လာမယ့်နှစ်မှာ ရည်းစားထားမယ်

“သတိရတိုင်း မေတ္တာပို့တယ်။

ဘယ်ဆီများ ရောက်လို့နေတာလဲ။

အချေ့ရယ်။”

ဟော တွေ့ပါပြီဗျာ။ မေတ္တာတွေလည်းစူး။ သစ္စာတွေလည်းစူး။ ဘုရားရော ကျမ်းရောစူးကုန်တာ။ မီးသွေးတုံးလေးပဲ ကျန်တယ်။ ဖားဆောင်းသားတွေ ဘယ်လောက်များ ပျော်နေကြမလဲ မသိ။ ကိုယ်တောင် တော်တော် ပျော်နေမှပဲကို။ ဘယ်ပြောနိုင်မလဲ။ အဲ့ဒီနှစ်ကောင်က ကိုယ်တို့ဆေးရုံကို အကြိမ်ကြိမ် လာကြဲခဲ့တဲ့ကောင်တွေလည်း ဖြစ်နိုင်တာပေါ့။ လိပ်စာများသိလို့ကတော့ အိမ်တိုင်ယာရောက်တောင် ဟဟ သွားပေးချင်သေး။ ကိုယ်လိုပဲ မေတ္တာဝိုင်းပို့နေကြတဲ့သူတွေလည်း ရှိဦးမှာပါလေ။ တစ်ယောက်ချင်းကျိန်ဆဲတာ မထိရောက်ဘူးလို့ ထင်နေရင် သန်းနဲ့ချီသော လူသားများရဲ့အမုန်းကျိန်စာက ဘယ်လိုနေသလဲ ခံစားကြည့်လိုက်ပေါ့။ နာရေးဓါတ်ပုံလေး တင်ကြည့်ပါလား။ ဝက်ဝက်ကိုကွဲနေမှာ။

ကမ္ဘာကြီးက ပျက်ကာနီးလို့ judgment day များ ရောက်နေပြီလား မပြောတတ်။ အကုသိုလ်ကောင် အစုအဝေးကြီးဟာ အရေခြုံမျက်နှာဖုံးတွေ ကွာပြီး တူရာတူရာ သင်းပင်းဖွဲ့ကြတယ်။ ဗီတိုအာဏာကိုင်ထားတဲ့ အင်အားကြီးနိုင်ငံဖြစ်လျက်နဲ့ တာလီဘန်ကို အစိုးရနေရာထား အသိအမှတ်ပြုရတယ်။ တကမ္ဘာလုံးက ဝိုင်းတားဆီးနေတဲ့ ကျူးကျော်စစ်မှန်း သိလျက်နဲ့ EU နိုင်ငံတွေကို မျက်နှာစေ့စေ့ကြည့်ပြီး “ရုရှားရှုံးမှာကို​တော့ လုံးဝလက်မခံနိုင်ဘူးနော်။” လို့ မရှက်မကြောက် ပြောထွက်တယ်။ ဒီလိုနိုင်ငံကြီးတွေက ကြင်စိုးဘက်က ကာကွယ်ပေးနေတာ အံ့ဩစရာ မရှိပါဘူး။ စိတ်တူသဘောတူမို့ပေါ့။ လီလီနိုင်ကျော်၊ သီတာယုမွန်၊ စောမြရာဇာလင်း၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဆွေဇင်ထိုက်တို့ဟာလည်း တတန်းတစားတည်းမို့ တူရာတံဆိပ်အကပ်ခံရတာ။ လူတွေကို ဘယ်သူက ဘာလဲ လို့ အမျိုးအစား ခွဲခြားပြီးပြီ။ ပြစ်ဒဏ်စီရင်ရုံပဲ ကျန်တော့တယ်။ အနုမြူစစ်ပွဲကြီးဖြစ်၊ ငလျင်တွေလှုပ်၊ ရေတွေကြီး၊ မီးတောင်တွေပေါက်ကွဲကုန်ရင် ကိုယ်တို့ကချင်ပြည်မှာတော့ နောဧရဲ့ သင်္ဘောကြီးဆောက်တဲ့ သစ်တွေ ရှိတယ်တဲ့ဗျာ။ တကမ္ဘာလုံးက ရေပြင်ကြီးဖြစ်သွားရင် သင်္ဘောကလေးနဲ့မှ အဆင်ပြေမှာမို့လား။

