မိုး နဲ့ နွားသိုး

“ဂျွန် ဂျူလိုင်မှာ ရွာတဲ့

မိုးဖွဲလေးများ မစဲသလို

ရှမ်း/ မြောက်ရဲ့စစ််က

အမြဲရှိနိုင်မလား။”

ရှိမှာပေါ့။ အဲ့လိုအမြဲ ရှိနေအောင် ဟိုဘက်က ဝင်ရှို့လိုက်၊ ဒီဘက်က ဝင်ရှို့လိုက် လုပ်နေတဲ့ လက်သည်တရားခံက ရှိနေတာကိုး။ တဘက်ဘက်ကနိုင်ပြီး မီးငြိမ်းသွားမှာကို မလိုလားလို့ ဘယ်ပြန်ညာပြန် ပလာတာရိုက်နေတာ။ သူ့ကြောင့် ကိုယ်တို့တော်လှန်ရေးကြီး မပြီးနိုင်မစီးနိုင် ဖြစ်နေတာဆိုပြီး စိတ်ဆိုးစိတ်နာ ဖြစ်မိတာ အမှန်ပါပဲ။ မေတ္တာတွေပို့လိုက်ရတာလည်း မပြောပါနဲ့။ လူယုတ်မာကြီးတွေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးသွားကြပါစေပေါ့။ အဖြစ်ကတော့ အရှင်းကြီးပါပဲ။ စကစအစိုးရ ပြုတ်မကျသွားဖို့ တရုတ်က အတင်းကြီး ကျားကန်ပေးနေတယ်။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာ သိပ်ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာပဲ။ စစ်ဖြစ်နေတဲ့ နေရာတိုင်းမှာ အဲ့ဒီအတိုင်းပဲ ရှိကြတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဖြစ်လာဖို့ ရုရှားကပဲ ကျောထောက်နောက်ခံပေးခဲ့တယ်။ ယီမင်မှာ ဟူသီတွေ ထွက်လာဖို့ အီရန်က စပွန်ဆာပေးခဲ့တယ်။ အစ္စရေးက စစ်တိုက်ဖို့ အမေရိကန်က အထောက်အပံ့ပေးခဲ့တာပဲ။ လူတိုင်းက ငြိမ်းချမ်းရေးကို ပါးစပ်ဖျားကမချပေမယ့် အတွင်းစိတ်က စစ်ကိုလိုလားနေမှတော့ ကမ္ဘာစစ်ကြီးက မဖြစ်ပဲ မနေပါဘူး။

စစ်ပွဲနဲ့ ပိုက်ဆံရှာတဲ့အလုပ်၊ အကျိုးစီးပွါး အမြတ်ထုတ်တဲ့အလုပ်ဆိုတာ အင်မတန် အကုသိုလ်ကြီးပါတယ်။ ဒါပေမယ့် အမြတ်အစွန်းလည်း ကြီးလို့ထင်ပါရဲ့။ သူ့ပျက်စီးခြင်း ကိုယ့်ပျက်စီးခြင်းတွေကို ထည့်ကိုမတွက်ကြတော့ဘူး။ အဲ့ဒီစိတ်ထားနဲ့ လက်နက်နိုင်ငံထူထောင်ထားတဲ့သူတွေဟာ ကမ္ဘာစစ်ကြီးဖြစ်မှပဲ ကိစ္စပြတ်သွားကြမှာလေ။ ဖြစ်ရင်လည်း မြန်မြန် ဖြစ်ပါစေတော့။ ကိုယ်ကိုယ်တိုင်က စစ်ကိုလိုလားတဲ့သူ မဟုတ်ပေမယ့် အသက်ရှင်နေထိုင်ရေး၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး၊ ကလေးတွေရဲ့ အနာဂတ်ရေးအတွက် တခြားရွေးခြယ်စရာမရှိပဲ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ထဲကို ဝင်ခဲ့ရတယ်။

