ဆရာဝန်ကိုယ်တိုင် ပေါက်ပြားကိုင်၊ ကျောက်ခဲသယ်၊ မြေဖို့လုပ်နေတာကို အမြင်မတော်လို့လား မသိပါဘူး။ အုပ်ကြီးက ရွာသားတွေ လှည်းပါဆင့်ပြီး ဆေးရုံရှေ့ လမ်းလာခင်းပေးသွားလို့ တမနက်နဲ့ ကိစ္စပြတ်သွားပါတယ်။ ကိုယ်တွေကတော့ မနက်စောစောစီးစီး အရေးပေါ် ခွဲလူနာရှိလို့ မကူနိုင်ကြဘူး။ သူတို့ပြန်သွားမှ မနက်စာစားပြီး ဈေးသွားရတယ်။ လမ်းပိတ်လို့ တော်ရုံလူနာတွေ မလာနိုင်တော့ပေမယ့် သေရေးရှင်ရေး လူနာကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် လာရတာပေါ့။ ရာသီပြောင်းတော့ ရွာထဲကကလေးတွေလည်း ဖျားကုန်ပြီ။ ငှက်ဖျားတွေလည်း များလာပြီ။ Malaria test kit တွေ လုံလောက်အောင် မှာရတဲ့အခါ “ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံရသလဲ။ NGOs တွေအများကြီး ရှိတယ်လေ။ အဲ့ဒါတွေ သားဖွားဆရာမဆီတောင်းတောင် ရတယ်။ ပေါလွန်းလို့။” တဲ့။ ခက်တော့နေပါပြီ။ အဲ့ဒီသားဖွားဆရာမတောင် မူးရင်ရှူစရာမရှိလို့ ခက်နေတာ။ ကလေးတွေကို ဘာကာကွယ်ဆေးမှ ထိုးမပေးနိုင်ပဲ မွေးနေကုနေပါတယ် ဆိုမှ။ ATT တစ်မျိုးပဲ ဝယ်ထိုးပေးနိုင်တယ်။ ဒါတောင် cold chain က ကိုယ့်လက်ထဲရောက်မှ ကိုယ့်တာဝန်။ ရှေ့မှာ ဘယ်သူမှ တာဝန်မယူဘူး။ ပကတွေ စီစီ မစီစီ၊ အလိုလို လစ်သွားပါတယ်လို့ လှထုံတို့ရွာမှာကတည်းက ရေးခဲ့ဖူးတယ်။ သူတို့ မအားဘူး။ နပတမှာကို မအားကြဘူး။ ပကညွှန်ချုပ် ဗိုလ်ကတော်ကြီးကို အောက်ကလူတွေ ဝိုင်းတိုင်ကြလို့ မြန်မာနောင်းထဲတောင် ပါလာပြီ။ လက်နက်ကြီးမှန်တဲ့ ၅ နှစ်ကလေးတောင် ကုစရာ လွှဲစရာ မရှိတဲ့အရပ်မှာ ၅ နှစ်အောက်ကလေး ကာကွယ်ဆေးက “ဘာစောင်ရေးကြီးသလဲ။ ပြော” ဆို ကျော်ကျော်ဌေးလွင် လုပ်ပလိုက်တော့မယ်။
UNICEF မှာ သိုက်ပြောင်မကြီး လုပ်ဖူးပါတယ်ဆိုပြီး လူစည်ရာတင်ယမ်းလုပ်နေတဲ့ အကြံပေးအဖွားကြီးတောင် အခုဆို ကလေးတွေကို အီးနဲ့တောင် လှည့်မပေါက်အားဘူး။ သေခါနီးအဖိုးကြီးကို အသည်းအသန် ရှေ့နေလိုက်နေရလို့။ သူမှ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ ကယ်ဆယ်ရေး ရံပုံငွေတို့၊ လူသားချင်း စာနာထောက်ထားသော အကူအညီတို့ ဆိုတာလည်း ကိုယ်မေကိုယ်ထောက်ပံ့ကြေးပေးတဲ့ အန်တီကြီးဆီပဲ သွားရမလို မပြတ်မသားနဲ့။ ဒုက္ခသည်ကယ်ဆယ်ရေးကို “ဒုက္ခိတပစ္စယော ဟောတု။” ဆို ရေစက်ချချင်နေကြတာပဲ။ ဒါတောင် အဖြူတွေနော်။ ဆာဆာကာဝါဖောင်ဒေးရှင်းက ဂျပန်ကို ကိုယ်စားမပြုသော အဝါအိုကြီးကလည်း တမှောင့်။ ဒီလူတွေ အသည်းနှလုံး မရှိကြဘူး။ ပညာတွေတတ်ပြီး ပိုက်ဆံတွေရှိလည်း ကလေးတွေဘက်မှာမှ မရှိတာ။