ကချင်ပြည်နယ်မှာ ခုရက်ပိုင်းတော့ စစ်ပွဲတွေ နည်းနည်းအေးသွားပြီး နောင်ချို၊ ကျောက်မဲဘက်ကို အသည်းအသန်ဖိနေပါတယ်။ တရုတ်ဘက်ကပိတ်ဆို့မှုတွေနဲ့အတူ၊ ဒရုံးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင်၊ စစ်မှုထမ်းအသစ်တွေ လူသားဒိုင်းကာအဖြစ် အသေခံထိုးကျွေးပြီး မြောက်ပိုင်းလမ်းကို မရအရ ပြန်ပွင့်ဖို့ ကြိုးစားနေပါတယ်။ ကိုးကန့်တပ်တွေကို ကွမ်လုံတံတား တဘက်ကမ်းအထိ ဆုတ်ခိုင်းထားပြီး သူ့နဂို ကိုးကန့်နယ်ထဲကို ပြန်ခိုင်းထားပါတယ်။ လားရှိုးမှာလည်း သံချပ်ကာရော စစ်အင်အားရော ထောင်ချီဖြည့်တင်းပြီး ကိုးကန့်နဲ့အဆက်အသွယ်ရှိတဲ့သူတွေကို လိုက်ဖမ်းနေပါတယ်။ ဂိတ်အသစ်တစ်ခုထားပြီး အခွန်လည်း ကောက်နေပါသတဲ့။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ သိန္နီ အကုန်သိမ်းပြီး တရုတ်ကုန်သွယ်ရေးလမ်းပွင့်ဖို့ မြန်မာတိုင်းရင်းသားတွေ အသက်သွေးနဲ့ခင်းရတဲ့ လမ်းပါ။ လားရှိုးမှာ ကိုးကန့်တွေ မရှိတော့ပဲ ဝ နဲ့ SSPP အဖွဲ့တွေပဲ ယူနီဖောင်းနဲ့ လှုပ်ရှားသွားလာနေကြပါသတဲ့။ ငါးလား ဖားလား အသွင်အပြင် ကွဲပြားလာတဲ့အချိန်မှာပဲ ဝခေါင်းဆောင်ဆီက အံ့ဩစရာသိပ်မကောင်းတဲ့စကားတစ်ခုကို ကြားလာရပါတယ်။ “မြန်မာဟာ တရုတ်အစိုးရနဲ့ အဆင်ပြေအောင် မနေဘူး ဆိုရင် သူတို့က သီးခြားကွန်ဖယ်ဒရိတ်အဖြစ် ခွဲထွက်ပြီး ဘယ်ဘက်ကမှ မပါပဲ သူ့ဘာသူ အဆင်ပြေအောင်နေရပါမယ်။” တဲ့။ သူတို့ဟာ အနှစ် ၃၀ လုံးလုံး ဘယ်စစ်ပွဲမှာမှ မပါပဲ ကိုယ့်ပြည်နယ်တိုးတက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာ၊ အခုချိန်မှာလည်း ဘယ်စစ်ပွဲထဲမှ မပါပဲ တသီးတသန့်နေချင်ပါသတဲ့။ သူတို့ပြည်နယ်ရဲ့ အကျိုးစီးပွါးကို တရုတ်ကြီးကသာ ကူညီထောက်ပံ့ခဲ့တာမို့ မိတ်မပျက်ချင်ပါဘူးတဲ့။ အဲ့သလို အဓိပ္ပါယ်သက်ရောက်တဲ့စကားတွေကို ပြောသွားတဲ့အကြောင်း သတင်းတက်လာပါတယ်။ မယုံပါဘူး အစကတော့ ဒါတွေကိုကွယ်။ မင်းကိုချစ်တာပဲ ကိုယ်နားလည်။ ဒါပေမယ့်လည်း တစတစနဲ့ သိလာတယ်။ ဟန်ပန်တွေ မူမမှန်တယ်။ အယ်လယ်။ ဒီစကားမျိုးဟာ စစ်ခွေးဘောမတွေ ဆိုက်ဝါးထည့်တာ ဖြစ်နိုင်သလို ဝတွေကိုယ်တိုင်က “ဘယ်လိုသဘောရသလဲ” သွေးတိုးစမ်းတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ယုံတာ မယုံတာ အပထား။ ဟန်တွေပန်တွေ ကြည့်ရတာတော့ တကယ့်ကို မူမမှန်တာ တွေ့ရပါတယ်။ သူတကယ်ပဲ ဒီစကားပြောတယ် ဆိုရင်လည်း ဝမ်ယိကြီး Bruxell မှာ ပြောတဲ့စကားလိုပဲ အိုက်တင်တောင် မခံနိုင်တော့ပဲ နှုတ်ကဖွင့်ပြောလာရတယ် လို့သာ ကောက်ချက်ချရမှာပါ။ သူမပြောလည်း အကဲခတ်ကြည့် သိသာနိုင်တဲ့ ကိစ္စပဲဟာ။

