အကြင်နာစစ်ရင်

ဒီမှာရောက်နေတာ လေးနှစ်ရှိပြီဆိုတော့ ရာသီအပြောင်းအလဲတွေက အဆန်းတကြယ် မရှိတော့ပါဘူး။ နေသားကျလာပြီ လို့ ဆိုရမယ်။ အခုက မိုးတွင်းဆိုတော့ မိုးတွေ တအားရွာတယ်။ ချောင်းရေတွေ မြင့်တက်လာပြီး တခါတခါ တောင်ကျရေတွေ တလဟော ဆင်းလာတတ်တယ်။ တချို့နေရာတွေမှာ ကမ်းပါးပြိုပြီး တံတားလေးတွေ မျောပါသွားကြတယ်။ လွင်ပြင်ချိုင့်ဝှမ်းတွေက ရေပြင်ကျယ်ကြီး ဖြစ်သွားတယ်။ ဒါတွေက နှစ်တိုင်းဖြစ်နေကျ အပြောင်းအလဲတွေပါ။ ငှက်ဖျားတွေ မတရားပေါတဲ့ရာသီ ရောက်လာပြီလေ။ ကိုယ်တို့လည်း ငှက်ဖျားဖြစ်ကြတယ်။ ဒါလည်း မထူးဆန်းတဲ့ကိစ္စ။ မနှစ်က ဆေးသင်တန်းဆင်းသွားတဲ့ကလေးတွေဆို ရောက်ရာအရပ်မှာ ငှက်ဖျားကုနိုင်ပါလိမ့်မယ်။ ဆေးရဖို့ကတော့ တော်တော်ရုန်းကန်ရမှာပေါ့။ စစ်ခွေးတွေက လေယာဉ်နဲ့တင် ဗုံးကြဲတာ မဟုတ်ဘူး။ ဆေးဝါးသယ်တဲ့လမ်းကြောင်းမှာလည်း ဒလန်တွေ၊ ထောက်လှမ်းရေးတွေနဲ့ အသည်းအသန် ဖမ်းဆီးသိမ်းယူနေတယ်။ ကိုယ်တို့ဘက်မှာ ထောက်ပို့ နဲ့ ထောက်လှမ်းရေးတွေ အရေးတကြီး လိုအပ်လာတာတော့ အမှန်ပဲ။ လွတ်မြောက်နယ်မြေထဲက သီတာယုမွန်၊ ဝါသဝလောက်ကိုတောင် လက်ဖျားနဲ့မတို့နိုင်ပဲ မအလ ကို အသေခံဗုံးခွဲမယ်ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်လိမ့်မယ်။ လုပ်စရာတွေက အများကြီး။ အာရုံတွေရော၊ အင်အားတွေရော၊ အချိန်တွေရော ဘယ်အရာမှ အပြုန်းတီး မခံနိုင်ပါဘူး။ အကြံအစည် စိတ်ကူးတွေ လက်တွေ့ဖြစ်လာဖို့က အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရတယ်။

