မြမရှား စိန်မရှား အလွန်ပင်များသည်ကို

“ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားရအောင်လေ။” တဲ့။ ရွှေဆိုင်ကြော်ငြာထဲမှာ မင်းသမီးလေးက စိန်တွေရွှေတွေ ညွှတ်နေအောင် ဝတ်ပြရင် မြင်သူတိုင်းက ငေးကြည့်ရတာပဲ။ ပွဲလမ်းသဘင်တွေမှာ အချင်းချင်းတွေ့ရင်လည်း ဘယ်သူဘာဝတ်လာတယ် အရေးတယူကြည့်ကြ၊ အကဲခတ်ကြတာ မဟုတ်လား။ အကယ်ဒမီပေးပွဲကြီးမှာလည်း ဘယ်သူကဖြင့် သရုပ်ဆောင်ကောင်းလိုက်တာ၊ ဘယ်သူလေးက လှလိုက်တာ လို့ သတင်းမတက်ပဲ ဘယ်သူဝတ်ထားတာကဖြင့် ဘယ်လောက်တောင် တန်ကြေးရှိတယ် ဆိုတဲ့ အကြောင်းတွေပဲ ဖတ်ရတော့ ကိုယ့်မှာ အံ့ဩလိုက်တာများ။ အေးလေ။ အင်္ဂလန်က ဘုရင်မကြီးနဲ့ တော်ဝင်မျိုးနွယ်တွေ တက်လာရင်လည်း လူကိုတစက်လေးမှ ကြည့်ဖော်မရပဲ “အောင်မယ်လေး။ ကြည့်စမ်း။ ကြည့်စမ်း။ သူဝတ်ထားတဲ့ဟာက ဟိုးပဝေသဏီ ဘယ်ဘုရင်မကြီးလက်ထက်က ဘယ်သူ့ဆီကဆက်သတဲ့ လက်ဆောင်ပေါ့။ စိန်ကြီး၊ မြကြီး၊ ပတ္တမြားကြီးက ကာရက်ချိန် ဘယ်လောက်၊ အလုံးရေပေါင်းက ဘယ်နှစ်ထောင်ကျော်၊ ကာလပေါက်ဈေးနဲ့ဆို ဘယ်လောက်တောင်တန်တာ။ အခုတော့ အဲ့ဒါကြီး သူအမွေရသွားတာပါလား။” ဆို ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ မျက်နှာဖုံးသတင်းကြီးတစ်ပုဒ် ဖြစ်သွားတော့တာပါပဲ။ စိန်တွေကျောက်တွေ အရောင်လက်လာရင် အင်္ဂလန်က ဘုရင်မကြီးတောင် ကောင်တာခုံပေါ်က လည်ပင်းရုပ်၊ လက်ရုပ်၊ မည်းမည်းလေးတွေနေရာကို ရောက်သွားရရှာတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ စိန်ကောင်းကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည်လောက်ပဲ တန်တယ် လို့ ကြေးဖြတ်ခံရမှာပါလေ။ “ဝယ်တုန်းက ဘယ်လောက်ပေးရတယ်။ ပြန်ရောင်းရင် ဘယ်လောက်ရနိုင်တယ်။” ဆိုတဲ့ မျက်စိနဲ့ကြည့်ရင် ကိုယ်လိုကောင်က နှစ်ပြားမတန်တဲ့ ဆရာဝန်အစုတ်ပလုပ်ပါနော်။

