ကိုယ်တို့ဆေးရုံစဖွင့်ဖို့လာစဉ်အခါက လူ ၅ ယောက်နဲ့ စပါတယ်။ ကိုယ်အပါအဝင် ဆရာဝန် ၃ ယောက်၊ ဆရာမ တစ်ယောက် နဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ။ နောက်တော့ ဆယ်ဇင်း ကိုဗစ်စင်တာမှာတုန်းက လုပ်အားပေးတဲ့ ဗော်လံတီယာ ဆရာမလေး ၂ ယောက်လည်း လိုက်လာပါတယ်။ ရောက်ကာစ ဆေးရုံတည်ဖို့ ကြိုးစားကာစဆိုတော့ ကိုယ်တို့မှာ ယောက်ကျားလေး အလုပ်သမားတစ်ယောက်လည်း လိုချင်တာပေါ့လေ။ ရွာထဲက ဆေးရုံမှာ အလုပ်လုပ်ချင်တဲ့သူ မရှိဘူးလား လို့ မေးတဲ့အခါ ကလေးတစ်ယောက်တော့ ရောက်လာပါတယ်။ နံမည်က ထွန်းရွှေ တဲ့။ အသားဖြူဖြူ အသက်က ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ စကားပြောရင်တောင် ကိုယ်တို့နဲ့ တိုက်ရိုက် မပြောရဲဘူး။ သူနဲ့ပါလာတဲ့ အဖော်တစ်ယောက်ကို ပုဏ္ဏားတိုင်လုပ်ပြီး ပြောပါတယ်။ သူ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် သူ တစ်ယောက်တည်း မလုပ်ရဲဘူး။ သူ့သူငယ်ချင်း ကလေးမလေးပါ ခန့်ပေးပါ။ သူတို့ အတူတူ လုပ်ပါ့မယ် တဲ့။ ကောင်းပြီလေ။ နောက်လည်း လူလိုရင် ခေါ်ရမယ့် ဥစ္စာ။ နှစ်ယောက်စလုံး ခေါ်ထားလိုက်တာပေါ့။ ဒီလိုနဲ့ ထွန်းရွှေဟာ ဒီရွာမှာ ကိုယ်တို့ဆေးရုံကို ယုံကြည်တဲ့ ပထမဆုံး ဆေးရုံလုပ်သား ဖြစ်လာပါတယ်။
စစချင်းမှာ သူ့ရဲ့ အလုပ်တာဝန်က Janitor အလုပ်ပါ။ မနက်မိုးလင်းတိုင်း ဆေးရုံကို သန့်ရှင်းရေးလုပ်၊ Aseptol နဲ့ သုတ်၊ bleaching powder အရည် ဖျော်ပြီးဖျန်း။ အဲ့ဒီအလုပ်တွေကို အချိုးအစား ဖော်မြူလာနဲ့ တစ်ခါတည်း သင်ပေးထားလိုက်ပါတယ်။ ဆေးရုံအတွက် ရေတင်တဲ့အလုပ်ကလည်း ထွန်းရွှေတာဝန်ပါပဲ။ ညဘက် မီးစက်နှိုးတဲ့အခါလည်း ဂေါက်ကြီးနဲ့ လှည့်လှည့်ပြီး နှိုးတတ်တာ သူပဲ နှိုးတတ်တယ်။ မီးစက်က ဖောက်သွားတဲ့အခါဆိုလည်း သူ့အကိုကိုခေါ်ပြီး ပြင်ခိုင်းတယ်။ ဆေးရုံက ရေပိုက်တွေ နွားနင်းလို့ ကျိုးကုန်ရင်လည်း ကိုမြတ် နဲ့ သူနဲ့ပဲ ပြင်ကြတယ်။ ဒီလူပဲ ရှိတာကိုး။ ရောက်ကာစမှာ ကိုယ်တို့က တစိမ်းတွေမို့ ရွာနဲ့ပါတ်သက်ပြီး သိချင်တာ မှန်သမျှ သူ့ပဲ ဂူဂယ်ခေါက်ရပါတယ်။ သူက ရွာမှာ ၈ တန်းအထိ ကျောင်းနေဖူးပေမယ့် ပြီးအောင်ဆက်မတက်တော့ဘူးတဲ့။ အခု သူ့ရွာမှာ ဆေးရုံလာဖွင့်ဖြစ်တော့ အိုးမကွာအိမ်မကွာ အလုပ်ကလေးတစ်ခု ရတာပေါ့လေ။ ဒါပေမယ့်လည်း သူ အိမ်မပြန်ပါဘူး။ ဆေးရုံမှာပဲနေတော့တယ်။ ဆေးရုံမှာ ဟိုနေရာရွှေ့လိုက် သည်နေရာရွှေ့လိုက် နေရပေမယ့် သူနေရမယ့်အခန်းလေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ထားပြီး သူလိုချင်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ စုပါတယ်။ တောသားလေးဆိုပြီး အထင်မသေးနဲ့နော်။ သူ့အခန်းထဲမှာ မျက်နှာသစ်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ၊ skin care အမျိုးမျိုး စုံနေအောင် ရှိပါတယ်။ ကိုယ်တောင် တစ်ခါမှ မမြင်ဖူးတဲ့ဟာ သူ့ဆီမှာ ရှိတယ်။ ဘောတိုက်ဆပ်ပြာတဲ့။ အံ့ရော။
ဒီလောက်ဆိုရင်တော့ ထွန်းရွှေဟာ အရမ်းလှချင်တဲ့ ကလေးတစ်ယောက် ဆိုတာ သိနိုင်လောက်ပါပြီ။ ဆေးရုံရောက်လာပြီးတဲ့နောက် မျက်စိအောက်မှာပဲ အရပ်ကြီးရှည်ထွက်လာပြီး ကြီးကောင်ဝင်ပါတယ်။ သူ့အရပ်က သူ့အဖေတွေ အကိုတွေထက်တောင် ရှည်သွားတယ်။ ဒါပေမယ့် ဝက်ခြံတွေ ထွက်လာလို့ ဆပ်ပြာတွေတစ်မျိုးပြီးတစ်မျိုးပြောင်းသစ်လည်း အရေပြားနဲ့ ဓါတ်မတည့်တော့ ပိုပိုရဲလာတာပေါ့။ အဲ့ဒါတွေ ဘာမှ မသုံးနဲ့။ ဒီအတိုင်းပဲနေ။ အချိန်တန်ရင် ပျောက်သွားလိမ့်မယ် လို့ ပြောထားရတယ်။ နားထောင် မထောင်တော့ မသိဘူးလေ။ ဟုတ်ကဲ့ လို့တော့ ပြောတာပဲ။ သူက အဲ့သလိုပဲ။ ဟုတ်ကဲ့ ချက်ချင်းပြောပြီးမှ သူလုပ်ချင်ရာ လုပ်တဲ့ကလေးပါ။
ထွန်းရွှေက သင်ရပြရလွယ်ပါတယ်။ အတုခိုးလည်း မြန်တယ်။ သိချင်တတ်ချင်စိတ်လည်း ရှိတယ်။ ဒါပေမယ့် သူတတ်သွားပြီးရင်တော့ “ဒါ ငါသိပြီးပြီ” ဆို မလုပ်ချင်တော့ဘူး။ ပေါ့ပျက်ပျက် လုပ်တတ်လို့ နောက်ကလိုက်ကြည့်မှ ရတယ်။ သူမလုပ်ချင်တဲ့အလုပ်ဆိုမကြားချင်ယောင် ဆောင်တတ်တယ်။ ဒါပေမယ့် ဆေးရုံမှာ လူနာပြုစုတဲ့အလုပ်တွေ သူမတတ်တာ ဘာမှ မရှိပါဘူး။ အကုန်လုပ်တတ်တယ်။ ဆေးရုံမှာ သူ့ထက်စီနီယာက