ရှေ့တန်းမှာ အသက်နဲ့ရင်းပြီး စစ်တိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေလည်း ဒီအတိုင်းပဲ ရှိလိမ့်မယ်။ ဆိုင်ထားတဲ့ စစ်မျက်နှာတွေမှာ တအိအိနဲ့ နောက်ဆုတ်ပေးနေရတာ တွေ့ပါလိမ့်မယ်။ ဖားကန့်ကို ဝင်မွှေနေပြီ။ နောင်ချိုအထိ တက်လာနိုင်ပြီ။ ဧရာဝတီမြစ်ထဲက ဆန်တက်လာကြပြီ။ အမေရိကန်အစိုးရဆီက အရှင်မင်းမြတ် လို့ ခေါင်းစဉ်တပ်ထားတဲ့စာကိုရပြီ။ ကိုယ်တို့ဘက်က ဒီအတိုင်းဆက်သွားနေရုံနဲ့တော့ မလုံလောက်သေးဘူး ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံ ကြားနေရပါပြီ။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် ၆၀-၁၀၀ လောက် စစ်ဘိနပ်အောက်ရောက်သွားမှာ မကြောက်ဘူးလား။ ဒီတော်လှန်ရေးကို အစကပြန်စနေရမှာ မကြောက်ဘူးလား။ အဲ့ဒီနှစ်ခုကိုကြောက်ရင် “ရှိရှိသမျှ အားကုန်သုံးပြီး တွန်းကြပါဦး။ ဝင်ကူကြပါဦး။” လို့ ပြောချင်တာပါ။ ပိုက်ဆံအလှူခံနေတာ မဟုတ်ပါဘူး။ ပြည်တွင်းကလူတွေ တော်လှန်ရေးမှာ ဝင်ပါစေချင်တာပါ။ ကြောက်တတ်တိုင်းဝန်ကင်းတာမှ မဟုတ်တာ။ အခုဆို “အိမ်ထောင်စုစာရင်းထဲက ၁၈-၃၅ တွေ ရောက်တဲ့အရပ်က ပြန်ခေါ်ပေး။ မခေါ်နိုင်ရင် လူစားပြန်ရှာပေး။ မပေးနိုင်ရင် အိမ်ထောင်ဦးစီး ထောင်ထဲဝင်” ဆိုတဲ့အထိ လုပ်နေကြပြီ။ ဒီအချိန်ထိ ငုံ့ခံနေကြတာ မလွန်လွန်းဘူးလား။ ရပ်ကွက်ထဲမှာ ပျူတွေ အုပ်ကြီးတွေကို ခြေသလုံးဖက်၊ မျက်နှာချိုသွေးပြီး ဆက်ဆံနေကြတုန်းပဲလား။ ကိုယ့်ဘဝကိုယ် အလွတ်ရုန်းဖို့ ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ်တို့လည်း ကိုယ့်အသက် ကိုယ့်ဘဝကိုယ် ကယ်တင်နေရတုန်းပဲ ရှိသေးတာ။ လာမကယ်နိုင်သေးဘူး။

စိတ်ပျက်ဖို့ အားငယ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ လက်ရှိကိုယ်တို့အားထုတ်မှုဟာ လောလောဆယ် အချိန်အခါအတွက် အရွေ့မရှိသေးဘူး။ ဒီထက်ပိုပြီးအားစိုက်နိုင်ရင်စိုက်၊ မစိုက်နိုင်ရင် တစ်နည်းတဖုံ ကြံစည်ရဦးမယ်။ ဘယ်သူလာကူနိုးကယ်နိုးမှ မျှော်လင့်မနေပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရဦးမယ်။ နေနိုင်သူတွေ၊ နေစိမ့်သူတွေ ဝင်မကူရကောင်းလား လို့လည်း မငြီးငြူပါဘူး။ အားလုံးဝင်တွန်းရင် အခုချက်ချင်း ရွေ့မယ်။ မတွန်းလို့ မရွေ့တော့လည်း နေပေါ့။ ကိုယ်တစ်ယောက်တည်း အဖိနှိပ်ခံရတာ မဟုတ်ဘူး။ သူတို့လည်း အဖိနှိပ်ခံရတာပဲ။ ခံနိုင်လို့ခံတာ ခံပစေ။ ကိုယ်ကတော့ မခံနိုင်လို့ ခရီးအစမှာကတည်းက လွတ်အောင်ရုန်းထွက်ခဲ့တယ်။ ဘယ်သူမှ မကျန်လည်း ကိုယ်တစ်ယောက်တည်း ဆက်တော်လှန်မှာပဲ။ “လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ။” ဆိုတာ ပါးစပ်ဖျားလေးနဲ့ သူများစားတုန်းသောက်တုန်း အော်ဆိုပေးရတဲ့ သီချင်း မဟုတ်ဘူး။ ရင်ထဲကလာတဲ့ ခံယူချက်။

