သို့/ အမေ

အရိုးကျိုးတဲ့ လူနာတွေဆိုရင် သူတို့ ဒဏ်ရာကလေးတွေ လှုပ်ရှားထိခိုက်မိတဲ့အခါ နာမှာကြင်မှာစိုးလို့ လုံလုံခြုံခြုံကလေး ကြပ်ထုပ်စည်း၊ ငြိမ်နေအောင် သိုင်းပိုးပေးထားရတယ်လေ။ အရိုးလေးတွေ ပြန်မဆက်မချင်းပေါ့။ တခါတခါကျတော့ စိတ်မှာရတဲ့ အတွင်းဒဏ်ရာတွေဟာလည်း အရိုးတွေအသည်းတွေ မွမွကြေမတတ် မခံမရပ်နိုင်အောင် နာကြင်ကြေကွဲရပါတယ် အမေ။ အနာမကျက်မချင်း အဲ့ဒီအကြောင်းကို အစမဖော်ပဲ၊ မစဉ်းစားပဲ တခြားကို အာရုံလွှဲထားလိုက်မှသာ ဘဝရဲ့ ပစ္စုပ္ပန်ရှင်သန်ခြင်းကို ပြန်ရတယ်။ အဲ့လိုမှ မေ့မထားရင် ဘာအလုပ်မှ မလုပ်နိုင်တော့ပဲ အရှိုက်ကိုအထိုးခံရတဲ့ လက်ဝှေ့သမားများလို ပြန်ထနိုင်ဖို့ တော်တော်ကြိုးစားယူရတာ။ ဆရာဝန်ဆိုပေမယ့်လည်း စစ်ထွက်ယောက်ကျားများလို ရန်သူကို ရင်ဆိုင်အနိုင်တိုက်နေတဲ့ ကျွန်တော်တို့ဘဝထဲမှာလည်း အထိအရှမခံနိုင်လို့ ရင်မှာသိုဝှက်ထားရတဲ့ ခံစားချက်တစ်ခု ရှိပါတယ်။ တွေးမိတိုင်း နာကြင်ပါတယ်။ simple hurt မဟုတ်ပါဘူး။ grievous hurt ပါ။ အမေ့ကို မတွေ့ရတာ၊ အမေ့အသံ မကြားရတာ၊ ရက်ပေါင်း ၁၅၀၀ ကျော်လာပြီ အမေ။ နေလို့မှ ကောင်းရဲ့လား။ စိတ်ဝမ်းရော ချမ်းသာပါ့မလား။ အခုထက်ထိ လွတ်မြောက်အောင် မကယ်နိုင်သေးတဲ့အတွက်လည်း ယူကြုံးမရ ဖြစ်ရပါတယ် အမေ။ အာဏာသိမ်းပြီးကတည်းက စစ်သားတွေဟာ အမေနဲ့ပါတ်သက်လာရင် အရုပ်ကိုလည်း မမြင်ရအောင်၊ အသံကိုလည်း မကြားရအောင်၊ သတင်းစကားလေးသော်မှ မသိရအောင် ပိတ်ဆို့ဖြတ်တောက် ထားတယ်လေ။ ဒါပေမယ့် အမေ့သားတွေရင်ထဲမှာ စွဲနေတဲ့ အမေ့ပုံရိပ်ကို သူတို့ ဘယ်လိုညှိုးမှိန်အောင် လုပ်နိုင်မှာလဲ။ တချို့က အမေ့ရုပ်ပုံကို ရင်အုံမှာ တက်တူးထိုးထားတယ်။ တချို့က အမေ့နံမည်ကို လက်ရုံးမှာ ကမ္ဗည်းတင်ထားတယ်။ စစ်သားတွေက မြင်ရင် ဖမ်းတယ်၊ သတ်တယ်၊ အရေခွံဆုတ်တယ် ဆိုတာ သိလျက်နဲ့လည်း အမေ့ကို လွမ်းတဲ့အခါ အမေဟာ ကိုယ်နဲ့အတူ ရှိနေပါလား ဆိုတဲ့ ခံစားချက်ကို ရဖို့အတွက် သေရာပါအောင် ခပ်နှိပ် ထားကြတာပါ အမေ။

