ကိုယ်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းစာအုပ်တွေထဲမှာ မင်အမည်းကြီးနဲ့ဖြစ်ဖြစ်၊ ငွေရောင်မင်တွေနဲ့ဖြစ်ဖြစ် မမြင်ရအောင် ပိတ်ထားတဲ့စာတွေ ရှိပါတယ်။ တခါတခါမှာ စာရွက်လိုက် ဆုတ်ပစ်တာတွေလည်း ရှိတယ်။ စာရွက်နှစ်ရွက်ကို ကော်သုတ်ပြီး ကပ်ပလိုက်တာလည်း ရှိတယ်။ အဲ့ဒါ ဘာလုပ်တာလဲ ဆိုတော့ ဆင်ဆာဖြတ်တာတဲ့။ ဆင်ဆာက အစကတည်းက မဖြတ်ဘူးလား ဆိုတော့ ဖြတ်ပါတယ်။ ဒါပေမယ့် စာအုပ်ထွက်ပြီးကာမှ နောက်ကလိုက်ပြီး ထပ်တိုးဖြတ်တဲ့ဟာတွေကျတော့ ရိုက်ပြီးသား စာအုပ်တွေ လွှင့်မပစ်နိုင်လို့ ခုနကလိုပဲ မမြင်အောင် လိုက်ကွယ်ရပါတယ်။ အဲ့လိုမဟုတ်ရင် ဆိုင်မှာတင်ပြီးသား စာအုပ်တွေတောင် လိုက်သိမ်းတာကိုး။ ကိုယ့်ဆီက မဂ္ဂဇင်း မပြောနဲ့။ နိုင်ငံခြားကလာတဲ့ Time တို့ Newsweek တို့တောင် တခါတရံမှာ အဖုံးတွေ ဆုတ်ဖြဲပြီးမှ သွင်းခွင့်ပြုတယ်။ မြန်မာနိုင်ငံဟာ ဆင်ဆာနဲ့ပါတ်သက်ရင် တော်တော် တင်းကြပ်တာပဲ လို့ ပြောလို့ရပါတယ်။
သူတို့က ဘာတွေ ဒီလောက်တောင် ဆင်ဆာဖြတ်သလဲဆိုတော့ မြန်မာ့ယဉ်ကျေးမှုတို့၊ ကလေးသူငယ်များ ကြည့်ရှုရန်မသင့်တို့က သိပ်ပြဿနာ မရှိပါဘူး။ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ အငြှိုးအတေးကတော့ အရမ်းကို ဆတ်ဆတ်ထိ မခံတာပါ။ ဦးခင်ညွန့်ကြီးပြုတ်တော့ အမျိုးသားပြတိုက်ကလူတွေ တစ်ညလုံး အိုဗာတိုင်ဆင်းကြရပါတယ်။ မနက်ဖြန်ကျ ဦးခင်ညွန့်နံမည်နဲ့ စီစဉ်ထားတဲ့အခမ်းအနားတွေ၊ ဖိတ်စာတွေ၊ ဂုဏ်ပြုဆုလက်မှတ်တွေ၊ အကုန်လုံးဖြုတ်ရဖျက်ရတာပါ။ ဆိုကရေးတီးပြိုင်ပွဲတောင် ရပ်ပစ်ရမလို ဖြစ်သွားတယ်။ အဲ့ဒီထက် ပိုဆိုးတာကတော့ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်းမှာ ချိတ်ထားတဲ့ ခန်းလုံးပြည့် ဗုဒ္ဓဝင်ပန်းချီကားကြီးကိုပါ ချက်ချင်း ဖြုတ်ပစ်ပါတယ်။ “ဗိုလ်ချုပ်ကြီးခင်ညွန့် – ဇနီး ဒေါ်ခင်ဝင်းရွှေ ကောင်းမှု” လို့ ရေးထားတာပါလို့တဲ့။