ကိုးကန့်ခေါင်းဆောင်နဲ့ သူ့မိသားစုကို ခွေးမိန်မှာ အကျယ်ချုပ်ထားပြီး တစ်ခုပြီးတစ်ခု တောင်းဆိုဖိအားပေးနေသလို ဝဘက်မှာ အသစ်တက်လာတဲ့ ခေါင်းဆောင်ကလည်း စကစဘက်ကိုပင်းတဲ့ သဘောထား ရှိပါတယ်။ အဲ့ဒီတော့ လားရှိုးမှာ ထိုင်ထားတဲ့ တရုတ်ကောင်စစ်ဝန်ဟာ သံလွင်အရှေ့ခြမ်းက ကိုးကန့် နဲ့ ဝ နှစ်ကောင်ကို မလှုပ်နိုင်အောင် ထောက်ထားတာ အမှန်ပဲ။ သူ ရှင်းဖို့ကျန်တာ TNLA နဲ့ KIA ပဲ ကျန်မယ်။ အဲ့ဒီနှစ်ဖွဲ့ကိုလည်း နည်းမျိုးစုံနဲ့ သွေးခွဲထားပြီး SSPP, SNA အားကိုးနဲ့ အတင်းပြန်ဖိနေတယ်။ လက်နက်လိုချင် ငွေလွှဲငွေထုတ်နဲ့ အဆင်မပြေတော့လို့ လေယာဉ်ပေါ် ပိုက်ဆံအထုပ်လိုက်တင်ပြီး ဘယ်လာရုစ် မှာ သွားဝယ်နေသတဲ့။ ရုရှားကပြန်လာတိုင်း ဗုံးအကြဲစိပ်လာလို့ သဘောပေါက်ပါတယ်။ ကိုယ်တို့လည်း ငှက်ကင်တွေ တစ်လတစ်ကောင်နှုန်း စားနေရတာပဲဟာ။ မကြောက်ပါဘူး။