ကျွန်တော်လည်း လွမ်းတာပေါ့ အမေ။ Facebook ပေါ်မှာ အမေ့ဓါတ်ပုံလေးတွေ တက်လာရင် အရင်တုန်းကပုံလေးတွေဆိုပြီး အမှတ်တရ သတိရမိပေမယ့် ကြာကြာမကြည့်ရဲပါဘူး။ ရင်နာလွန်းလို့။ ငါတို့ ခုထက်ပိုပြီး အများကြီး ကြိုးစားရဦးမယ် ဆိုတဲ့စိတ်နဲ့ သံပါတ်ပြန်တင်းပြီး အလုပ်တွေပဲ ဖိလုပ်နေမိတယ်။ ဒီကောင်တွေကို တစ်ယောက်မကျန်သတ်ရလို့ ကမ္ဘာတစ်သိန်းမက ငရဲကျချင်ကျပစေ။ အမေ့ကိုတော့ မရရအောင် ကယ်ရမှာပဲ။ အဲ့ဒီရည်ရွယ်ချက်၊ အဲ့ဒီပန်းတိုင် မရောက်မချင်း ခေါင်းအစ ခြေအဆုံး မီးဟုန်းဟုန်း တောက်နေလည်း မပူနိုင် မလောင်နိုင်အားသေးပါဘူး။ ဘယ်လိုပဲ ပင်ပန်းဆင်းရဲပစေ။ ကိုယ့်အမေရဲ့ လွတ်မြောက်ရေးမို့လို့ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားလည်း လုပ်ရမှာပဲ။ အမေတောင်မှ ကိုယ့်တိုင်းပြည်ရဲ့ သားသမီးတွေ နောင်ရေးအတွက် မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နေသေးတာ။ ကိုယ်တွေက ဘာကိစ္စ ယိုင်နဲ့လဲကျသွားရမှာလဲ။

အမေ့ကို လွမ်းတဲ့စိတ် မမျိုသိပ်နိုင်တဲ့အတွက်၊ ဝမ်းနည်းရတဲ့အတွက်၊ ခလုတ်ထိတဲ့အချိန်မှာတောင်မှ မတ မိအောင် နေနေတာ ကြာပါပြီ။ အမေ့အကြောင်း စာကလေးတစ်ကြောင်းနှစ်ကြောင်းတောင် ရေးရဲတဲ့ ရေးနိုင်တဲ့ ခွန်အားသတ္တိ မရှိဘူး။ ဒါပေမယ့် အခုချိန်တော့ မရေးမဖြစ် ရေးရပါပြီအမေ။ အမေ့ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဆုတောင်းမေတ္တာ ပို့သမလို့ပါ။ ဟိုးလွန်ခဲ့တဲ့ ၁၃ နှစ်ကာလ အမ်းမှာ တာဝန်ကျနေတုန်းက အမေ့အတွက် “မွေးနေ့လက်ဆောင်” ဆိုပြီး စာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကတော့ သားတစ်ယောက်အနေနဲ့ ယောက်ကျားပီပီ တည်ကြည်တဲ့ ကတိတစ်လုံးပါ။ “တိုင်းပြည်အတွက် တာဝန်သိစိတ်ရှိရှိ ထမ်းဆောင်ပါမယ်။ လိုအပ်ရင် စစ်မှုပဲ ထမ်းရထမ်းရပါ။” လို့ ရေးခဲ့တာ။ အဲ့ဒီကတိ အခုထက်ထိတော့ အကျအပျောက် အစွန်းအထင်း မရှိ။ တည်နေသေးတယ် အမေ။ သစ္စာတွေ ပျက်ယွင်းမသွားသေးဘူး။ ဘယ်လို အပြောင်းအလဲ လောကဓံတွေရဲ့ ရိုက်ခတ်မှုအောက်မှာမှ ယိမ်းယိုင်မသွားခဲ့ပါဘူး။