ဒီလမ်း ဒီခရီးကိုလျှောက်ဖို့ ဘယ်သူကမှ တိုက်တွန်းခိုင်းစေခဲ့တာ မဟုတ်ဘူး။ ကိုယ့်စိတ်သဘောနဲ့ကိုယ် ရွေးချယ်ခဲ့တာ။ ဒီလောက်ကြာမယ် မထင်လို့ ထွက်ခဲ့မိတာလည်း မဟုတ်ဘူး။ အချိန်ကာလ ဘယ်လိုပဲ ရှိပစေ။ အဆုံးထိရောက်အောင်သွားမှာ။ ဆေးရုံ ၂ ရုံ ပျက်စီးသွားတဲ့အခါ “မတော်သေးဘူးလား။ နိုင်ငံခြားကို ထွက်ပါတော့လား။ ဘာဖြစ်လို့ တောထဲမှာ ဆက်နေရတာလဲ။ ၈၈ တုန်းကလို နောက်ထပ် အနှစ် ၃၀ ကျော်ကြာသွားရင် ဘယ်လို လုပ်မလဲ။” လို့ လာလာမေးကြပါတယ်။ “လေးနှစ် လုံးလုံး အလကားခွဲစိတ်ပေးတာတောင် ကိုယ့်အသက်ကို လုံခြုံအောင် စောင့်ရှောက်မပေးတဲ့ အရပ်မှာ ဘာအတွက်နဲ့ ဆက်အလုပ်လုပ်ပေးရမှာလဲ။” လို့လည်း ပြောကြတာပဲ။ စေတနာနဲ့ပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ့်သဘောထားကို နားမလည်ကြသေးဘူးပဲ။ မင်းအောင်လှိုင်က မေ့မေ့ခြေဖဝါးကို နဖူးကြီးနဲ့ ဦးတိုက်ပြီး တောင်းပန်လို့ မေမေက ခွင့်လွှတ်ချင် ခွင့်လွှတ်လိမ့်မယ်။ ကိုယ့်အဖို့က အမုန်းတွေ ရန်ညှိုးတွေနဲ့ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ ဒါကြောင့်မို့ ခွင့်လွှတ်တယ်တွေ ခွင့်မလွှတ်ဘူးတွေ မရှိဘူး။ စံနစ် မပြောင်းမချင်း ဆက်တော်လှန်မှာ။ မင်းအောင်လှိုင် သေလို့ စိုးဝင်း၊ အောင်လင်းဒွေး၊ ရာပြည့်၊ ကျော်စွာလင်း၊ တက်ချင်တဲ့ကောင်တက်။ နောက်ဆုံးမှာ “စစ်တပ်က ရွေးကောက်ခံအစိုးရအောက်မှာနေပါ့မယ်။ ကာ/ချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီးအောက်က ညွှန်ချုပ်တစ်ယောက်ရဲ့ ရာထူးပဲ ရှိပါတယ်” ဆိုတာ လက်ခံနိုင်မှ ငြိမ်းချမ်းရေးဆွေးနွေးလို့ရမယ်။ နိုင်ငံတော်အင်္ဂါစဉ်မှာ “ဒါ နင့်နေရာ” လို့ အတိအလင်းကြီး ဥပဒေက ဆိုထားတာတောင် ကိုယ့်နေရာကိုယ်မသိပဲ လောဘဇောတိုက်နေတဲ့ စာမတတ်ပေမတတ်ကောင်တွေကို တင်းကုပ်ပြန်ပို့ပြီးမှ စားပွဲဝိုင်းမှာထိုင်ပြီး လူလိုသူလို ဆွေးနွေးလို့ရမှာ။

