ဆေးကျောင်းတုန်းက ကိုယ့်သူငယ်ချင်းတွေဟာ ကိုယ့်ကို တနေ့သောအခါ ဆာဂျင်ဖြစ်လာလိမ့်မယ် လို့ ဘယ်သူကမှ ထင်မထားပါဘူး။ M Sc ဝင်ခွင့်အောင်တဲ့အခါ ကိုယ့်ရဲ့ ဌာနမှူး မမအန်းကလည်း စာစစ်လာသူ ဆရာမကြီးများကို “ကိုစိုးမင်းလို နုနုဖတ်ဖတ်ကလေးက ဆာဂျင်ဖြစ်လာလိမ့်မယ် လို့ ထင်မထားခဲ့ဘူး။” လို့ပြောတယ်။ “ဟုတ်ပါတယ်။ မို့လည်း ထင်မထားဘူး။” လို့ ပြုံးမျက်ရည်လေးနဲ့ အကယ်ဒမီ ယူပြရမလား မသိ။ ဆာဂျင်ဖြစ်ဖို့ ဆိုတာ ကိုယ့်ငယ်ဘဝအိပ်မက်တွေထဲမှာတော့ ဘယ်တုန်းကမှ မပါခဲ့တာ အမှန်ပါ။ Surgical Society က ကိုယ်နဲ့ အင်မတန် စိမ်းပါတယ်။ စိမ်းဆို 3 rd MB တုန်းက ကျောင်းတွေပိတ်သွားလို့ Surgical ward ကို ကောင်းကောင်းမဆင်းလိုက်ရဘူး။ Part 2 ကျတော့လည်း ကျောင်းတွေ အရမ်းပြေးလို့ စာမေးပွဲဖြေဖို့ တစ်ပွဲတိုး လက်ပူတိုက်တာကလွဲရင် ဘာကိုမှ ရေရေရာရာ မတတ်ဘူး။ နောက်ပြီး ဆာဂျင်ထဲမှာလည်း ကိုယ့်အိုင်ဒေါ မရှိဘူး။ ဆရာကြီးဦးနော်မန်လှ ကို ကြားဖူးပေမယ့် ကိုယ်ကြားဖူးတာ သူ့ surgical skill နဲ့ မဟုတ်ဘူး။ “2nd MB တုန်းက Anatomy ရော Physiology ရော ဂုဏ်ထူးထွက်လို့ Grand viva ခေါ်တာ candidate နှစ်ယောက်က ခိုးပြေးသွားလို့ မနည်းပြန်ခေါ်ပြီး စာမေးပွဲစစ်ရတယ်။ ဒါတောင် နှစ်ယောက်စလုံး ဂုဏ်ထူးထွက်တယ်။” ဆိုတဲ့ ဇာတ်လမ်းကို ကြားဖူးတာ။ legend မှ legend။ တကယ့် ကျွတ်ဆင်ကြီးတွေ။ စာသင်တော့ အင်မတန်ကောင်းတယ် လို့ လက်တွေ့ကြုံခဲ့တယ်။ undergrad မှာ ကျောင်းသားပီပီ စာသင်ကောင်းတဲ့ ဆရာတွေကိုပဲ မှတ်မိပါတယ်။ ကိုယ်တွေ့ဖူးတဲ့ ဆာဂျင်ထဲမှာ စာသင်ကောင်းတာ ဆရာကြီးဦးနော်မန်၊ ဆရာကြီးဦးကြည်စိုး၊ အပြင်ကဆို ဆရာဒေါက်ဂလပ်စ် (ဦးတင်မျိုးဝင်း) အငယ်ထဲကဆို ဦးပေါ်ဦး တို့ပဲ ရှိပါတယ်။ ကိုယ်နဲ့ဆုံဖူးတာလည်း များများစားစား မှ မရှိတာ။ ဆေးကျောင်းက ဘွဲ့ရပြီးစမှာ ကိုယ့်ရဲ့ Surgical knowledge ဟာ ကြက်တူရွေးတတ်ပဲ တတ်ပါတယ်။ ဓါးကို လက်နဲ့ မကိုင်ဖူးပါဘူး။