တစ်ဦးနဲ့တစ်ဦး မတွေ့နိုင် မမြင်နိုင်ပေမယ့် အမေကလည်း သားတို့နဲ့အတူ ရှိနေတယ် လို့ ယုံကြည်ရတာပါပဲ။ မေတ္တာဆိုတာ အကောင်အထည် မရှိသော်လည်းပဲ အပြန်အလှန် ခံစားထိတွေ့လို့ ရနိုင်တာမျိုးကိုး။ ဒီကာလအတောအတွင်း ကြံစည်၊ လုပ်ကိုင်၊ ဆုံးဖြတ်သမျှ အရာအားလုံးဟာ အမေ့စိတ်၊ အမေ့သဘော၊ အမေ့လမ်းစဉ်အတိုင်း အခါခပ်သိမ်း ညီညွတ်အောင် ပြုပြင်ခဲ့ပါတယ်။ “အမေသာဆိုရင် ဒါကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။” “အမေဆိုရင်လည်း ဒီအတိုင်းပဲ လုပ်မှာပါလေ။” ဆိုတာမျိုး အမြဲတမ်း စဉ်းစားတွေးတောပြီး လုပ်တယ်။ ပြောစကား နားထောင်တာ မဟုတ်ပါဘူး။ ပြောစရာ မလိုပဲကို နားထောင်တာ။ စိတ်ထားချင်းက တစိတ်တဝမ်းတည်း။ ဘုန်းကြီးတွေသာ ဘုရားအဆုံးအမနဲ့ မညီတာ ရှိချင်ရှိမယ်။ ကျွန်တော်ကတော့ အမေ့အဆုံးအမနဲ့ ဘယ်တုန်းကမှ မကင်းကွာခဲ့ပါဘူး။ ခရစ်ယာန်ကျမ်းစာထဲကအတိုင်း ကောင်းကင်ဘုံက ဘုရားအိမ်တော်မှာ ပြန်တွေ့ကြတဲ့အခါကျရင် ကျွန်တော့် လုပ်ရပ်၊ ကျွန်တော့ အပြုအမူတွေအားလုံးကို ဆရာမဆီ အိမ်စာစာအုပ်ထပ်သလို အသေးစိပ် အစစ်ခံနိုင်ပါတယ်။ တစ်မှတ်တောင် မလျော့စေရပါဘူး။

အမေ့ဆီကနေ လေးစား အတုယူရဆုံးအချက်က “တို့အမေဟာ ဘယ်တော့မှ မဟုတ်တာ၊ မမှန်တာ၊ မတရားတာကို လုပ်လေ့ပြောလေ့ မရှိဘူး။” ဆိုတဲ့ အချက်ပါ။ သူ့အပေါ်မှာ ဘယ်လိုခြိမ်းခြောက် နှောက်ယှက်မှုမျိုး ရှိနေပါစေ။ ကြောက်ရွံ့စိုးရိမ်စိတ်ကင်းကင်းနဲ့ အင်မတန်မှကို ခေါင်းမာနိုင်တဲ့ သတ္တိရှိပါတယ်။ အမေ့ဆီက အဲ့ဒီစိတ်ဓါတ်ကလေးကို အမွေအဖြစ် လိုချင်လွန်းလို့ ကျွန်တော့်မှာ အတုခိုးလိုက်ရတာ။ ဘယ်လောက်တောင် မာရေကျောရေနိုင်တဲ့ ဆရာဝန်မျိုး ဖြစ်လာသလဲ။ မြင်တဲ့အတိုင်းပါပဲ။ ကိုယ်တို့အမေဟာ မဟုတ်တာ မမှန်တာ မလုပ်တဲ့ဘဝမတော့ သူ့အသက်ရှင်သန်ရေး၊ သူ့လွတ်လပ်မှု၊ သူ့အမည် ဂုဏ်သတင်းကျော်စောခြင်းအတွက် စစ်မိစ္ဆာတွေကို အညံ့မခံခဲ့ဘူး။ “အာဏာသိမ်းမယ်ဆိုတာ သိလျက်သားနဲ့ သူ့ဘက်က အလျော့မပေးလို့ လူအများကြီး သေကြရတယ်။” ဆိုပြီး လူယုတ်မာတွေက မတရားသဖြင့် အပြစ်ပုံချလည်း ဂရုမစိုက်ဘူး။ မဲခိုးတဲ့သူတွေက သူ့ကိုမဲခိုးပါတယ်ဆိုပြီး မရမက စွပ်စွဲတာလည်း စိတ်မဆိုးတတ်ဘူး။ နေစမ်းပါဦး။ တို့အမေက မဲခိုးတယ် ဆိုရအောင် သူဝင်ပြိုင်ခဲ့သမျှ ရွေးကောက်ပွဲတိုင်း သောင်ပြိုကမ်းပြိုမနိုင်တဲ့အကြိမ် တစ်ခါမှကို မရှိဖူးတဲ့ဟာကို။ သူတို့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ညစ်ကစားတာတောင် မနိုင်တော့လို့ ပွဲဖျက်ပစ်ပြီး လူကိုရန်ရှာတာပါ။ ဒီလိုသတ္တိမျိုးကို သူတို့စစ်ဗိုလ်ချုပ်တွေထဲ တစ်ယောက်တလေတောင် ရှိသလား ပြောစမ်းပါဦး။ ကျွန်တော်ကတော့ အဲ့လိုဇွဲသတ္တိမျိုးကို အားကျလို့ ဒီကနေ့ ဒီအချိန်အထိ ဒီလိုရပ်တည်နေတာပါ။