စစ်မြေပြင်မှာ နေရတဲ့သူဆိုတာ မြို့ပေါ်က၊ နိုင်ငံခြားကလူတွေလို “ကိုယ်ခန္ဓာကြွေမှာကိုစိုး အိုးအိုး နင်းထားတဲ့ကြမ်းပြင် ကျွံသွားမလား” ဆိုတဲ့ နုနုရွရွလေးတော့ ဘယ်ဟုတ်ပါ့မလဲ။ မျက်စိအောက်မှာ သေခြင်းတရားတွေကို နီးနီးကပ်ကပ် မြင်တွေ့နေရတယ်။ သွေးထွက်သံယို ခြေလက်အင်္ဂါဆုံးရှုံးရသူတွေလည်း ရင်းနှီးယဉ်ပါးလာခဲ့ရတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲ့လိုအဖြစ်မျိုးဆီက ပွတ်ကာသီကာ လွတ်မြောက်လာခဲ့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ယိုးဒယားက ကနေတယ်ဆိုရင်တောင် ကန်တက်၊ ကန်ဆင်း၊ ဖျဉ်းချင်လို ပန်းကောက်၊ ကျောက်သီ လက်ဖျားလေးတွေနဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကရောင်းရိုက် ဘီလူးဆိုင်းတီးပြီး ဖနောင့်ပေါက် ထွက်လာမှာပေါ့။ စစ်မက်လိုလားသူလို့ စွပ်စွဲရင် မငြင်းသာပါဘူး။ ဒါပေမယ့် ရေရှည်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ စစ်မက်ကို မရှောင်သာဘူးလေ။ ဒေါ်နယ်ထွမ့်ကြီးလည်း စစ်တိုက်ပြီး ငြိမ်းချမ်းရေးယူနေတာ မြင်တယ်မှလား။ ပြီးရင် သူ့စကား ဘယ်သူကမှ ဖင်ကြားမညှပ်တာကိုလည်း မြင်လိမ့်မယ်။ ပါးစပ်ပြောကလေးနဲ့ စစ်ပွဲရပ်ရအောင် ဒင်းက မေတ္တာဓါတ်နဲ့ ဗုဒ္ဓံမြတ်စွာမှ မဟုတ်တာ။

မြန်မာပြည်ကစစ်ပွဲတွေကတော့ မပြီးသေးပါဘူး။ ကြာဦးမှာပါ။ မနေ့ကအထိ စကစဟာ ဆေးရုံတွေကို ဗုံးကြဲနေတုန်းပဲ။ ယက္ကန်းစင်ထောင်မှာ ဆေးရုံမွေးလူနာဆောင်ပေါ် တည့်တည့်ကြဲချတာ။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သေသွားတယ်။ ဒါပေမယ့်လည်း မနက်လင်းရင် နိုင်ငံတော်အလံကို အလေးပြု၊ ဝန်ထမ်းသစ္စာအဓိဌာန်ဆိုပြီး အလုပ်တက်နေတဲ့ ဆရာဝန်တွေလည်း အများကြီးပဲဗျ။ ဆုတောင်းကောင်းလို့ပဲ “See no evil, hear no evil.” ဖြစ်နေကြသလား မသိ။ “နင်တို့က ကိုယ့်ဒုက္ခကိုယ် ရှာတာလေ။ ငါတို့က ကိုယ့်ကုသိုလ်နဲ့ကိုယ်။” လို့ ပြောကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူတွေက ကိုယ့်ထက်ပိုများတော့ တော်လှန်ရေးကြီး ကြန့်ကြာတာကို အပြစ်မဆိုသင့််ပါဘူး။ ကြားလူဆိုတာ ကိုယ့်ဘက်မပါဘူး လို့ပဲ ပြောတာပါ။ အလုပ်ကျတော့ ဟိုဘက်ကအတွက် လုပ်ပေးနေတာပဲ မဟုတ်လား။ Rape case နဲ့ Sexual Harassment case တွေကို ရုံးတော်မှာ အစစ်ခံတဲ့အခါ “No” ဘယ်နှစ်ခါ ပြောခဲ့သလဲ၊ သဘောမတူကြောင်း အမူအယာနဲ့ ပြခဲ့သလား ဆိုတာ မေးလေ့ရှိကြသတဲ့။ အဲ့ဒီ ဆရာဝန်တွေက “No” တစ်ခွန်းမှ မပြောပဲ “Oh yes. Oh yes.” နဲ့များ အလုပ်လုပ်နေကြသလားကွယ်။ အမေရီးကားက ကိတ်ခြောက်မရီးလို “ဘဒူ့မှ ဂုစိုက်ဘူး။ ငါ့ဖျင်နဲ့ငါခံတာ။” လို့ ကိုယ့်ပြန်ဆဲမသွားရင်ပဲ တော်လှပေါ့။

