အတိတ်လမ်းကို ပြန်လျှောက်ခြင်း

အရင်တုန်းက အကြောင်းလေးတွေ အစပြန်ဖော်ပြီး ရေးရေးနေရတာ ကိုယ်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ အန်တီပတ္တမြားခင်ရဲ့ စာတွေလိုပါပဲ။ ရေးလို့ပြောလို့ မကုန်နိုင်လောက်တဲ့ အကြောင်းအရာ ဆန်းဆန်းပြားပြားလည်း ပါတာမဟုတ်။ ကိုယ့်ဘဝကလည်း အများသူငါ စိတ်ဝင်စားလောက်စရာ အချိုးအကွေ့အလှည့်အပြောင်း မရှိပါပဲနဲ့ ရှည်ရှည်ဝေးဝေး ရေးသားနေရတာ ပျင်းစရာများ ကောင်းနေမလားတောင် မသိ။ ဒါပေသိ အတိတ်ဆိုတာက ကိုယ့်တစ်ယောက်တည်းမှာ ရှိတာ မဟုတ်ဘူးလေ။ လူတိုင်းမှာ ကိုယ်စီ ရှိကြတာပဲ။ ကိုယ့်အတိတ်လေးကိုကိုယ် မျက်စိထဲမြင်ယောင်လာအောင် ရေးလိုက်တဲ့အခါ သူများတွေလည်း သူ့အတိတ်သူ စီစီရီရီကလေး ပြန်ပေါ်လာပေါ့။ ဘယ်သူမဆိုကိုယ့်ဇာတ်လမ်းမှာတော့ ကိုယ်ဇာတ်လိုက် မဟုတ်လား။ လေပွေကလေး မွှေ့လိုက်တဲ့အခါ သစ်ရွက်ခြောက်ကလေးတွေ လေထဲမှာ ပျံဝဲတက်လာသလိုပေါ့။ အဲ့ဒီအခါမှာ သီချင်းလေးတစ်ပုဒ်လည်း နားထဲမှာ ကြားယောင်လာပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ “The Autumn Leaves” လို့ ခေါ်ပြီး ပြင်သစ်ဘာသာနဲ့တော့ “Les Feuilles Mortes” လို့ ဆိုပါတယ်။ ဘယ်ဘာသာနဲ့ပဲ နားထောင်နားထောင် အင်မတန် ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းပြီး ကမ္ဘာကျော် ဂန္ထဝင်တေးသွား တစ်ပုဒ်လည်း ဖြစ်ပါတယ်။

“C’est une chanson

qui nous ressemble

Toi, tu m’aimais

Moi, je t’aimais” တဲ့။

ဒီသီချင်းလေးက တို့နှစ်ယောက်ရဲ့ အဖြစ်သနစ်နဲ့ သိပ်တူတာပဲ။ မင်းကလည်း ကိုယ့်ကိုချစ်တယ်။ ကိုယ်ကလည်း မင်းကိုချစ်တယ်ဆိုတဲ့ အကြောင်းလေးပါ တဲ့။ အခု သူဆိုပြမယ့် သီချင်းလေးကို ရည်ညွှန်းတာလား။ စောစောက သူကြားလိုက်မိတဲ့ သီချင်း တပိုင်းတစကို ရည်ညွှန်းတာလားတော့ မသိပါဘူး။ သီချင်းလေးတစ်ပုဒ်ကတော့ အတိတ်လမ်းဆီကို ခေါ်ဆောင်သွာားခဲ့ပါပြီ။

“Nous vivion tous

Les deux ensemble

Toi qui m’aimais

Moi qui t’aimais”

ဟိုတုန်းကတော့ တို့နှစ်ယောက်က အတူတူ ရှိခဲ့သားပါလေ။ မင်းကိုချစ်တဲ့ကိုယ်ရယ်၊ ကိုယ့်ကိုချစ်တဲ့ မင်းရယ် တဲ့။ သူ သတိရတဲ့အတိတ်က တစ်ယောက်တည်းတော့ မဟုတ်ဘူးဗျ။ နှစ်ယောက်ပါတယ်။ ချစ်တဲ့သူနှစ်ဦးစလုံးပါတဲ့အတိတ်တဲ့။ အတိတ်လမ်းကို ပြန်လျှောက်တဲ့အခါ အဲ့ဒီကာလတုန်းက အတူရှိခဲ့သူတွေကိုလည်း ပြန်မြင်ယောင်လာတာပေါ့။

“Mais la vie sépare

Ceux qui s’aiment

tout doucement

sans faire de bruit.”