ဒီအခြေအနေ မရောက်မချင်းတော့ အိမ်ပြန်စရာ အကြောင်းမရှိသေးပါဘူး။ မပြန်ရလို့လည်း ဘာမှ မဖြစ်ဘူး။ ဒီမှာ နေသားကျနေပြီ။ နိုင်ငံခြားကိုထွက်သွားပြီးမှ “ငါ ဘာမှလည်း လုပ်မပေးနိုင်ပါလား။” ဆိုတဲ့ နောင်တစိတ်နဲ့ အသက်မရှင်ချင်ဘူး။ လှိုင်သာယာမှာကတည်းက အဲ့ဒီခံစားချက်ကို ကောင်းကောင်းသိတယ်။ ကိုယ့်ဘဝရဲ့ အဲ့ဒီအရှေ့က အတိတ်ကာလကို ပြည်ဖုံးကားချခဲ့ပြီ။ ပြန်ရောက်ချင်လည်း ရောက်မယ်။ မရောက်ချင်လည်း မရောက်ဘူး။ ပြန်လှည့်လို့ရတဲ့ကိစ္စ မဟုတ်သလို ပြန်တမ်းတနေဖို့လည်း အချိန်မရှိဘူး။ လှထုံတို့ရွာမှာ တဖြတ်ဖြတ်ခဲ့တယ်။ ချန်ဂင်တို့စခန်းကိုလည်း တခန်းရပ် ဇာတ်သိမ်းခဲ့တယ်။ အခု ဘဝတကွေ့ ဇာတ်လမ်းအသစ် စပြီ။ ဒီအထဲမှာပဲ အာရုံတွေ ရှိတယ်။ အတိတ်ကိုလွမ်းပြီး အိမ်မပြန်ချင်သလို အနာဂတ်ကိုမျှော်ပြီး “တော်လှန်ရေးကြီး ဘယ်တော့ပြီးမှာလဲ။” လိုက်မမေးဘူး။ ဒီနေ့ မိုးရွာတယ်။ ဒီနေ့နေသာတယ်။ ဘာလုပ်မှာလဲ။ ဒါပဲ စဉ်းစားတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်နဲ့ရှိနေတဲ့သူက ကိုယ့်မိသားစုပဲ။ ကိုယ်နဲ့အတူ တိုက်ပွဲဝင်နေတဲ့သူက ကိုယ့်ရဲဘော်ရဲဘက်ပဲ။ ကိုယ့်အသက်ကို သူတို့စောင့်ရှောက်သလို သူတို့အသက်ကိုလည်း ကိုယ်စောင့်ရှောက်ရမယ်။ ရပ်တံ့လို့မရတဲ့အတွက် အလုပ်တွေ လုပ်နေရတယ်။ လုပ်နေသမျှ အလုပ်အားလုံးဟာ တော်လှန်ရေးအတွက် အထောက်အကူဖြစ်ဖို့ပဲ အရေးကြီးတယ်။ စိတ်ဓါတ်တွေ ကျစရာ တက်စရာ မရှိဘူး။ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး emotional drive နဲ့ မောင်းနှင်နေတာ မဟုတ်ဘူး။ အနိမ့်အမြင့် အတက်အကျ ဘယ်လိုပဲ ရှိရှိ၊ ဦးတည်ရာ မပျောက်ပဲ တစိုက်မတ်မတ် ခရီးဆက်နေတယ်။

ကိုယ့်လိုပဲ ဒီမှာစစ်တိုက်နေတဲ့ကလေးတွေလည်း ဘယ်သူမှ အိမ်မပြန်နိုင်ကြဘူး။ အိမ်မှာ သူတို့အဖေဆုံးတယ် လို့ သိရရင်တောင် ငိုရုံပဲ သူတို့တတ်နိုင်တယ်။ အဲ့ဒါကြောင့် သူတို့လည်း ဒီမှာရှိတဲ့လူကို မိသားစုအမှတ်နဲ့ ခင်တွယ်ရတယ်။ “အလွမ်း” ဆုံးတော့လည်း အညာကသူ့မိသားစု လိုက်မလာနိုင်ပါဘူး။ ကိုယ်တို့ပဲ မိသားစုလုပ်ပြီးသင်္ဂြိုလ်ခဲ့ရတာပါ။ တော်လှန်ရေးမိသားစု လို့ပဲ သဘောထားတယ်။ ကိုယ်တို့အတွက်က တော်လှန်ရေးမပြီးမချင်းဘယ်သူမှ အိမ်ပြန်မှာ မဟုတ်ဘူး။ တဘက်နိုင်ငံလည်း ကူးစရာ မရှိဘူး။ အခု ဆေးရုံမရှိတော့ သူတို့ရှေ့တန်းမှာ အရမ်းအားငယ်တာပဲတဲ့။ ဒါကြောင့်ကိုယ်လည်း မြန်မြန်ဆေးကုနိုင်ဖို့ ကြိုးစားနေတယ်။ ပြီးခဲ့တဲ့တပါတ်က သင်တန်းဆင်းတဲ့ ဆေးတပ်သားလေးတစ်ယောက် ကျသွားလို့ စိတ်မကောင်းဖြစ်ရတယ်။