ကိုယ်လည်းပဲ အဲ့ဒီအရာတွေကို နတ်က ရာ ကျီးမော့ဖူးပါတယ်။ ကလေးဘဝအရွယ်၊ ခပ်ငယ်ငယ် အချိန်တွေကပေါ့။ ကိုယ့်အဖွားက ကိုယ့်ကို သန္တာကျောက် ရဲရဲလေးနဲ့ ရွှေလက်စွပ်သေးသေးလေး စဆင်တာ လေးတန်းလောက်အရွယ်မှာ ထင်ပါရဲ့။ အလိုလေး။ ကိုယ့်လက်ကိုယ် ကြည့်လို့မဝ။ ဘယ်နားသွားထားရမှန်းတောင် မသိ။ အိမ်သာတက်ရင် အော့အော့တေ ပေမှာစိုးလို့ လက်စွပ်ကလေး ချွတ်ပြီးတော့မှ ရေဆေးသုတ်သင်တယ်။ တရက်တော့ မေ့ပြီး အိမ်သာထဲမှာ ကျန်ခဲ့ရော။ နှ မျောလို့ ငိုလိုက်ရတာ။ ပြန်တွေ့တော့ ဝမ်းသာလွန်းလို့။ လက်စွပ်ကဖြင့် တက်နင်းမိလို့ ပြားတောင်နေပြီ။ အညာပြန်ရင် လမ်းမှာ ဓါးပြတိုက်မှာစိုးလို့ အဲ့ဒီလက်စွပ်ကလေးကို ဝှက်လိုက်ရတာ။ ဘယ်နားထားထား စိတ်မချဘူး။ ပစ္စည်းရဲ့တန်ဖိုးကသာ ဘာမှ မရှိတာ။ ပျောက်သွားမှာစိုးတဲ့သောကက ပိုပါတယ်။

၆ တန်းနှစ်ကိုရောက်တော့ အဖွားက ဆွဲကြိုးမျှင်မျှင်လေးတစ်ကုံး ဆင်ပါတယ်။ ဝိဒေဟရာဇ်ပုတ်သင်က ဘယ်လိုနေမှန်း မသိပေမယ့် ကိုယ့်မှာတော့ ဘတ်စကားစီးတိုင်း အနားကပ်လာသမျှလူကို ခါးပိုက်နှိုက် အထင်နဲ့ မယုံသင်္ကာ ကြည့်တော့တာပဲ။ ကားပေါ်ကဆင်းတိုင်း လည်ပင်းလေး အရင်စမ်းတဲ့ အကျင့်ရသွားတယ်။ ရွှေတစ်ပဲသားဆင်လိုက်လို့ အရောင်တွေအဝါတွေ တက်မလာပေမယ့်လည်း “ဒါလေးက ငါ့ဟာလေ။” ဆိုတဲ့အသိစိတ်နဲ့ ဥစ္စာချောက်လိုက်ရတာများ။ ယောက်ကျားလေးပေမယ့်လည်း ကိုယ့်အဖွားက ရွှေတွဲလဲ ငွေတွဲလဲဖြစ်အောင် စုဆောင်းပေးတဲ့ သဘောပါပဲ။ လူကြီးသူမဆိုတော့ လက်ထဲငွေပိုငွေလျှံလေးများ ရှိလာရင် အရွယ်ရောက်လာတဲ့မြေးတွေကို လူစေ့အောင် ဆင်ချင်တာပေါ့လေ။ မုဆိုးမလုပ်စာဆိုတာ တိုးပွါးရင်းနှီးလောက်အောင်တော့ ဘယ်ဟုတ်မလဲ။ ဒီလိုပဲ ချိုးခြံချွေတာပြီး အဖတ်တင်အောင် စုခဲ့ရတာပေါ့။