ဒါပေမယ့်လည်း ဘဝဇာတ်ဆရာက ချစ်သောသူတွေကို ကွေကွင်းစေခဲ့တယ်။ တကယ့်ကို ညင်ညင်သာသာလေး၊ တိတ်တိတ်ဆိတ်ဆိတ်ကလေးပါတဲ့။ သူတို့နှစ်ယောက်ရဲ့အချစ်က ဆုံဆည်းခဲ့ရတာတော့ မဟုတ်ဘူးပေါ့။

Et la mer sefface sur la sable

Les pas des amants désunis.”

အဲ့ဒီနောက်တော့ ပင်လယ်ပြင်ကြီးဟာ လမ်းခွဲထွက်ခွါသွားတဲ့ ချစ်သူနှစ်ဦးရဲ့ခြေရာတွေကို သဲသောင်ခုံပေါ်ကနေ ဖျက်ပစ်လိုက်ပါလေရောတဲ့။ ခဏတာ လွမ်းဆွတ်မှုကြောင့် ပြန်တမ်းတမိတဲ့ အတိတ်ခြေရာတွေဟာ အခုချိန်မှာတော့ အစအနတောင် မကျန်ရစ်တော့ဘူးတဲ့။ အဲ့ဒီအတိတ်ဟာ လက်ရှိပစ္စုပ္ပန်နဲ့တော့ ဘာတစ်ခုမှ ဆက်စပ်မနေဘူး ဆိုတဲ့သဘော။ ဒါကတော့ သူ့အိမ်ကဟာကြီး အဆူခံရမှာစိုးလို့ ထပ်ဖြည့်တာ လို့ ထင်ပါတယ်။ မင်းကိုလည်း လွမ်းတယ်။ အိမ်ကမိန်းမကိုလည်း ကြောက်တယ် ဆိုတဲ့ လူကြီး။

သီချင်းလည်း ဆုံးပြီ။ ခေါင်းစဉ်တပ်ထားတဲ့ “les feuilles mortes” (သစ်ရွက်ကြွေများ) ဆိုတာလည်း တစ်လုံးမှ မပါဘူး။ အဲ့ဒါကတော့ အခုပြီးသွားတဲ့ သီချင်းတစ်ပုဒ်လုံးဟာ ကမ္ဘာကျော်ရုပ်ရှင်သီချင်းကြီးရဲ့ chorus ပိုဒ် တစ်ပိုဒ်ပဲ ရှိပါသေးတယ်။ ပြင်သစ်ဂန္ထဝင် ဘဲလေးပြဇာတ်တွေမှာလည်း ဆိုကြတယ်။ “သစ်ရွက်ကြွေများ” ဆိုတဲ့ သီချင်းကို ပြင်သစ်ကဗျာဆရာ Jacques Prévert က ၁၉၄၅ မှာ ရေးခဲ့ပါတယ်။ အခုသီချင်းပိုဒ်ကလေးကိုတော့ ပြင်သစ်အဆိုတော် Yves Montand က “Les Feuilles Mortes” နံမည်နဲ့ ရုပ်ရှင်သီချင်းအဖြစ် ပြန်ဆိုတာပါ။ သူ့မူရင်းသီချင်းရဲ့ အဆုံးသတ်မှာ ဘာပါသလဲဆိုတော့ “သစ်ရွက်ခြောက်တွေကို ဂေါ်ပြားနဲ့ ကြုံးပြီး ရှင်းပစ်လိုက်သလိုမျိုး ကိုယ်တို့ရဲ့အမှတ်တရတွေ နောင်တတွေကိုလည်း ဖယ်ထုတ်ပစ်လို့ရရင်ကောင်းမယ်တဲ့။ ဒါပေမယ့်လည်း ချစ်ခဲ့ဖူးတဲ့ အတိတ်ကအကြောင်းတွေကို တိတ်တိတ်ကလေး မျိုသိပ်ရင်း သစ္စာမပျက်ပဲ ဆက်ချစ်နေတာက ပိုကောင်းပါတယ်ဆို ပြုံးလိုက်မိသတဲ့။ ဒါကြောင့်မို့လို့ ဒီသီချင်းကို သစ်ရွက်ကြွေလေးများ လို့ နံမည်ပေးတာ။ ပြင်သစ်စာသင်တုန်းက ဒီသီချင်းကတော့ ပြင်သစ်ကမ္ဘာမှာ မသိမဖြစ်၊ သိကိုသိရမယ့်သီချင်း လို့ မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီသီချင်းက အင်္ဂလိပ်ကမ္ဘာမှာလည်း ဂန္ထဝင် သီချင်းတစ်ပုဒ်ပါပဲ။ Bing Crosby, Doris Day နဲ့ Frank Sinatra တို့ ပြန်ဆိုကြတယ်။ ကိုယ်တို့ခေတ်နဲ့ကျတော့ Eric Clapton ဆိုတာကိုပဲ ပိုနားစွဲပါတယ်။ သံစဉ်တွေ အကြောင်းအရာတွေ တူပေမယ့်လည်း ရေးဖွဲ့တဲ့စာသားတွေကတော့ အဓိပ္ပါယ် ကွဲပြားပါတယ်။ နောက်တော့ အဲ့ဒီသီချင်းဟာ ဟောလီးဝုဒ်ရုပ်ရှင် တော်တော်များများရဲ့ လွမ်းခန်းတွေမှာ နောက်ခံတီးလုံးဖြစ်သွားတယ်။ အသံလေးကြားတာနဲ့ လူကိုလွမ်းဆွေးသွားစေနိုင်လို့ပါ။ English version နဲ့ သီချင်းဟာလည်း အင်မတန်အနုပညာမြောက်တာမို့ သူနဲ့လည်း နားထောင်ကြည့်သင့်ပါတယ်။