သူတို့အချင်းချင်းတောင် အဲ့သလောက် ဖြစ်နေရင် သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆထားတဲ့သူတွေဆိုရင်တော့ ပြောမနေပါနဲ့။ မင်းသားကြီးထွန်းဝေ၊ ဒေါ်အေးအေးသင်း၊ ဟာသမယ် မသန်းရွှေတို့ကို အလုပ်လုပ်ကိုင်ခွင့် ပိတ်တဲ့အပြင် အရင်ကတည်းက သူတို့နဲ့ ရိုက်ထားပြီးသား ကားတွေကိုလည်း ရုံတင်ခွင့် မပေးတော့ပါဘူး။ ကားဟောင်းတွေ ရုပ်သံက ပြသခွင့်လည်း မရတော့ဘူး။ ၈၈ အရေးအခင်းမှာ တရားဟောလို့၊ အမေစုနံဘေးမှာ မတ်တပ်ရပ်နေလို့ တဲ့။ အဲ့ဒီလူတွေရဲ့ နံမည်တွေ ပုံနှိပ်မီဒီယာတွေမှာ ပါလာရင် စာလုံးမည်းနဲ့ လိုက်ပိတ်ရပါတယ်။ နံမည်တူတောင် ခွင့်မပြုပါဘူး။ မသန်းရွှေတစ်ယောက်ပဲ ဆင်ဆာလွတ်တာ။ အဲ့ဒီတော့ သူတို့အကြောင်းကို ရေးချင်ပြောချင် ဝှက်စာနဲ့ ရေးကြရပါတယ်။ ဗိုလ်မြဒင် မင်းသားကြီးတို့၊ ဆောင်းအိပ်မက်ထဲက မှည့်နဲ့မင်းသမီးတို့။ အဲ့လိုရေးမှ ရတယ်။ ဖျော်ဖြေရေးစင်မြင့်ပေါ်မှာလည်း အဲ့ဒီနံမည်တွေ ရေရွတ်လို့ တ လို့ မရဘူးဗျ။ စင်အောက်က စောင့်ဖမ်းမှာ။ ပြောချင်ရင် မော်ကာမော်ကာအော်ကေး လို့ ပြော။
ကိုယ်တို့အမကြီး ဒေါ်မာမာအေးအပေါ်မှာထားတဲ့ဆင်ဆာကတော့ အတော်ကြီး ပြင်းထန်ပါတယ်။ သူ့အကြောင်း မပြောရ၊ သူ့သတင်း မရေးရတင် မဟုတ်ပါဘူး။ သူ့တသက်တာဆိုထားခဲ့သမျှ သီချင်းတွေ ဗီဒီယိုတွေ အားလုံး ထုတ်လွှင့်ခွင့်ပိတ်ရုံတင်မက။ ဓါတ်ပြားတိုက်မှာ ထိန်းသိမ်းထားတဲ့မှတ်တမ်းတွေပါ ဖျက်စီးပစ်ပါတယ်။ delete လုပ်ပစ်တယ် ဆိုတဲ့သဘော။ ပြီးရင် မြန်မာပြည်ကိုလည်း ပြန်လာခွင့် မပေးတော့ပါဘူး။ အပြစ်က BBC သတင်းဌာန နဲ့ အင်တာဗျူးဖြေလို့ပါ။ တစ်သက်လုံးဆိုပေးလာခဲ့သမျှ ပေါ်လစီသီချင်းတွေရဲ့ ကျေးဇူးကို သံပုရာတစ်ခြမ်းနဲ့ ချေသလိုပါပဲ။ မာမာအေးနံမည်နဲ့ ဂန္တဝင်သီချင်းတွေကို နောက်ပေါက်အဆိုတော်တွေနဲ့ အသံပြန်သွင်းယူတယ်။ သမိုင်းထဲမှာကို မထားချင်ဘူး ဆိုတဲ့သဘော။ မြန်မာပြည်မှာ မာမာအေး ဆိုတာ မရှိဖူးဘူး။ မကြားဖူးဘူး။ ဒီလိုဖြစ်စေချင်တာ။