ရှမ်းမြောက် နဲ့ ဗန်းမော်မှာ တရုတ်အားကိုးနဲ့ တရကြမ်းထိုးစစ်ဆင်နေပေမယ့်လည်း ထိုင်းနယ်စပ်တကြောမှာတော့ အလူးအလဲနဲ့ ဟိုဘက်နိုင်ငံထဲချည့်ထွက်ပြေးနေရပါတယ်။ သိပ်မကြာခင်မှာ ဥကရစ်ထလည်း ပြန်သိမ်းနိုင်တော့မယ်။ ပေထုံတန်က သူ့ဟာသူတောင် ယဉ်ကျေးလိမ်မာသင်တန်း ပြန်တက်နေရလို့ ဒီကောင်ကြီးဘက်ကို မပင်းနိုင်တော့ဘူး။ သူ့လက်သူ သနလို့ hand gel နဲ့ ပြန်ဆေးနေလောက်ပြီ။ အနူလက်နဲ့ hand shake လုပ်မိလို့ ပူတင် နဲ့ ကျင့်ဖျင်တောင် အလာ့ဂျစ်တွေ ထကုန်ပြီ မဟုတ်လား။ တာလီဘန်နဲ့ မအလနဲ့ တတန်းတည်း ဆင်းပလေးရတဲ့ဘဝ။ ရုရှားစစ်ရှုံးရင် အမေရိကန်က သူ့ဘက်လှည့်လာလိမ့်မယ် လို့ စိုးရိမ်နေတဲ့ ဝမ်ယိကုန်းကုန်းဟာ မအလ စစ်ရှုံးရင်လည်း မြန်မာပြည်ကို အမေရိကန်ဝင်လာမှာ ကြောက်ပုံရပါတယ်။ ဒါပေမယ့် သူ မအလ ဘက်က အတင်း စစ်ဝင်တိုက်နေရင် ကိုယ်တို့လည်း အမေရိကန်ကို ဖိတ်ခေါ်ရုံကလွဲလို့ တခြားရွေးစရာ မရှိဘူး လို့ နားလည်ဖို့ လိုပါတယ်။ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားအပြင် မြန်မာပါ တစ်နိုင်ငံထပ်တိုးလာရင် သူ့နိုင်ငံလုံခြုံရေးက အင်မတန်ကို စိတ်ပူစရာကောင်းတဲ့ အခြေအနေပါပဲ။ စီးပွါးရေးရယ် ကြီးပွါးရေးရယ် သမီးရည်းစားအရေးလည်း နာလံမထူနိုင် ဖြစ်သွားမှာ။ အန္တရာယ်ကို ကြိုမြင်တာ မှန်ပေမယ့်လည်း စကစကို ကျားကန်ပေးတာက ကာကွယ်ရာ မရောက်ပါဘူး။ ဆေးအတွက် လေးရမယ့် သဘောရှိတယ်။

တရုတ်က နှပ်ကြောင်းပေးထားတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ကုန်မှာ စနိုင်ဖို့အတွက်ဆိုရင် အနည်းဆုံးတော့ ပြည်နယ်နဲ့တိုင်း မြို့ကြီး ၁၄ မြို့မှာ မဲရုံဖွင့်နိုင်ဖို့ လိုပါလိမ့်မယ်။ နေပြည်တော်မှာ ဖိုရမ်လုပ်တဲ့ ဟန်ပြတိုင်းရင်းသားတွေနဲ့လည်း အရှက်မရှိ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြချင်ပြပါလိမ့်မယ်။ အရာအားလုံး လိမ်ညာလာခဲ့ပြီးမှ ဒီဟာလေးလောက်ကို ဟန်ဆောင်ပန်ဆောင် မှန်အောင် ပြောစရာ အကြောင်း မရှိပါဘူး။ ဘယ်သူယုံယုံ မယုံယုံ မြဝတီဇာတ်လမ်းထဲကလို သူလိုချင်တဲ့ဇာတ်သိမ်းခန်းလေးရိုက်ပြီး သမ္မတကြီး တက်လုပ်ဦးမယ့် အကောင်ပါ။ သူတို့စစ်တပ်တစ်တပ်လုံးမှာ အရှက်ရော၊ သိက္ခာရော၊ သစ္စာရော တစ်ပြားသားမှ ကုန်းကောက်စရာ မရှိပါဘူး။ အနည်းဆုံးတော့ တရုတ်ကြီး နဲ့ ရုရှားကြီးက သူ့ရွေးကောက်ပွဲရလပ်ကို လက်ခုပ်တီးပြီး ကြိုဆိုလိမ့်မယ် လို့ သူ မျှော်လင့်ထားပါတယ်။ ဒါက သူရွှေ့နေတဲ့၊ ဆက်ရွှေ့မယ့် ဇယားပါ။ ကိုယ်မြင်နေသလို တော်လှန်ရေးဘက်ကလူတိုင်းလည်း မြင်လိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် ကိုယ်တို့က ဘာလုပ်ကြမှာလဲ။ ကိုယ်တို့မှာရော ဘာအကွက်တွေ ရှိသလဲ။