“The fallen leaves

drift by my window

The autumn leaves

of red and gold”

ပြူတင်းတံခါးက ပျံ့လွင့်ဝင်ရောက်လာတဲ့ သစ်ရွက်ကြွေကလေးတွေဟာ ရွှေအိုရောင်၊ အနီရောင် အဆင်းရှိတဲ့ ဆောင်းဦးရွက်ကြွေလေးတွေပါလား တဲ့။ သူတို့နဲ့ ကိုယ်တို့ နဲ့ ရာသီချင်း မတူပါဘူး။ သူတို့က နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုတဲ့ လေးရာသီ သမပိုင်း ဥတုနဲ့ နေကြတာ။ သူတို့ဆီက ဆောင်းဦးရာသီဆိုတာ မျက်စိပသာဒမှာတော့ ကိုယ်တို့ဆီက နွေဦးပေါက်တဲ့ မိန်ရာသီနဲ့တူပါတယ်။ သစ်ပင်တွေ တစ်ပင်လုံး အရွက်ကြွေပြီး အကိုင်းထီးထီးပဲ ကျန်ကြတဲ့အချိန်မို့ အင်မတန်လွမ်းစရာကောင်းတယ်။

“I see your lips

the summer kisses

the sunburned hands

I used to hold.”

အဲ့ဒီ ရွက်ကြွေလေးတွေလွင့်လာရင် သူ့မျက်စိထဲမှာ မြင်မိတာက ချစ်သူရဲ့ နှုတ်ခမ်းပါးလေးတစုံရယ်၊ နွေးထွေးတဲ့ နွေရာသီအနမ်းလေးတွေရယ်တဲ့။ နောက်ပြီး မလွှတ်တမ်းကိုင်ထားလေ့ရှိတဲ့ နေစာလှုံပြီးစ လက်ဖဝါးနုနုကလေးတွေလည်း ပါပါတယ်တဲ့။ ပြင်သစ်သီချင်းထဲမှာပါတဲ့ ပင်လယ် နဲ့ ကမ်းစပ်သောင်ပြင်က ပြင်သစ်ပြည်တောင်ပိုင်းက မြေထဲပင်လယ်ကို ပြောတာဖြစ်ပြီး အင်္ဂလိပ်သီချင်းကတော့ သူတို့ဆီက နွေရာသီကာလက နွေးထွေးမှု နဲ့ အရောင်အဆင်းကို ပြောပါတယ်။ သမပိုင်း ရာသီဥတုတွေမှာ နေရောင်ခြည်ဆိုတာ ဇိမ်ခံပစ္စည်းပါ။ သူတို့ဆီက နွေရာသီဆိုတာလည်း ကိုယ်တို့ဆီမှာလို ပူပူလောင်လောင်ကြီး မဟုတ်ဘူး။ နွေးထွေးတယ် ဆိုရုံကလေး။ ဒါကြောင့် ရွက်ဝါကြွေကလေးတွေကိုမြင်ရင် သူတို့က နွေးထွေးပြီး နေသာတဲ့ အချိန်လေးတွေကို ပြန်သတိရကြတယ်။ အဲ့ဒီအချိန်မှလည်း အနွေးထည်တွေဘာတွေချွတ်လို့ ပေါ့ပေါ့ပါးပါး နေခွင့်ရတာကိုး။ ဒါကြောင့်မို့လို့ ကြွေလွင့်ရွက်ဝါတွေကို မြင်ရင် လွမ်းတဲ့အလွမ်းဟာ အင်္ဂလိပ်နဲ့ ပြင်သစ်နဲ့ မတူကြပါဘူး။ အတိတ်လမ်းကို ပြန်လျှောက်တာချင်း တူပေမယ့် ကိုယ့်အတိတ်နဲ့ကိုယ် လျှောက်ကြတယ်။

“Since you were away

the days grow long

And soon I hear