Surgical blade ကို လက်နဲ့ ဘယ်လိုကိုင်ရတယ် လို့ သင်ပေးတာက ဟောက်ဆာဂျင်ဖြစ်မှ ဆရာဦးသိန်းလွင်က သင်ပေးတာပါ။ သူများအသားကို ဓါးနဲ့လှီးဖို့ဆိုတာ အလေ့အကျင့် မရှိပဲနဲ့ မရပါဘူး။ ကိုယ်လှီးမယ့်ပစ္စည်းရဲ့ texture ကိုလည်း သိရမယ်။ ကိုယ့်လက်ဆကိုယ်လည်း ထိန်းနိုင်ရမယ်လေ။ လက်ဆမသိရင် retractor ဆွဲတာတောင်မှ အပိုအလိုတွေ ရှိတတ်တယ်။ ကိုယ်တို့တုန်းက ဟောက်ဆာဂျင်မှာ Basic Surgical Skill Lab တွေ မရှိသေးပါဘူး။ အကြီးက အငယ်ကို နီးစပ်ရာသင်ကြတာပဲ ရှိတယ်။ Compulsory မဟုတ်ပဲ optional ဖြစ်တဲ့အတွက် သင်ပေးတဲ့သူ၊ အသင်ခံတဲ့သူ၊ အဆင်ပြေပြေရှိမှ သင်ဖြစ်ပြဖြစ်ပါတယ်။ အလုပ်တာဝန်ထဲမှာ အဲ့ဒါ မပါပါဘူး။ ဆေးထိုး၊ ဒရစ်ချိတ်၊ နှာခေါင်းပိုက်ထည့်၊ ဆီးပိုက်ထည့်တွေနဲ့ပဲ တနေကုန်တာ။
အများအားဖြင့် အဲ့ဒီလို လက်တွေ့လုပ်ရတဲ့ surgical skill တွေက အငယ်အငယ်ချင်း သင်ရတာများပါတယ်။ ကိုယ်တို့အခြေအနေနဲ့က Professor တွေဆီ တိုးလို့ မပေါက်ဘူး မဟုတ်လား။ AS ဘဝမှာ ကိုယ့်ရဲ့ဆရာတွေက ဆရာဦးခင်မောင်ကြည်၊ ဒေါ်ပြုံးမာဆွေ၊ ကိုခင်ဇော်တို့ပါ။ AS တစ်ယောက်အနေနဲ့ သိသင့်တတ်သင့်တဲ့ အရာအားလုံး သူတို့သင်ပြပေးပါတယ်။ စာကတော့ undergrad တုန်းကလို ဆရာကအကုန်သင်ပေးမှာ မဟုတ်ပဲ ကိုယ့်ဘာသာကိုယ်ဖတ်လာရတာမျိုးပါ။ ဆရာကြီးတွေက ကိုယ်တို့မှားနေတာတွေ ပြင်တယ်။ စဉ်းစားပုံ အဖြေရှာပုံကို ဇောင်းပေးပြီးသင်တယ်။ ကိုယ် PG တက်တဲ့အချိန်က JICA မှာ ဆရာကြီးဦးနော်မန်၊ 7-8 မှာ ဆရာကြီးဦးဇော်ဝင်း၊ 13-14 မှာ မမဒေါ်ခင်အေးမူပါ။ 9-10 က ward တစ်ခြမ်းလေးပဲရှိပြီး ကိုယ်တို့တွေ သိပ်မသွားရပါဘူး။ စာပဲသွားသွားသင်ရပါတယ်။ ကျောင်းသားကလည်း ၇ ယောက်ပဲ ရှိတာကိုး။ အဲ့ဒီအချိန်တုန်းက AP တွေ၊ JC တွေ မရှိသေးပဲ Consultant ပဲ ရှိပါတယ်။ ဆရာဦးဟန်ဝင်း၊ ဆရာဂျယ်ရေမီ၊ ဆရာဦးရှားကိုး၊ ဆရာဦးဝင်းမောင်၊ မမဒေါ်ခင်ပြုံးရီ တို့ပါ။ သူတို့အောက်မှာမှ ဒေါ်ဝင်းရီ၊ ဒေါ်စန်းစန်းရီ၊ ဒေါ်မိုးမိုးတင်၊ ကိုသန့်စင်၊ ဦးကြီးထွန်းမော်၊ မနော်မာသေး၊ ကိုမျိုးမြင့်၊ ကိုမောင်မောင်သန်းထွဋ်၊ ကိုကြည်လှိုင်၊ ကိုရည်သွေး၊ ကိုရန်နိုင်စိုး၊ ကိုအောင်လွင်တို့ ရှိပါတယ်။ ကြီးစဉ်ငယ်လိုက် သေချာမှတ်ထားရတယ်။ ကိုယ် ဆာဂျင်ဖြစ်ဖို့အတွက် သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ mentor တွေကို ဂေါတော့ပလ္လင်လို သင်ပုတ်ခုံပေါ် တင်ကန်တော့ရင် မပါမဖြစ်တဲ့ နံမည်တွေ မို့လို့ပါ။ အဲ့ဒီအချိန် Periphery မှာ စာသွားသင်ရတဲ့ ဆရာတွေလည်း ရှိပါတယ်။ East မှာ ဦးထွန်းဦး၊ West မှာ ဦးသိန်းလွင်၊ Worker’s မှာ ဦးဦးဟန် ပါ။ ဒီဆရာ/ ဆရာမတွေကို ကိုယ်တို့ ဆေး(၁) ရဲ့ Surgical Society လို့ ခေါ်ပါတယ်။ M Sc တက်တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ကိုယ်ခိုလှုံရတဲ့ ရင်ခွင်ပဲ ဆိုကြပါစို့။
Specialties က ဆရာကြီးတွေလည်း အများကြီး ရှိခဲ့ပါတယ်။ Surgical career မှာ ကျင်လည်ခဲ့ရတဲ့ ရှင်ကြီးဝမ်းတွေ၊ ရှင်ငယ်ဝမ်းတွေက အများကြီးပါ။ ကိုယ်တို့ခေတ်မှာ M Sc က ၃ နှစ် ဖြစ်သွားပြီး အောင်ပြီးတဲ့နောက် under training က တစ်နှစ်ခွဲ နေခဲ့ရပါတယ်။ ဒါဆိုရင် တတ်သွားပြီလား ဆို မတတ်သေးပါဘူး ခင်ဗျာ။ ဆာဂျင်ဘဝမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်ခွဲစိတ်နိုင်ဖို့ အတွေ့အကြုံတွေ၊ ပညာတွေ လိုအပ်ပါသေးတယ်။ စာသင်တဲ့ထဲမှာမပါပဲ ကိုယ့်ဘာသာကိုယ် အကဲခတ် အတုခိုးရတဲ့ soft skill တွေလည််း အများကြီး လိုအပ်ပါတယ်။ ဆာဂျင်ဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လိုက်တာ ဆိုတာ မရှိပါဘူး။ အသက်ကြီးမှ တော်ပါပေတယ် ဖြစ်လာကြပြီး သေသာသွားရော တော်ကိုတော်မလာတဲ့ ဆာဂျင်တွေလည်း အများကြီး ရှိပါတယ်။ ဆာဂျင်ဆိုတာ ဆရာမရှိပဲနဲ့ မဖြစ်ဘူး။ သမ္ဘာမရှိပဲနဲ့ မဖြစ်ဘူး။ အထာမသိပဲနဲ့လည်း မဖြစ်ပါဘူး။ ဘာဘွဲ့ပဲရရ ကိုယ့်ဘာသာ မခွဲတတ်ရင်၊ သူများဆီ ထိုင်လွှဲရတဲ့ဘဝ၊ သူများနောက် assist လိုက်ရတဲ့ ဘဝက မတက်ဘူး လို့ ပြောကြပါတယ်။
AS ဘဝမှာ တတ်သင့်တတ်ထိုက်တာ အကုန်တတ်ခဲ့ပြီးပြီ ဆိုပေမယ့် PG ဘဝမှာ တတ်ကိုတတ်ရမယ့်အရာတွေကလည်း အများကြီး ရှိပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃၂ ကောဌာသတွေ ယဉ်ပါးရင်းနှီးအောင် လုပ်ရတာ လွယ်တာမှ မဟုတ်ပဲ။ Hernia လောက်၊ appendix လောက်ကို ထမင်းစား ရေသောက် ခွဲနိုင်ဖို့ လူနာ ၁၀၀ ကျော်လောက်တော့ အလေ့အကျင့်ယူရပါတယ်။ တစ်ခါနှစ်ခါနဲ့ တတ်သွားတယ် ဆိုတာ မထူးဆန်းပေမယ့် ဘယ်နှစ်ခါခွဲခွဲ၊ ဘယ်လိုအခက်အခဲရှိရှိ၊ အမှားအယွင်းလုံးဝမရှိအောင် ခွဲနိုင်မှ ဆာဂျင် ဖြစ်တာပါ။ ဆာဂျင်ဆိုတာ စာတတ်ရုံနဲ့ မရပါဘူး။ လက်ကောင်းဖို့လည်း လိုပါတယ်။ PG ဘဝမှာ တတ်စရာတွေ အကုန်တတ်ပြီးပေမယ့်လည်း မလုံလောက်ပါဘူး။ ဘွဲ့လွန်အောင်ပြီးသား SAS ဘဝမှာ တတ်ကိုတတ်ရမယ့် ခွဲစိတ်မှုတွေကျန်ပါသေးတယ်။ ဒီဟာတွေကိုတော့ ဆရာကြီးဦးဦးဟန်က အလုပ်သမားဆေးရုံကို ခေါ်ပြီး သင်ပေးပါတယ်။ တစ်ခါပြပေး၊ နှစ်ခါပြပေးပြီးရင် “ခွဲတော့” ဆို လွှတ်ပေးပြီး ထိုင်ကြည့်နေတာ။ စိတ်ချသွားရင် “လိုရင်ခေါ်လိုက်” ဆိုပြီး အခန်းထဲမှာပဲ စောင့်တော့တယ်။ ဆာဂျင်တစ်ယောက် အနေနဲ့ confidence ရှိဖို့ကို သူ့လက်အောက် မှာ FA လုပ်တော့မှပဲ ရပါတော့တယ်။ ဆာဂျင်အလုပ်ဟာ ဆရာမကူ သယမ္ဘူဉာဏ်နဲ့တော့ မရနိုင်ဘူး ဆိုတာ အဲ့ဒါပြောတာ။
ဆာဂျင်ဘဝမှာ ကျင်လည်ရတဲ့အခါ မဟုတ်မဟတ်၊ မတော်မတည့် လုပ်နေကျ ခပ်ညံ့ညံ့ဆာဂျင်တွေလည်း အများကြီး တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ကိုယ့်အား သင်ကြားဆုံးမပေးသော ဆရာအဖြစ် မဖြစ်မနေ ထည့်သွင်း ကျေးဇူးတင်ရပါမယ်။ ဘာဖြစ်လို့ဆိုတော့ “ဘာတွေကို ဘယ်လိုလုပ်ရင် ဘယ်လိုတွေတောင် သောက်ကျိုးနည်းတတ်သလဲ” ဆိုတာ သူတို့ကမှ ကိုယ်တွေ့မျက်မြင် ထင်ထင်ရှားရှားကြီး ဥပမာပြကြတာ မဟုတ်လား။ ကိုယ့်ဘဝမှာ ဦးနော်မန်တို့ ဦးကြည်စိုးတို့လို genius surgeon ကြီးဖြစ်ဖို့ အိပ်မက်မမက်ရဲပေမယ့် သုံးစားမရတဲ့ ဆာဂျင်အညံ့စားဖြစ်မှာကိုတော့ သေမလောက် ကြောက်ပါတယ်။ အဲ့ဒီတော့ Do’s တွေကိုချည့် သိလို့မရဘူး။ Don’ts တွေကို သိထားဖို့က ပိုအရေးကြီးတယ်။ တချို့ဆရာတွေဟာ ကိုယ့်ကို အောက်ဆင်းမသွားအောင် ရိုက်ရိုက်ပြီးတင်ပေးသလို ဖြစ်တယ်။ ဘယ်ဆရာကြီးခြေရာမှ မနင်းနိုင်လို့ ကိစ္စမရှိပေမယ့် ဒီဆရာသမားတွေနဲ့ တူသွားလို့တော့ မဖြစ်ဘူးလေ။ Don’t do it သားလေး။ သားလေး don’t do it” ဆိုတာလည်း သူတို့ကိုယ်တိုင် ဘေးအဖြစ်ခံပြီး ကိုယ့်ကိုဘေးရန်ဆီးကာ လမ်းပြတဲ့ ဆရာပဲလေ။