ရွှေငွေ၊ လက်ဝတ်လက်စား ဆိုတာ မရှိ ဝမ်းစာ၊ ရှိ တန်းဆာတဲ့။ လုပ်ငန်း ကိုင်ငန်း၊ စီးပွါးရေးဆိုတာ ရေစီးတစ်ခါ ရေသာတစ်လှည့်တော့ ရှိတာပေါ့။ အလုပ်အကိုင် မကောင်းလို့ ငွေရေးကြေးရေး ကြပ်တည်းတဲ့အခါဆိုရင် ကိုယ်တို့ကလေးတွေကို ဆင်ထားတဲ့ ရွှေတိုရွှေစတွေကို လက်ဖျားနဲ့တောင် မထိကြပါဘူး။ သူတို့လက်ဝတ်လက်စားတွေထဲကပဲ ငွေပြန်ဖော်ကြတယ်။ သူတို့ ဘယ်လို ခက်ခက်ခဲခဲ စုဆောင်းရမှန်းသိတော့ ကိုယ်တို့ကလည်း တန်ဖိုးထားတာပေါ့။ အဖိုးအဖွားပေးတဲ့ အမွေပဲဟာ။ ငွေကြေးနဲ့ဖြတ်တဲ့တန်ကြေးထက် အများကြီး ပိုတန်ဖိုးရှိတယ်။ အဖေဆုံးပြီးတဲ့နောက် ကိုယ်လည်း ဆေးကျောင်းတက်ရတော့မယ် ဆိုတဲ့အခါ အဖွားက မြေးမတွေကိုကျော်ပြီး ကိုယ့်ကိုသာ နတ်အိုးရွှေချ တသသ ထားတော့တယ်။ အများကြီးလည်း မဝယ်နိုင်တော့ ကျောက်ကလေးတွေ ကောင်းကောင်းသန့်သန့်ရရင် ရွှေရှာပြီး လက်စွပ်ကလေးတွေ ကွင်းပေးတယ်။ တစ်ကွင်းတည်းပဲ ဝတ်တယ် ဆိုပေမယ့် နေ့တိုင်း ဒါချည့်ပဲ မဝတ်စေချင်လို့ လေးငါးဆယ်ကွင်းလောက်ကို ဗူးကလေးနဲ့ ထည့်နိုင်အောင် စုပေးတယ်။ စိန်ပွဲစား၊ ကျောက်ပွဲစားတွေ အဖွားဆီလာရင် သူလည်း “မှန်းစမ်း။ မှန်းစမ်း” နဲ့ စိန်ကဲကျောက်ကဲခတ်ပြီး “ငါ့မြေးဖို့။ ငါ့မြေးဖို့။” နဲ့ လုပ်ရတာ ကျေနပ်နေတယ် ထင်ပါရဲ့။ အဖွားနဲ့ ပွဲစားတွေရဲ့အလယ်မှာ ကိုယ်လည်းပဲ ယောက်ကျားလေးတန်မဲ့ “စိန်ကြောင်နီလာ၊ ဂေါ်မုတ်၊ ဥဿဖယားစီ၊ ပတ္တမြား၊ မြ၊ ဣန္ဒနီ” ဆို တီးမိခေါက်မိ ရှိလာတာပါပဲ။

အဖွားအကြောင်းကို ပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခြိမ့်ကေကို နဲ့တူတယ်ဆိုတာ ရွဲ့ပြောတာ မဟုတ်ပါဘူး။ တကယ်တူတာပါ။ သူလည်းပဲ အငယ်ဆုံးသားလေးမို့ သူတို့တအိမ်လုံးက ဖူးဖူးမှုတ် အလိုလိုက်ထားသလို ကိုယ့်ကိုလည်း မြေးဦး သားဦးလေးမို့ ရွှေပေါ်မြတင် ထားကြပါတယ်။ သူတို့သဘောက ကိုယ့်ကို မညှိုးငယ်အောင် ထားတယ် လို့ ယူဆသလို ကိုယ့်ဘက်ကလည်း ဘယ်တော့မှ ညှိုးညှိုးနွမ်းနွမ်း မနေပါဘူး။ သူများတွေအတွက် ဒီဟာ ဘာမှ မဟုတ်လောက်သော အသေးအမွှားပေမယ့်လည်း ကိုယ့်အိမ်က ကိုယ့်ကို အမြတ်တနိုး ချိုးခြံချွေတာပြီး ဆင်တာမို့လို့ တန်ဖိုးထားပါတယ်။ အဲ့ဒီတန်ဖိုးက ပြန်ရောင်းရင် ဘယ်လောက်တော့ ရနိုင်တယ် ဆိုတဲ့ ကာလပေါက်ဈေး တန်ကြေး မဟုတ်ပါဘူး။ မိသားစုရဲ့ စေတနာ၊ မေတ္တာတွေက တန်ဖိုးဖြတ်လို့ ရတာမှ မဟုတ်ပဲ။