မြန်မာပြည်မှာ ကလေးသူငယ်အခွင့်အရေးဆိုတာလေ အမိဝမ်းတွင်းမှာ သန္ဓေတည်ကတည်းက စ ဆုံးရှုံးနှင့်တယ်။ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေး မရှိဘူး။ မီးဖွားဖို့ ဆေးခန်းလည်း မရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်။ ကြုံသလိုပဲ။ ယူတို့ ဂေါတမဘုရားတောင် ကပိလဝတ်ပြန်ရင်း လမ်းမှာမွေးရတာလေ။ Elderly Primary Gravida ကိုမှ Breech presentation နဲ့တောင် hospital delivery မရဘူး။ လိုရာခရီးမရောက်ခင် လမ်းမှာမွေးတယ်ဆိုတော့ LMP တွေ EDD တွေလည်း မှန်အောင်တွက်ပုံမရဘူး။ ဒါကြောင့် ဒီအဖြစ်အပျက်မျိုးဟာ ဒီကနေ့အထိ ရှိနေသေးတယ်ဆိုရင် ဘာမှ အဆန်းတကြယ် မဟုတ်ဘူး။ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် လို့သာ မှတ်ယူလိုက်။
ဒီအရပ်မှာ ဒီလိုပဲ ကလေးတွေ မွေးကြပါတယ်။ ဆရာဝန် မပြောနဲ့။ သားဖွားဆရာမတောင် ရှိချင်လည်း ရှိတယ်။ မရှိချင်လည်း မရှိပါဘူး။ ခေတ်ကာလ အခြေအနေနဲ့တော့ မရှိသလောက်ပါပဲ။ အခု ခင်ဗျားတို့ တောထဲမှာ ဆေးရုံဆောက်ပြီး မွေးပေးနေတယ်လေ။ ကလေးရော မိခင်ရော အကုန်ကျန်းမာကြသဆို။ တော်ရောပေါ့။ ဟင့်အင်း။ ဒီနိုင်ငံမှာ မွေးဖွားလာရင် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ဆိုတာ ရှိရတယ်။ ကိုယ်တို့က မွေးပေးလို့တော့ရတယ်။ မွေးစာရင်းပေးလို့မရဘူး။ မွေးစာရင်း မရှိရင် ကြီးလာတဲ့အခါ မှတ်ပုံတင် လုပ်လို့မရဘူး။ မှတ်ပုံတင် မရှိရင် နိုင်ငံသား မဟုတ်ဘူး။ လောလောဆယ် အဲ့ဒီစာရွက်စာတမ်းတွေ ဘယ်သူမှလည်း ပေးမယ့်သူ မရှိဘူး။ နောက်မှ အဆင်ပြေသလို ကြည့်လုပ်လိုက်တော့နော်။ မွေးစာရင်းမှ မဟုတ်ပါဘူး။ သေစာရင်းလည်း ဒုက္ခရောက်တယ်။ ဆရာဝန်လက်မှတ် နဲ့ ဆမနံပါတ်ကြီးပါ တံဆိပ်တုံးနှိပ်ပြီး သေဆုံးကြောင်း ထောက်ခံစာ ရေးပေးထားလည်း “ဟင် နင့်ဟာက CDM ဆရာဝန်ကြီး။ တရားမှမဝင်တာ။” ဆို သေတဲ့သူ ပြန်ခေါ်ပေးခိုင်းနေမှ အခက်။ ဒီပြသနာတွေက ပေါ့သေးသေး မဟုတ်ဘူးဆိုတာ နယ်စပ်ဒေသတွေ တိုင်းရင်းသားမျိုးနွယ်တွေဆီ အတူတူသွားနေဖူးမှ သဘောပေါက်လိမ့်မယ်။