ဒီအတိုင်းထိုင်ပြီး မြင်မြင်သမျှ ပွဲဖြစ်အောင် ဝင်ဘလိမ်းနေလို့ကတော့ ကမ္ဘာကြီးသာပျက်သွားမယ်။ တော်လှန်ရေးကြီးက အောင်မှာ မဟုတ်ပါဘူး။နောက်ကိစ္စ နောက်မှရှင်း။ လောလောဆယ် TNLA ဆီက နောင်ချို၊ ကျောက်မဲ ပါမသွားအောင် ကူသင့်တယ်လို့ ထင်ပါတယ်။ နောက်ကွယ်ကနေ အတင်းအကြပ်ကြီး ဖိအားပေး၊ လက်နက်ပါထောက်ပံ့ပေးနေတဲ့ အိမ်နီးချင်းဆိုးကြီးကိုရော ဘယ်လိုလုပ်ကြမလဲ။ ဂက်စ်ပိုက်လိုင်းကြီးကို မထိရဲရင်တောင် တရုတ်ပစ္စည်းတွေမှန်သမျှ မသုံးဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့သွင်းကုန်ပစ္စည်းတွေကို သပိတ်မှောက်သင့်ပြီ လို့ မြင်ပါတယ်။ ဘူတန်မှာဆို တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် တရုတ်ပစ္စည်း လုံးဝ မသုံးကြပါဘူး။ အရာအားလုံး အိန္ဒိယက သွင်းကုန်တွေပဲ သုံးပါတယ်။ ကိုယ်တို့ဆီမှာ အိန္ဒိယပစ္စည်းရော၊ ထိုင်းပစ္စည်းရော ရနိုင်နေသားပဲဟာ။ ကိုယ်တို့ ဆရာဝန်တွေဆို တရုတ်ဆေးတွေ ဘယ်သူမှ မသုံးတော့ဘူး။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒေ့ရှ်ကသွင်းတာတွေပဲ သုံးကြတယ်။ စကစကို ဆက်ထောက်ပံ့နေရင် လူဦးရေသန်း ၅၀ နဲ့ ဈေးကွက်ကြီး တစ်ခုကို လက်လွှတ်ရမယ် ဆိုတဲ့အကြောင်းကို တင်းမာတဲ့သဘောထားဖော်ပြသင့်တယ် မဟုတ်ဘူးလား။ နို့မို့ သူကချည့်ပဲ တဘက်သတ် အနိုင်ကျင့်နေတာလေ။ အမေရိကန်ကမှ စီးပွါးရေးစစ်ပွဲဆင်နွှဲလို့ရတာ မဟုတ်ပါဘူး။ မြန်မာတွေ အနေနဲ့လည်း စားသုံးသူကဒ်နဲ့ ဝင် ပလေးလို့ ရပါတယ်။ တနည်းမဟုတ်တနည်းတော့ လေသံပြောင်းလာပါလိမ့်မယ်။ ငါးထောင်စားတွေလို တရုတ်သံရုံးရှေ့ သံပုံးသွားတီးရတာမှ မဟုတ်တဲ့ဟာ။ မဝယ်ဘူး။ မသုံးဘူး။ တခြားဟာ ရွေးမယ်။ တော်ပြီလေ။ PDF တွေလို အသက်ပေးပြီး စစ်တိုက်စရာ မလိုဘူး။ ဘဝနဲ့ရင်းပြီး တောခိုပါ လို့လည်း မတောင်းဆိုဘူး။ SP ကလေး၊ ဘွိုင်းကောက်ကလေးတော့ ချွင်းချက်မထားပဲ ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်။ ပန်းသပိတ်၊ အသံတိတ်သပိတ်တွေလိုပဲ အများကြီး ထိရောက်ပါလိမ့်မယ်။