ကိုယ့်ဘက်က စစ်သတင်းတွေအရတော့ နောင်ချိုတိုက်ပွဲဟာ အပြင်းထန်ဆုံး အခြေအနေမှာ ရှိသတဲ့။ နောင်ချိုမှာ အရေးမလှရင် ကျောက်မဲမြို့လည်ကောင် အသားလွတ်ဗုံးကြဲပစ်တာ လက်ဘက်ရည်ဆိုင်က မိသားစု လေးယောက်သေတယ်။ ဗန်းမော်တိုက်ပွဲကလည်း အသာစီးရတယ် ဆိုတာသာ ရှိပြီး ပွဲသိမ်းအောင်တော့ အနိုင်မရသေးပါဘူး။ စကစဘက်က မြေပြင်အင်အားထောင်ချီနဲ့ လေကြောင်းပစ်ကူ အပြင်းအထန်သုံးပြီး စစ်ဆင်နေတာကိုး။ တရုတ်ပြည် ခွေးမိန်မှာ မြန်မာလေတပ်တံဆိပ်နဲ့ Y8 ကြီး နှစ်စင်း ရပ််ထားတာ တွေ့လိုက်တယ် လို့ သတင်းထဲမှာ ဖတ်လိုက်ရတယ်။ တရုတ်ကြီးက လက်တဆုံးဝင်နှိုက်နေသလောက် အန်ကယ်ဆမ်က ပါမလာသေးဘူး။ သူပါလာမှ ပွဲကမျှမှာ။ B2 လေး တစ်ခေါက်လာရုံနဲ့ ပွဲပြတ်ပါတယ်။ လုပ်လိုက်တော့ လုပ်လိုက်တော့။ အဲ့သလိုမျိုး ကိုယ့်တိုင်းပြည်ကိုယ် သူများဗုံးလာကျဲဖို့ စောင့်နေရတဲ့ဘဝဟာ ဘယ်လောက် ရင်နာစရာ ကောင်းသလဲ။ ဒါပေမယ့်လည်း Middle East မှာ ပွဲပြတ်သလိုမျိုး ကိုယ်တို့ဆီမှာလည်း ခွပ်ကနဲနဲ့ ပွဲပြတ်မယ်ဆို လုပ်လိုက်စမ်းပါ။ သေတဲ့သူတွေလည်း လွတ်မြောက်တယ်။ ရှင်ကျန်တဲ့သူတွေလည်း ငြိမ်းချမ်းမယ်။ ပေမရှည်တော့ဘူး။ အပြတ်ဖြတ်လိုက်ကြတာပေါ့။ တကယ်လို့များ ပေါက်ဖော်ကြီးတွေက “နင်တို့ proxy war ဖြစ်မှာ မကြောက်ဘူးလား။” လို့ မေးလာရင် “အဲ့ဒါကမှ ခများတို့ အခုလို တဘက်သတ် ဝင်ပလေးနေတာထက်စာရင် ကိုယ့်ဘက်က တုန့်ပြန်နိုင်ခွင့်ရသေးတယ်။ ဖြစ်ပလေ့စေ။” လို့ ဖြေမိမှာပါပဲ။ ကိုယ်တို့ဆီ ၈၈ တုန်းက Harvard ကို ရောက်သွားတဲ့ကောင်တွေဟာ နေတန်ရာဟု လို ဖိုက်တာပါမလာပဲ ခွေးတပ်အကြံပေးဖြစ်ကုန်တာ အသည်းနာလိုက်တာ။

စိတ်ပျက်အားလျော့စရာတော့ မရှိပါဘူး။ သူတို့ ဘယ်လိုပဲ သွေးခွဲခွဲ တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေ အချိတ်အဆက်မိကြပြီ။ စုရုံးပေါင်းစည်းမိသွားပြီ။ တစ်ယောက် တစ်ပေါက်၊ ကိုးယောက် တစ်ဘူ မဟုတ်တော့ဘူး။ စစ်တပ်က အုပ်စိုးနိုင်တာ နိုင်ငံရဲ့ ၂၅% သာ ရှိတော့တယ်။ အခုမှ အစိတ်သားစစ်စစ်ဖြစ်တော့တာ။ ဗုံလုံတစ်လှည့်က ပြီးပြီ။ အခု ငါးပျံတစ်လှည့်ပဲ။ ဒါပေမယ့် အမှန်တရားဘက်မှာ မရပ်တည်ပဲ စစ်တပ်က သူယုတ်မာတွေအောက်မှာ ကြိုးဆွဲရာကနေရတဲ့ so called ကြားနေ ဆိုတဲ့သူတွေဟာ သူတို့ဖက်တွယ်ထားတဲ့ သူယုတ်မာတွေက လူသားဒိုင်းကာ လုပ်ပြီး ထိုးကျွေးတာ ခံရတော့မယ်။ ကြို သတိပေးထားတယ်နော်။ မပြောမရှိနဲ့။ ကိုယ့်ထက်လည်တဲ့သူတွေချည့်ပါလေ။ သွသူ ကြည့်ရှောင်ကြပါစေတော့။

