ကောင်းကင်ဘုံကြီးရဲ့ တံခါးဝဆီမှာ လူတန်းရှည်ကြီးများ တန်းစီနေမလား မသိပါဘူး။ “Look over Jordan! What do I see? Coming for to carry me home.” တဲ့။ ဂျော်ဒန်မြစ်တကြောကို ကြည့်လိုက်စမ်းပါ။ ဘာတွေမြင်သလဲတဲ့။ အိမ်အပြန် ခေါ်ဆောင်ပို့ပေးမယ့် ငြိမ့်ငြိမ့်ငြောင်းငြောင်း ရထားလေးတစ်စီးတလေများ မတွေ့ဘူးလားတဲ့။ “Swing low sweet chariot, coming for to carry me home” ဆိုတဲ့သီချင်းဟာ သူတို့ဆီက အသုဘတွေမှာ ဆိုတဲ့သီချင်းပါ။ ကိုယ်တို့ဆီမှာတော့ “ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး” ဆိုပြီး ကိုလေးလွင်က မြန်မာမှု ပြုထားတယ်။
ရောမတွေ၊ အီဂျစ်တွေအနေနဲ့ ဂျော်ဒန်မြစ်ဆိုတာကို သေခြင်းရဲ့ဝိဉာဉ်တွေ စီးသွားရာ မြစ်တစ်စင်း လို့ ယူဆပုံ ရပါတယ်။ သမ္မာကျမ်းစာတွေ၊ ဓမ္မဟောင်းကျမ်းတွေ၊ တမာန်တော် မိုဟာမက်ရဲ့ ကောင်းကင်ဘုံကို တက်သွားရာအရပ်တွေဟာ အဲ့ဒီဂျော်ဒန်မြစ်ကမ်းပါးက အစ္စရေးတို့ ပါလက်စတိုင်းတို့၊ ဂါဇာကမ်းမြှောင်တို့ ရှိတဲ့ အရှေ့အလယ်ပိုင်းမှာ လာဆုံကြတယ်။ ခရစ်ယာန်သာသနာ၊ ရဟူဒီသာသနာ၊ အစ္စလာမ်သာသနာတွေ အသီးသီး ပေါ်ထွန်းလာခဲ့စဉ်ကတည်းက သူတို့အားလုံးရဲ့ ဘာသာရေး အထွဋ်အမြတ်ထားရာမြေတွေ ဖြစ်ကြတယ်။ ဘုရားသခင် ဗျာဒိတ်ပေးရာမြေ (Promised Land) လို့လည်း ခေါ်ကြတယ်။ ခရူးဆိတ်စစ်ပွဲကာလကတည်းက အဲ့ဒီနယ်မြေတွေမှာ သွေးချောင်းစီးခဲ့တယ်။ ဒီကနေ့ထိလည်း စီးနေတုန်းပဲလေ။ ဂျေရုစလင် ဆိုရင် တကမ္ဘာလုံးက သိကြပါတယ်။
အခုလည်း အဲ့ဒီအရပ်ဆီမှာ ဒုံးကျည်တွေ ရာထောင်ချီပြီး ပျံဝဲနေကြပြန်ပြီတဲ့။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကြီးကိုတောင် လုံခြုံရာအရပ်ဆီ ပို့ဆောင်ပြီးပြီလို့ ပြောနေတယ်။ ကိုယ့်အသက်ရော၊ သူများအသက်ရော၊ အားလုံးကို စွန့်လွှတ်ရဲတာ အာရပ်ကမ္ဘာမှာ စစ်လို့ခေါ်သတဲ့ကွယ်။ အဲ့ဒီတော့ သေဆုံးသူတွေရဲ့ ဝိဉာဉ်တိုင်းသာ ဂျော်ဒန်မြစ်ကြီးထဲက လှော်ခတ်သွားလာရမယ်ဆိုရင် လှေငယ်ရှင်ခမျာလည်း အသက်ထွက်ရလိမ့်မယ်။ သူ့ဘာသာအသီးသီးရဲ့ ကောင်းကင်ဘုံတံခါးဝမှာလည်း ဝိဉာဉ်တွေ ကြိတ်ကြိတ်တိုး စည်ကားနေကြဦးမယ် ထင်ပါတယ်။ မနေ့ကတောင် လေယာဉ်တစ်စီး ဆိုက်သွားပြီ မဟုတ်လား။