မြန်မာပြည်မှာ ကလေးသူငယ်တွေကို ကာကွယ်ပေးမယ့်သူ မရှိပါဘူး။ ကြောက်လွန်းလို့ သူ့အဖေရင်ခွင်ထဲ ပြေးဝင်တဲ့ကလေးကို အားလုံးရှေ့မှာတင် သေနတ်နဲ့ သေချာချိန်ပြီး ပစ်သတ်ပါတယ်။ မြန်မာစစ်သားက မြို့ပေါ်မှာ ပစ်တာပါ။ စစ်မြေပြင်မှာ မဟုတ်ပါဘူး။ အဖေတွေအမေတွေ ဖမ်းလို့မမိလို့ လေးနှစ်ကလေးကို မူကြိုမှာ လာဖမ်းပါတယ်။ မြန်မာစစ်သားတွေပါ။ မရည်ရွယ်ပဲ အခန့်မသင့်လို့ အသက်ဆုံးရှုံးရတာ ထိခိုက်နစ်နာရတာ မဟုတ်ပဲ ရည်ရွယ်ချိန်ဆပြီး ကလေးတွေကို ရန်ရှာတာပါ။ လူသားဒိုင်းကာအဖြစ် ဓါးစာခံလုပ်တာလည်း မကြာခဏပါပဲ။ ဒီလိုအဖြစ်အပျက်မျိုးတွေ မြန်မာပြည်ကလွဲရင် ကမ္ဘာကြီးရဲ့ တခြား ဘယ်နေရာတွေမှာ ဖြစ်ဖူးသတုန်း။ အခု ပြောပြလို့တောင် မယုံဘူး မဟုတ်လား။ တကယ်တော့ လက်တွေ့ကြုံနေရသူတွေက အသံတောင် မထွက်နိုင်တော့ပါဘူး။ မင်းအောင်လှိုင်ကြီး တက်ထိုင်နေတဲ့ အရိုးပလ္လင်ထဲမှာ ကလေးအရိုးစုကလေးတွေ အများကြီးပါတယ်ဆိုတဲ့အကြောင်း သူ့သားသမီးမြေးမြစ်တွေပါ သိစေချင်လိုက်တာ။ “သိသားပဲ။ သေပစေပေါ့။” လို့ပဲ ပြောမှာပါ။ ဒါလည်း သိပြီးသား။
အခု ကလေးအကြောင်းတွေ ဘာလို့ ပြောရသလဲဆိုတော့ ကလေးတွေကို ကျောင်းအပ်မယ် မအပ်ဘူး။ ကျောင်းတက်မယ် မတက်ဘူး။ ဆဲဆိုရန်ထောင် ပွဲဖြစ်နေကြလို့ပါ။ ဝမ်းသာပါတယ်။ ဖြစ်ကြပါစေ။ ကလေးကျောင်းပို့ဖို့ မပို့ဖို့ ငြင်းခုန်ဆွေးနွေးနိုင်တယ်ဆိုကတည်းက သူတို့ကလေးက အသက်ရှင်နေသေးလို့၊ သူတို့မှာ နေစရာအိမ်ရှိသေးလို့၊ သူတို့နားမှာ တက်စရာကျောင်း ရှိသေးလို့ မဟုတ်ဘူးလား။ မရှိတော့တဲ့သူတွေကို မစာနာနိုင်လည်း ကိစ္စမရှိပါဘူး။ ရှိနေသူတွေအတွက် မုဒိတာပွါးပြီး ဝမ်းသာပေးရမှာပေါ့။ အဖြစ်ဆိုးတဲ့ကလေးတွေလိုမျိုး တခြားကလေးတွေ အဖြစ်မဆိုးစေဖို့ အားလုံးပဲ ဝိုင်းဆုတောင်းပေးရမယ် မဟုတ်လား။ ကာကွယ်စောင့်ရှောက်ပေးရမယ် မဟုတ်ဘူးလား။
ဘယ်သူတွေ ဘယ်လိုတွေဖြစ်ဖြစ်ပါလေ။ အရေးကြီးတာ ကိုယ့်သားသမီး အဲ့သလို ပိုးစိုးပက်စက် မဖြစ်ဖို့ပဲ လိုတယ် လို့သာ ထားလိုက်ပါ။ ကိစ္စမရှိပါဘူး။ အဲ့သလိုမဖြစ်အောင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူ တာဝန်ယူမလဲ။ ဒါကတော့ ကိုယ်ကမိဘလေ။ ကိုယ့်ဘာသာကိုယ်ပဲ တာဝန်ယူရတော့မပေါ့။ ဘယ်သူ တာဝန်ယူယူ မယူယူ။ ကိုယ့်ကလေး ကျောင်းပို့ဖို့ မပို့ဖို့ ကိုယ့်ဘာသာ ချင့်ချိန် ဆုံးဖြတ်ရတော့မယ်။ သူများတွေ ကျောင်းတက်ကုန်ရင် အတန်းတွေရကုန်မှာလေ။ ကိုယ့်အိမ်က ကလေး ကျန်ရစ်ခဲ့မှာပေါ့။ ကျောင်းမတက်နဲ့ တားနေတဲ့သူတွေက သူတို့သားသမီးကျ နိုင်ငံခြားပို့ ကျောင်းထားတာ။ ကိုယ်တွေက ပရိုက်ဗိတ်စကူးတွေ ထားနိုင်တဲ့သူမှ မဟုတ်တာ။ အစရှိသည်အတွေးတွေက ကိုယ့်ကလေးကိုယ်ထက် သူများကလေးကို ဗဟိုပြုပြီး စဉ်းစားတာပါ။ ကိုယ်ကျိုး ကြည့်မယ့်ကြည့်မှတော့ ဘာကိစ္စ သူများသားသမီး ခေါင်းထဲထည့်မလဲ။ ကိုယ့်ကလေးအတွက်ကိုယ် စဉ်းစားမှာပေါ့။
ကလေး ကျောင်းကို မပို့ခင် မိဘတွေအတွက် အစဉ်းစားသင့်ဆုံးအချက်ကတော့ ကိုယ့်ကလေး ကျောင်းမှာ save ဖြစ်ပါ့မလား။ ဘေးကင်းလုံခြုပါ့မလား။ ဆိုတာပါ။ မိဘက ကျောင်းမှာ ဆရာ့လက်ထဲ အပ်လိုက်ရင် ဆရာက “အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ” ဆိုတဲ့ ဆရာ့ကျင့်ဝတ်နဲ့အညီ ဘေးရန်ဆီးကာ နိုင်ပါ့မလား။ မေမေကိုယ်တိုင် ကျောင်းကားပေါ်က ဆရာမ လက်ထဲအပ်လိုက်ပြီး CCTV တပ်ထားပါတယ်ဆိုတဲ့ မူကြိုကျောင်းမှာ ထားရင်း ရေတိမ်နစ်ရတဲ့ကလေးမလေးက “ဆရာမနှင်းနု သိတယ်” ဆိုပြီး တိုင်တည်တာတောင် အဲ့ဒီဆရာမနှင်းနုက ရေပြောင်အောင်ဆေးပြီး ဘူးခါလွှတ်လိုက်တာ မဟုတ်လား။ ကိုယ့်သားသမီး မဟုတ်တော့လည်း မေ့ကုန်လောက်ပါပြီလေ။
အခုခေတ်ကလေးတွေမှာ အဲ့ဒီထက်ဆိုးတဲ့ အန္တရာယ်တွေ ရှိပါတယ်။ (ပြောပြန်ရင်လည်း ခြိမ်းခြောက်တယ် ဖြစ်ဦးမယ်) တာလီဘန်တွေ မူကြိုကျောင်းမှာ ဓါးစာခံဖမ်းသလို ဖမ်းမှာ PDF တွေပဲ ရှိတယ် လို့ ထင်နေသလား။ ထင်ရုံတင် မဟုတ်ဘူး။ PDF ဆိုတာ အဲ့သလိုမျိုး အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပါတယ် လို့ ကမ္ဘာကို သက်သေပြနိုင်အောင် ယုန်လေးကားရိုက်တဲ့အခါ ကိုယ့်သားသမီးတွေ မီဒီယာစတားဖြစ်လာနိုင်တာပဲ။ အိမ်မှာ အငိုလေးဘာလေးကျင့်၊ အဝတ်အစားလေး မိတ်ကပ်လေး စီစဉ်ထားပေါ့။ ဘယ်သူပြောနိုင်မလဲ။ မြန်မာပြည်က မာလာလာတွေ ပျော့လာလာတွေ ထွက်ချင်ထွက်လာဦးမှာ။ အကြံပေးတွေက ခုကတည်းက နှပ်ကြောင်းပေး အတတ်ဟောနေတဲ့ဟာ။ ဖြစ်ကာမှ ဖြစ်ရော။ ကိုယ့်သားသမီးလေး ရင်းရတာ။ ရင်းပလိုက်။