ဒီအခြေအနေနဲ့ ကိုယ့်မှာ လွမ်းတော်မူလို့ စာကိုစီစရာ မရှိပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပြီ။ လက်ရှိအချိန်မှာ ကိုယ် ကျန်းမာနေသေးတယ်။ အခက်အခဲတွေရှိပေမယ့် ပြေလည်အောင် ဖြေရှင်းနိုင်သေးတယ်။ ခံစားချက်တွေကို အချိန်မပေးနိုင်သော်ငြား တွေးနိုင်စဉ်းစားနိုင်သေးတယ်။ စာတွေကိုရေးနိုင်သလို စောင့်ဖတ်မယ့်သူတွေလည်း ရှိသေးတယ်။ ဒီဟာတွေနဲ့လည်း တော်လှန်ရေးကို တွန်းလို့ရသလောက် တွန်းရွှေ့နေဦးမှာပဲ။ အနည်းဆုံးတော့ ကိုယ့်စာဖတ်တဲ့သူဟာ အမှား နဲ့ အမှန်ကိုတော့ သဲသဲကွဲကွဲ သိမြင်သဘောပေါက်သွားစေရမယ်။ စိတ်တူ သဘောတူ၊ ရင်ခုန်သံတူတဲ့သူတွေကို ခွန်အားဖြစ်စေရမယ်။ ကိုယ့်အကြောင်းကိုယ် ဟီးရိုးလုပ်ပြီး ရေးနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရောင်တင်တဲ့အလုပ်ဆို ဆံပင်တောင် ဆေးမဆိုးတော့ဘူး။ အရင်လို ကြည့်မကောင်းတော့လို့ ဟယ်လိုဒါလင် နှုတ်မဆက်ချင်လည်း ရတယ်။ အဲ့ဒါတွေ အရေးမကြီးတော့ဘူး။ “တနေ့တော့ မင်းပြန်လာဦးမလား။ ဟိုးတုန်းကလို ချစ်ဦးမလား။” အတွက် ကိုယ့်မှာ အဖြေမရှိ။ မနက်မိုးလင်းတိုင်းမှာ “အကိုကြီး တော်လှန်ရေးကြီးက ပြီးသွားပြီလား ဟင်။” ဆိုတဲ့ ခိုင်သင်းကြည် အသံလေး ကြားယောင်ပြီး နိုးထလာရတာ။ ပြီးတော့မှာပါ ညီမလေးရယ်။ အကိုကြီးတို့က စကစကိုတော်လှန်ပြီးလို့ NUG ကို ဆက်တော်လှန်တဲ့အဆင့်တောင် ရောက်နေပြီပဲဥစ္စာ။

ကိုယ်ရေးနေတဲ့ တော်လှန်ရေးဒိုင်ယာရီဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို မေ့ပျောက်မသွားအောင် မှတ်တမ်းချန်ချင်လို့ လို့ ပြောဖူးတယ်။ ဒါပေမယ့် အဲ့ဒီ စစ်ရာဇဝတ်မှုတွေက အာကာကိုလွှာပုံပြုရတော့မယ်။ ခုထက်ထိ ရေးလို့မှတ်လို့ မကုန်သေးဘူး။ တနေ့ထက်တနေ့ ပိုတိုးပြီး ယုတ်မာနေတာကလည်း အတောမသတ်နိုင်သေးဘူး။ မိုင်ကုန်နေပြီ။ ဂိတ်ဆုံးနေပြီ။ ဒီ့ထက်တော့ ပိုမဆိုးနိုင်တော့ဘူး ထင်ခဲ့တာလည်း မမှန်ခဲ့ဘူး။ မန္တလေးငလျင်ပြီးကတည်းက မြန်မာပြည်မှာ လေယာဉ်နဲ့ ဗုံးမကြဲတဲ့ရက်ဆိုတာ တစ်ရက်ကလေးတောင် မရှိခဲ့ဘူး။ လေတပ်ကကောင်တွေအတွက် “ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ။” ဆိုတာလည်း မရှိဘူး။ ပိတ်ရက် နားရက်မရှိ။ နေ့ရောညပါ ဗုံးကြဲနေတာ။ စကစကို ငလျင်အလှူငွေတွေ မပေးပါနဲ့။ အဲ့ဒီပိုက်ဆံတွေနဲ့ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေပါတယ် လို့ အတန်တန်ပြောနေပါသော်လည်း ဘယ်သူကမှ ကန့်ကွက်တားဆီးမပေးကြဘူး။ တရုတ် နဲ့ ရုရှားကဆို လက်နက်လည်းကူ၊ လူလည်းကူတဲ့အပြင် နိုင်ငံရေးအရပါ ဖိအားတွေပေးကြတယ်။ အခုဆို နောင်ချိုမှာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေတောင် တပ်ဆင်ထားပြီးပြီလို့ သတင်းတွေမှာ ရေးကြတယ်။