ကိုယ်တို့ဘက်က ကြိုးစားပြင်ဆင်နေတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆိုတာ ဒီနှစ်မကုန်ခင် အဖြေထွက်အောင် ရုန်းနေကြပါတယ်။ ရန်သူ့ဘက်ကို သတင်းမပေါက်ကြားအောင် ခြေသံလုံလုံနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ထုတ်ပြန်သင့်တဲ့သတင်းကလွဲရင် ဘာအသံမှ ကြားရမှာ မဟုတ်ပါဘူး။ လူတိုင်းကိုယ်စီ ကိုယ့်တာဝန်ကိုယ်ကျေအောင် ခွန်အားစိုက်ထုတ်နေကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီအတိုင်းပါပဲ။ အိပ်ပျော်နေတဲ့အချိန်မှာတောင် တွေးစိတ်ကြံစိတ်နဲ့ ဦးနှောက်ကို အနားမပေးပဲ တော်လှန်ရေးအတွက် စဉ်းစားတွေးခေါ်ပြီး အိပ်တယ်။ အိပ်မက်ထဲမှာလည်း ဆက်တော်လှန်သလို နောက်ဘဝကူးသွားရင်တောင် တော်လှန်ရေးစိတ်နဲ့ပဲ စုတေစိတ်ကျမယ်။ ဘယ်သူကူကူ မကူကူ၊ ဘယ်သူပါပါ မပါပါ၊ ကိုယ့်ဘာသာ အဆုံးထိလျှောက်မယ့်လမ်းပါ။ အခုလည်း အလုပ်တွေ ဆက်လုပ်နေတုန်းပါပဲ။ အဖြေထွက်လာတော့ သိလိမ့်မယ်။ မသိလည်းရတယ်။ ကိစ္စမရှိ။

သူတို့ဘက်က ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စိတ်ကူးတွေ ယဉ်ကြတယ်ဆိုရင် ကိုယ်တို့ဘက်ကလည်း ဒီနှစ်မကုန်ခင် တော်လှန်ရေးပြီးအောင် အပြုတ်တိုက်ဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကိုယ့်အလုပ်ကိုယ် အာရုံလေးစိုက်လုပ်နေရုံနဲ့ သူတို့မျှော်လင့်သမျှ အရာရာ ပြိုကွဲပျက်စီးသွားမယ့်ဟာကို။ အလက်ရှင်အိပ်မက်က ဦးသန်းဌေးကြီးတောင် ထည့်မမက်တော့ဘူး။ ကျပ်မပြည့်တဲ့ နိုင်ငံရေးအချောင်သမားတွေသာ ဘယ်သူမှမရှိရင် ငါပဲ မဲရမှာ ဆို လလေးလုံးတွေ လျှောက်ပြောနေကြတာ။ အဲ့အကောင်တွေကိုလည်း သတိရတိုင်း မေတ္တာပို့ပါတယ်နော်။ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး။ လိန်ပျံစီးရင် ဒန်တန့်တန်ပါစေ။ ကြင်စိုးနဲ့ထပ်တူ ကျက်သရေတုံးတဲ့ဟာတွေ။ ဒင်းတို့ ၄ ယောက်လုံးဝင်ရွေးလည်း ကွကိုထည့်တဲ့ တစ်ယောက်တစ်မဲစီ အပြင် ပိုရစရာ မရှိ။ သူတို့အဆင့်ဆိုတာ ဘုန်းကြီးကျောင်း ခေါင်းစဉ်တပ်ပြီး ဖလားခေါက်တဲ့ ဆိုက္ကားဂိတ်က ကောင်တွေလောက်ပဲ ရှိမှာ။ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတာ နားမှမလည်ပဲ။ဘဝမှာ ဦးသန်းဌေးကြီးလောက် ဇာတ်နာတာလည်း မရှိတော့ဘူး။ အေးနေဝင်းတို့ အာဏာသိမ်းဖို့ကြံတော့ “အန်ကယ်က ကာချုပ်လုပ်ပါ။” ဆိုပြီး သူ့ဆီ ဖုတ်သွင်းရထားဆိုက်တာတဲ့။ သူမလုပ်ရဲလို့ အသံဖမ်းစက်တပ်ပြီး ဒလန်လုပ်လိုက်တာ ဟိုကောင်တွေ တန်းစီပြီး ထောင်ကျကုန်ရော။ ကြံ့ဖွံ့ပါတီက ဦးရွှေမန်းကို ထုတ်ပြီး အာဏာသိမ်းတော့လည်း သူ့ဥက္ကဌ တင်တာမို့ သမ္မတ မဟုတ်တောင် လွှတ်တော်ဥက္ကဌလောက်တော့ ခိုင်သွားပြီထင်တာ။ ခင်ရီက စားခွက်လုလို့ ငတ်ပြန်ရော။ ဒီလူကြီး နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ ဘယ်ဘူတာမှာများ လွဲခဲ့ပါလိမ့်။ ရထားလမ်း မပါတဲ့ ဘူတာရုံမှာ စောင့်နေလို့များလား။ စောင့်ပလေ့စေကွာ။ အဲ့ဒါ သူဆောက်တဲ့ ဘူတာပဲဥစ္စာ။

ဒီလိုမျိုး အမြီးမကျက် ခေါင်းမကျက်၊ အစိမ်းလိုက်ဝါးစားတဲ့လောကမှာ မအလခမျာ ကုလားထိုင်ပေါ်က ရှူရှူးပေါက်ဖို့တောင် ထမပေးရဲဘူး။ ကျောခိုင်းလိုက်တာနဲ့ တစ်တပ်လုံးက ဘရူးတပ်စ်ချည့်ပဲ။ သေလမ်းမှန်းမသိ ထွက်ပေါက်မှန်းမသိ။ ဇွတ်ကို ဝင်တိုးတော့တာပဲ။ သူကိုယ်တိုင်တောင် ဘယ်သူ့ကိုမှ သစ္စာမရှိပဲ သူ့အောက်ကလူတွေ သူ့အပေါ် သစ္စာရှိလိမ့်မယ်လို့ ယုံကြည်ရဲတာ တော်ရုံသတ္တိတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ အာရုံလွှဲပြီး မိသားစုလိုက် ထွက်ပြေးမလို့ နေမှာပေါ့။ ဆက်နေရင် ဘယ်သူမှ မလွတ်နိုင်မှန်းသိလို့ဖြစ်မယ်။ ဒီလိုဆိုရင် သူ့ဘက်ကရော ကိုယ့်ဘက်ကရော အပြောင်းအလဲဖြစ်အောင် ဝိုင်းတွန်းကြမယ့် အချိန်ကာလဟာ ၂၀၂၅ နှစ်မကုန်ခင်ဆိုတာ အဖြေထွက်တယ်။ နောက် ၆ လအတွင်း ပန်းဝင်အောင် ခြေကုန်သုတ်ရမယ့် အနေအထားမှာ ဟိုငေးသည်ငေးနဲ့ ရမယ်ရှာ အီလေးဆွဲနေရမယ့် အချိန်တော့ မဟုတ်ဘူးဗျ။ အသေအပျောက်အထိအခိုက်တွေ ပိုများလာမှာမို့ အသင့်ပြင်ထားဖို့တော့ လိုမှာပဲ။ ဒီတစ်ချီ အားကုန်သုတ်ပြီးရင် အိမ်ပြန်လို့ရတော့မှာ လို့ပဲ သဘောထားလိုက်ရအောင်လေ။ တော်လှန်ရေးတပ်သားအားလုံး တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ သာနိုင်ကြပါစေသား။