ကမ္ဘာစစ်ကြီး ဖြစ်တာ၊ မဖြစ်တာ မသေချာသေးပေမယ့် အစ္စရေး နဲ့ အီရန်ကတော့ စစ်ဖြစ်ကို ဖြစ်ရတော့မယ်။ ယူကရိန်း နဲ့ ရုရှားကလည်း သည်းခံနိုင်စွမ်းအတိုင်းအတာကို အဆုံးစွန်ထိ ကျော်လွန်သွားခဲ့ပြီမို့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး။ အမေရိကန်ကြီးက အစ္စရေးဘက်က ကာကွယ်ပေးနေသလို တရုတ်ကြီးကလည်း အီရန်ဘက်ကို လက်နက်ရောင်းပေးနေတယ်။ အိန္ဒိယ နဲ့ ပါကစ္စတန်ကလည်း မနေ့တနေ့ကမှ ထဆော်ထားတာ။ ကမ္ဘာကြီးဟာ စစ်မီးတွေ ဟုန်းဟုန်းတောက် လို့။ လူတွေ သိန်းသန်းချီပြီး သေကြပျောက်ကြတဲ့ ကာလပေပဲ။ ကမ္ဘာမီးလောင်နေတုန်းမှာ ကိုယ်တို့တိုင်းပြည်က ဆီမီးခွက် ထတောက်သလောက်ပဲ ရှိမှာ။ ကိုယ်တို့ဆီမှာလည်း သေမင်းရထားကြီးက မနိုင်မနင်းတင်ဆောင်ပြီး မရပ်မနားပြေးဆွဲလို့နေပါတယ်။ အများစုက အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်ကလေးတွေ ဖြစ်နေတာမို့ ရင်နာစရာလည်း ကောင်းလှတယ်။ အောင်မြင်မှာ သေချာပေမယ့် ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးလိုက်ထာ။ ဒါကြောင့် မြန်မြန် အဆုံးသတ်စေချင်တာ။
ဒီအတိုင်းသာ ဆိုရင်တော့ ရေတပ်ရော၊ လေတပ်ရော ပျားတုပ်နေတဲ့ ရုရှားဟာ မအလကို အကာအကွယ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ သူရောင်းထားတဲ့လက်နက်တွေကို ဘယ်လိုသုံးရသလဲ သင်ဖို့ပြဖို့အတွက်သာ လူလွှတ်ပေးနိုင်လိမ့်မယ်။ နယ်စပ်မှာ ခြေရှုပ်နေတဲ့ တရုတ်ကြီး ကင်းကိုက်မှာကိုပဲ ထိုင်စောင့်နေရတာ။ နေတန်ရာဟု ပြောတာကတော့ ကမ္ဘာကြီးက အလကားပါတဲ့။ ဟစ်တလာ ဂျူး ၆ သန်းကို သတ်နေတုန်းကလည်း ဘာအသံမှ မပေးပဲ ထိုင်ကြည့်နေကြတာ ကမ္ဘာစစ်ကြီးဖြစ်တော့မှ လူသန်း ၆၀ လောက် သေသွားတယ် မဟုတ်လားတဲ့။ အခုလည်း အီရန်က အနုမြူဗုံးရတော့မယ်။ ရတာနဲ့ ဒီကောင်တွေ အရင်ဆုံးဆော်မှာ အစ္စရေးပဲ ရှိတယ်။ အဲ့ဒါကြောင့် နိုင်ငံပျောက်မသွားခင် ကိုယ့်ပြဿနာ ကိုယ်အရင်ရှင်းတာတဲ့။ ပြောမယ့်သာ ပြောတာပါလေ။ သူ့ဘက်မှာ အမေရိကန်က လေတပ်ကြီးနဲ့တောင် လာကာကွယ်ပေးနေတဲ့ဟာ။ သူတို့ အစ္စရေးစစ်သားတွေ ကိုယ်တို့လို တူးမီးနဲ့ စစ်မတိုက်ရပါဘူး။