ရှမ်း/မြောက်က စစ်ပွဲတွေကို ပြန်ကောက်ရင်တော့ အဲ့ဒီမှာလည်း ရှီကျင့်ဖျင်ကြီး ဘယ်လောက်ပဲ ဖိအားဝင်ပေးပေး သူ့စကား ဖျင်ကြားမညှပ်ကြပါဘူး။ သူကိုယ်တိုင်က ငြိမ်းချမ်းစေချင်လို့ ၂ ဘက်စလုံးကို တားတာမှ မဟုတ်ပဲ။ စကစကျတော့ လေယာဉ်တွေ ဒရုံးတွေပေးပြီး ဒီဘက်ကလူတွေကျမှ မတိုက်ကြပါနဲ့ တော်ကြပါတော့ လာပြောလို့ ရမလား။ သူ့သမီး မုဒိန်းကောင်လက်ထဲရောက်နေရင်ကော “ငြိမ်ငြိမ်နေပါ မိန်းမိန်းလေးရယ်” လို့ပြောပြီး ဟိုဘက်ကကောင်ကို ကြက်ဥတိုက်မှာလား။ ကိုးကန့် နဲ့ ဝ က မလှုပ်သာလို့ ငြိမ်နေရပေမယ့် TNLA, KIA ကတော့ ရေကုန်ရေခမ်း တိုက်နေတုန်းပဲ။ လားရှိုးကနေ အလံဖြူပြလို့ လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းကောင်ကို ပြန်တိုက်ခိုင်းတယ်ဆိုတာ “ဒီတစ်ခါ မင်းကိုမိရင် အသေသတ်တော့မှာ။ မသေချင် နိုင်အောင်တိုက်။” ဆို ဖောင်ဖျက်လွှတ်လိုက်တဲ့သဘောပဲ။ ဒီဘက်ပြန်လာ ဒီဘက်ကသတ်မယ်။ ဟိုဘက်ကို ပြေးရင် ဟိုဘက်ကသတ်မယ်။ နိုင်အောင်မတိုက်နိုင်ရင်လည်း စစ်ထဲမှာ သေရမယ်။

ဒီစစ်ပွဲမှာ သူတို့ဘက်က အားပြုလာတာက လေယာဉ်ဗုံးကြဲတာနဲ့ မြေပြင်ထောက်လှမ်းရေးပဲ။ အရင်ကတည်းက trojan တွေအနေနဲ့ ဒီဘက်ကို ပို့ထားတဲ့သူတွေရှိသလို ကိုယ့်ဘက်ကဖမ်းမိသွားတဲ့သူတွေကိုလည်း နှိပ်စက်သိမ်းသွင်းလို့ပဲဖြစ်ဖြစ်၊ မိသားစုကို အကြပ်ကိုင်ပြီးတော့ဖြစ်ဖြစ် သူတို့အတွက် ဒလန်လုပ်ပေးခိုင်းတာတွေလည်း ရှိမှာပဲ။ ဒါပေမယ့် အဲ့ကောင်တွေက တပ်ရင်း၊ တပ်စခန်းတွေကို ပွိုင့်ထောက်မပြနိုင်ပါဘူး။ ဆေးရုံ၊ စာသင်ကျောင်း နဲ့ လူစုလူဝေးရှိတဲ့ အရပ်သားပစ်မှတ်တွေကိုသာ ပြနိုင်တယ်။ ကိုယ်တို့ဆေးရုံတွေဆီကိုဆိုရင်တော့ လူနာလာပို့တဲ့ ကားသမားတွေ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေထဲမှာ စစ်တပ်သတင်းပေး ဒလန်မပါလာဘူးလို့ ဘယ်သူကမှ အာမမခံနိုင်ဘူး။ ချေဂွေဗားရားလည်း သိုးကျောင်းသားတစ်ကောင် သတင်းပေးလို့ သေရတာ မဟုတ်ဘူးလား။ ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်တော်လှန်နေတဲ့သူ၊ ကိုယ့်ရပ်ရွာမှာ ဆေးအလကားကုပေးနေတဲ့သူဆိုတာ ညည သူ့သိုးတွေ ကောင်းကောင်းအိပ်မရလို့ ပိန်ကုန်ပြီ ဆိုတာလောက် အရေးမကြီးတဲ့သူတွေ အများကြီးပါ။ ကိုယ်တို့ဆေးရုံအသစ်ဆောက်တဲ့အခါ တည်နေရာ မပေါက်ကြားစေချင်ရင် အရပ်သားတွေကို ဆေးကုလို့ မဖြစ်ဘူး ဆိုတဲ့ ပြဿနာ တစ်ခုပေါ်လာပါတယ်။ မအလစစ်တပ်ကကောင်တွေဟာ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို လိုက်သတ်ရုံသက်သက်မဟုတ်ပဲ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ အတင်းလိုက်ဖျက်စီးမှန်း သိသာပါတယ်။