အမေ့သားတွေက အမေ့ကို ချစ်ကြတယ်။ ဝန်းရံကြတယ်။ အမေ့စိတ်ဓါတ်ကိုလည်း အတုယူကြတယ်။ ဒါကို ဆန့်ကျင်ဘက် အသိုင်းအဝိုင်းက တံဆိပ်ကပ်တော့ “ထမီခြုံ” တဲ့။ “နီပေါ” တဲ့။ ကျွန်တော်ကတော့ အဲ့လို အခေါ်ခံရတာ ရှက်စရာလို့ မမြင်ပါဘူး။ အကြောင်းကြောင်းကိုငဲ့လို့ အဲ့ဒီလူတွေနဲ့ မကင်းနိုင်မကွာနိုင်၊ သူတို့ကြိုးဆွဲရာ ကနေရတဲ့ဘဝကို ပိုစက်ဆုပ် ရွံရှာပါတယ်။ ဒင်းတို့က ထမီခြုံသာပြောနေတာ။ တို့အမေက သူ့ထမီကို အိမ်ဖော်၊ အလုပ်သမားတောင် အလျှော်ခိုင်းတဲ့ အတန်းအစား မဟုတ်ဘူး။ သူတို့အသိုင်းအဝိုင်းသာ လူကြီးအိမ်က အမတွေမှန်သမျှ ကွင်းလုံးပုံထားခဲ့တဲ့ အစဉ်အလာ ရှိတာ။ ကြူကိုယ်တိုင်လည်း ကြိုင့်ထမီလျှော်နိုင်လွန်းလို့ ဒီဘဝရောက်လာတာ။ ဘယ်သူက ထမီခြုံလဲ။ စဉ်းစားပါဦး။ ကျွန်တော့်အတွက်တော့ နီပေါဆိုတဲ့ တံဆိပ်ဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ထက် ပိုပြီး ဂုဏ်သိက္ခာရှိတယ် လို့ မြင်တာပဲ။ ဒါမျိုးက အမှား နဲ့ အမှန်ကို ဉာဏ်မျက်စိနဲ့ ခွဲခြားနိုင်မှ တွေ့ရတာ။ ဒီလို ဒီအချိန် နီနိုင်တဲ့ နီရဲတဲ့ သတ္တိကို အရပ်ဝတ်ချိန်းပြီး လူသားဒိုင်းကာနဲ့ စစ်တိုက်နေတဲ့ စစ်သားတွေ နားမလည်နိုင်ပါဘူး။