ယောက်ကျားကြီးတွေ ဖြစ်လျက်၊ စစ်သားကြီးတွေ ဖြစ်လျက်၊ ကလေးဆန်လိုက်တာ၊ သဘောထားသေးသိမ်လိုက်တာ။ သူတို့ ဘယ်လိုများ ကြီးပြင်းလာခဲ့ကြလို့ ဒီလိုစိတ်ထား သဘောထားမျိုး ရှိပါလိမ့် လို့ နားမလည်နိုင်ဖြစ်နေတာ။ နောက်တော့ သူတို့ပါပါး တရုတ်ကြီးက အဲ့လိုမျိုးလုပ်လို့ တသွေမတိမ်း ပုံတူလိုက်ကူးတာပဲ လို့ သဘောပေါက်လာပါတယ်။ တရုတ်ပြည်မှာ အင်မတန်ချော၊ အင်မတန်လှပြီး အင်တာနေရှင်နယ်အထိ ဝင်ဆန့်၊ ဝင်ငွေကောင်းနေတဲ့ ရုပ်ရှင်မင်းသမီးတွေကိုလည်း သူတို့တောင်းတဲ့ အခွန်အတုပ်တွေ မပေးရင် ကိုယ်တို့ဆီမှာ မာမာအေး ကို လုပ်သလိုပဲ erase လုပ်ပစ်ပါတယ်။ တရုတ်ကြီးရဲ့ ခဲဖျက်ကြီးက တော်တော်ဆိုးတာပဲ။ သူက တရုတ်သတင်းစာ၊ တရုတ်မီဒီယာတွေတင်မကဘူး။ အင်တာနေရှင်နယ် သတင်းဌာနတွေမှာပါ သူမပါစေချင်တဲ့ ကိစ္စတွေကို ငွေကြေးအင်အား၊ နည်းပညာအင်အားတွေသုံးပြီး ဖျောက်ဖျက်ပစ်တာပါ။ မဟာခုန်ပျံကျော်လွှား စီမံကိန်းအကြောင်း၊ ယဉ်ကျေးမှုတော်လှန်ရေးအကြောင်း၊ လေးဦးကော်မီတီအကြောင်း၊ လင်ပြောင်ကို လေယာဉ်ပစ်အမြောက်နဲ့ ပစ်ချတဲ့အကြောင်း၊ တီအန်နန်မင်စကွဲအကြောင်းတွေကို ဘယ်တုန်းကမှ မရှိခဲ့ မဖြစ်ခဲ့ဖူးသလို ဖုံးဖိဖျောက်ဖျက်ပစ်ပါတယ်။ သူက မကြားစေချင်ရင် ဝူဟန်ဆိုတဲ့ နံမည်ပျောက်ပြီး COVID-19 လို့ ပြောင်းခေါ်ကြတဲ့အထိလည်း စွမ်းနိုင်ပါတယ်။ မော့ဆက်ရဲ့ ထောက်လှမ်းရေးတွေ အစွမ်းထက်သလို တရုတ်ကြီးရဲ့ သတင်းမီဒီယာအချက်အလက် စုဆောင်းရေးနဲ့ လိုအပ်သလို အကွက်ရွှေ့နိုင်စွမ်းကို အမေရိကန်တွေကတောင် သတိထားရပါတယ်။ တရုတ်ဖုန်းမသုံးရ ဆိုတဲ့ နိုင်ငံတွေလည်း အများကြီး ရှိတယ်။
အခုခေတ်က သတင်းမီဒီယာဆိုတာလည်း စစ်တိုက်နေကြတာပဲလေ။ အမှန်ဆိုတာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် ယုံချင်ရာ ယုံ။ အစ္စရေးက ရေးတဲ့သတင်းထဲမှာတော့ အီရန်တွေသေတာ သောက်သောက်လဲ။ သူတို့ဘက်က အထိအခိုက်က စတိမျှသာ။ အီရန်က သတင်းကတော့ သူတို့နဲ့ ပြောင်းပြန်ပဲ။ အိန္ဒိယ နဲ့ ပါကစ္စတန် ပစ်ကြတုန်းကလည်း အဲ့သလိုပဲ။ “မင်းတို့ ၂ ယောက်မှာ တစ်ယောက်ယောက်တော့ လိမ်နေပြီ။ ဘယ်ဟာအမှန်လဲ။” လို့ သွားမမေးနဲ့။ ဘယ်ဟာမှ မမှန်ဘူး။ နှစ်ယောက်လုံး လိမ်တတ်တယ်။ ကိုယ့်ဘာသာကိုယ် ချင့်ယုံ။ သူများပြောတိုင်း မယုံနဲ့။ ဘေးကဝင်ပြောနေတဲ့သူတွေလည်း အတူတူပဲ။ ကိုယ်ဖြစ်ချင်တာ ကိုယ် အမှန်ယူတာ။ သိလို့မြင်လို့ မဟုတ်ဘူး။ ခုခေတ်မှာ လိမ်လို့ညာလို့ ဘယ်သူမှ မရှက်တတ်ဘူး။ ရုပ်တည်ကြီးနဲ့ ဇွတ်သာလိမ်။ တစ်ယောက်မဟုတ် တစ်ယောက်တော့ ယုံသွားမှာပဲ။ လိမ်ပါများရင် အမှန်ထင်သွားလိမ့်မယ်။
ဆယ်ဇင်းမှာ ပထမအကြိမ် ဗုံးကြဲမီးလောင်တုန်းက ရွာကကလေးတွေနဲ့ ကိုယ်တို့နဲ့ အဆက်အသွယ် မပြတ်ဘူး။ ဖြစ်သမျှ ပျက်သမျှအားလုံးကို live မလွှင့်ရုံတမယ် ချက်ချင်းသိရတယ်။ သူတို့အိမ်၊ သူတို့မိသားစုတွေက ရွာမှာ ကျန်ခဲ့တာကိုး။ အဲ့ဒီအချိန်မှာ ဆရာဝန်တစ်ယောက်က သူ ဆယ်ဇင်းထဲမှာ ရှိနေပါတယ်။ ဘာမှ မဖြစ်ပါဘူး။ KIA က လိုက်ပစ်ပြီး ရွာကို မီးရှို့နေတာပါ လို့ ရေးတင်တယ်။ ကိုယ်ရေးတဲ့စာတွေအောက်မှာလည်း “မင်း ဦးနှောက် မရှိဘူးလား။ ရှမ်းနီတွေက ရှမ်းနီရွာကို မီးရှို့တယ်ဆိုတာ ဖြစ်နိုင်လို့လား။ မင်းဆိုရင်ကော ကိုယ့်အိမ်ကိုယ် မီးရှို့မှာလား။” လို့ လာမန့်သူတွေ ရှိပါတယ်။ သူတို့က ကိုယ့်ကို လာလိမ်နေတာ မဟုတ်ပါဘူး။ ရွာထဲမှာ အိမ်မီးလောင်သွားတဲ့ကလေးတွေနဲ့ အတူတူနေတဲ့ ကိုယ့်ကို ဘယ်လိမ်လို့ ရမှာလဲ။ ဒါပေမယ့် ဘာမှ မသိတဲ့ အပြင်ကလူတွေကျတော့ “တဘက်သတင်းမှာတော့ ဒီလိုလည်း ပြောသေးတာပဲ။ the other side of coin ဆိုတာလည်း ရှိတယ်လေ။ တဘက်နားနဲ့ မဆုံးဖြတ်ပါနဲ့ ။”ဆိုတော့ နေရင်းထိုင်ရင်း ကိုယ့်အမှန်တရားဟာ ၅၀ သား ရေထိုးခံလိုက်ရရော။ သတင်းမှန်တွေကို အဲ့လိုမျိုး လူအား ငွေအား နဲ့ ပရိယာယ်သုံးပြီး လူမသိသူမသိဖြစ်အောင် ဖုံးအုပ်တာလည်းပဲ ရိုက်ပြီးသားစာအုပ်ပေါ် မင်အမည်းနဲ့ လိုက်အုပ်တာနဲ့ အတူတူပါပဲ။ တခါတလေကျ ကိုယ့်ဘက်ကလူတွေကတောင် သူတို့ psy-war သတင်းတွေကို trend ဖြစ်အောင် ကူရှယ်ပေးကြသေး။ ရူးချင်ယောင်ဆောင်တဲ့သူက ရူးတဲ့သူထက် ကြောက်ဖို့ကောင်းတယ်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုခု ရှိကိုရှိတာ။ ဟိုတောသမ ကျွမ်းထိုးကောင်ဆို အရူး အရူးနဲ့ လစ်ရင်လစ်သလို အိမ်ဦး ချေးတက်ပါတာ။
သတင်းဆိုတာ ဒီနေ့ပြီး နောက်တစ်နေ့ဆို ပျောက်သွားပြီ။ သတင်း မဟုတ်တော့ဘူး။ နောက်တစ်နေ့ အသစ်ပေါ်လာတာကမှ သတင်း။ ဘယ်သတင်းစာမဆို မနက်ပိုင်းပဲရောင်းတယ်။ ညနေပိုင်းသတင်းက ရေဒီယိုမှာ နားထောင်။ သူ့ထက်ငါ ဦးအောင်ပြောပြီး ပြီးပြီးပျောက်ပျောက် ပျောက်သွားတဲ့အချက်အလက်တွေကို အဖြူအမည်း ငြင်းခုံနေစရာ မလိုပါဘူး။ အချိန်တခုရလာတဲ့အခါ အမှားတွေ ပျောက်သွားပြီး အမှန်တွေသာ ကျန်ခဲ့တာ။ သတင်းထဲမှာ ဘယ်လောက်ပဲ နိုင်နေပါပြီ အော်အော်။ တကယ်နိုင်မှ နိုင်တာ။ လေယာဉ်ပျံနဲ့ ဗုံးကြဲပြီးတိုင်းလည်း PDF တွေ ဗုံးခွဲတာ ပြောနေကျလေ။ လေယာဉ်ပျံဆိုတာ အသံမပေးပဲ တိတ်တိတ်ကလေး လာလို့ရတဲ့ ကိစ္စလည်း မဟုတ်။ အိပ်နေရင်တောင် လန့်နိုးအောင်ကျယ်တယ်။ တရွာလုံးလည်း ကြားရမြင်ရတယ်။ လိမ်ချင်သပဆိုလည်း ဆက်လိမ်ပေါ့။ တပ်ထဲက မုဆိုးမတွေ ယုံလိမ့်မယ်။
သူတို့က သတင်းမီဒီယာ စစ်မျက်နှာမှာ တပ်ရင်းတပ်ဖွဲ့တွေ စုစည်းထားပြီး မသိစေချင်တဲ့ သတင်းတွေကို တက်မလာအောင် တားဆီးတယ်။ ပျံ့နှံ့မသွားအောင် ပိတ်ပင်တယ်။ ဖတ်မယ့် ကြည့်မယ့်သူ မရှိအောင်လည်း ကန့်သတ်တယ်။ သတင်းအတု၊ သတင်းအမှားတွေနဲ့လည်း ရောထည့်တယ်။ တချို့သတင်းတွေကို လုံးဝအမေးမခံပဲ အမှောင်ချထားတယ်။ ကိုယ်တို့အမေဆို အာဏာသိမ်းပြီးတဲ့ နေ့ကစလို့ လူလည်း မမြင်ရဘူး။ အသံလည်း မကြားရဘူး။
ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူး။ မာကြောင်းသာကြောင်းလေးတောင် ပေးမသိဘူး။ တခြားက နိုင်ငံ့ခေါင်းဆောင် သံတမန်တွေနဲ့လည်း တွေ့ခွင့်မပေးဘူး။ ဖြစ်နိုင်ရင် သူတို့က အမေ့နံမည်ကို ဘယ်သူကမှ မသိတော့အောင် erase လုပ်ပစ်ချင်တာပါ။ ဒါပေမယ့် အဲ့ဒါက ဘယ်လိုမှ မဖြစ်နိုင်မှန်းသိလို့ အသည်းနာနေကြတာ။ တို့အမေရဲ့နံမည်က တို့ကလေးတွေ ရင်အုံမှာထိုးတယ်။ နဖူးပြင်မှာထိုးတယ်။ ဓါတ်ပုံလေးကို အမြတ်တနိုးထားကြတယ်။ မအလ ရဲ့ နံမည်ကိုတော့ မောင်ဆောင်းခရဲ့ ပြွန်တန်ဆာမှာ တက်တူးထိုးတာ သူ့မိန်းမကတောင် ရွံလို့ အကပ်မခံတော့ဘူးတဲ့။ သူ့ဓါတ်ပုံကတော့ လူတကာ ဖိနပ်နဲ့နင်းဖူးပါတယ်။ သူလည်းပဲ un-erasable ထဲမှာပါတယ်။ သူ့ယုတ်မာချက်တွေကို ဘယ်သူမှ မမေ့တော့ဘူး။
လိမ်ချင်သလောက် လိမ်၊ ဖျောက်ချင်သလောက် ဖျောက်။ အချိန်တန်တော့လည်း ဘယ်သူ ဘာလုပ်ခဲ့တယ် ဆိုတာကသမိုင်းတွင်သွားတာပါပဲ။ သမိုင်းဆိုတာ နိုင်သူက ရေးတာ မဟုတ်။ ပြည်သူက ရေးတာပါ။ ဒေါက်တာမောင်မောင် ရေးတဲ့ ဦးနေဝင်း အထုပ္ပတ္တိကို ဘယ်သူက သမိုင်းမှတ်တမ်းအဖြစ် ကိုးကားကြလို့လဲ။ သူ့ရဲ့ You 3, Me 3, We 3 ဇာတ်ရှုပ်ကြီးကို ဘယ်သူမှ မကြားဖူးအောင် ပိတ်ပင်လို့ ရခဲ့လို့လား။ ပျူစောထီးရဲ့ ငှက်ကြီး၊ ဝက်ကြီး၊ ကျားကြီး၊ ရှူးပျံ ပုံပြင်ကို မဘသတွေပဲ ယုံမယ်။ ဘယ်သမိုင်းဆရာမှ မကိုးကားဘူး။ ဘုရားသမိုင်းရွတ်ပြီး ဖလားခေါက်ချင်ရင် ရွှေစည်းခုံကိုကြွ။ သူများက နံရံဆေးရေးတောင် အတုအစစ်ခွဲပြီးမှ ယုံတာ။ အလိမ်အညာဆိုတာ ဘယ်တော့မှ တာရှည်မခံဘူးလေ။ မာမာအေးတို့ ထွန်းဝေတို့ကို နံမည်အမည်းနဲ့ ပိတ်ခိုင်းတဲ့ကောင်တွေ။ အခု သူတို့က ဘယ်သူလဲ။ နံမည်ဘယ်လိုခေါ်သလဲ။ သိသလား။ ကျုပ်ကတော့ တကယ် မသိပါဘူးဗျာ။ မာမာအေးတို့ ထွန်းဝေတို့ကို နံမည်ဆင်ဆာဖြတ်တဲ့ကောင်တွေ လို့ပဲ သိပါတယ်။ တကယ့်ကို anonymous ပါ။ နံမည်ဆိုတာ သူများတွေဖျက်လို့ ပျက်ရိုးထုံးစံ မရှိဘူး။ ကိုယ့်ဘာသာ မထော်မနမ်းတွေ လျှောက်လုပ်မှ သူ့ဘာသာပျက်သွားတာ လို့ သင်ခန်းစာ ပေးချင်ပါတယ်။
“မင်းလေးသတိရတော့ ဒီနံမည်လေးပဲ ပြန်ခေါ်ပေါ့။ သိပ်ချစ်ဖူးခဲ့တဲ့ ဆရာဝန်လေးတစ်ယောက်ကို မမေ့နဲ့နော်။”