ဆေးကျောင်းပြီးလို့ ဟောက်ဆာဂျင် ဆင်းတဲ့အခါ အဖွားက ကိုယ့်ရှေ့ရေးအတွက် ရေကျော်ထဲမှာ တိုက်ခန်းလေးတစ်ခန်း ဝယ်ပေးပါတယ်။ သူ့ခမျာ ရှိလို့တော့ မဟုတ်ပါဘူး။ သူဝတ်နေတဲ့ အထုပ်အထည် လက်ဝတ်လက်စားလေးတွေကို ထုခွဲရောင်းချပြီး ဝယ်ပေးတာပါ။ ကိုယ်တို့မောင်နှမ ၆ ယောက်က အပြိုင်းအရိုင်း အရွယ်ရောက်လာပြီ။ ခြေဆန့်လက်ဆန့် နေစရာအိမ်ခန်းလေးတစ်ခုတော့ လိုလာပြီ မဟုတ်လား။ ဒါပေမယ့် ပစ္စည်းတွေ သွားရောင်းတဲ့အခါ အဖွားက စိတ်မကောင်းဘူး။ “နောက်ကျ ငါ့ ပြန်ဝယ်ပေးရမှာနော်။” လို့ ပြောတယ်။ အဲ့လိုကျတော့ ကိုယ်လည်း စိတ်မကောင်းဘူး။ သူက ဝယ်ပေးစရာလိုလို့လား။ ကိုယ်တို့အားလုံး သူ့ဆီက လက်ဖြန့်တောင်းသုံးနေရတဲ့ဥစ္စာ။ ဒီတစ်ခါမှာလည်းသူက မြေးတွေကို ဆင်ထားတဲ့ လက်ဝတ်လက်စားတွေကို မျက်စောင်းတောင် မထိုးပါဘူး။ ကိုယ့်ဆင်ထားတာ ကိုယ်အပိုင် လို့ ပြောတယ်။

ကိုယ်တို့က စိန်တွေရွှေတွေ၊ လက်ဝတ်လက်စားတွေ အကြောင်းပြောနေတာ တချို့လူတွေအတွက်ဆို အင်မတန် ရယ်စရာကောင်းမလား မသိပါဘူး။ ဘာမှ ဟုတ်တိပတ်တိ မဟုတ်ဘူးဗျ။ ခါးဝတ်ခါးစားအပြင် ထသွားထလာ တစ်ဆင်စာ၊ နှစ်ဆင်စာလောက်ပဲ အပို ရှိကြတာ။ ရွှေရိုးလို့ မိုးကြိုးလည်း ဆင်စရာ မရှိဘူး။ ရှိတယ်၊ ဝတ်တယ်၊ ပါတယ် ဆိုရုံကလေး။ ကိုယ်တို့အိမ်က ဂုဏ်ဆာချင်ရင် စိန်နဲ့ရွှေနဲ့ ဂုဏ်မဆာဘူး။ ပညာ နဲ့ ရုပ်ရည် နဲ့ ဂုဏ်ဆာတာ။ အမေတွေ၊ အဒေါ်တွေ၊ အမတွေ ခေတ်အဆက်ဆက် ကိုယ်တို့မျိုးရိုးထဲ ရွက်ကြမ်းရေချို တစ်ယောက်မှ မပါဘူး။ အကုန်လုံး ကြည့်ကောင်းကြတယ်။ သူ့ခေတ် သူ့အရွယ်မှာ ခပ်သိမ်းကလျာ ရှုဖွယ်သာတည့်။

အမျိုးသမီးတွေ ကြီးစိုးတဲ့ ကိုယ်တို့အိမ်မှာ ကိုယ့်ကို ယောက်ကျားလေးဖြစ်လျက်နဲ့ ဆွဲကြိုးတွေ၊ ဟန်းချိန်းတွေ၊ လက်စွပ်တွေ ဆင်ထားတယ်ဆိုတော့ ဒီတစ်ခါတော့ ဘနားနားလေး တောင်ပြုံးသွားသလို မျက်စိထဲမှာ မြင်နေမလား မသိပါဘူး။ ဝါသနာပါလှတယ် မဟုတ်ပေမယ့် ဘဝမှာ နောင်ရေးဆိုတာ ဘာမှန်းမသိတာမို့ အဖွားက ဆင်ပေးတုန်းလေး ဝမ်းသာအားရ ယူထားလိုက်တာက လောဘ လို့ ဆိုရင်တောင် မတော်လောဘတော့ မဟုတ်ပါဘူး။ ရွှေခင် ငွေခင် မြင်မြင်သမျှ ပူဆာနေတာမှ မဟုတ်ပဲ။