တကယ်တော့ ကျွန်တော်က အမေ့ဘက်က တစိုက်မတ်မတ် ရပ်တည်နေတာ မဟုတ်ပါဘူး။ အမေကသာ အခါခပ်သိမ်း ကျွန်တော်တို့ဘက်ကနေ မားမားမတ်မတ် ရင်ဆိုင်ပေးနေတာပါ။ အမေက ဘာဖြစ်လို့ ကျွန်တော်တို့နဲ့ ရပ်တည်သလဲ။ ကျွန်တော်တို့ကရော ဘာဖြစ်လို့ အမေ့ဘက်က ရပ်တည်သလဲ။ အဲ့ဒီကိစ္စက သွေးသားသံယောဇဉ်နဲ့ ဖြစ်တည်လာတာ မဟုတ်ဘူး။ အမေ့မှာ သားရင်းမြေးရင်းတွေ ရှိပေမယ့် သူတို့နဲ့မခြား ကျွန်တော်တို့အပေါ် မေတ္တာထားနိုင်တယ်။ ကျွန်တော်တို့မှာ အမေရင်း၊ အဖွားရင်းတွေ ရှိပေမယ့် အမေသည်သာ ကျွန်တော်တို့အားလုံးရဲ့ အမေပဲ။ ကျွန်တော်တို့ကြားက အပြန်အလှန် မေတ္တာဟာ အကျိုးစီးပွါး နဲ့ ချည်နှောင်မထားဘူး။ မျှော်လင့်ချက် တစုံတရာ မပါဘူး။ ရင်ထဲအသည်းထဲက လာတာမို့ နှစ်နှစ်ကာကာ ရှိတယ်။ အဲ့ဒီမေတ္တာတွေကို ဆင်ခြင်ပွါးများပြီး အမေ့အတွက် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့သပါတယ်။ စကားလုံး အသုံးအနှုံးနဲ့ ဖော်ပြနိုင်စွမ်း မရှိလောက်အောင်ပါပဲ။

ငယ်ငယ်တုန်းက ဝါဝါဝင်းရွှေ ရုပ်ရှင်ကားတွေ ကြည့်ရင် ငိုကြတယ်။ ဟန်မဆောင်နိုင်ဘူး။ ရုပ်ရှင်ရုံထဲကထွက်ရင် မျက်လုံးမျက်ခွံတွေ နီရဲမို့အစ်ပြီး ထွက်လာကြတာ။ ရုပ်ရှင်တွေကြည့်ပြီး ငိုတတ်သလား မေးရင် ငိုဖူးပါတယ်ပေါ့။ စာအုပ်တွေဖတ်ပြီး ငိုတတ်သလား။ အဲ့ဒါတော့ မငိုဖူးသေးဘူး အမေ။ စာတွေအများကြီး ဖတ်ခဲ့ဖူးပါတယ်။ ခံစားခဲ့ဖူးပါတယ်။ ဒါပေမယ့် မျက်ရည်လည်ရွဲ ငိုရတဲ့အထိတော့ မဟုတ်ဘူး။ အခု စာတွေတော်တော်များများ ရေးမိနေပြီလေ။ ကိုယ့်ဘာသာကိုယ် စာရေးနေရင်းနဲ့ရော ငိုမိသလား၊ ငိုဖူးသလား။ မေးကြည့်မိတယ်။ ငိုစရာလား။ ယောက်ကျားကြီးဟာကို။ အသက်ပဲကြီးလှပေါ့။ ကလေးကလား။ ဒါပေမယ့် မငိုဖူးဘူး လို့တော့ ပြောလို့မရဘူး ထင်တယ်။ ငိုတာ မဟုတ်ပေမယ့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာလို့ နှပ်တွေပါ ညှစ်ပြီး ရေးရတာ ၃ ခါ ရှိခဲ့ဖူးတယ်။ “၄၃” ဆိုပြီး အဖေ့အကြောင်း ရေးတုန်းက တစ်ခါ။ “ကန်စွန်းနွယ်” ဆိုပြီး သမီးအကြောင်း ရေးတုန်းက တစ်ခါ။ အခု တစ်ခါ။ ဘာဖြစ်လို့ ငိုတာလဲ။ လွမ်းလို့၊ ဝမ်းနည်းလို့၊ ကိုယ့်ကိုယ်ကိုယ် သနားလို့။ တစ်ခုမှ မဟုတ်ဘူး။ ဘာခံစားချက်မှ မရှိပဲ သူ့ဘာသူ အလိုလိုဖြစ်လာတာ။ ထိန်းချုပ်လို့ မရဘူး။ အကယ်ဒမီရတဲ့သူတွေ မျက်ရည်ကျပြတာ အိုက်တင်လုပ်နေတာ မဟုတ်ဘူး လို့တော့ ထင်တာပဲ။ အမေ့အကြောင်း ရေးတဲ့အခါ ဝမ်းနည်းပက်လက် ဖြစ်မိတာ အမှန်ပါပဲ။ “မွေးနေ့လက်ဆောင်” တုန်းက ပေးခဲ့တဲ့ ကတိကို အခုထက်ထိ ထိန်းထားနိုင်ပေမယ့် “ဆယ်နှစ်ကြာပြီးသောနောက်” မှာ ပေးထားတဲ့ ကတိကို ခုထက်ထိ အကောင်အထည် မဖော်နိုင်သေးဘူး။ “မေမေ့လွတ်မြောက်ရေးအတွက် ဘယ်သူ့အကူအညီမှ မပါပဲ သားတို့ကိုယ်တိုင် အသက်နဲ့ရင်းပြီး ကြိုးစားပါ့မယ်။” ဆိုတဲ့ကတိက တည်မြဲတည်ဆဲဖြစ်သော်ငြား မအောင်မြင်နိုင်သေးလို့ အများကြီးပိုကြိုးစားရပါဦးမယ်။