ယူကရိန်းက spider man တွေကို အားကျသလို အစ္စရေးရဲ့ မော့ဆက်ကိုလည်း အားကျအတုယူရမှာပါပဲ။ စတိုက်တိုက်ချင်းနေ့မှာပဲ အီရန်စစ်တပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်တွေ၊ နျူကလီးယားပညာရှင်တွေ တခါတည်းပါသွားအောင် နေရာအတိအကျနဲ့ကို စုံစမ်းထားနိုင်တယ်။ သတင်းမှန်လည်း ရထားတယ်။ ကိုယ်တို့မှာ မအလကြီး မြဝတီထဲပေါ်လာမှ မေဘေးကြီး ဒီရောက်နေသကိုး လို့ သိရတာ မဟုတ်သေးဘူးနော့။ ကိုယ်တို့လည်း သူတို့ထဲမှာ ဒလန်တွေမွေးယူရတော့မယ် ထင်တယ်။ ဖရဲသီးတွေက အားမကိုးလောက်တော့ဘူး။ သူတို့ဘက်မှာ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ ရှိသလို ကိုယ်တို့ဘက်မှာလည်း စံနစ်တကျ လေ့ကျင့်ဖွဲ့စည်းမှ ရတော့မယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးက ရေရှည်တိုက်ရမယ့်စစ်ပွဲဖြစ်လာရင် ကိုယ်တို့ဘက်ကအရင် လုံးပါးပါးလိမ့်မယ်။ အခု သူတို့က သပ်လျှိုသွေးခွဲတဲ့ဗျူဟာကို တရစပ်သုံးပြီး ဖြိုခွဲနေတာ။ လူတွေကိုလည်း ဆိုက်ဝါးအမျိုးမျိုးထည့်နေတာ။ ဘာပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ နားမယောင်ပါနဲ့။ ဘယ်သူမှန်းမသိတဲ့သူတွေရဲ့ ပြောစကားကို ချင့်ပြီးမှ ယုံပါ။
ဖားကန့်က အခြေအနေကတော့ ကုမ္ပဏီဝင်းတွေထဲကို စစ်တပ်ကဝင်ပြီး စည်းကမ်း သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ စက်ယန္တရားတွေ မီးရှို့သတဲ့။ ယမ်း ဂိုဒေါင်တွေကို လက်နက်ကြီးနဲ့ ထုသတဲ့။ ထင်သလို ကြုံရာလုပ်နေတာတော့ မဟုတ်ဘူး။ သူတို့မှာ ဘယ်ကုမ္ပဏီကို ဝင်ပြီး ဘယ်ဟာတွေမီးရှို့ပစ်ရမယ် ဆိုတဲ့ အမိန့်လည်း ပါသတဲ့။ ပုံမှန်ဆိုရင်တော့ ဒီကုမ္ပဏီတွေဟာ ရှိသမျှလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျေနပ်လောက်အောင် ပေးကမ်းပြီးမှ အလုပ်လုပ်လို့ ရတာမို့လို့ ဘာဖြစ်လို့ အဲ့လိုဖြစ်ရသလဲ လို့ မေးကြည့်တဲ့အခါ သူတို့လည်း ပေးနေကျအတိုင်း ပေးပါတယ်။ နည်းလည်း မနည်းပါဘူး။ ဒါပေမယ့် အောက်လူက ဖြတ်ဝိုက်ထားလို့ “ပေးကားပေး၏။ မရ။” ဖြစ်သွားတာတဲ့။ ရော် ပေါက်ပြီ ပေါက်ပြီ။ အဲ့ဒါကြောင့် ဗျူဟာကုန်းပေါ်ကကောင်ကြီးကို တဘက်လှည့်နဲ့ ပြန်ခေါ်ပြီး မိသားစုလိုက် ဆွဲစိပလိုက်တာ။ သူတို့ စားဖားကြီးတွေ စားခွက်လုတာနဲ့ မဆိုင်တဲ့လူတွေ ချဲရီးယို စီးကုန်ရတယ်။
အဲ့ဒီ မဆိုင်တဲ့သူတွေထဲမှာ သူတို့စစ်သားတွေလည်း အများကြီး ပါလေရဲ့။ ဘယ်လောက်အင်အားနဲ့ ဝင်လာပြီး ဘယ်လောက်အင်အားနဲ့ ရောက်ခဲ့သလဲ။ လက်ရှိမှာရော ဘယ်လောက် လုံးပါးပါးနေသလဲ သူတို့ဘာသာ အသိဆုံးနေမှာပါ။ ရေမဆေးလောက်တော့ ရချင်ရမှာပေါ့။ ကျောက်ဆိုတာမျိုးဟာ ဒီကနေ အသက်ရှင်လျက် ထွက်နိုင်မှ ကိုယ်ရမယ့်ပိုက်ဆံသေချာတာနော်။ မှော်ထဲမှာ ပျက်သွားတဲ့ဘဝတွေ၊ ကုန်သွားတဲ့အသက်တွေဟာ အဲ့ဒီမှော်က အောင်တဲ့ကျောက်တွေထက် အဆများစွာ ပိုတယ်။ အလကား မရဘူး။ ကျောက်လိုချင်ရင် အသက်ကို ထားခဲ့ရတာ။ ကိုယ်တို့ဆီမှာ အချင်းချင်း လုလို့၊ သတ်လို့၊ ခွက်စောင်းခုတ်လို့ ဝ မှ ဟိုဘက်ကတရုတ်ကြီး က ကောင်းနိုးရာရာလေးတွေ ထိုင်ရာမထ ကောက်စားတာ။ ဒီကထွက်ရင် ကျောက်ရိုင်း၊ သူ့ဆီရောက်မှ ကျောက်စိမ်းဖြစ်တာ။ ကျောက်စိမ်းလည်း သူပဲယူတာ။ မြေရှားလည်း သူပဲ ယူတာ။ ဓါတ်ငွေ့တွေလည်း သူပဲ ယူနေတာလေ။ အားလုံးကို တရုတ်လက် ထိုးအပ်ပြီး ရတဲ့ပိုက်ဆံနဲ့ ကိုယ်တို့ကို ဗုံးကြဲသတ်ဖြတ်နေတာကတော့ အကြမ်းဖက်စစ်တပ်ကြီးပါဗျာ။
အဲ့တော့ ဒီတစ်ခါ ကမ္ဘာစစ်ကြီးဖြစ်ရင် တရုတ်ကို မပါပါအောင် ဆွဲထည့်နိုင်မှ ကိုယ်တို့တွေ အသက်ရှူချောင်လိမ့်မယ်။ နို့မို့ သူကချည့် ဟိုဘက်သည်ဘက် လက်နက်တွေရောင်းပြီး ကမ္ဘာကို အုပ်စိုးတော့မယ်။ တကယ်လို့များ ရုရှား နဲ့ အမေရိကန်သာ စစ်ဖြစ်လို့ ရှိရင် တရုတ်က နိုင်သွားမှာ သေချာပေါက်ပဲ။ အဲ့ဒါ ကာယကံရှင်တွေက ပိုသိလိမ့်မယ် တင်တယ်။ အဲ့သလိုဆိုရင် ကမ္ဘာစစ်ဆိုတာ မဖြစ်အောင် တားနိုင်ရင်တား၊ တားမရလို့ ဖြစ်ပြီဆိုရင်တော့ အကုန်ပါအောင် ဆွဲခေါ်သွား၊ ချန်ထားလို့ မရဘူး