အဲ့ဒီစိန်တွေရွှေတွေထက် တကယ်တမ်း ဘာကိုခင်သလဲဆိုတာ အဖွားဆုံးတော့ သဘောပေါက်လာတယ်။ ဘာမှ မလိုချင်တော့ဘူး။ အဲ့ဒီပစ္စည်းတွေက အဖွားပေးသွား၊ အဖွားဆင်သွားတာမို့လို့ ကိုယ့်အတွက် တန်ဖိုးရှိတာ။ အခု အဖွားမရှိတော့ အဲဒါတွေ တန်ဖိုးမရှိတော့ဘူး။ လိုလည်း မလိုချင်တော့ဘူး။ အဖွားဝတ်နေကျ လက်ဝတ်လက်စားတွေကိုလည်း မကြည့်ရက် မမြင်ရက်တော့ဘူး။ ဘုရားဌာပနာဖို့ ကြယ်သီးတစ်စုံယူပြီး ကျန်တာတွေ မေမေထား (ကိုယ့်အဒေါ်) ကို အပ်လိုက်တယ်။ လူကို ဆုံးသွားပြီးတဲ့နောက် ဘာကိုမှ မရချင်တော့ဘူး။ ကျေးဇူးတရားတွေကိုပဲ တသက်လုံး အောင့်မေ့သွားမှာပေါ့။ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုနဲ့ အသိဉာဏ်တွေ အားလုံးဟာ ကိုယ့်အဖွားပေးခဲ့တဲ့ အမွေပဲ မဟုတ်လား။

အဖွားက ကိုယ့်ကိုဆင်ပေးထားတဲ့ လက်ဝတ်လက်စားတွေကိုတော့ အိမ်ထောင်ကျတဲ့အခါ အမေ့ကို အကုန်ပြန်အပ်ခဲ့တယ်။ ကိုယ့်ဘဝရှေ့ရေးကို ပညာနဲ့ပဲ ရပ်တည်တော့မယ်။ အဲ့ဒါတွေ မလိုတော့ဘူး။ လည်ပင်းကြီး ဟောင်းလောင်းနဲ့ ကြည့်မကောင်းပါဘူး ဆို အတင်းပေးတဲ့ ဆွဲကြိုးကိုတောင် နောက်ကျတော့ ကျောင်းတော်ရာဘုရား ရွှေသင်္ကန်းကပ်ဖို့ လှူလိုက်တယ်။ အဲ့ဒီအချိန်က စလို့ ကိုယ့်ကိုယ်ပေါ်မှာ ရွှေဆိုလို့ မူးလို့တောင် ရှူစရာမရှိအောင် ကင်းစင်သွားတော့တာပဲ။ ဆာဂျင်ဖြစ်တဲ့အခါ အဖွားတစ်ယောက်က ရွှေလက်စွပ်တစ်ကွင်း လာကန်တော့တယ်။ ဘယ်လိုမှ ပြန်ပေးလို့လည်း မရဘူး။ ကိုယ်လည်း ယူမထားချင်ဘူး။ ဒါ လာဘ်စားတာ မဟုတ်ဘူးလား။ အဲ့ဒါနဲ့ ဘာလုပ်ရမှန်းမသိတော့ ရခိုင်က မွေးစားသားလေးဆီ လူကြုံနဲ့ ပို့လိုက်တယ်။ ကိုယ့်အဖွားက ကိုယ့်ကို ဆင်သလို ကိုယ်အလှည့်ကျလည်း မပြည့်စုံတဲ့ကလေးတွေကို ဆင်တာပေါ့။ တန်ဖိုးက အဓိက မဟုတ်ဘူး။ မေတ္တာကသာ ပဓာနပါ။ ကိုယ့်ကိုပေးတဲ့ အမိုးကလည်း မေတ္တာနဲ့ပေးတာ။ ကိုယ်ကလည်း သားချေကို မေတ္တာနဲ့ပဲ လက်ဆင့်ကမ်းလိုက်တာ။ အဲ့ဒါက အလျော့တွက်၊ လက်ခ မပါဘူး။ ဒီလိုပဲ ကောင်းပါတယ်။