ကောင်းပြီလေ။ ဒါဆိုရင် ကိုယ်တို့ဘက်က ဘာဆက်လုပ်မလဲ။ ဘာမှ စဉ်းစားစရာ မလိုဘူး။ သူသေကိုယ်သေ ဆက်တိုက်မှာ။ အဲ့ကောင်တွေ အကုန်သေရင် ကိုယ်နိုင်မယ်။ ပွဲသိမ်းပြီ။ ကိုယ်သေသွားရင်ကော။ ဒါလည်းပွဲသိမ်းတာပဲလေ။ ကိုယ့်ဘဝ ကိုယ့်အသက်က တစ်ခါပဲ သေစရာရှိတယ်။ ခုမသေလည်း နောက််သေရမှာ။ ဘယ်လောက်မှ ကျန်တော့တာ မဟုတ်ဘူး။ သေသွားရင် လွတ်မြောက်ပြီ။ မသေပဲကျန်တဲ့သူတွေသာ သောက်သုံးမှ မကျတာ။ လွတ်အောင်မှ မရုန်းကြတာ။ သားစဉ်မြေးဆက် ကျွန်ခံကြပစေပေါ့။ ကိုယ့်သားသမီးကို ပေါ်တာလာမဆွဲမချင်း စောင့်နေတာကိုး။ ကိုယ့်အိမ်ပေါ် ဗုံးလာမကြဲမချင်း စောင့်နေတာကိုး။ ကိုယ့်မထိသ၍ မနာတတ်တဲ့သူတွေဟာ ကိုယ့်ထိလာတဲ့အခါမှာလည်း မကာကွယ်တတ်ကြပါဘူး။ သန်းဖေသတ်တာ ကမ္မက တကာ လို့ပဲ သဘောထားကြပေါ့။ အတူတူရုန်းရင် လွတ်နိုင်တယ်။ ၅ နှစ်လုံးလုံး အရှုံးမပေးတမ်း ရုန်းခဲ့လို့ ဒီနေ့ ဒီအခြေအနေထိ ရောက်လာတာ။ ကျွတ်လုချိန်ရောက်လို့မှ ဝင်မကူရဲသေးရင် အခု ရုန်းနေတဲ့သူတွေသေကုန်လိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ကိုယ့်ဘာသာ အစကပြန်ရုန်းနိုင်ရင်ရုန်း။ မရုန်းနိုင်ရင် ကျွန်ခံ။ ဒါပဲ ရှိတယ်။