ဆိုတာ သဘောပေါက်လာပါတယ်။ အနှစ် ၁၀၀ မှာ တစ်ခါလောက်မှ စစ်ပွဲကြီးကြီး မဖြစ်ရရင် လူသားမျိုးနွယ်တွေ ပေါက်ဖွားများပြားလွန်းလို့ ဘုရားသခင်က အနူးဘစ်စ် ကို အိုဗာတိုင် ဆင်းခိုင်းတာနဲ့ တူပါတယ်ကွယ်။ လာခေါ်မယ်ဆိုလည်း လိုက်သွားရုံ ရှိတာပေါ့။ အဖော်တွေ အများကြီးပဲဥစ္စာ။ ဘုရားသခင်သာ စစ်ပွဲကိုရပ်စေချင်မယ်ဆို ဘာမှ မခက်ဘူး။ သေခါနီး အဖိုးကြီး ၃ ကောင်ကို “မင်းတို့ လာခဲ့တော့။” ဆို လှမ်းခေါ်လိုက်ရုံရယ်။ အရာရာဟာ ဘုရားသခင် အလိုတော်အတိုင်းသာပ။
မြန်မာပြည်က တော်လှန်ရေးကြီးရဲ့ အရှုံးအနိုင် ရလပ်ကို တရုတ်နိုင်ငံက ဝင်ကစားနေတယ်။ တဘက်မှာ တရုတ်နိုင်ငံရဲ့ စီးပွါးရေး စစ်ရေးအခြေအနေတွေကို အမေရိကန်က ပြန်ကစားနေပြန်တယ်။ အမေရိကန်ကိုကျတော့ ရုရှားက ကောင်တာပလေးပြန်တယ်။ သူတို့ချင်းတိုက်ရိုက် မတိုက်ခိုက်ပဲ ကြားခံနိုင်ငံတွေက တဆင့် စစ်ကစားကြတာ။ လတ်တလောအခြေအနေမှာတော့ ယူကရိန်းက အသာစီး၊ အစ္စရေးက အသာစီး “အောင်အောင်မြင်မြင် တိုက်စစ်ဆင်ခဲ့တယ်။ တဘက်ရန်သူကို အထိနာစေခဲ့တယ်။” ဆိုပေမယ့် ဟိုဘက်ကလူတွေ ဘာပြန်လုပ်ဦးမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ သတင်းထဲမှာ ရေးနေတာတွေကတော့ အခုချက်ချင်း ယုံဖို့ခက်ပါတယ်။ သတင်းမီဒီယာပေါ်မှာလည်း စစ်တိုက်နေကြတာကိုး။ အချိန်တစ်ခု စောင့်ပြီးမှ ငါးလား ဖားလား အဖြေပေါ်လာကြမှာ။ ကိုယ့်ဆေးရုံမှာ ဗုံး ၆ လုံးကျတာ လူတစ်ယောက်မှ မသေပေမယ့် သူတို့ဆီမှာ ဗုံးတစ်လုံးကျသွားရင် လူ လေးငါးခြောက်ရာလောက်လည်း သေချင်သေသွားတာ။ ဗုံးအလုံးရေ သောင်းနဲ့ချီ သုံးသတဲ့နော်။ စဉ်းစားကြည့်။ ဒါတောင် အနုမြူလက်နက်၊ ဓါတုလက်နက်၊ ဇီဝလက်နက်တွေ မပါသေးဘူး။ ဂျော်ဒန်မြစ်ကြီးဟာ သွေးချင်းချင်းနီနေမလားတောင် မပြောတတ်။ ဟိုးမှာ လှေတစ်စီး လာနေပြန်ပြီ။
“မမြင်ဖူးလို့ တော်တော်ကြာအောင်
ရပ်တန့်လို့ ငေးမောကြည့်တယ်။
လှေငယ်တေလေ ဘယ်ဆီဘယ်ဝယ်
ဟို အဝေး အသိခက်ပြီကွယ်
တစ်ယောက်တည်းလိုက်ခဲ့ပြောတယ်
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသယ်။”