စိန်တွေကျောက်တွေ မူးလို့တောင် ရှူစရာမရှိတဲ့ ဆာဂျင်ကလေးဟာ အခုဆိုရင် ရွှေတွေ ပိဿာလိုက် ထွက်တဲ့နေရာ၊ ကျောက်စိမ်းတွေ တန်နဲ့ချီ ထွက်တဲ့နေရာမှာ ဆေးထိုင်ကုနေတာ ၄ နှစ်တောင် ရှိသွားပါပြီ။ အရင်လိုပါပဲ။ အရင်အတိုင်းပါပဲ။ ဘာဖြစ်လို့ဆိုတော့ သူတန်ဖိုးထားတာက စိန်ရွှေရတနာတွေ မဟုတ်လို့ပါ။ အယ်လိဇဘက်ဘုရင်မကြီးရဲ့ နန်းစဉ်ရတနာတွေက တန်ဖိုးဖြတ်လို့တောင် မရမှန်း သိပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်တော့ အဲ့ဒါတွေက ဆိုင်းဝိုင်းထဲက မှန်စီရွှေချတွေလိုပဲ သဘောထားတယ်။ စိန်ကဲ၊ ကျောက်ကဲ၊ ရွှေကဲ၊ လူကဲ။ ဘာကဲမှ မခတ်ချင်ဘူး။ ကိုယ့်တန်ဖိုးနဲ့ကိုယ်နေတယ်။ ငွေကြေးနဲ့တော့ ဈေးလာမဖြတ်နဲ့။ ရောင်းဖို့ မဟုတ်ဘူး။ အလကားပေးဖို့ထားတာ။ ပညာ နဲ့ လုပ်အားကို ကြေးသင့်လို့ ရချင်ရမယ်။ ကိုယ့်ဘက်ကထားတဲ့ စေတနာကိုတော့ မြင်နိုင်မှာလည်း မဟုတ်ဘူး။ နားလည်မှာလည်း မဟုတ်ဘူး။ ကျောက်အောင်တဲ့လော်ပန်လောက်၊ ရွှေကြောမိတဲ့ ပေါ်လိန်လောက် ကိုယ့်မှာ တန်ဖိုးမရှိတာ ကိုယ့်ဘာသာကိုယ် အသိဆုံး။ ငါ့တန်ဖိုးကို ငါမရှိတော့မှ သိမယ် ဆိုပြီး ကြော်ငြာဝင်နေတာ မဟုတ်ပါဘူး။ ဘယ်သူမှမှ သိစရာ မလိုတဲ့ဟာ။ အရှိ အရှိအတိုင်းပဲ။ အဖိုးသားနားတို့၊ တန်ရာတန်ကြေးတို့ဆိုတာ အသပြာငွေကြေးနဲ့ ဖလှယ်လို့ရတဲ့နေရာတွေမှာသာ အဓိပ္ပါယ်ရှိတာ။ ကိုယ့်အဖွားက ကိုယ့်ကိုကျွေးတယ်၊ ဆင်တယ် ဆိုတာ နောင်တချိန်မှာ သူ့ကိုပြုစုမယ့်သူ ရှိအောင်လို့ ဆိုတဲ့ အတုန့်အလှည့်ကို မမျှော်ကိုးဘူး။ သူဆင်​ပေးတဲ့လက်ဝတ်ရတနာတွေဟာလည်း သူဌေးအိမ်ရောက်သွားရင် ကျောက်ဖြုံးလေးတွေ၊ အညံ့ပန်းလေးတွေရယ်လို့ အထင်သေးချင် သေးကြလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အဖို့မှာတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ရောင်းစားမှာမှ မဟုတ်တာ။ အလကားပေးမှာလေ။ အဲ့ဒီအထဲမှာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ စေတနာတွေ ပါတယ်။ ကိုယ့်ကိုပေးတုန်းက စေတနာနဲ့ ပေးသလို ကိုယ်ကပြန်ပေးတဲ့အခါလည်း စေတနာအပြည့်နဲ့ပဲ ပြန်ပေးတယ်။ ကိုယ်တို့မျိုးရိုးဟာ အထက်မျိုးဆက်က အောက်မျိုးဆက်ကို အဲ့သလိုပဲ မေတ္တာ စေတနာ အပြည့်အဝနဲ့ လက်ဆင့်ကမ်းတာမို့ သူများတွေအတွက် အဖိုးတန်ချင်တန် မတန်ချင်နေ။ ကိုယ်တို့ကတော့ တန်ဖိုးထားဆက်ခံကြတယ်။ ကိုယ်စစ်ရှုံးမှာကြောက်လို့ ကလေးတွေအတင်းဖမ်းပြီး စစ်တိုက်ခိုင်းတဲ့ အမျိုးယုတ်တွေနဲ့တော့ နှိုင်းယှဉ်စရာကို မဟုတ်တာပါလေ။