပြီး ဘယ်နှစ်ရက်နေရင် ဘဝကူးမယ်။ ဘယ်အရပ်က ဘယ်လိုလူမျိုးအိမ်မှာ ပြန်ဝင်စားမယ်။ “၇ နှစ်ပြည့်တဲ့အခါ လိုက်ရှာပြီး ကိုရင်ဝတ်ပေးကြ။” လို့ လျှို့ဝှက်မှာတမ်းချွေခဲ့ကြပါတယ်။ အဲ့ဒီမောင်ရင်လောင်းလေးဟာလည်း ကိုရင်ဘဝမှာကတည်းက ဣန္ဒြေသန္ပတ္တိအပြည့်နဲ့ သီလကိုလည်း စောင့်ထိန်းလိုက်နာပါသတဲ့။ ဇာတိဿရဉာဏ်ကိုလည်း ရရှိပါသတဲ့။ အဲ့ဒီလားမားဘုန်းတော်ကြီးတွေရဲ့ နောက်ဆုံးမျိုးဆက်ဟာ ဒလိုင်းလားမား ဆရာတော်ကြီးဖြစ်ပြီး ခုအခါမှာ သက်တော် ၉၀ ရှိပြီမို့ မကြာခင်မှာ ဆက်ခံသူအသစ် ပြန်လည်ဝင်စားရမယ့် အချိန်ရောက်ပြီလို့ ဆိုရမှာပေါ့။ ဒီအခါမှာ ဘုရားအထက်ကနေ ဆီးပြီးဗျာဒိတ်ပေးလိုတဲ့ ကွန်မြူနစ်ပါတီအစိုးရက “ကိုယ်တော့ဘာကိုယ်တော် ဘယ်သူ့ဆီဝင်စား ဝင်စား။ အဲ့ဒီလူက တရုတ်နိုင်ငံသား မဟုတ်ရင်တော့ ပုဟောင်ရီစင်း။ သွေးပုချိပါ။ လက်မခံနိုင်ပါဘူး။” လို့ ရာဇသံပေးထားပါတယ်။ တရုတ် နဲ့ တိဘက်ကြားက လတ်တလော တင်းမာမှု အခြေအနေကတော့ အဲ့ဒါပါပဲ။ အဲ့ဒါကြောင့် ဘူတန်က အိန္ဒိယဘက်ကိုပင်းပြီး တရုတ်ကို ကြိုကန်ထားတာ မှန်ကန်တဲ့ဆုံးဖြတ်ချက် လို့ ဆိုရမှာပေါ့။ ကိုယ်တို့ဆီက အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်တွေရဲ့ အခြေအနေကိုကြည့်ရင် ဘယ်သူတွေက ကျွံဝင်စွက်ဖက်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နေရတာပဲ။
ဘူတန် နဲ့ တိဘက် မှာရှိကြတဲ့ တိဘက်လူမျိုးစု ရွာကလေးတွေဟာ ကချက်ပြည်နယ် မြောက်ဖျားမှာလည်း ရှိကြတယ် လို့ ပြောတာဟာ အံ့ဩစရာ မဟုတ်ပါဘူး။ ရာသီဥတု နဲ့ ရေမြေသဘာဝ အနေအထားတွေဟာ အတူတူပဲဟာကို။ ဟိုးတောင်ပေါ် အမြင့်ကြီးတွေမှာနေကြတယ်။ ကမ္ဘာကြီးရဲ့ခေါင်မိုးလို့ ပြောကြတဲ့ ဟိမဝန္တာတောင်တန်းကြီးရဲ့ ရေခဲတောင်တွေအကြားမှာ ကျက်စားကြတယ်။ စာမရီ လို့ ခေါ်တဲ့ အမွှေးရှည်ရှည် Yaks နွားကြီးတွေနဲ့အတူတူ စားကျက်ကွင်းပြင်ရှိရာ ပြောင်းရွှေ့နေထိုင်ကြတယ်။ ဆူဂျာ လို့ခေါ်တဲ့ ထောပတ်လက်ဘက်ရည်သောက်တယ်။ မိုမို လို့ခေါ်တဲ့ ဂေါ်ဖီထဲမှာ ချိစ်နည်းနည်းပါတဲ့ ဖက်ထုပ်ထူထူလေးတွေ စားကြတယ်။ ဘုရားရှိခိုးရင် မတ်တပ်ကနေ ဝမ်းလျားကြီးထိုးပြီး ထိခြင်းကြီးဆယ်ပါးလောက်နဲ့ ရှိခိုးတယ်။ အလှူပွဲတွေမှာ ဆိုင်းဝိုင်းမငှါးပဲ ဘုန်းကြီးတွေကိုယ်တိုင် တံရှည်တံမွှာ၊ စောင်းညှင်းပတ်သာ၊ ခရုသင်းတွေ တီးကြမှုတ်ကြမယ်။ ဟိုးတောင်စွယ်တောင်စောင်း ကမ်းပါးယံအမြင့်ကြီးတွေမှာ ကျောင်းတော်ဝိဟာဆောက်ပြီး သီတင်းသုံးနေထိုင်ကြမယ်။ မကြာခဏဆိုသလို လိုဏ်ဂူထဲဝင်အောင်းပြီး ဧကစာရီ၊ ဝစီပိတ်ဓုတင် ကျင့်ကြံအားထုတ်ကြမယ်။ အဲ့ဒီလူမျိုးတွေဟာ တိဘက်မှာရှိရှိ၊ ဘူတန်မှာရှိရှိ၊ မြန်မာပြည်မြောက်ဖျားမှာရှိရှိ။ အတူတူပါပဲ။ နာဂတွေ၊ ကချင်တွေ၊ ကယန်းတွေ၊ အခါတွေလည်း ဒီအတိုင်းပဲ ရှိလိမ့်မယ်။ နိုင်ငံနယ်နိမိတ်တွေ ပိုင်းခြားထားပေမယ့် လူမျိုးစု၊ မျိုးနွယ်စုတွေကတော့ အတူတူပဲ။ နို့မို့ဆို ကက်ရှမီးယားလို၊ ပန်ဂျပ်လို သူများသားထားတဲ့ စည်းသုံးတန်နဲ့ ကိုယ့်လူမျိုးအချင်းချင်း စစ်တိုက်နေရလိမ့်မယ်။
ဒါကြောင့်မို့ မနုဿဗေဒကို နားမလည်ပဲ ပထဝီမြေပုံသက်သက်ကိုကြည့်ရင် အဖြေမထွက်တဲ့ ပုစ္ဆာတွေ ရှိတယ်။ လူသားအချင်းချင်းဆိုတာ ပိုင်နက်နယ်နိမိတ်ကို အကြောင်းပြုပြီး သတ်ကြဖြတ်ကြတာ ကမ္ဘာဦးကတည်းကလေ။ ညီနောင်သွေးချင်း လို့ စိတ်မှာမထားနိုင်ရင် ပဋိပက္ခတွေက မပြေလည်ဘူး။ ကိုယ့်လူမျိုးစုတစ်စုတည်းနဲ့လည်း တိုင်းပြည်ထူထောင် ရပ်တည်လို့ မရတာတွေ အများကြီး။ ဥပမာအားဖြင့် ဝ ကိုကြည့်။ သူက ခွဲထွက်ချင်တယ်သာ ပြောတာ။ အပြည်ပြည်ဆိုင်ရာလေဆိပ်မရှိဘူး။ ပင်လယ်ထွက်ပေါက် ဆိပ်ကမ်းမရှိဘူး။ ပြည်ပပို့ကုန်လည်း မရှိဘူး။ (ဟိုဥစ္စာက တရားဝင်ထွက်ကုန် မဟုတ်ဘူး) သူတောင်းဆိုတဲ့ ဖက်ဒရယ်လစ်ဇင်ဟာ “မြန်မာအောက်မှာမနေဘူး။ တရုတ်အောက်မှာပဲနေမယ်” ဆိုတာကို စကားလှအောင် ပြောတာပဲ ရှိမယ်။ အခုလည်း သူ အဲ့အတိုင်းနေနေတာပဲဟာ။ ဒီလိုသာဆို ကရင်တွေ၊ ကယန်းတွေ၊ မွန်၊ တနင်္သာရီတွေလည်း ဆာဝါဒီးခပ်၊ ဒိုင်းခပ် ဆို လုံးကြီးတင်ဆံခပ်နဲ့ နေချင်မှာပေါ့။ အဲ့ဒါ မောင်နှမစိတ် မဟုတ်ဘူးလေ။ တလှေတည်းမစီးဘူး။ သာရာစီးတာ။ လွန်ခဲ့တဲ့ အနှစ် ၆၀ ကာလအတွင်း ကိုယ့်လူမျိုးတစ်မျိုးတည်း တော်လှန်တာနဲ့ အခု တနိုင်ငံလုံး အုံကြွတော်လှန်တာ ရလဒ်ချင်းက ဘယ်လိုကွားသလဲ ပြန်စဉ်းစားကြည့်ပါဦး။ စုပေါင်းအားနဲ့ရုန်းမှ အတူတူလွတ်မြောက်နိုင်မှာ မဟုတ်ဘူးလား။