မိန်းကလေးတွေချည့်ပဲမို့လို့ သူ့မှာ တချိန်လုံး အော်ခံနေရတာပါပဲ။ ဒါပေမယ့် ပထမရောက်လာတဲ့ မမအိုဂျီကတော့ သူ့ကို “သားပေါက်လေး သားပေါက်လေး” ဆိုပြီး တော်တော်ချစ်ပါတယ်။ အရွယ်က စပ်ကူးမတ်ကူး၊ ကလေးစိတ်ပဲ ရှိသေးတာဆိုတော့ အလုပ်လုပ်တာတင် မကပါဘူး။ ဆုံးမသွန်သင်စရာ ရှိတာလည်း သင်ရတာပေါ့။ စိတ်တိုင်းမကျတာတွေရှိလည်း ဒီလိုပဲ သည်းခံရပါတယ်။ ကလေးပဲဟာကိုး။
ဆေးရုံအတွက်၊ သူ့အတွက် ရေရှည်စဉ်းစားထားတဲ့ ကိစ္စကတော့ သူ့ကို X-ray technician အဖြစ် လေ့ကျင့်ပေးဖို့ပါ။ ဓါတ်မှန်စက်နဲ့ပါတ်သက်ပြီး အမှားအယွင်းမရှိအောင် သူ့ကို သေချာသင်ပြထားတယ်။ ဒီစက်ကြီးက ကိုယ်တို့မရှိတဲ့နောက် နောက်လူသုံးတတ်ဖို့ မလွယ်ဘူး။ ဂျပန်စာတွေနဲ့မို့လို့။ ဘယ်အပိုင်းကို ရိုက်ရင် Setting ဘယ်လိုချိန်းတယ် သူ့ကိုပြထားလိုက်တယ်။ တခြားလူတွေက nurse အလုပ်နဲ့ဆို အပြောင်းအရွှေ့ ရှိနိုင်တယ်။ သူကတော့ ဒီမှာ ဖင်မြဲမယ့်သူလေ။ ခွဲခန်းထဲမှာဆိုရင်လည်း သူ့ကို case ဝင်ဖို့ထက် OT technician လိုပဲ သုံးပါတယ်။ စက်ကိရိယာတွေ ဖြုတ်တာတပ်တာ၊ မီးချိန်တာ၊ OT table ကို position ပြောင်းတာတွေ ခိုင်းပါတယ်။ portable C-arm X-ray လေးရိုက်ချင်လည်း သူ့ကိုပဲ သုံးပါတယ်။ ဆေးရုံကကလေးတွေကို စာသင်ပေးရင် သူက စာကိုစိတ်မဝင်စားပဲ အလုပ်လုပ်တာကိုပဲ စိတ်ဝင်စားပါတယ်။ ဆေးသင်တန်းဖွင့်တော့ ဆေးရုံက ကလေးတွေကိုလည်း စာမေးပွဲစစ်ပြီး အောင်ရင် အောင်လက်မှတ်ပေးမယ် လို့ ပြောပေမယ့် သူ ဝင်မဖြေပါဘူး။ ကျောင်းစာနဲ့ပါတ်သက်ရင်တော့ သူ့မှာ ယုံကြည်ချက် နည်းပုံရပါတယ်။ ဒါပေမယ့် အ တော့ မအ ပါဘူး။
သူက ကိုယ့်ထက်သာတာကတော့ တစ်တော့ဆယ်လီ ဖြစ်နေတာပါ။ TikTok မှာ ဘာတွေ trend ဖြစ်နေလဲ သူအကုန်သိပါတယ်။ သူ့အကောင့်တွေကလည်း ဘာတွေမှန်း မသိပါဘူး။ “မင်းကြိုက်ရင် မင်းကောင်လေးပေါ့” တို့ ဘာတို့လည်း ပါတယ်။ သူတို့ခေတ်နဲ့ကျတော့ ကိုယ်တို့တွေ လိုက်မမီပါဘူး။ အရွယ်ရောက်လာပြီဆိုတော့ ရွာကအပျိုလူပျိုအဖွဲ့တွေထဲ ပါလာပြီး ရှမ်းနီအကတွေလည်း တက်တက် ကရပါတယ်။ သူတို့မှာလည်း အကဆရာတွေ ရှိတာကိုး။ ရွာက သာရေးနာရေးတွေ ရှိရင် အမေကြီးတွေအဖွဲ့က ချက်ပြုတ်လုပ်ကိုင်ပြီး သူတို့ အပျိုလူပျိုအဖွဲ့က ဧည့်ခံပါတယ်။ ဒီရွာမှာက သူနဲ့ရွယ်တူတွေတောင် အိမ်ထောင်ကျတဲ့သူကျ၊ ကလေးရတဲ့သူရ ဖြစ်ကုန်ပါပြီ။ သူက ဆေးရုံမှာ အပင်ကလေးတွေစိုက်တာ၊ ဘဲကလေးတွေ မွေးတာလည်း လုပ်ပါတယ်။ သူ့အိမ်မှာတော့ ဝက်တစ်ကောင်မွေးထားတာ ရောင်းပြီး ဆိုင်ကယ်ဝယ်လိုက်ပြီ။ ဒီဘက်မှာ ကလေးတွေက တက်တူးထိုးတာ ခေတ်စားတဲ့အခါ သူလည်းပဲ တက်တူးထိုးပါတယ်။ မျက်ခုံးမွှေးကို။ ဘဲရုပ်ကလေးတရုပ်တော့ ထိုးပါတယ်။ သူများကို သွေးလှူတဲ့သူဟာ အဲ့လိုမျိုးအလုပ်တွေ မလုပ်ရဘူး လို့တော့ ပြောထားတာပဲ။ ဆေးရုံမှာ သွေးလိုလာရင် ကိုယ်တို့ထဲကပဲ လှူနေကြရတာလေ။ ၄ လ ပြည့်အောင်တောင် မနည်းစောင့်နေရတယ်။ သူသွေးလှူတာ ၆ ခါလောက်တော့ ရှိပါပြီ။
ဆေးရုံကို ဗုံးလာကျတဲ့ ညကတော့ သူက OT ထဲမှာ မဟုတ်ပါဘူး။ အပြင်က လူနာတွေ စောင့်ရင်း ရေတင်နေတာပါ။ အပြင်မှာလည်း နောက်ထပ်ခွဲဖို့ လူနာနှစ်ယောက် စောင့်နေသေးတာကိုး။ လေယာဉ်လာပြီ လို့ အော်တော့ သူက ဆေးရုံခေါင်းရင်း ညောင်ပင်ကြီးအောက်က ကျင်းထဲကိုဆင်းတာ ကျင်းအဝမှာတင် ဒူးအထက်ကိုမှန်ပြီး ကျင်းထဲပြုတ်ကျသွားပါတယ်။ ကိုယ်တို့ လူလိုက်စစ်တော့မှ ဒီမှာ သူထိထားတယ် လို့ အော်လို့ အိုဂျီဆောင်ထဲကိုသွင်းပြီး ခြေထောက်ကို သွေးထိမ်းပတ်တီးစည်းရပါတယ်။ ဒါပေမယ့် သွေးထွက်များလို့ ချက်ချင်း ခွဲခန်းဝင်မှ ရပါမယ်။ ဒါနဲ့ သူ့ကို ချက်ချင်း တောထဲခေါ်သွားပြီး ဟိုမှာ ခွဲခန်းပြင်ရပါတယ်။ သွေးတစ်လုံးလည်း သွင်းလိုက်ရတယ်။ အဲ့ဒီညကတော့ Bleeding control နဲ့ Wound toilet ပဲ လုပ်ပြီး Open fracture ကိုတော့ မနက်ကျမှ ဆရာအော်သိုကို ခေါ်ပြီး လုပ်မယ် လို့ ထားလိုက်ပါတယ်။ မနက်ကလည်း ၅ နာရီထိုးလုပြီကိုး။ နောက်နေ့ ဆရာအော်သိုလာတော့ ညမှောင်နေပေမယ့်လည်း သူ့ကို အဲ့ဒီညမှာပဲ ဒေါက်တွေတိုင်တွေတပ်ပြီး External Fixation လုပ်ပါတယ်။ သွေးတစ်လုံးထပ်သွင်းလိုက်ရပြီး အချိန်လည်း လင့်သွားပြီမို့ ကျန်တာတွေကို မနက်မှ လုပ်မယ် ဆိုပြီး နားကြပါတယ်။ အကုန်လုံးလည်း မအိပ်ရတာ ၂ ရက်ရှိပြီလေ။