စစိမိစ္ဆာတွေဟာ အမေနဲ့ သားကြားမှာ အဆက်အသွယ်၊ သတင်းစကားတွေ ပြတ်တောက် ပျောက်ကွယ်သွားအောင် ပိတ်ပင် တားမြစ်ထားသော်ငြားလည်း တုံ့လှည်မေတ္တာများကိုတော့ တားဆီးချေဖျက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ အခက်အခဲတွေ ကြုံတွေ့လို့ စိတ်ပျက်အားငယ်သွားတိုင်းလည်း အမေ့မျက်နှာကို မြင်ယောင်လို့ စိတ်ခွန်အားတွေ မွေးရတယ်။ ကုန်ခြေပန်းလို့ လှမ်းနိုင်ဖွယ် ဆိုတဲ့အခါမျိုးမှာလည်း အမေ့အတွက်မို့ ရှေ့ဆက်ရဦးမယ် ဆိုတဲ့ ဇွဲနဘဲနဲ့ ကျားကန်ရတယ်။ နေထွက်ရင် အရှေ့၊ နေဝင်ရင် အနောက် လို့ သိရသလိုပဲ အမှန်နဲ့အမှား ကြားမှာ လမ်းပျောက်နေတဲ့အခါတိုင်း အမေ့စိတ်၊ အမေ့သဘောဟာ ဘယ်အခါမှ မှားတယ် မရှိဘူး လို့ ယုံယုံကြည်ကြည် ပဲ့ပြင်ယူရတယ်။ မိဘ နဲ့ သားသမီးအကြားမှာ ပိုင်ဆိုင်မှုတွေသာ အမွေအနှစ်အဖြစ် တန်ဖိုးထားကြပေမယ့် ဒီသားတစ်ယောက်အဖို့မှာတော့ စိတ်ဓါတ် နဲ့ သတ္တိကို အမွေဆက်ခံနိုင်အောင်၊ အတွေးအခေါ် နဲ့ အမျှော်အမြင်တွေကို အမီလိုက်နိုင်အောင်၊ အစဉ်သဖြင့် အားစိုက်ကြိုးပန်းနေရဦးမှာပါလေ။ တို့အမေ သက်တော်ရာကျော် ရှည်ပါစေသား။

ထာဝစဉ်တည်တံ့သော

ချစ်ခြင်းများစွာဖြင့်

အမေ့ရဲ့သား

ချန်ဂင်