“ဆရာသမားရဲ့ အရိပ်အာဝါသ က အေးချမ်းပါတယ်။ ခိုပါ နားပါ ပညာယူပါ။” တဲ့။ “ပြီးရင်တော့ ဆရာ့လောင်းရိပ်အောက်မှာ မနေပါနဲ့။ လွတ်မြောက်ရာကို ထွက်ပြီး ကိုယ်ကိုယ်တိုင် အရိပ်မိုးနိုင်အောင် ကြိုးစားပါ။” တဲ့။ အဲ့ဒါ ဆရာကြီးဦးမောင်မောင်ဝင့်ရဲ့ ဆုံးမစကားပါ။ အစိုးရအလုပ်ထဲမှာ ရန်ကုန်ကလွဲရင် အင်းစိန်တောင် ခြေမချဖူးပဲ ပရော်ဖက်ဆာဖြစ်သွားတဲ့ ဆာဂျင်တွေလည်း ရှိပါတယ်။ သူ့ကုသိုလ်နဲ့သူမို့ မနာလို မရှိပါဘူး။ ဒါပေမယ့် ဆာဂျင်ဖြစ်ပြီးတဲ့နောက် နယ်ကိုမထွက်ဖူးရင် အဲ့ဒီဆာဂျင်ဟာ problem solving skill မှာ မရင့်ကျက်နိုင်ပါဘူး။ ပြဿနာရှင်းတဲ့ ဆာဂျင် မဖြစ်ပဲ ပြဿနာရှာတဲ့ဆာဂျင်ပဲ ဖြစ်လာမှာပါ။ နယ်ကိုရောက်တဲ့အခါ ကျောင်းကသင်မပေးလိုက်တဲ့ survival management တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်ရင်ဆိုင်ရပါတယ်။ တကယ်ဆာဂျင်စစ်မစစ်နဲ့ ဘယ်လိုဆာဂျင်မျိုး ဖြစ်လာသလဲဆိုတာ အဲ့ဒီအချိန်မှာ မှတ်ကျောက်အတင်ခံရတာပါပဲ။ ကိုယ်ခွဲသမျှလူနာတိုင်း အားလုံးကောင်း၊ အကုန်အသက်ရှင် ဆိုတာ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တဲ့ ရလပ်ပါ။ ဒါပေမယ့် ဆာဂျင်ဆိုတာ သူ့လက်ထဲမှာ အသေအပျောက်၊ နောက်ဆက်တွဲပြဿနာ complication အနည်းဆုံးဖြစ်မှ လူနာဘက်က ယုံကြည်စိတ်ချမှုကို ရပါမယ်။“အကယ်၍များ မလွှဲမရှောင်သာလို့ ကိုယ်မလိုချင်တဲ့ ရလပ်ဆိုးများ ကြုံတွေ့သော် ဘယ်လိုရင်ဆိုင် ဖြေရှင်းမှာလဲ။ ဘာတွေကို သူဆက်တာဝန်ယူရမလဲ။” ဆိုတာက အဲ့ဒီဆာဂျင်ရဲ့ သတ္တိ နဲ့ ဂုဏ်သိက္ခာပါပဲ။ ဆေးခန်းရှေ့ဆိုင်းဘုတ်မှာတပ်ထားတဲ့ အမြီးရှည်ရှည်တွေက အဲ့ဒီအချိန်မှာ သုံးစားမရပါဘူး။ ဆာဂျင်လောကမှာ ပေါက်ကရတွေလုပ်၊ ပေါက်ကရတွေဖြစ်ပြီး မနိုင်မနင်း မရှူနိုင်မကယ်နိုင်ဖြစ်မှ သူများလက်ထဲလာလာထိုးထည့်တဲ့ ချေးထုပ်ကြီးတွေ အများကြီး ရှိပါတယ်။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့တောင် မနည်းရုန်းကန်ရတာ။ အဲ့သလိုမျိုး သူများရှာထားတဲ့ ပြဿနာတွေကို ငါးတကာယိုတဲ့ချေးလို ဒိုင်ခံဖြေရှင်းနိုင်တဲ့အဆင့် ရောက်ရင်တော့ အဲ့ဒါ ဆရာကြီး ဖြစ်ပြီ လို့ သတ်မှတ်ပါတယ်။ ဆရာကြီးဖြစ်မှတော့ ကိုယ့်ပြဿနာကို ဘယ်သူ့ဆီမှလည်း