ဖျက်တဲ့အလုပ်က သူတို့အလုပ်မို့ လုပ်ပစေ။ ကိုယ်တို့ဘက်ကတော့ လက်မလျှော့ဘူး။ အသစ်ပြန်ဆောက်မှာပဲ။ စစ်ပွဲရဲ့ ဒီအခြေအနေထိ ရောက်လာရင် ဒီလိုပဲ ဆက်ရုန်းကန်ရမယ် ဆိုတာ သိပြီးသား။ ပွဲပြီးဖို့ ခြေတစ်လှမ်း ပိုနီးလာပြီ လို့ပဲ သဘောထားတယ်။ အခု ဒီမှာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံးဟာ ၁၀၂၇ ဒုတိယလှိုင်းရဲ့ စစ်ဆင်ရေးတွေ ခုထက်ထိ ယတိပြတ် အဖြေမထွက်သေးတာ ဖြစ်နေတယ်။ တရုတ်ကြီးက အတင်းအဓမ္မ ဝင်စွက်ဖက်လို့ ကိုယ်တို့ဘက်က ပွဲမသိမ်းနိုင်သေးတာ ဖြစ်သလို သူတို့ဘက်မှာတော့ တရုတ်ကြီးက အဲ့သလောက် ထောက်ပံ့ပေးနေတာတောင် ဘယ်ခြေလှမ်းမှ ထင်တိုင်းမပေါက်တာကို တွေ့ရမှာပါ။ ဒီဘက်ကို စစ်မျက်နှာလှည့်နေရတဲ့အတွက် ထိုင်းနယ်စပ်မှာလည်း ရှိသမျှစခန်းတွေ ကုန်သွားပြီ။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင် ကလည်း စစ်သားတွေ အပြင်ထွက်ပြီး စစ်ကြောင်းမထိုးရဲတဲ့အရပ်တွေ ဖြစ်ကုန်ပြီ။ တအိအိနဲ့ကို ပြိုကျနေတာ။ ဒီအတိုင်းပဲ မှန်မှန်လေးဆက်သွားနေရင်ကို ပွဲကပြီးတော့မှာပါ။ ဘာမှ စိတ်ပူစရာ မရှိ။ ကြာနေတာတစ်ခုပဲ စိတ်မရှည်နိုင်တာ။ အဖြေကတော့ မပြောင်းနိုင်တော့ပါဘူး။ ရှေ့လျှောက်ပြီး စစ်ပွဲတွေကတော့ ပိုပြီးကြမ်းလာဦးမှာပါ။ အရိပ်အကဲ အထူအပါးလေး နားလည်ပြီး ကိုယ့်ဘေးကိုယ် ကြည့်ရှောင်နိုင်ကြပါစေဗျား။

“မိုး ရွာတိုင်း

ဘန်ကောက်မှာ အသစ်ပြန်ဖြစ်

တရုတ်ကိုဗစ်တွေ။

သေမလောက်ခံစားရ။

တိတ်တိတ်ကလေး

သူများတွေကြားမှာစိုးလို့

နှစ်ယောက်တည်း အတင်းတုပ်မှ။

တကယ်လုပ်ရက်သွားတာ။

အမှန်မဟုတ်ပဲ

တုန်လေး ယုံစမ်း။

သူ ပုံပြင်တွေပြောသွား။

မထင်မှတ်ပဲ

ကြုံမှ ယုံရ။

အကုန် မာယာတွေချည့်ပါ။”