နောက်တစ်နေ့မနက်ကျတော့ ကိုယ်တို့လည်း ဆရာအော်သိုရဲ့ပစ္စည်းတွေ ဆေးကြောပိုးသတ်ပြီး ခွဲခန်းပြန်ပြင်ကြပါတယ်။ ဒီလူနာကလည်း ဆရာအော်သိုလုပ်မှရမှာပဲ။ ဝက်အူတပ်ဖို့ အရိုးကိုဖောက်နေတဲ့အချိန်မှာပဲ ကိုယ်တို့ခွဲခန်းအရှေ့ကို နောက်ထပ် ပေါင် ၅၀၀ ဗုံး၂ လုံး ကျပါတယ်။ ခွဲခန်းကို တိုက်ရိုက်မထိပေမယ့်လည်း လူနာဆောင် ၂ ဆောင်စလုံး စုတ်ပြတ်သတ်သွားအောင် လွင့်စင်ကုန်ပါတယ်။ ဘယ်သူထိသေးလဲ လို့ အော်မေးတော့ ဘယ်သူမှ ပြန်မဖြေနိုင်ပါဘူး။ အပေါ်မှာလည်း လေယာဉ်က ဝဲနေတုန်းမို့ ကိုယ်တို့ဝပ်နေဖို့က အဓိက။ ခွဲတုန်းတန်းလန်းလူနာကို ပြီးအောင်လုပ်ဖို့ကလည်း ရှိသေးတော့ သူ့ဆီသွားမကြည့်နိုင်ပါဘူး။ သူက ဗုံးကျတဲ့အချိန် ကုတင်ပေါ်မှာ အိပ်ပျော်နေရာကနေ အောက်ကိုလွင့်ထွက်သွားပြီး တပ်ထားတဲ့ တိုင်တွေ တန်းတွေ ရွဲ့ကုန်ပါတယ်။ တေ့ထားတဲ့ အရိုးလည်း ပြန်လွဲသွားတယ်။ ကိုယ်တို့မှာလည်း တတိယမြောက် ခွဲခန်းက မရှိတော့ဘူး။ ဒီတော့ သူ့ကို လွှဲဖို့ပို့ဖို့ပဲ စီစဉ်ရပါတယ်။ ဟိုရောက်မှ ကျန်တာဆက်လုပ်ရမှာပေါ့။
ဗုံးဆန်မှန်တာကတော့ တစ်ချက်တည်းပါပဲ။ ဒူးခေါင်းအထက်နားမှာ။ ဒါပေမယ့် သူ့ခမျာ ခွဲခန်းကို ၄ ခါတောင် ပြန်ဝင်ရပါတယ်။ နောက်ဆုံးတစ်ခေါက်က internal fixation လုပ်ဖို့ ဝင်တာ။ နဂိုအတိုင်း မိမွေးတိုင်းဖမွေးတိုင်း ပြန်ကောင်းအောင်တော့ လုပ်ပေးရမှာပေါ့လေ။ မသေမပျောက်တာပဲ တော်လှပြီ။ ခက်တာက သူလည်း ဟိုဘက်ကိုရောက်ရော ဟိုဘက်မှာလည်း စစ်ပွဲတွေ ဖြစ်လာပြီး မလုံခြုံတော့ပါဘူး။ သူ့ကိုပဲ စိတ်ပူနေရတာပေါ့။ နောက်ဆုံးတော့ ကိုယ်တိုင်ပဲ သွားပြန်ခေါ်လာမှ စိတ်အေးရပါတယ်။ ဒီဘက်တွေမှာက ချန်ဂင်ဆေးရုံမှာ အလုပ်လုပ်တဲ့ကလေး လို့ သိရင်လည်း သူတို့အတွက် အန္တရာယ်ရှိနိုင်တာမို့ပါ။