ထပ်လွှဲလို့ မရတော့ဘူး မဟုတ်လား။ ဆရာကြီးဖြစ်တဲ့အထိ အဲ့ဒီလို ဖြေရှင်းနိုင်စွမ်းမရှိရင် လူနာကို ဆေးရုံပေါ်တင်ထားပြီး မသေမချင်း ထိုင်ကြည့်နေရတဲ့ ဘဝ ရောက်ပါတယ်။ အဲ့ဒါကြောင့် ဆာဂျင်ဘဝဆိုတာ ပင်စင်ယူတဲ့အချိန်အထိ သူ့အရွယ်နဲ့သူ သိစရာတတ်စရာ၊ လေ့လာစရာတွေ ကုန်တယ် လို့ မရှိပါဘူး။
သင်ယူလေ့လာစရာဆိုတာ ပရော်ဖက်ဆာဖြစ်လည်း ကုန်တယ် လို့ မရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဆေးပညာဆိုတာ ရပ်တန့်နေတယ်လို့ မရှိပဲ အသစ်အဆန်းတွေက အမြဲတမ်း တိုးတက်နေတာမို့ အမီမလိုက်နိုင်ရင် ဒိတ်လွန်ပြီး expired ဖြစ်သွားတဲ့ ခေတ်ဆွေးဆာဂျင်ကြီးဘဝကို ရောက်ပါတယ်။ ကိုယ်တို့ဆေးကျောင်းသား ဘဝမှာတုန်းက မြန်မာပြည်က 1st Surgeon ဆိုတာ ဆရာကြီးဦးထွန်းစံမောင်ပါ။ သူ့လက်ထက်မှာ Thyroid ခွဲရင် လေးငါးနာရီကြာတယ်။ အပ်ကျသံတောင်မကြားအောင် အသံတိတ်ဆိတ်နေရတယ်။ သွေးကြောတစ်ချောင်း လွတ်ထွက်သွားရင် thyroid က ထွက်တဲ့သွေးဆိုတာ အပေါ်က မီးစလောင်းထိ တက်စင်အောာင် ပန်းထွက်တာ လို့ ပြောကြတာ ကြားဖူးပါတယ်။ အဲ့ဒီခေတ်က သွေးတိတ်စေချင်ရင် အပ်ချည်ကြိုးနဲ့ပဲ ချည်ကြရတယ်။ သွေးတိတ်စက်လို့ ခေါ်တဲ့ diathermy machine တွေ မမြင်ဖူးသေးပါဘူး။ ကိုယ်တို့ AS ဖြစ်တော့ ဌာနမှူးက ဆရာကြီးဦးရဲမြင့်ပါ။ ဆရာကြီးကတော့ မြန်မာပြည်မှာ အသည်းခွဲတာ (liver resection) အင်မတန်တော်တဲ့ ဆရာကြီးလို့ နံမည်ကျော်ပါတယ်။ သူ့လက်ထက်မှာတော့ diathermy တွေ ပေါ်လာပါပြီ။ ဒါပေမယ့် ဆရာကြီး အသည်းခွဲတဲ့နေ့ဆိုရင် ကိုယ်တို့မေ့ဆေးတွေက သွေး ၆ လုံး ခွဲခန်းထဲက ရေခဲသေတ္တာထဲ အရောက်ယူထားရပါတယ်။ လိုတော့မှ ထွက်တောင်းရင် အချိန်မမီလို့ပါ။ ဦးခင်မောင်ဝင်းဆီကလာတဲ့ အသည်းကင်ဆာလူနာတွေဟာ ဆရာကြီးဦးရဲမြင့်နဲ့ပဲ ခွဲပြီး သူ့ဆီမှာဆို အသေအပျောက်နည်းတယ်တဲ့။ အဲ့ဒီအချိန်က Hepatobiliary Surgery ဆိုတာ မပေါ်သေးဘူး။ အသည်းကင်ဆာလူနာတွေက JICA မှာပဲ လာပုံနေတာပါ။ ဆရာကြီးဦးနော်မန်လှ လက်ထက်ကျတော့ အသည်းအစားထိုးကုနိုင်တဲ့အထိ တိုးတက်လာပါပြီ။ အဲ့ဒီအချိန်မှာ စက်တွေကလည်း diathermy ထက်သာတဲ့ ultrasonic