ကလေးတွေကျောင်းမပို့ခင် ကျောင်းတက်ရမယ့်ကလေးတွေရဲ့ ခေတ်ကာလအခြေအနေ လုံခြုံရေးကို မှန်မှန်ကန်ကန် အကဲခတ်ရမှာက မိဘတွေရဲ့ တာဝန်ပါ။ ညတိုင်း မြဝတီသတင်းထိုင်ကြည့်နေပြီး “တိုင်းပြည်မြို့ သာယာပေတာ။” လို့ ယုံယုံကြည်ကြည် စိတ်ချလက်ချ ရှိတယ် ဆိုရင်လည်း ပြီးတာပဲ။ လူယုံသတ်လို့သေတော့ ပိုအရသာရှိတာပေါ့။ ကိုယ့်အမြင်ကတော့ တိုက်ပွဲတွေ အသေအပျောက် အထိအခိုက်တွေဟာ လွတ်မြောက်နယ်မြေတွေမှာ နည်းသွားပြီး မြို့ကြီးပြကြီးတွေမှာ တိုးလာတော့မယ် လို့ ပြောနေတာ အလကား မဟုတ်ဘူး။ မယုံချင်လည်း နေကြ။ တော်ကြာ ကလေးတွေ ပညာရေးကို ပိတ်ပင်ခြိမ်းခြောက်တယ်ဖြစ်နေမယ်။ ခများတို့ ရွတ်ရွတ်နေတဲ့ right for education ဆိုတာ ကလေးမသာဖြစ်သွားရင် မလိုအပ်တော့ဘူး ဆိုတာလည်း မမေ့နဲ့။ ကိုယ့်ကလေးကို ကျောင်းမှာပို့ထားတယ်ဆိုရင် တစ်ခုခုဖြစ်တော့ ချက်ချင်းသွားခေါ်နိုင်တဲ့သူ အိမ်မှာအဆင်သင့်ရှိသလား။ ကလေးတွေကို ကျောင်းမှာ ဘေးဥပါဒ်အန္တရာယ်နဲ့ ပါတ်သက်လို့ စီစဉ်သင်ပြပေးထားတာ ရှိသလား။ ကျောင်းရှေ့က လုံခြုံရေးကင်းတဲကြီးနား ဗျောက်အိုးပေါက်ရင် အဲ့ထဲကကောင်တွေ လေးဘက်ကုန်း မျက်စိစုံမှိတ်ပြီး စက်သေနတ်ကြီး ပတ်ချာလည်လှည့်မဆွဲဘူး လို့ သေချာလား။ သေချာရင် ပို့သာပို့ပါလေ။ ဘာမှမှ မပူတတ်တာ။ ဘာပူစရာရှိမှာလဲ။
မပို့လို့ရမလား။ သားသမီးချင်း စာနာမှပေါ့။ ကလေးတွေကျောင်းမတက်ရတာ ၂ နှစ်ရှိပြီလေ။ နင်တို့ပဲ ပညာရေးက အရေးကြီးတယ်ဆို။ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ ပညာရေးနဲ့ ဝေးကုန်တော့မယ်။ နင်တို့ NUG အစိုးရက ဘာလုပ်ပေးသလဲ ပြော။ နိုင်ငံခြားကပို့တဲ့အလှုငွေတွေ ဘယ်နေရာသုံးသလဲပြော။ ပြော ပြော။ ဖြေးဖြေးပြော။ နားနားပြီးပြော။ မောမယ်။ ကလေးတွေ ကျောင်းမတက်ရတာ မအလ အာဏာသိမ်းလို့ ဆိုတာကျတော့ လေသံတောင် မဟရဲပဲနဲ့ ဟိုလူ့သောက်ပြစ်ပြော သည်လူ့သောက်ပြစ်ပြော လာပြောတဲ့သူတွေကို သောက်ဖက်ကိုလုပ်စရာ မလိုပါဘူး။ သူလိုချင်တာ ကလေးတွေပညာရေး မဟုတ်ဘူး။ လက်ညှိုးထိုးဖို့ ရမယ်ရှာတာ။ စစ်ရှောင်ဒေသတွေမှာတောင် ကလေးတွေအတွက် စိတ်ချလုံခြုံတဲ့အချိန်မှာ ပညာသင်ကြားရေးကို ဦးစားပေးပြီး စတယ်။ အစိုးရကျောင်း ပြန်တက်လို့လည်း ဘယ်သူကမှ sp မလုပ်ဘူး။ အခု လှထုံတို့ရွာမှာ NUG ပညာရေးကျောင်း စနေပြီ။ ချန်ဂင်တို့ရွာမှာလည်း ဖွင့်တယ်။ ဘယ်သူကမှ အတင်းဖွင့်ခိုင်းတက်ခိုင်းစရာ မလိုဘူး။ နယ်မြေအေးချမ်းရင် ကလေးတွေအန္တရာယ်ကင်းရင် အချိန်မရွေး စလို့ရတယ်။ ဒီဘက်ကစကားနဲ့ နားလည်အောင်ပြောရမလား။ “ဗိုလ်ကြီးတို့မလာရင် ကျောင်းတွေဖွင့်လို့ ရတာပေါ့ ဝေ့။” တဲ့။
