ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါဦး

ကိုယ်တို့ခေတ်မှာတုန်းက ဆေးကျောင်းကို ၆ နှစ်ခွဲ တက်ရပြီး အလုပ်သင်ဆရာဝန် ၁ နှစ်ပြီးမှ ဆရာဝန်လုပ်ခွင့် (ဆေးကုသခွင့်) လိုင်စင် ရပါတယ်။ ဆရာဝန်လုပ်ချင်တယ်ဆိုရင် ဘယ်မှာပဲလုပ်လုပ် အလုပ်သင်ပြီးဆုံးကြောင်း completion certificate နဲ့ သူ အလုပ်သင်ဆင်းရာ ဆေးရုံက consultant တွေဆီက သူ့ရဲ့ အလုပ်သင်ကာလ တာဝန်ထမ်းဆောင်မှုနဲ့ပါတ်သက်ပြီး ကျေနပ်ဖွယ်ရာ ရှိကြောင်း ထောက်ခံစာ လိုအပ်ပါတယ်။ ဒါက ကိုယ်တို့မတိုင်ခင် ရှေးအစဉ်အဆက်က ချမှတ်ထားတဲ့ စည်းကမ်းဖြစ်ပြီး ဘယ်သူကမှလည်း စောဒက မတက်ကြပါဘူး။ လုပ်သင့်လုပ်ထိုက်တယ် လို့ ယူဆကြပါတယ်။ ကျောင်းသားဘဝမှာ လူနာကို ကိုင်တွယ်စမ်းသပ်တယ်ဆိုတာ သင်ကြားရေးလုပ်ငန်းစဉ် သက်သက်သာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် ကုသရေးဆောင်ရွက်ချက်တွေက အလုပ်သင်ဆင်းမှ စပြီး ထိတွေ့ခွင့် ရတာပါ။ အလွယ်ဆုံးပြောရရင် ဆေးကျောင်းသား ဘဝမှာ နားကြပ်ကိုင်တတ်တယ်။ ဒါပေမယ့် ဟောက်ဆာဂျင် ဆင်းတော့မှ အပ်ကိုင်ရတာပါ။ အပ်ကိုင်တာများ ဘာခက်တာလိုက်လို့ ရမ်းကုတွေတောင် လူတကာကိုင်တတ်တာပဲ။ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီရမ်းကုတွေလည်း ထိုက်သင့်တဲ့ အလေ့အကျင့် အတွေ့အကြုံမရှိရင် အပ်မကိုင်နိုင်ပါဘူး။ ရမ်းကုတွေကို ဘယ်သူ ထရိန်နင်ပေးတယ် အာမခံချက် မရှိပေမယ့်ဟောက်ဆာဂျင်တွေကို သူ့အထက် စီနီယာဆရာဝန်တွေက သင်ကြားကြည့်ကြပ်ပေးပြီး မတော်တဆ အမှားအယွင်း မဖြစ်ရအောင်၊ ဖြစ်ခဲ့ရင်လည်း လူနာအပေါ် အန္တရာယ်မဖြစ်ရလေအောင် တာဝန်ယူမှု၊ တာဝန်ခံမှု အဆင့်ဆင့် ရှိပါတယ်။ ဒါကြောင့်မို့ အလုပ်သင်ဆရာဝန်ကာလဆိုတာ ဆရာဝန်တစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ကိုယ့်အတွက်တော့ ပျော်စရာလည်း ကောင်းပါတယ်။

Final Part 2 အောင်ပြီးတဲ့ ကျောင်းသားတွေဟာ ဆေးကျောင်းက စာသင်ဆောင်ကြီးထဲမှာ သူတို့အလုပ်သင်ဆင်းရမယ့် ဘာသာရပ်လေးခုအတိုင်း အုပ်စုလေးခု ခွဲပါတယ်။ Medicine, Surgery, OG, Child ပေါ့။ ၃ လ ပြည့်ရင် တစ်ခုပြောင်းပြီး ၄ ခုလုံးပြီးမြောက်မှ completion ရပါမယ်။ ကိုယ်တို့နှစ်တွေတုန်းက ဆေးကျောင်းမှာ part 2 စာမေးပွဲက အခက်ဆုံးဖြစ်ပြီး အတန်းသားတဝက်ကျော်ကျော်လောက်ပဲ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါတယ်။ အဲ့ဒီခါကျတော့ ကိုယ့်ရဲ့ပထမဆုံး Surgery posting မှာ လူအရမ်းနည်းနေပြီး ၂၄ နာရီ duty ကို တရက်ခြား၊ နှစ်ရက်ခြားတစ်ခါ တစ်ယောက်တည်း ဆင်းရပါတယ်။ ဆေးရုံမှာ အိပ်ပျော်လေ့မရှိတဲ့အတွက် night off ရမှ ၂ ရက်စာပေါင်းအိပ်ပြီး ပြန်လည်းနိုးရော နောက်တစ်ခါ duty ပြန်ဆင်းရမယ့်ရက် ရောက်နေရော။ တခါတလေကျ night off ပြန်ရမယ့် အချိန်ရောက်နေပြီ။ ကိုယ့် duty ကို over ယူမယ့် နောက် house surgeon တစ်ယောက်က ရောက်မလာပါဘူး။ အိပ်ရေးက မဝ၊ အိမ်ပြန်လို့မရ၊ အဝတ်အစား အပိုလည်းမပါ၊ ထမင်းချိုင့် လည်းမပါ။ ဟိုကိုယ်တော်က ဒီနေ့ ခွင့်ယူတယ် လို့ ဖုန်းဆက်ပြီး ပြောတာမို့ ကိုယ့်မှာ ငုတ်တုတ်ကို မေ့ရောပဲ။ နောင်ကျ တခြားသူတွေနဲ့ပြန်တွေ့တဲ့အခါ သူတို့လည်း အဲ့လိုမျိုး ခံရဖူးတယ်။ နေမကောင်းတာ မဟုတ်ဘူး၊ student nurse လေးတွေကို ရုပ်ရှင်လိုက်ပြတာ၊ လို့ သိရတော့ ဆရာကြီးနဲ့ သွားတိုင်တာပေါ့။ သူက ဘာပြန်ပြောသလဲဆိုတော့ သူ့ရဲ့ ဟောက်ဆာဂျင်ကာလမှာ ခွင့်ခံစားခွင့် ဘယ်နှစ်ရက်ရှိတယ်။ အဲ့ဒီရက်တွေကို သူ့ရဲ့ ၂၄ နာရီ duty ကျတဲ့ရက်တွေမှာ တရားဝင် ခွင့်တင်ပြီး ခံစားတယ်။ အဲ့ဒါ သူ့ရဲ့ ရပိုင်ခွင့် တဲ့။ စိတ်ဆိုးလို့ အငြှိုးနဲ့ စာထဲထည့်ရေးတာ မဟုတ်ပါဘူး။ ကိုယ်တို့က အခုမှ လုပ်ငန်းခွင်ထဲရောက်ကာစမို့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်၊ ကလေးစိတ်မပျောက်သေးတာကို ပြောချင်တာပါ။ ကျောင်းမှာနေတုန်းက တခန်းတည်း စာသင်ရတဲ့ သူငယ်ချင်းတွေကို အလုပ်အတူလုပ်ကြည့်လိုက်တော့မှ စိတ်ရင်းသဘောထား သေသေချာချာ သိရတာကိုး။ ခွင့်ဆိုတာ ကိုယ်လည်း ယူရတာပါပဲ။ ဟောက်ဆာဂျင် ဆင်းနေတုန်း ကိုယ့်အဖွား ဆုံးတော့ နာရေးတစ်ပါတ်လုံး ကိုယ့် duty ကို သူငယ်ချင်းတွေ ဆင်းပေးကြတယ်ဗျ။ ဒါမျိုးကျတော့ နားလည်လို့ရတယ်လေ။ ဟိုလိုမျိုး surprise အတိုက်ခံရရင်သာ။

ဟောက်ဆာဂျင်မှာ ဘာတွေတတ်ရတုန်းဆိုတော့ မဖြစ်မနေ၊ မတတ်မဖြစ် တတ်ရတာ ဆေးထိုးတဲ့အလုပ်ပါ။ ဆေးကျောင်းသား ဘဝမှာ ကိုယ်တို့က လူနာကို စမ်းသပ်ခွင့်ပဲ ရတယ်။ ဟောက်စ်ဖြစ်မှ ကိုင်တွယ်ခွင့်ရတာပါ။ မထိုးဖူးသေးရင် လူနာကမှ အပ်ကြောက်တာ မဟုတ်ပါဘူး။ ဆရာဝန်ကလည်း ကြောက်ပါတယ်။ တစ်ယောက်တည်း သွားမထိုးရဲဘူး။ အပေါ်တန်းက extension ထိတဲ့ အမကြီးကို အဖော်လိုက်ခဲ့ပေးပါ လို့ ခေါ်ပြီးမှ ဆေးလိုက်ထိုးရဲပါတယ်။ နောက်အခက်အခဲတစ်ခုက ကိုယ်တို့ခေတ်တုန်းက ဆေးရုံမှာ အခုလို တစ်ခါသုံးအပ်တွေ မသုံးနိုင်သေးပါဘူး။ glass syringes တွေနဲ့ အပ်တွေကို ပြန်ပြန်ပြုတ်ပြီး သုံးရပါတယ်။ တစ်ခါသုံးအပ်တွေ နည်းနည်းပါးပါး ပေးပေမယ့် အဲ့ဒါတွေကို တစ်ခါပဲ သုံးပြီး လွှင့်မပစ်နိုင်ပါဘူး။ အကြိမ်ကြိမ် ပြန်ပြုတ်ပြီး သုံးလို့ရသ၍ ဆက်သုံးပါတယ်။ cannula တွေလည်း မပေါ်သေးလို့ metal needle တွေကိုပဲ ပလာစတာနဲ့ အထပ်ထပ်ကပ်၊ ပတ်တီးနဲ့ ငြိမ်အောင်ထိန်းပြီး ၂၄ နာရီ drip တွေ သွင်းရပါတယ်။ လူနာက လှုပ်လို့ swelling ရလာရင် တချိန်လုံး အသစ်ပြန်ထိုးနေရတာပါ။ ကိုယ့်အဆောင်မှာ ဆေးထိုးရမယ့် လူနာများရင် တစ်နာရီ နှစ်နာရီလောက် မနားတမ်းဆေးထိုးရပါလေရော။ ဘာဖြစ်လို့ဆိုတော့ ဆေးထိုးအပ်တွေ syringes တွေကို ဆေးကြောပြီး ပြန်ပြုတ်ရသေးတာကိုး။ လူကလည်း တစ်ယောက်တည်း ရှိတာ။ အရမ်းမနိုင်မနင်းဖြစ်နေရင် ဆရာမလေးတွေက ကူထိုးပေးပါတယ်။ ကိုယ်တို့ အကြောရှာမရရင်လည်း သူတို့ကိုပဲ ခေါ်ရပါတယ်။ အပင်ပန်းဆုံးကာလကတော့ ကလေးဆေးရုံ neonate အဆောင်မှာပါ။ မနက်လင်းတာနဲ့ ကလေးလေးတွေကို သွေးဖောက်ပြီး PCV နဲ့ serum bilirubin တိုင်းရပါတယ်။ lab ကို မပို့ဘူး။ ကိုယ့်ဟာကိုယ်ဖောက်၊ ကိုယ့်ဟာကိုယ် မွှေ့စက်ထဲလှည့်ပြီး ကိုယ့်ဟာကိုယ် ဖတ်ရတာ။ ပြီးရင် အပ်တွေပြုတ်၊ ဆေးတွေစုပ်ပြီး ဆေးလိုက်ထိုးပေတော့။ ဆေးမမှားအောင်၊ dose မမှားအောင်၊ လူနာမမှားအောင် တော်တော် ဂရုစိုက်ရတာပါ။ ကလေးလူနာက ဘယ်လောက်ထိများလဲဆို အခုတခေါက် ဆေးထိုးလို့ အားလုံးပြီးသွားတဲ့အချိန်မှာ နောက်တစ်ခေါက် ဆေးထိုးရမယ့်အချိန်နား ရောက်သွားတာပါပဲ။ ဘာဖြစ်လို့ အဲ့သလိုဖြစ်ရသလဲဆိုတော့ ကိုယ်တို့ခေတ်တုန်းက ကလေးဆေးရုံက တစ်ရုံတည်းရှိပြီး workload တွေ မနိုင်မနင်း ဖြစ်နေလို့ပါ။ ward ထဲမှာ ပြည့်ကြပ်နေတဲ့ ကုတင်တစ်လုံးစီမှာ ကလေးလူနာ ၂ ယောက်စီတင်ထားတာတောင်မှ တချို့ကလေးအမေတွေဟာ ကုတင်နေရာမရလို့ သူတို့ကလေးတွေကို ချီထားရင်း မတ်တပ်ဆေးရုံတက်ရပါတယ်။ admission ယူရတဲ့ ကလေးလူနာဆောင်တိုင်းဟာ စစ်ပြေးဒုက္ခသည်စခန်းတွေနဲ့ တူပါတယ်။ အထူးသဖြင့် သွေးလွန်တုပ်ကွေးရာသီ ဆိုရင်ပေါ့။ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အာဟာရချို့တဲ့ရောဂါသည်လေးတွေလည်း အင်မတန်များပါတယ်။ ၁၉၉၃-၉၄ ခုနှစ်လောက်က ရန်ကုန်ကလေးဆေးရုံကြီးမှာ အလုပ်လုပ်ဖူးတဲ့ ဆရာဝန်၊ ဆရာမတွေ အားလုံး ကိုယ်တွေ့ကြုံဖူးကြပါလိမ့်မယ်။ ARI, GE, DHF, Malnutrition တွေဟာ major cause of childhood mortality ဖြစ်နေဆဲ အချိန်မို့လို့ပါ။ ကိုယ် house ဆင်းခဲ့တဲ့ ဆေးရုံတိုင်းကတော့ ရုံပြည့်ရုံလျှံပါပဲ။