ဒီဘက်မှာ ကိုယ်တို့ဆေးရုံမှာ အလုပ်လုပ်ချင်တဲ့သူ၊ ပညာသင်ချင်တဲ့သူ အင်မတန်ပေါပါတယ်။ သေသေချာချာလည်း သင်ပြပေးတယ်။ လက်တွေ့လည်း လုပ်ရကိုင်ရတယ်။ ကိုယ်တို့ဘက်ကလည်း ခွဲခြားဆက်ဆံတာတွေ မရှိတဲ့အတွက်ပါ။ အဲ့ဒါကြောင့် ဆေးရုံမှာ လူတွေစည်စည်ကားကား ဖြစ်နေလို့ မလိုသူတွေ မျက်စိစပါးမွှေးစူးနေတာလည်း ပါမှာပါ။ ဒီကလေးတွေကို နောင်ကျတော့ ဒီအရပ်မှာ ရမ်းကုလေးတွေ၊ အပ်ပုန်းလေးတွေအဖြစ် ကျန်ရစ်ခဲ့ဖို့ မရည်ရွယ်ပါဘူး။ ကြိုက်တဲ့ ဆေးရုံဆေးခန်းမှာ အလုပ်ဝင်လုပ်၊ ဆရာဝန်တွေ လိုသလို ခိုင်းလို့ရတဲ့ သူနာပြု၊ သူနာပြုအကူလောက်တော့ စိတ်ချလက်ချ ခိုင်းလို့ရအောင် လေ့ကျင့်ပေးထားပါတယ်။ နားလည်အောင်လည်း သင်ပါတယ်။ ကိုယ်တို့ ဆရာဝန်တွေအားလုံး ပိုက်ဆံငွေကြေးနဲ့ ပါတ်သက်လာရင် ဘယ်သူ့ကိုမှ မျက်စောင်းထိုးကြည့်စရာ မလိုပဲ ကင်းကင်းရှင်းရှင်းနေပြတယ်။ လူနာကို ဆင်းရဲချမ်းသာမရွေး တန်းတူထား ဆက်ဆံပြတယ်။ ဒီအလေ့အထတွေ သူတို့ဆီမှာ စွဲပါသွားတာ ဘယ်လောက်ကောင်းသလဲ။ အမှန်ကို မြင်ဖူးထားရင် မမှန်တာကိုလည်း မြင်တာနဲ့ သိတာပေါ့။
ဒီကလေးတွေကို ကိုယ်တို့နဲ့ ကီးကိုက်အောင် ညှိပေးရတာ တစ်ခု ရှိပါသေးတယ်။ ကိုယ်တို့တွေက CDM လုပ်လို့ တောထဲရောက်လာတာ မှန်ပေမယ့် အကုန်လုံးက ရန်ကုန်၊ မန္တလေး မှာ နေကြတဲ့သူတွေပါ။ ရန်ကုန်က ကလေးတွေက တောမှာ ဘာဖြစ်နေမှန်း မသိကြသလို တောက ကလေးတွေကလည်း ရန်ကုန်မှာ ဘာတွေဖြစ်ခဲ့မှန်း မသိပါဘူး။ သူတို့က အခုမှ ကလေးသာသာဆိုတော့ နိုင်ငံရေးအကြောင်းတွေလည်း နားလည်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ သူတို့ကို ဘယ်သူက အမှန်လဲ ဘယ်သူက အမှားလဲ၊ ကိုယ့်ဘာသာကိုယ်ပဲ လက်တွေ့သိအောင် ပြပေးပါတယ်။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်သေးတာတော့ မှန်တယ်။ ဒါပေမယ့် ဘယ်အချိန်မဆို ကိုယ့်အပေါ်မှာ ထိခိုက်လာတာ ရှိခဲ့ရင် ကိုယ့်အန္တရာယ်ကိုယ် ဘယ်လိုရှောင်ရမလဲ ဆိုတာတော့ နားလည်ထားဖို့လိုတယ်။ “ဘာမှ မဖြစ်ပါဘူး” ဆိုတဲ့အထင်ဟာ တစုံတရာ ဖြစ်လာတဲ့အခါမှာ လည်စင်းခံရရုံပဲ ဆိုတာ သဘောပေါက်ရမယ်။ အိမ်စောင့်ကျန်တဲ့ ကလေးတစ်ယောက်ကို “မင်း ဘယ်ကလဲ” လို့ မေးလို့ “ကျွန်တော် ဆနွင်းကုန်းကပါ” လို့ ဖြေတာနဲ့ နေရာတင် တစ်ခါတည်း ပစ်သတ်လိုက်တာလည်း လက်တွေ့ကြုံဖူးခဲ့တယ်။ “ကျွန်တော်တို့ ဒီရွာကပါ။ ဟိုဘက်ကို သွားမလို့ပါ။” ပြောပေမယ့် ပြန်မလွှတ်ပဲ ဖမ်းခေါ်ထားပြီး စုဆောင်းရေးပို့တာလည်း ဘာသတင်းမှတောင် စုံစမ်းလို့ မရပါဘူး။ အခု ထွန်းရွှေလိုမျိုး နိုင်ငံရေးနဲ့ပါတ်သက်ရင် ဘာခံစားချက်မှ မရှိတဲ့ကလေးတွေလည်း လေယာဉ်လာရင် သေတော့မလို့ နည်းနည်းလေးပဲ လိုတာလေ။ စာသင်ကျောင်းတွေမှာ အသတ်ခံရတဲ့ကလေးတွေလည်း နိုင်ငံရေးကို စာလုံးတောင် မပေါင်းတတ်သေးပါဘူး။ မဆိုင်သလိုနေလို့မရပဲ အားလုံးနဲ့ ဆိုင်တဲ့အချိန်ကို ရောက်လာပြီ။ ဒီအချိန်ထိအောင် အမှုမဲ့ အမှတ်မဲ့နေရင် အသက်နဲ့ရင်းပြီး သင်ခန်းစာတွေ ယူနေရမယ်။ “ကျွန်တော်တို့ကို ကူပါ။ PDF ကို အားပေးပါ။” တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဘုမသိ ဘမသိနဲ့ ဟိုဘက်ကကောင်တွေ ဖမ်းခေါ်သွားပြီး ရှေ့ကကာထားရင် ကိုယ်တွေလည်း လုပ်ရကိုင်ရခက်တယ်လေ။ အခုလည်း ဖားကန့်မှာ ဒီကောင်တွေ တရွာဝင်တရွာထွက် ကြွေးကျော်နေကြတာပဲ။ သူတို့ကို တိုက်ရင် “တစ်ရွာလုံးကို မီးရှို့ပစ်မယ်။ လေယာဉ်ခေါ်ပြီး ဗုံးကြဲပစ်မယ်။ ဖမ်းထားတဲ့ကောင်တွေ အကုန်သတ်ပစ်မယ်။” အော်နေတာ မကြားလို့လား။ မြွေမြင်ရင်တောင် ထွက်ပြေးရသေးတာ စကစ စစ်သားတွေ ရွာထဲဝင်လာတာ ကိုယ့် ဘာမှမလုပ်ဘူးလို့ ထင်တယ်လား။ အဲ့လိုထင်ထားရင် မှားလိမ့်မယ် လို့ ပြောချင်တာပါ။
ဖားကန့်ဘက်ကို ရောက်ခဲ့တုန်းက လတ်တလောအခြေအနေအရ ကလေးတွေ အဲ့ဒီဘက်မှာနေလို့ ဘယ်လိုမှ စိတ်မချရဘူး လို့ မြင်ပါတယ်။ ဒါပေမယ့် လူတွေကတော့အသွားအလာ မပျက်၊ ဈေးရောင်းဈေးဝယ် မပျက်၊ ညဘက် ကျောက်ဝိုင်းကလည်း စည်ကားလျက်သာပါပဲ။ ကိုယ်ကတော့ ရှောင်သင့်ပြီထင်လို့ ရှောင်လာခဲ့တယ်။ ကိုယ့်လိုပဲ စစ်ရှောင်တဲ့ကားတွေလည်း လမ်းမှာ အများကြီးတွေ့ခဲ့တယ်။ အဲ့ဒီအကြောင်းကို စာထဲမှာ ရေးတဲ့အခါ “ဖားကန့်ကို မရောက်ဖူးပဲနဲ့ သတင်းတွေဖတ်ပြီး မဟုတ်တာတွေ လျှောက်ရေးနေတယ်။” ဆိုပြီး လာဆဲကြပါလေရော။ ဖြစ်မှဖြစ်ရလေ။ လုံခြုံတယ်ထင်လည်း နေပေါ့။ အလကားနေရင်း ကြောက်အောင် လန့်အောင် ခြောက်လှန့်နေတာမှ မဟုတ်တာ။ ကိုယ့်တိုင်းပြည်ကစစ်တပ်အကြောင်း သိလွန်းလို့။ သူတို့ထက် အမြဲ တစ်ကွက်ကြိုမြင်တတ်လို့ ခုထက်ထိ မသေသေးတာဗျ။ အဲ့သလို ဘာမှမဖြစ်လောက်ပါဘူး အတွေးနဲ့ဆို ဆယ်ခါပြန်မက သေပြီးပြီ။ ထွန်းရွှေတို့ရွာကလေးဟာ စစ်ကြောင်းထိုးလို့ မရောက်နိုင်တဲ့နေရာမို့လို့ အခါခါ ဗုံးကျသော်လည်း အကောင်းတိုင်းရှိနေတာ။ သူတို့စစ်ကြောင်းသာ ဝင်လာကြည့်။ တစ်ရွာလုံး မီးတိုက်ခံရမှာ။ ကိုယ်တို့ဆေးရုံ ကြီးထွားရှင်သန်လာသ၍ သူတို့ရွာကို အညှိုးနဲ့ မြေလှန်ဖျက်စီးကြမှာ။ စကစရှိတဲ့ နေရာတိုင်းမှာ ဒီအတိုင်းပဲ လုပ်နေကျ။ ကိုယ့်ဆီမရောက်သေးလို့ မလုပ်လောက်ဘူး ထင်နေတာ။ စစ်မှုထမ်းဥပဒေထွက်တုန်းကလည်း ကိုယ်အတန်တန်ပြောတယ်လေ။ ပြောတဲ့အတိုင်း ဖြစ်မလာတာ ဘယ်ဟာရှိလို့တုန်း။ လူတိုင်းဟာ ကိုယ့်အိမ်တံခါးလာမခေါက်မချင်း “ငါ့တော့ မဖြစ်လောက်ပါဘူးလေ။” ဆိုတဲ့ အထင်နဲ့ နေနိုင်တာကို အံ့ဩပါတယ်။
ဒါဆိုရင် ငါတို့က ဘာလုပ်ရမှာလဲ။ မြို့မှာနေတဲ့သူတွေက ဘယ်မှလည်း ထွက်ပြေးစရာ မရှိဘူး။ ဘယ်ကျင်းထဲမှလည်း ဆင်းပုန်းစရာ မရှိဘူး။ ဒါကတော့ အသက်ဉာဏ်စောင့်သတဲ့ဗျာ။ ကိုယ့်ဘာသာကိုယ် စဉ်းစားပေါ့။ စစ်သားမြင်ရင် အနားမှာ လပ်လျားလပ်လျား သွားလုပ်ရမယ့်အရာ မဟုတ်ဘူးလေ။ “ဟိတ်ကောင် လာစမ်း” ဆို ဖုန်းစစ် ပါးရိုက် လုပ်ပြီး ဖမ်းခေါ်ချင်လည်း ခေါ်သွားမှာပဲ။ သူ့ဘေးနား ဆိုင်ကယ်အိပ်ဇောပေါက်ရင်တောင် “ရန်သူ” လို့အော်ပြီး မည်းမည်းမြင်ရာ ရမ်းသမ်းပစ်ခတ်တာလည်း ထိနိုင်တာပဲ။ သူမသွားရဲတဲ့လမ်းတွေဆို ကိုယ့် သေနတ်နဲ့ချိန်ပြီး သူ့ရှေ့ကသွားခိုင်းနိုင်တာပဲ။ စိတ်ကူးယဉ်တာ မဟုတ်ဘူး။ အပြင်မှာ လက်တွေ့ဖြစ်ပျက်နေတာ မြင်လို့ ပြောတာ။ ကိုယ့်မှာ မဖြစ်သေးပေမယ့် သူများတွေမှာ ဒါမျိုးတွေ ဖြစ်နေပြီဆိုရင် မသိသလို မမြင်သလို မဆိုင်သလို နေတဲ့အခါ ကိုယ့်အလှည့်ဟာလည်း အနှေးနဲ့အမြန် ရောက်လာပါလိမ့်မယ် လို့ သတိပေးချင်တာပါ။ မယုံဘူးဆိုရင်လည်း သဘောပေါ့။