ကျောင်းတွေကို ဖွင့် ဖွင့် ဖွင့် ဆို ဘယ်သူဖွင့်ခိုင်းတာလဲ။ အစကကော ပိတ် ပိတ် ပိတ် ဆို ဘယ်သူပိတ်ခိုင်းတာလဲ။ ကလေးတွေကို ကျောင်းမတက်နိုင်အောင် ဘယ်သူလုပ်တာလဲ။ မြန်မာပြည်မှာ အမျိုးသားပညာရေးကော်မီတီဥက္ကဌဆိုတဲ့ လူကြီးကိုယ်တိုင် “အိမ်က မြေးကလေးတွေလည်း ကျောင်းမတက်ရတာ ကြာပါပြီဗျာ။” လို့ ငိုသံပါကြီးနဲ့ပြောနေတာ မကြားဖူးဘူးလား။ စပ်ကူးမတ်ကူး အဖြေမထွက်သေးတဲ့ ခေတ်ပျက်ကြီးထဲမှာ ကိုယ့်သားသမီးလေးတွေ ဗျဿနတရားငါးပါးထဲ ပါမသွားဖို့ ကိုယ်ကိုယ်တိုင်က စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးပါပဲ။ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ စဉ်းစား ဆင်ခြင် ဉာဏ်နဲ့ယှဉ်ရပါတယ်။ ကိုယ့်စိတ်ထဲမှာ အန္တရာယ်မရှိဘူး။ ဘေးကင်းတယ် လို့ ထင်ရင် လွှတ်ပါ။ ဘယ်သူတွေ ဘာသင်သင် မှားနေရင်တောင် ရင့်ကျက်လာတဲ့အခါ ဒါ အမှားပဲလို့ နားလည်လာပါလိမ့်မယ်။ စာသင်ကျောင်းကသင်တာ စာရေးစာဖတ်ချည့်ပဲမှ မဟုတ်တာ။ မနီကလေး ကြီးပြင်းဖို့ ပတ်ဝန်းကျင်ကလေးလည်း ပါတယ်လေ။ လုံခြုံစိတ်ချရတယ်ဆိုရင် ပြီးတာပဲ မဟုတ်လား။
အစိုးရ ၂ ရပ်ရှိတော့ ပညာရေးကလည်း ၂ ရပ် ရှိတာပေါ့။ NUG က သင်တာတက်ရင် စကစက ဖမ်းတယ်လေ။ စကစဖွင့်တဲ့ကျောင်းကအောင်ရင်လည်း NUG တက်လာရင် ပယ်ဖျက်စာရင်းထဲရောက်မှာ။ သားတို့သမီးတို့ရဲ့ ဆရာကြီးက ဦးဇော်ဝေစိုးလား။ ဦးသက်ခိုင်ဝင်းလား။ ဒါမှမဟုတ် ရုံးကားတောင်မစီးရဲပဲ တိတ်တိတ်ကလေးကျောင်းတက်နေတဲ့ ဆရာဦးကျော်ရွှေလား။ အဇမ်းကို ဝေခွဲမရဖြစ်နေတယ်ပေါ့။ ဟုတ်လား။ မှတ်ထားစမ်းပါ။ ပညာဆိုတာ ကိုယ့်ခေါင်းထဲမှာ ရှင်းလင်းသွားတဲ့ အလင်းရောင်ပါ။ သူများလာပေးတဲ့ အောင်လက်မှတ်က စက္ကူတစ်ရွက်ပါပဲ။ နိုင်ငံခြားမှာ သွားတက်မှ အဆင့်မီမီ ဆေးကုတတ်တာ မဟုတ်ပါဘူး။ ဆရာမွေးတာ တပည့်မွေးတာ ခွင်ရှာရေးနဲ့ပဲ ပါတ်သက်တယ်။ ပညာရေးနဲ့ မပါတ်သက်ဘူး။ ဘယ်အစိုးရပညာရေးနဲ့သင်သင် တတ်မယ့်လူကတတ်မှာပဲ။ မတတ်မယ့်လူကမတတ်ဘူး။ ဒါက ဗီဇနဲ့ဆိုင်တယ်။ ရေမြေသဘာဝပတ်ဝန်းကျင်ကတော့ ကျောင်းပေါ့လေ။ ဆေးရုံတွေမှာ လူနာအလုံအလောက် သင်ကြားရေးဆရာ အလုံအလောက် ရှိရင် ဘယ်သူကမှ သင်မပေးမရှိပါဘူး။ သင်ပါတယ်။ တံငါသင်သင်ရင် တံငါတတ် တတ်မယ်။ မုဆိုးသင် သင်ရင် မုဆိုးတတ် တတ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပင်ပေါက်တော့ အညှောက်ထွက်လာမှာ မလွဲပါဘူး။ ကိုယ်စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းရစမြဲပဲတဲ့။
ကိုယ်တို့ မြန်မာပြည်ဆေးလောကကြီး အဆင့်အတန်းမမီပါဘူး။ မြန်မာပြည်က ဆရာဝန်တွေ စိတ်မချရပါဘူး။ ရှင်းရှင်းပြောရရင် သုံးစားလို့ မရပါဘူး။ တိုးတိုးလည်း ပြောကြတယ်။ ကျယ်ကျယ်လည်း ပြောကြတယ်။ မနာပါဘူး။ ဘာနာစရာရှိသလဲ။ ဟုတ်နေတာပဲဟာ။ နို့ အဲသည်တော့ ဘာလုပ်ချင်လို့လဲ။ နိုင်ငံခြားသွားကုချင်လို့လား။ ကောင်းသားပဲ။ ကုချေလေ။ ပိုက်ဆံရှိတဲ့သူတွေ နိုင်ငံခြားသွားကုကြ။ ပိုက်ဆံမရှိတရှိလူတွေ မြို့တက် အပြင်ဆေးခန်းမှာကုကြ။ စားစရာတောင်အနိုင်နိုင်လုတွေကျတော့လည်း တို့လို ငတုံးတွေ ကုကြတာပေါ့။ ဘာဖြစ်သေးလဲ။
ဘာမှ မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမစိုးလို့ ခများဟာ ငတုံးအဆင့်ပဲ ရှိတယ် လို့ လာလာ သတိပေးရတာ ထင်ပါရဲ့။ သိပါတယ် ငတုံးမှန်း။ ကိုယ့်ဟာကိုယ်လည်း သိတယ်။ သူများတွေလည်း ပြောကြတယ်။ ဒါကတော့ ဒီရေဒီမြေမှာ ဒီလောက်ပိုက်ဆံလေးနဲ့တော့ ဒီ့ထက်ပို ဂျီးကျော့တဲ့ဆက်ပြာ မရနိုင်တော့ဘူးတဲ့။ ဍရင်ကောက် ညွန့်ချင်းတူပေမယ့် ကျုပ်တို့အရပ်မှာ နံနံပင်လောက်နဲ့ ခွေသွားတာ။ ဘူတန်မှာဆို လက်သန်းလုံးလောက် တုတ်သဗျား။ သူ့ရေမြေနဲ့သူပဲ။ ငုံးဖင်က ဆင်ဥအုဖို့ စိတ်ကူးယဉ်မနေနဲ့။ ကိုယ့်အသက် ကိုယ့်အရွယ် ကိုယ်တို့မျိုးဆက် အရပ်သား သားသမီး ဒီကျောင်းကထွက်ရင် ဒီအညွန့်အညောက်လောက်တော့ သန်တယ်။ ဒီ့ထက်သန်ချင် အင်္ဂလန် အမေရိကား နောက်တစ်ဘွဲ့သွားပြီး တက်ချေဗျာ။ ပျိုးခင်းထဲက ကောက်ပင် လယ်ထဲပြောင်းစိုက်သလို တက်လာမယ်။ သို့သော် သည်အဝန်းအဝိုင်း သည်ပတ်ဝန်းကျင် သည်တိုင်းပြည်ထဲက ဓလေ့စရိုက်အတိုင်း ပြန်လာလုပ်ဗျာ။ ဒီဘူတာပဲ ပြန်ဆိုက်လိမ့်မယ်။ ဖိုးသူတော် ပြောင်းခင်းထဲဆဲသလို ဟိုအစေ့က ကျဲသလေး သည်အစေ့ကညှက်သလေး စာလာမဖတ်နဲ့။ အစိအဆံကြီးကြီးတွေကြိုက်ရင် အမေဒီးကားကိုကြွ။