device တွေ အသစ်ပေါ်လာပြီ။ သွေးအများကြီး မထွက်တော့ဘူး။ India က အပိုလိုမှာ သွားကြည့်တဲ့အခါ သူတို့ဆီမှာ water jet ကလေးတွေနဲ့ ခွဲနေပြီ။ သွေးတောင် မလိုတော့သလောက်။ အသစ်အဆန်းဆိုတာ အမြဲတိုးတက်နေတာပဲ။ work hard မဟုတ်တော့ဘူး။ work smart ခေတ်။ မလိုက်နိုင်ရင် ပြတ်ကျန်ခဲ့တာ။
ကိုယ်တို့တွေ ဘွဲ့လွန်တက်နေတုန်းခေတ်မှာ laparoscope ဆိုတာ ပေါ်လာပါတယ်။ ဆရာကြီးတွေက သိပ်ပြီး အားမရပါဘူး။ ဒယ်အိုးအဖုံးအုပ်ပြီး ထမနဲထိုးနေရသလို မျက်မှန်းနဲ့ လက်ဆနဲ့ ကျင့်သားမရသေးလို့။ အလုပ်သမားဆေးရုံမှာ FA လုပ်နေတဲ့အချိန်မှာ ဆေးရုံက laparoscope စက်တစ်စုံ ဝယ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်က မသင်ဖြစ်ခဲ့ပါဘူး။ လက်ခွဲတောင် သေချာမတတ်သေးတာ။ စက်ခွဲကို အဆင့်မကျော်ချင်လို့။ နယ်ရောက်သွားရင် proctoscope တောင် ရှာလို့ရဖို့မလွယ်ဘူး။ ကိုယ်မခွဲတတ်သေးတဲ့ operation တွေ အများကြီး ရှိတယ်လေ။ အဲ့ဒါတွေ သင်ရဦးမယ်။ အလုပ်သမားဆေးရုံမှာ ဆရာဦးဦးဟန်ရယ်၊ ကိုယ်ရယ်၊ AS အငယ်တွေရယ်ပဲ ရှိတော့ ဘယ် case မဆို ကိုယ်မပါပဲ မပြီးပါဘူး။ တော်တော်ကို ခွဲခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါတောင် မလုံလောက်ပါဘူး။ ကိုယ်မခွဲတတ်သေးတဲ့အရာတွေ ရှိတယ်။ အဲ့ဒီက တတ်လာတဲ့ပညာတွေနဲ့ လောက်ကိုင်မှာ၊ ဘူတန်မှာ၊ အမ်းမှာ ဆာဂျင်တစ်ယောက်အနေနဲ့ မကြောက်မရွံ့ ခွဲစိတ်လာခဲ့ပါတယ်။
နယ်ကနေ ရန်ကုန်ပြန်ဝင်တဲ့အခါမှာတော့ Surgical Society ကြီးက ပြောင်းလဲနေခဲ့ပါပြီ။ ကိုယ့်အတွက်လည်း သင်ယူလေ့လာစရာတွေ အများကြီး ရှိလို့နေပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ကို ဆက်သင်တဲ့ဆရာကတော့ ဆရာဦးသိန်းမြင့်ပါ။ သူ့လက်ထက်မှာ surgical field က minimally invasive surgery ဆိုတဲ့ဘက်ကို သွားနေပါပြီ။ အဲ့ဒါကြောင့် အရင်က မတတ်ခဲ့တဲ့ အပေါ်စကုပ်၊ အောက်စကုပ်၊ အလယ်စကုပ် (OGDS, Colonoscope, Laparoscope) တွေကို လေ့ကျင့်သင်ယူရပါတယ်။ အဖြတ်၊ အဆက်တွေမှာလည်း ဓါးလှီးလက်ချုပ် မလိုက်တော့ပဲ stapler နဲ့ ရွှီး ချပ် ဆို တစ်ချက်ဆွဲရင် ပွဲသိမ်းပါတယ်။ လွယ်ကူ လျင်မြန်၊ စိတ်ချရပုံများဖြင့် “ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။” ပဲ။ အေးလေ။ သူများနိုင်ငံတွေမှာဆို လက်နဲ့တောင် မခွဲတော့ပဲ robotic surgery ဆို စက်ရုပ်နဲ့ ခွဲကုန်ကြပြီ မဟုတ်လား။ အခြေခံတွေလည်း တတ်ထားမှ ရမယ်။ အသစ်အဆန်းတွေကိုလည်း မျက်ခြေပြတ်လို့ မရဘူး။ ဆာဂျင်ဘဝဆိုတာ ပင်ပန်းလွန်းပါတယ်ကွယ်။
ဆေးကျောင်းတက်တဲ့ကလေးတွေဟာ anatomy disection room ထဲက ဆေးစိမ်ထားတဲ့အလောင်းကောင်ကြီးတွေကို Silent Mentors ဆိုပြီး အလေးအမြတ်ပြုရတယ်ဆိုရင် ကိုယ်တို့ ဆာဂျင်တွေအတွက်တော့ ကိုယ်ခွဲသမျှလူနာတွေဟာ living mentors တွေပဲ မဟုတ်ဘူးလား။ အဲ့ဒီအထဲမှာ ကိုယ်ခွဲပြီးမှ silent ဖြစ်သွားတဲ့ mentors တွေလည်း ပါလိမ့်ဦးမယ်။ ကိုယ်ကတော့ “နင်တို့ကို ငါခွဲပေးတယ်” ဆိုပြီး ကျေးဇူးရှင် လုပ်မယ့်အစား “ဤခန္ဓာကိုယ်အား ဆရာပြုသမျှ နုပါတော့အံ့။” ဆို ကြည်ကြည်ဖြူဖြူ ခွဲစိတ်သင်ယူခွင့်ပေးတဲ့အတွက် လူနာတွေကို ကျေးဇူးတင်ပါတယ်။ လူများများသေပြီးမှ သင်ခန်းစာတွေ ရမယ့်အစား “သူလည်းရောဂါပျောက်၊ ကိုယ်လည်း ပညာရ” နဲ့ အတွေ့အကြုံယူရတာ ပိုမကောင်းဘူးလား။ အခုချိန်ကတော့ ကိုယ်လည်း ပင်စင်ယူဖို့တောင် လေးငါးနှစ်ပဲ လိုတော့တာမို့ ကိုယ့်အောက်ကလူတွေကို ပညာပြန်သင်ပေးဖို့အချိန်လည်း ဖြစ်ပါတယ်။ အမှန်တော့ အခုမှ သင်တာ မဟုတ်ပါဘူး။ အလုပ်ထဲမှာ ကိုယ်နဲ့ဆုံဖူးတဲ့အငယ်တိုင်းကို သင်ဖူးပြဖူးပါတယ်။ “ဆရာက ဆရာလေ” လို့ လိုက်လိုက် ဆရာလုပ်တာ မဟုတ်ပဲ knowledge & experience sharing လုပ်တယ် လို့ပဲ သဘောထားပါတယ်။ အစကနေ အဆုံးထိလျှောက်ခဲ့တဲ့ ခရီးလမ်းထဲမှာ ကိုယ့်ရဲ့ surgical career လည်း ပါတာပေါ့။ ကောင်းတယ်လည်း မပြောပါဘူး။ ဆိုးတယ်လည်း မပြောပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အကောင်းဆုံးကြိုးစားပြီး ဖြတ်သန်းနေပါတယ်။ ဒါကြီးပြီးသွားတဲ့တစ်နေ့ကျရင်တော့ ဒီလောကထဲမှာ ပြန်ကျင်လည်ဖြစ်လိမ့်မယ် မထင်ပါဘူး။ “Odd ones out” ဆိုတဲ့ စကားရှိတယ်မို့လား။ “I am the one who has to be out.” ပါ။ တော်လောက်ပြီ ထင်တယ်နော့။