ကိုယ့်ရဲ့ ဟောက်ဆာဂျင်သက်တမ်းကာလမှာ အိမ်မှာနေတာထက် ဆေးရုံမှာ နေရတဲ့အချိန်က ပိုများတယ် ဆိုတာ သိနိုင်လောက်ပါပြီ။ အတန်းသားချင်းချင်း ရည်းစားဖြစ်နေတဲ့သူတွေကတော့ ဘာပြောကောင်းမလဲ။ သူ့ duty ရော၊ ကိုယ့် duty ရော ၂ ယောက်စလုံးဆင်းကြတော့ အိမ်ကို မပြန်ရသလောက်ပါပဲ။ အဲ့ဒီအခါကျတော့ ward ထဲမှာ ဖြစ်သမျှ ပျက်သမျှ ကိစ္စတွေကို အပ်ကျတာကအစ သိပါတယ်။ လူနာတွေဆီက complaint လာရင်လည်း ကိုယ်တို့ဆီကို အရင်ဆုံး ရောက်တာကိုး။ ဟောက်ဆာဂျင် duty ဆင်းရင်း ပထမဆုံးသေတဲ့လူနာဆိုလည်း ခုထက်ထိ မှတ်မိနေဆဲပါပဲ။ မဝဏ္ဏသိင်္ဂီ တဲ့။ သီလရှင် ဆရာလေးပါ။ ကိုယ့်အိမ်ကလူသေသလိုပဲ မျက်ရည်ကျပါတယ်။ နိမိတ်ကြီးလေးပါး အခုမှတွေ့တဲ့သူလိုပေါ့။ လူနာတွေအကြောင်းကို နှံ့နှံ့စပ်စပ် သိသလို ကိုယ်နဲ့ အလုပ်အတူတူလုပ်နေတဲ့ စီနီယာတွေ အကြောင်းကိုလည်း အတွင်းကျကျ သိလာတာတွေ ရှိပါတယ်။ ပရော်ဖက်ဆာတွေတောင် မသိနိုင်တဲ့ မျက်နှာဖုံးအောက်က စရိုက်တွေကို ဟောက်ဆာဓျင်တွေကတော့ အတိုင်းသား မြင်ရတတ်တာမျိုးကိုး။

ဆေးကျောင်းမှာ စာသင်လာရတဲ့ကာလတလျှောက်လုံး ကိုယ်တို့စိတ်ထဲမှာ ခံယူထားတာက ဆရာဝန်ဆိုတာ အလွန်မွန်မြတ်တဲ့ professional တစ်ခုလို့ ယူဆထားပြီး ဘုန်းကြီးရဟန်းများလို လက်အုပ်ချီမိုး ရှိခိုးကန်တော့အပ်သော လို့ ဘဝင်တွေ မြင့်နေခဲ့တာပါ။ ဒါပေမယ့် လက်တွေ့ဘဝမှာ ဆရာဝန်တချို့ရဲ့ ကိုယ်ကျင့်သိက္ခာဟာ ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုစာအုပ်တွေထဲကလို မဟုတ်ဘူးဆိုတာ လုပ်ငန်းခွင်ထဲရောက်မှ ကိုယ်တိုင်သိရပါတယ်။ လူတွေရဲ့ ကောင်းခြင်းဆိုးခြင်းတွေက စာအုပ်တွေထဲ ထည့်သင်တာမှ မဟုတ်တာလေ။ ဒါပေမယ့် ကိုယ်တို့က ဆေးရုံမှာ အခုမှရောက်ကာစ။ ဝါအနုဆုံး၊ ဆရာဝန်တောင် မဖြစ်ရသေးသူဆိုတော့ အကြီးတွေ မဟုတ်ကဟုတ်က လုပ်တာတွေ့ရင် ပြောလည်းမပြောရဲ၊ တိုက်လည်း မတိုင်ရဲပါဘူး။ ကိုယ့်အချင်းချင်းပဲ တိုးတိုးတိတ်တိတ် ရင်ဖွင့်ရပါတယ်။ အဲ့ဒါကြောင့် house surgeon တွေရဲ့ gossip ထဲမှာ တချို့သော ဆရာဝန်တွေရဲ့ dark side တွေ အနံ့ထွက်ပါတယ်။ ကိုယ်အကြီးဖြစ်လာတဲ့အခါမှာ သူတို့ဆီက feedback ပြန်ပြန် နားထောင်ရတာပေါ့။ ဟိုးတုန်းကတော့ social media တွေမှ မပေါ်သေးတာလေ။