The winter song

But I miss you

Most of all, my darling

when the autumn leaves

start to fall.”

ချစ်သူနဲ့ ဝေးကွာသွားကတည်းက နေ့တာတွေကလည်း ရှည်လွန်းလှပါတယ်တဲ့။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်သွားလိုက်တာ။ ဟော ဆောင်းရာသီရဲ့ ဂီတသံလေးတွေတောင် ကြားနေရပြီတဲ့။ ဒါပေမယ့်လည်း ဆောင်းဦးသစ်ရွက်ကလေးတွေ စကြွေတာကိုမြင်တိုင်း မင်းကိုလွမ်းတဲ့စိတ်က ဘယ်လိုမှ တားဆီးလို့ မရပါဘူးတဲ့။ ဒီတစ်ပိုဒ်ကတော့ ဝေးကွာသွားတဲ့အကြောင်းရယ်၊ လွမ်းဆွတ်သတိရတဲ့ အကြောင်းရယ်ကို ရေးဖွဲ့တယ်။ နောက်ခံအတိတ်ဇာတ်လမ်းကတော့ ကိုယ့်တောတောင်ရေမြေသဘာဝနဲ့ ကိုယ် သရုပ်ဖော်ကြတာ။ ကိုယ့်ဓါတ်ခံနဲ့ကိုယ် လွမ်းရုံပါပဲ။

ကိုယ်တို့မြန်မာပြည်မှာလည်း မြန်မာ့ရေမြေသဘာဝနဲ့ ကိုက်ညီတဲ့ အဲ့လို သီချင်းမျိုး ရှိပါတယ်။ စန္ဒယားဦးချစ်ဆွေ ရေးပြီး ဒေါ်မာမာအေး ဆိုတဲ့ “ပိတောက်လမ်း” ပါ။ သီချင်းလေးတွေကို ဆိုတဲ့ နားထောင်တဲ့အခါ အသံသာတဲ့၊ စကားလုံးလှတဲ့ ဝစနာလင်္ကာရ၊ သောတာလင်္ကာရတွေက ခံစားရလွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက သီချင်းရဲ့အရသာ အကုန် မဟုတ်သေးပါဘူး။ မင်းသမီးချောချောလေးက ဖင်ကလေးလှုပ်ကာ လှုပ်ကာ နဲ့ “ရွှေစင် အနုအရွ လှပစုံလင်” ဆိုလည်း လူတကာ ပါးစပ်ဖျား ရောက်တယ်လေ။ အဲ့ဒါ သီချင်းမှ မဟုတ်တာ။ တကယ့်သီချင်းအစစ်က ရင်ထဲကို မြားနဲ့ပစ်လိုက်သလို စူးနစ်ဝင်ရောက်သွားတာ။ တစ်ပုဒ်တည်းပဲ။ တစ်ပုဒ်ပဲလိုတယ်။ အဆိုတော်တွေ စတိတ်ရှိုးမှာဆိုသလို ၁၀ ပုဒ်၊ ၁၅ ပုဒ် မလိုဘူး။ ဒီတစ်ပုဒ်နားထောင်ပြီးသွားရင် နောက်ထပ် ဘာကိုမှ ဆက်နားမထောင်နိုင်တော့ပဲ ဒါကိုချည့် အပ််ကြောင်းထပ်အောင် ပြန်ပြန်နားထောင်မိတာမျိုး၊ တနေကုန် နားထဲက မထွက်တော့တာမျိုးပါ။ အဲ့သလို ဖြစ်ဖို့ဆိုရင် ဆိုတဲ့သူမှာရော၊ နားထောင်တဲ့သူမှာပါ သီချင်းနဲ့ ဆက်စပ်တဲ့ အတိတ်ဇာတ်လမ်း ခံစားချက် ရှိဖို့ လိုပါတယ်။ ဒါမှသာ ပါးစပ်နဲ့ဆိုပြီး နားရွက်နဲ့ နားထောင်တဲ့ တေးဂီတဟာ နှလုံးသားကို နှိုးဆွနိုင်တာပါ။