ဆေးကျောင်းတွေ ပြန်ဖွင့်တော့မယ်။ ကလေးတွေ ကျောင်းတက်သင့်သလား။ မတက်သင့်ဘူးလား။ ခဏခဏ လာလာမေးနေကြလို့။ ကလေးတွေလည်း မဟုတ်တော့ဘူး။ ကိုယ့်ဗီဇ၊ ကိုယ့်ဝါသနာ ဘာဆိုတာ ကိုယ့်ဘာသာသိဖို့ကောင်းပြီ။ ဒါက ပထမအချက်။ ဒုတိယအချက်ကတော့ ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် တသက်တာ ရင်းနှီးမြုတ်နှံပြီး ပညာရပ်ဝန်းအဖြစ် ပြုစုပျိုးထောင်ယူတော့မယ့် ရေခံမြေခံပေါ့လေ။ ရွေးချယ်ခွင့် ရှိချင်ရှိမယ်။ မရှိချင် မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရေမြေမှာစိုက်ရင် ဘယ်လောက် အသီးအပွင့်တော့ ရဖို့သင့်လဲ။ ဒါလည်း ကိုယ့်ဘာသာ အကဲခတ်။ ဘဝဆိုတာ ဒီကျောင်းကြီး တက်လိုက်ရုံနဲ့လည်း ပြီးမသွားဘူး။ မတက်ပဲနေလို့လည်း ပြီးမသွားဘူး။ လမ်းခွဲလမ်းခွတွေတိုင်းမှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး ရွေးချယ်။ အကျိုးရောအပြစ်ရော ကိုယ့်ဘာသာ ခံရမှာ သဘောပေါက်ထားရင် ရတယ်။ ဘယ်ဟာပဲ မှန်တယ်ဆိုတာ မရှိဘူး။ ကျောင်းတက်ချင်တယ်။ ဘာဖြစ်လို့ တက်ချင်သလဲ ဘာအတွက်လဲ ကိုယ့်ဘာသာနားလည်။ သူများတွေ ဘာပြောပြော ဖြစ်သမျှပျက်သမျှ ကိုယ့်ဘာသာဆက်ရင်ဆိုင်။ မတက်ချင်ဘူးဆိုရင်လည်း အဲ့ဒီအတိုင်းပဲ။ တက္ကသိုလ်ပညာရေးကျတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ရွေးချယ် နိုင်သင့်တယ်။
အဲ့ဒီတော့ ဆေးကျောင်းတွေပြန်ဖွင့်ရင် တက်ရမှာလား ဆိုတဲ့မေးခွန်းက ကာယကံရှင် ကိုယ်တိုင် စဉ်းစားရမယ့် အလုပ် လို့ ထင်ပါတယ်။ ငယ်လည်းငယ်တော့တာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေသလဲ ပြန်ကြည့်။ သူများတွေ ဘာဖြစ်နေသလဲ ပြန်ကြည့်။ ဒီတိုင်းပြည်မှာ ဘာဖြစ်နေသလဲ ပြန်ကြည့်။ “နင်တို့က ဘာဖြစ်နေကြတာလဲ။ ၂ နှစ်ပြည့်ရင် အာဏာပြန်လွှဲပေးမယ် လို့ ပြောနေတဲ့ဟာကို။” လို့ ယုံကြည်ရင်လည်း ဆရာမဖြူဖြူထွေး ဈေးရောင်းတဲ့ဆီလိုက်သွား၊ ဖန်ခုန်ရင်း ကျွမ်းတွေ လှိမ့်ထိုးနေလိုက်ကြ။ မှန်မှန်ကန်ကန် ရှုမြင် တွေးခေါ် ရွေးခြယ် ဆုံးဖြတ်နိုင်တာကမှ ပညာဖြစ်ပါတယ်။ အဲ့ဒီတစ်ခုကသာ ဘဝတသက်တာ သုံးစားရှင်သန်လို့ ရမှာပါ။ ပညာဆိုတာ အလင်းရောင်တဲ့။ အမိုက်မှောင်ကို သူပဲ ခွင်းနိုင်တယ်။ အလကားနေ မှောင်ဖို့ချည့်ပဲ စဉ်းစားမနေနဲ့။ ကြားလား။