မြန်မာကားတွေ အကြည့်များလာရင် “Sexual Harassment ဆိုတဲ့အမှုတွေဟာ လှိုင်သာယာက ဇိုးသမားတွေမှာပဲ ရှိတယ်။ ဆရာဝန်တွေဆီမှာ ဘယ်ရှိပါ့မလဲ။” လို့ ထင်သွားတတ်ပါတယ်။ ဟောက်ဆာဂျင် တစ်နှစ်လောက် ဆင်းလိုက်ရင်တော့ အဲ့ဒီအတွေးအခေါ်တွေကို ဟဟ ပေးဖြစ်ပါလိမ့်မယ်။ လူတွေက စိုင်းအောင်တင့်ရုပ်ကြီးနဲ့ ဟဲဟဲ ဟဲဟဲ ရယ်ပြရင် “မသာကြီး တော်တော်ဖြစ်နေတယ်” လို့ ထင်ကြပေမယ့် တေဇလင်းရောင် ရုပ်ကလေးနဲ့ ပရောပရီ လာလုပ်ရင်ကျ “သွား။ လူဆိုး။ ရေလည်း မချိုးဘူး။” ဖြစ်သွားတတ်တာ မဟုတ်လား။ ကာယကံရှင်က ဘာမှ မပြောပဲ ငြိမ်နေတယ်ဆိုတိုင်း သဘောတူလက်ခံတယ် လို့ ယူဆလို့ မရပါဘူး။ ရှက်လို့သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း၊ ကြောက်လို့သော်လည်းကောင်း (အထက်အရာရှိမို့လို့၊ ဆရာဝန်နဲ့လူနာမို့လို့၊ ဆရာနဲ့တပည့်မို့လို့) မငြင်းဆန်နိုင်တာ ရှိတတ်ပါတယ်။ တကယ်လို့ ကာယကံရှင်က ကြည်ဖြူတယ်ဆိုရင်တော့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါ သူတို့ရဲ့ personal affair ဖြစ်သွားပြီပဲဟာ။ ဆိုလိုတာက လုပ်ငန်းခွင်ထဲမှာ ထင်မှတ်မထားတဲ့ အန္တရာယ်တွေ ရှိတတ်တယ်။ စာအုပ်ထဲမှာ မပါဘူး။ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ကြည့်ရှောင်ရတယ်။ ရှောင်ချင်တယ် ဆိုရင် ပြောတာပါ။

ဟောက်ဆာဂျင်ဘဝမှာ လေ့လာရတာက ဆေးထိုး၊ သွေးဖောက် ချည့်ပဲ မဟုတ်ပါဘူး။ ဆေးရုံတက် လူနာတစ်ယောက်ရဲ့ ဆေးကုသမှုလုပ်ငန်းထဲက functional routine တွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ရပါတယ်။ ဆေးဝယ်ရင် ဘယ်ဆိုင်လွှတ်ရမလဲ၊ သွေးဖောက်ရင် ဘယ်ဓါတ်ခွဲခန်း ပို့ရမလဲ ဆိုတာတွေကို လူနာရဲ့အခြေအနေ၊ အချိန်နာရီကိုလိုက်ပြီး သေသေချာချာ သိရပါတယ်။ ဆေးရုံက ဓါတ်ခွဲခန်းမှာ FOC ရဖို့ ဘယ်နှစ်နာရီ အမီပို့ရမယ်၊ ရုံးဆင်းချိန် နဲ့ ပိတ်ရက်တွေမှာဆို ဘယ်ကိုပို့ရမယ်၊ ပို့ပြီးရင် အဖြေဘယ်ချိန်သွားရွေးခိုင်းရမယ်၊ အဲ့ဒါတွေ အကုန်လုံး ခေါင်းထဲထည့်ထားရပါတယ်။ Chart show နဲ့ referral တွေရော၊ ဆေးရုံဆင်းလက်မှတ် နဲ့ follow up ရက်ချိန်းတွေရော ဟောက်ဆာဂျင်ရဲ့တာဝန်ပါပဲ။ ဆေးရုံမှာ မတူညီတဲ့ လူနာဆောင်တွေ၊ ရောဂါရှာဖွေရေးဌာနတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်နေကြသလဲ ဆိုတာကို ဟောက်ဆာဂျင် မဆင်းပဲ နားမလည်နိုင်ပါဘူး။ လူနာဆောင်တိုင်းမှာ သူ့ရဲ့လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အဲ့ဒါတွေ သိထားမှ အလုပ်လုပ်လို့ရပါမယ်။

ကိုယ်တို့တုန်းကတော့ ဟောက်ဆာဂျင် ဆင်းနေတုန်းတန်းလန်းမှာ supple တန်းအောင်စာရင်းကိုစောင့်ပြီး သူတို့နဲ့အတူတူ ဘွဲ့ပေးပါတယ်။ ၆ လလောက် အကြာမှာပေါ့။ ကိုယ့်အဖွားက ကိုယ်ဘွဲ့ယူတာကို မမီလိုက်ဘူး။ ဒါပေမယ့် ဘွဲ့ယူတဲ့အခါ ဝတ်ဖို့ အဝတ်အစားတွေတော့ ဝယ်ပေးခဲ့သေးတယ်။ အပေါ်ထပ်က ခင်စိုးဓါတ်ပုံတိုက်မှာ အဖွားနဲ့ ဘွဲ့ဓါတ်ပုံ ရိုက်ဖြစ်လိုက်သေးတယ်။ အနှစ်နှစ်အလလက အားခဲလာခဲ့ပြီး တကယ်တမ်း ဘွဲ့ယူတဲ့အချိန်မှာ အဘွားမရှိတော့လို့ အမေ့ကိုပဲ အစွမ်းကုန် ဆင်မြန်းပြီး ဘွဲ့တက်ယူခဲ့ပါတယ်။ ကိုယ်ရတဲ့ဘွဲ့က ကိုယ်တစ်ယောက်တည်း ရတာ မဟုတ်ဘူး။ အိမ်က မုဆိုးမနှစ်ယောက်ရဲ့ ရုန်းကန်အား အထောက်အပံ့နဲ့ရတာ။ သူတို့လည်း အောင်ပွဲခံသင့်တယ်။ အဘွားနဲ့ကတော့ part 2 အောင်စာရင်း ထွက်တဲ့ညမှာ တရုတ်ဆိုင်ကအစားအစာတွေမှာပြီး တအိမ်လုံး ပျော်ပျော်ပါးပါး စားကြသောက်ကြတယ်။ ဆရာဝန်ဘွဲ့ ရပြီ။ ရှေ့ဆက်ပြီး ဘာအစီအစဉ် ရှိရမှာလဲ။ ဆရာဝန်လုပ်ဖို့ပဲပေါ့။ ကိုယ့်အနောက်မှာ ကိုယ့်ညီကလည်း ဆေးကျောင်းတက်ရင်း ဆရာဝန်ဖြစ်လာဦးမှာ။ သူ့အတွက် ဆက်ရုန်းကြရဦးမယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ဆရာဝန်အိပ်မက်ဟာ ပြည်တွင်းဖြစ်နဲ့ပဲ အဆုံးသတ်ပါတယ်။

ဟောက်ဆာဂျင် နောက်ဆုံး posting ကိုရောက်တဲ့အခါ နိုင်ငံ့ဝန်ထမ်း မလုပ်မနေရ ၃ နှစ်တာဝန်ထမ်းဆောင်ရမယ် လို့ အမိန့်ထွက်လာတော့ ကျောင်းသားတွေတော်တော်များများက လက်မခံနိုင်ကြပါဘူး။ အစကတည်းက သဘောတူထားတဲ့ mutual consent လည်း မဟုတ်တော့ ဒါကြီးက အတင်းအဓမ္မ ခိုင်းစေမှု တစ်ခုပါပဲ။ အဲ့ဒီတော့ သူတို့က petition လက်မှတ်ထိုးပြီး တင်သလို အလုပ်သင်ပြီးအောင်မဆင်းပဲ ခွင့်ယူကြပါတယ်။ ဒီအခါမှာ ကိုယ့်ရဲ့ last posting ကို ဒပ်ဖရင်ဆေးရုံမှာ အတူတူထမင်းစားစရာတောင် အဖော်မရှိပဲ တစ်ယောက်တည်း ဆင်းခဲ့ရပါတယ်။ သရဲကြောက်လို့ ဆေးရုံမှာ အိပ်မပျော်တတ်တဲ့ကိုယ်ဟာ အဲ့ဒီကာလမှာ သရဲအရမ်းခြောက်တယ် လို့ နံမည်ကြီးတဲ့ လူနာဆောင်တွေထဲ တစ်ယောက်တည်း night duty တွေ ခဏခဏ ဆင်းရပါတယ်။ ကြားကြားသမျှ အသံတိုင်းကို ကြောက်လန့်နေပြီး “ဆရာ လူနာလာတယ်” လို့ ခေါ်သံမကြားမချင်း ထမကြည့်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ကစပြီး ကိုယ့်ရဲ့ သရဲကြောက်တဲ့စိတ်က ကျင့်သားရပြီး ပျောက်သွားပါတယ်။ လူက တစ်ယောက်တည်း။ လူနာတွေက အများကြီး။ မွေးခန်း duty ဆို မွေးခုံလေးခုံ ပတ်ချာလည်လှည့်မွေးပြီး မိုးလင်းသွားတာပါပဲ။

တချို့ လူနာဆောင်ကျတော့ ဗိုက်မနာသေးတဲ့ high risk pregnancy တွေကို AN rest အတွက် တင်ထားတာပါ။ အဲ့ဒီအဆောင်တွေမှာ house က vital signs တွေ မော်နီတာ လုပ်ရပါတယ်။ အခုခေတ်မှာလို မော်နီတာစက်တွေ မရှိပဲ ဟောက်ဆာဂျင်ကလိုက်တိုင်းရတာပါ။ ညနေ ဂျူတီထွက်မယ့်သူက သူ အိုဗာမပေးခင်မှာ ဟောက်ဆာဂျင်ကို လူနာအားလုံးလိုက်တိုင်းခိုင်းပြီး chart ထဲမှာ down ပြီး hand over လုပ်ပါတယ်။ night ဝင်တဲ့ ဆရာဝန်က take over ယူပြီးတာနဲ့ ဟောက်ဆာဂျင်ကိုပဲ အစအဆုံး ပြန်တိုင်းခိုင်းပြီး chart ထဲမှာ down ပြန်ပါတယ်။ ခုလေးတင် တိုင်းထားတာလေ။ ဆယ်မိနစ်တောင် မပြည့်သေးဘူး ဆိုလည်း မရပါဘူး။ “ဟိုဟာက သူ့ duty၊ ဒီဟာက ငါ့ duty။ မရှည်နဲ့။ ပြန်တိုင်း။” ဆို တိုင်းရတာပါပဲ။ လူလေးမှ တစ်ယောက်တည်း ရှိတဲ့ဟာကို။ ပိုဆိုးတာက တညလုံး မအိပ်ရလို့ ဂါနေတဲ့အချိန်ကျမှ မနက် ၅ နာရီ မထိုးခင် မမပရော်ဖက်ဆာက ဝါဒ်လာ round တတ်ပါတယ်။ ကိုယ်တို့မမ ကို ခင်သန်းနု လို့ ခေါ်ကြပါတယ်။ ပရော်ဖက်ဆာဖြစ်တာတောင် ခင်သန်းနု ကိုယ်လုံးလေးနဲ့ အင်မတန်လှတာပါ။ အဲ့ဒီလိုလှတာကို လူတကာသိနိုင်ဖို့အတွက် မနက်အရုဏ်တက် အသားကပ်ဝတ်စုံလေးနဲ့ ထပြေးတိုင်း ဆေးရုံကို လူနာဝင်ဝင်ကြည့်ပါတယ်။ မိန်းမတွေရဲ့အလှဟာ အိပ်ယာနိုးချိန်မှာ ကြည့်ရတာတဲ့။ ဟုတ်ကဲ့။ မမ က တကယ်လှပါတယ်။ ဒါပေမယ့် ကိုယ်တို့မှာ အိပ်ယာကို မဝင်ရသေးတာကြောင့် မျောက်အိုလေးတွေနဲ့ပဲ တူနေမှာပါ။ ဒီကြားထဲ အဆူခံရလို့ကတော့ ဘယ်သူ့ကိုဆူဆူ သူပြန်သွားတာနဲ့ အငယ်ဆုံးဖြစ်တဲ့ ကိုယ့်အပေါ်ပဲ ဒေါသတွေ ပုံကျလာရော။ အိုဂျီမှာ အရမ်းသဘောကောင်းတဲ့ စီနီယာအမတွေလည်း ရှိပါတယ်။ ဟောက်ဆာဂျင်ဆိုတာ ဘယ် posting ကိုပဲရောက်ရောက်၊ မတူညီတဲ့ လုပ်ငန်းခွင် သဘာဝတွေမှာ ကျင့်သားရအောင် နေထိုင်သင်ယူတတ်ဖို့လည်း လိုအပ်ပါတယ်။ အလုပ်ထဲရောက်တဲ့အခါ ဒီ့ထက်ပိုပြီး ကျင့်ယူရမယ့် အရာတွေလည်း ရှိသေးတာကိုး။