“ပိတောက်လမ်း” ကို ကိုယ် ကလေးဘဝကတည်းက ကြားဖူးပါတယ်။ ၄၈ လမ်းထိပ်မှာ စန္ဒယားဦးချစ်ဆွေကြီးအိမ်က ခဏခဏ တီးလေ့ရှိတာကိုး။ နားထောင်လို့ ကောင်းသားပဲ ဆိုတာထက် မပိုပါဘူး။ ဒါပေမယ့် ဆရာဝန်ဖြစ်ပြီးနောက် အဘွားနေမကောင်းလို့ အညာကိုပြန်တဲ့အခါ အဝေးပြေးကားပေါ်မှာ ကားဆရာက အဲ့ဒီသီချင်းကို ဖွင့်ပါတယ်။ လမ်းမှာ ကားရပ်လို့ သူများတွေအောက်ဆင်းတဲ့အခါ ကိုယ်က ကားတံခါးဝနားက မခွါနိုင်ပါဘူး။ သီချင်းက မဆုံးသေးလို့ပါ။ “အဝေး အဝေး အဝေး အဝေး တဲ့ အတွေးနယ်ဝယ်၊၊ အဆွေးနယ်ကျယ်၊ အဆွေးသယ် ကိုယ်တစ်ယောက်တည်းသာရယ်” ဆိုတဲ့နေရာမှာ တကယ်ကိုပဲ ပင်ယံထက်ဆီက ငှက်မြည်သံကလေးကို ကြားယောင် လာပါတယ်။ ဘယ်နေရာရောက်ရောက် အဲ့ဒီသီချင်းကို မမေ့တော့ဘူး။ သီချင်းအစက “ဒန်တန် ဒန်တန်တန်” ဆိုတဲ့ ခြောက်ခြားဖွယ်တီးလုံးကလေးခံပြီး “ဪ ….” လို့ သံရှည်ကလေးဆွဲပြီးမှ “ကိုယ်တစ်ယောက်တည်း “ ဆိုပြီး အထီးကျန်မှုကို ငြီးတွားပြီး “ပိတောက်လမ်းဝယ် လျှောက်စမ်းချင်ပါတယ်။” ဆိုတဲ့ မချိတင်ကဲ ဆန္ဒကလေးကို ရေရွတ်တာ နားထဲမှာတောင် ပဲ့တင်ထပ်ပြီး ကျန်ရစ်ပါတယ်။ အဲ့ဒါလေးနဲ့ စပြီး အဲ့ဒါလေးနဲ့ ပြန်အဆုံးသပ်တဲ့အတွက် အင်မတန်လည်း လှပါတယ်။ သူကတော့ တလွင့်လွင့်ကြွေပြီး မြေပေါ်မှာ ရွှေရောင်လွှမ်းသွားတဲ့ ပိတောက်ပွင့်ကြွေလေးတွေကို မြင်ရင် သတိရမိသော်ငြား “အတိတ်ရယ်ဇာတ်ကြောင်း ပြန်ပြောင်း မပြောလိုပါဘူးကွယ်။” လို့ သူ့ဇာတ်လမ်းသူ ပြည်ဖုံးကား ချပါတယ်။ “ချစ်သူခွါပြေး ဟိုအဝေးနယ်” လို့ အနှစ်ချုပ်ကလေးတော့ ပြောပြခဲ့တယ်။ ပိတောက်ပန်းလေးတွေပွင့်လာတိုင်း “အချစ်ရေ” လို့ ယောင်ယမ်းတမ်းတမိတာတောင် ချစ်သူက မကြားပဲ အပင်ပေါ်က ဥဩငှက်ကလေးကသာ “အဝေးမှာ အဝေးမှာ” လို့ ပြန်ဖြေပါသတဲ့။ ဒါပေမယ့် ရှေ့ဆက်ရမယ့် ဘဝခရီးက မနီးသေးတာမို့ တစ်ယောက်တည်း ဆက်လျှောက်ရပါဦးမယ် တဲ့။ အခါအခွင့်သင့်မယ်ဆိုရင်တော့ ဒီပိတောက်လမ်းကလေးဆီကို တစ်ယောက်တည်း လာလျှောက်ချင်ပါသေးတယ်တဲ့။ ဒါကတော့ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာသံကလေးနဲ့ လွမ်းတာပါ။