တကယ်ပဲ တရုတ်ပြည်မကြီးရဲ့အောက်မှာ ခိုလှုံတော့မယ်ဆိုရင် CCP အစိုးရကြီးက ကိုယ့်ပြည်နယ်ကိုယ့်လူမျိုးတွေအပေါ်မှာ အခုလိုပဲ ကောင်းမွန်စွာဆက်ဆံလိမ့်မယ် လိို့ ယုံကြည်နေရင် မုန့်မုန့်တွေစားရမယ်ဆိုလို့ လော်ပန်ညံကြီးခေါ်ရာ လိုက်သွားတဲ့သူလိုပဲ ဖြစ်မှာပါ။ သူ့ထဲမှာ တိဘက်တွေကို ဘယ်လိုအုပ်ချုပ်နေသလဲ။ ရှင်းကျန်းက ဝီဂါမူဆလင်တွေကိုရော ဘယ်လိုသဘောထားလဲ။ ဟောင်ကောင်၊ ထိုင်ဝမ်က တရုတ်တွေဟာ ပြည်မကြီးအောက်ဝင်ဖို့ သေမလောက်ကြောက်နေတာ ဘာကြောင့်လဲ။ နည်းနည်းပါးပါး လေ့လာကြည့်သင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကွယ်။ တရုတ်တွေအောက်မှာနေတာ မြန်မာပြည်ထဲမှာနေတာထက်တော့ အဘက်ဘက်က သာလွန်တယ် လို့ တွက်ချင်လည်း တွက်ပါ။ ဒါပေမယ့် အဆင်မပြေတဲ့တစ်နေ့ကျမှ CCP အစိုးရကို တော်လှန်ရတာဟာ ပြုတ်လုတည်းတည်း စကစကို တော်လှန်ရတာထက်တော့ အဆပေါင်းများစွာ ပိုခက်လိမ့်မယ်ဆိုတာ ယုံတယ်မှလား။ ကိုယ့်လူမျိုးတစ်မျိုးတည်း တရုတ်ကို ခြေစုံကန်ဖို့ မဝံ့မရဲဖြစ်နေရင် မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးဖိအားကို မလွန်ဆန်နိုင်လို့ပါ လို့ ခေါင်းစဉ်တပ်လိုက်လည်း ရတာပဲကို။ သမီးဖြူစင်တာ သမီးပဲ သိပါတယ်လေ။ လော်စစ်ဟန်၊ ဖုန်ကြားရှင်၊ ပယ်ဆောက်ချင်၊ ကိုးကန့်ခေါင်းဆောင် ၃ ဆက်စလုံး လူပေါင်းမှားတဲ့ ဇာတ်သိမ်းကို သင်ခန်းစာယူလိုက်ပါလား။
ကဲပါ ပရိသတ်ကြီးရေ။ အခုဆိုရင် တရုတ်ပြည်ကြီးရဲ့ နောက်ဖေးပေါက်မှာ ပြဿနာတွေ တန်းစီပေးနိုင်တဲ့ မီးခဲမောင်မောင် လူမျိုးစုတွေအကြောင်း သဘောပေါက်ပြီလား။ ရှေးနှစ်ပေါင်းထောင်ချီကတည်းက အနောက်ဘက်ကရန်ကိုကြောက်လို့ မဟာတံတိုင်းကြီးကာထားပါတယ် ဆိုမှ။ ရှီတာ့ရဲဟာ အခုချိန်မှာ ကောလာဟလပေါင်းများစွာနဲ့ “ပုဟောင်လော ပုဟောင်လော” ဖြစ်နေပါတယ်ဆိုမှ။ တကတည်းမှပဲ။ ဂန္ဓာလရာဇ်မှာ မင်းပြောင်းမင်းလွှဲများ ဖြစ်လို့ကတော့ တို့ဆီမှာလည်း ဘာတွေဖြစ်ကုန်ဦးမလဲ မပြောနိုင်ဘူး။ မျှော်လင့်မထားတဲ့ ရုတ်တရက် အပြောင်းအလဲတွေနဲ့ ဘာမဆိုဖြစ်လာနိုင်တာမို့ ရှားဖဲတွေ၊ ကြားဖဲတွေ အသေကိုင်မထားပဲ ဘာလာလာဒေါင်းဖို့ ဘေဖဲစမ်းကြည့်ရအောင်ကွယ်။ ကြင်စိုးရေ ဖဲပြင်စမ်း ဖဲပြင်စမ်း။