ကိုယ့်စိတ်ထဲမှာတော့ ဟောက်ဆာဂျင်ဘဝဆိုတာ ဆရာဝန်ဘဝမှာ အစွန်းအထင်း မရှိသေးတဲ့ အဖြူရောင်နေ့ရက်များပါပဲ။ နဂိုစိတ်ရင်း ဓါတ်ခံနဲ့ အမိုက်အမဲလေးတွေ ရှိကောင်းရှိမယ်။ လုပ်ငန်းခွင်ပတ်ဝန်းကျင်ရဲ့ အရောင်တွေ အရိပ်တွေတော့ မစိုးမိုးသေးဘူးလေ။ ဆရာဝန်လုပ်မယ် ဆိုတာကလွဲရင် ဘယ် subject ကို စိတ်ဝင်စားတယ်။ ဘယ်ဘာသာရပ်ကို master ထပ်တက်ချင်တယ် ဆိုတာလည်း မရှိသေးပါဘူး။ ဘာစာကိုမှ ထပ်မဖတ်ချင်တော့တာ။ ဘာရည်ရွယ်ချက်မှလည်း မရှိချင်သေးဘူး။ ကိုယ့်စီနီယာ အမတွေက “စိုးမင်း နင် ဘာဖြေမှာလဲ။” လို့ မေးလာရင် ကိုယ်က သင်္ဂဇာဆရာတော်ရဲ့ ခင်ကြီးပေါက် ပုံပြင်ကို ပြောပြလေ့ ရှိတယ်။ “ရင့်မာတစ်ကျိပ်၊ နု ၅၀၀ ဗျ။ နောင်လာ ရှစ်သောင်း ဘုရားပေါင်းဟေ့။ ဘုရားပေါင်းနောက် တို့ နှစ်ယောက်ကွ။ တို့နှစ်ယောက်နောက်မှ ခင်ကြီးပေါက်။” ဆိုတာလေ။ ခင်ကြီးပေါက်တောင် သူ့နောင်တော်တွေ မူးတုန်းရူးတုန်းမို့လို့ ဘုရားဆုမပန်ပဲ လူထွက်သွားသေးတာ။ ကျွန်တော်လည်း အမတို့ကိုကြည့်ပြီး ဘာမှ ဖြေချင်စိတ်မရှိသေးပါဘူး။ ပျော်သလို နေလိုက်ဦးမယ် လို့ပဲ ဖြေလေ့ရှိပါတယ်။ ဒါပေမယ့် ဆေးကျောင်းသားတစ်ယောက်ဟာ သူ ဘယ်လို ဆရာဝန်မျိုး ဖြစ်လာမလဲဆိုတာ သိချင်ရင် ဟောက်ဆာဂျင်ဘဝမှာ လူနာတွေကို သူ ဘယ်လိုဆက်ဆံသလဲ။ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုဆက်ဆံသလဲ။ သူ့အထက်လူကြီးကို ဘယ်လိုဆက်ဆံသလဲ။ အကဲခတ်ကြည့်လိုက်ရင် ခန့်မှန်းလို့ ရပါတယ်။ မတတ်တာက သင်ပေးလို့ရတယ်။ ဓါတ်ခံတွေက ပြင်ပေးလို့ မရပါဘူး။ ဘာဖြစ်လို့ဆိုတော့ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်အတန်းဖော် သူငယ်ချင်းတွေရော၊ ပင်စင်ယူခါနီးလာတဲ့အထိ ဟောက်ဆာဂျင်ဘဝက အကျင့်စရိုက်လေးတွေ ပျောက်မသွားသေးလို့ပါပဲ။ ကိုယ်တို့အတန်းမှာ အတူတူ ဘွဲ့ရခဲ့တဲ့သူတွေတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အစိုးရအလုပ်ထဲမှာ ရှိနေသေးတဲ့သူတော့ တော်တော်ကို နည်းပါတယ်။ “နည်းဆို နင်တောင် မပါတော့ဘူးလေ။ နင့်ကို အစိုးရအလုပ်က ထုတ်ပယ်ထားတာ ၅ နှစ်တောင် ရှိတော့မယ် မဟုတ်လား။” လို့ ပြောချင်လည်း ပြောကြမှာပေါ့နော့။ ကိုယ့်အဖို့ကတော့ အခုချိန်ဟာ ဟောက်ဆာဂျင်ဆင်းတုန်းက စိတ်နေသဘောထားနဲ့ သိပ်အပြောင်းအလဲ မရှိပါဘူး လို့ ထင်မိတာပါပဲ။