အစက စထားတာကို ပြန်ကောက်ရရင် အလွမ်း (nostalgia) ဆိုတဲ့သဘောဟာ ဖြစ်စဉ်တွေ အလှည့်အပြောင်းတွေ ထူးခြားဆန်းပြားစရာ မလိုဘူး။ ဘယ်သူမဆို ကိုယ့်အတိတ်မှာရှိတဲ့ မှတ်ဉာဏ်အဟောင်းကလေးတွေကို အမှတ်တမဲ့ တူးဆွဖော်ထုတ်မိတဲ့အခါ စိတ်ထဲမှာ ပြန်မြင်ယောင် ကြားယောင်လာပြီး အဟောင်းတွေက အသစ်ဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ အတိတ်လမ်းကို ပြန်လျှောက်တဲ့အခါမှာ မယ်မယ်ရရ စိတ်ဝင်စားစရာ ဘာမှ မပါလည်းပဲ လူတိုင်းလူတိုင်းမှာ ရှိတဲ့ အတိတ်ပုံရိပ်ကလေးတွေကို ပြန်လည်မြင်ယောင် အမှတ်ရစေတာမို့ စိတ်ပါလက်ပါ ဖတ်ကြတာလို့ ထင်ပါတယ်။

တနေ့။ ဒါကြီးပြီးသွားတဲ့တနေ့ကျရင်ပေါ့။ ဓါတ်ပုံဟောင်း၊ စာအုပ်ဟောင်း၊ သတင်းစာအဟောင်း၊ သီချင်းအဟောင်းလေးတွေနဲ့ ကာဖီဆိုင်ဟောင်းဟောင်းကလေးဖွင့်ပြီး လာသမျှလူတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်လည်တူးဆွလို့ အတိတ်လမ်းတွေကို ပြန်လျှောက်ကြည့်ချင်ပါတယ်။ ခများက အာဏာသိမ်းတဲ့နေ့တုန်းက ဘယ်ရောက်နေခဲ့တာလံ။ CDM ဝင်တော့ ဘယ်လိုတွေ တောင့်ခံခဲ့ရသလဲ။ တောထဲမှာ ဘယ်လိုတွေတောင် ရုန်းကန်ခဲ့ရသလဲ။ မသေကောင်း မပျောက်ကောင်းဗျာ။ ဒီလောက် အသက်ဘေးနီးတဲ့အန္တရာယ်ကနေ ဘယ်ပုံဘယ်နည်း လွတ်မြောက်လာခဲ့တာတုန်း။ စသဖြင့်ပေါ့နော့။ ပြောစရာတွေကလည်း တပုံကြီးကျန်ပါသေးတယ်။ ရင်ဘတ်ချင်းတူတဲ့သူ ကျန်မှကျန်ပါဦးမလား မပြောတတ်။

“ဪ…. ကိုယ်တစ်ယောက်တည်း ……။ ပိတောက်လမ်းဝယ် …. လျှောက်စမ်းချင်ပါတယ်။”