ကိုယ့်ချည်းပဲ ရုန်းရတယ်။ တခြားသူတွေ ဝင်မရုန်းဘူး ပြောတာ မဟုတ်ပါဘူး။ ကိုယ်နဲ့အတူတူရုန်းတာ ဘယ်သူတွေပါသလဲ မသိပဲ ရှိပါ့မလား။ ဒါပေမယ့် ဒီလူတွေက ဒီလူတွေပဲ။ ထပ်တိုးမလာဘူး။ လျော့သွားတာပဲ ရှိတယ်။ ဟိုဘက်မှာက ဆန္ဒမပါပဲ အတင်းအကြပ် ဖမ်းခေါ်စစ်တိုက်ခိုင်းတာတောင် ၁၅ လ မပြည့်သေးဘူး။ အပါတ်စဉ် ၁၅ ရောက်နေပြီ။ ကိုယ်ဘယ်လောက် အသက်ထွက်အောင်ရေးရေး။ ကိုယ့်မှာ follower ၂ သိန်း မပြည့်ဘူး။ ဖြူဖြူထွေးမှာ ၇ သိန်းလောက်ရှိတယ်။ လူတွေဘယ်သွားပြီး ဘာလုပ်နေကြတယ် သိအောင် ပြောပြတာ။ လူတော်တော် များများက တော်လှန်ရေးကို အာရုံကို မရှိကြဘူး။ ဘယ်သူတွေ အသက်ပေးသွားရတယ်ဆိုတာလည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ ကိုယ့်ဆီမှာ စာလာဖတ်တဲ့သူ၊ ကွန်မန့်ပေးတဲ့သူဆို ကိုယ်အကုန်မှတ်မိတယ်။ ဒီလူ ဒီလူတွေပဲမို့။ အရမ်းကို လူသိရှင်ကြား ဖြစ်ချင်နေတာပဲ လို့ မအောင့်မေ့နဲ့။ ကိုယ့်ဘက်မှာ၊ တော်လှန်ရေးအင်အား ဘယ်လောက်ရှိသလဲ လို့ သိချင်တာ။ ဒါပဲရှိတယ်။ အာဏာကုန်ပဲ။ ဒီထက်တိုးမလာတော့ဘူး လို့ သဘောပေါက်တာ။

ဖြူဖြူကျော်သိန်း၊ မင်းမော်ကွန်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသုတို့ဆို ကိုယ့်ထက်အများကြီးသာတာပေါ့။ သူတို့မှာ သန်းနဲ့ချီတဲ့ ပရိသတ်တွေ စုဆောင်းပြီးသား ရှိတယ်။ ဒေါင်းရဲ့နားရွက်ပေါ်မှာ နှင်းဆီပန်းအနီလေး ပန်ပြတာဟာ တနိုင်ငံလုံးလှည့်ပြီး မဲဆွယ်တာထက် ပိုထိရောက်တယ်။ soft power ဆိုတာ အဲ့ဒါပြောတာ။ ဒါကြောင့်မို့ ကိုယ့်ဘက်ကလူတွေကို ဘာအကြောင်းနဲ့မှ လျော့မသွားစေချင်ဘူး။ ဖြူဖြူကျော်သိန်း မောလို့ ခနနားဦးမယ်ဆိုရင် သူ့အမ ညိုညိုကျော်သိန်းကြီး ထုတ်ပြပြီး “ဒါကြီးပဲ ကြည့်ထားနှင့်ကြပါ။ စက်ရုံတစ်ရုံတည်းက ထုတ်တာပါ။ မမညိုက ဖြုဖြူကျော်သိန်း Promax ပါ။” လို့ ပြောရင်လည်း ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုးပွါးလာတာကိုပဲ လိုချင်တာကိုး။ တကယ်တော့ ပြောမယ့်သာပြောတာပါ။ အမူးပြေရင် ထန်းပင်ကို မော့မကြည့်ပဲ ဘယ်သူမှ မနေနိုင်ကြပါဘူး။ ကိုယ့်ညီမလေးအကြောင်း ကိုယ်အသိဆုံး။ အပြင်ကလူတွေ တော်လှန်ရေးထဲ ဝင်ပါလာဖို့သာ ခက်တာပါလေ။ တော်လှန်ရေးနယ်ပယ်ထဲကလူတွေကတော့ ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ၊ တော်လှန်ရေးကို စွန့်ခွါသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ်တို့က ရဲဘော်ရဲဘက်တွေလေ။ ကိုယ်တို့မှာ ကိုယ်တို့ပဲ ရှိတာ မဟုတ်လား။

“မင်းအတွက် ထာဝရ ကိုယ်ပါ။

ကိုယ့်အတွက်သာ မင်းရှိမလား။

အကြင်နာ တကယ်စစ်ရင်

အသွား နဲ့ အပြန် ရှိမှာ။”