အရေးအခင်းတွေဖြစ်တော့ ကိုယ်တို့က 3rd MB တက်နေတုန်းတန်းလန်းပါ။ လမ်းမတော်ဆေးကျောင်းကို ရောက်ကာစပေါ့။ လမ်းမတော်ဆေးကျောင်းက မနက်ပိုင်း မဖွင့်ဘူး လို့ ပြောရမလိုပါပဲ။ အတန်းအားလုံးက မနက်ဆိုရင် ဆေးရုံတွေမှာ စာသင်ရတာကိုး။ ဆေးကျောင်းသားဘဝ ဆေးရုံတွေမှာ စာသင်ရတာ အင်မတန်ပျော်စရာကောင်းပါတယ်။ အပေါက်စောင့်ကအစ “ဆရာလာပြီ။ ဘေးဖယ်။” ဆို ဆလံလေးပေးပြီး တံခါးဖွင့်ပေးတယ်လေ။ ခါတိုင်းဆို အဲ့အပေါက်ဝလောက် အဟောက်ခံရတာ အဲ့နေရာပဲ ရှိတယ်။ အပြင်ကမြင်ရတာနဲ့တင် အလိုလို ကြောက်နေတဲ့ ရန်ကုန်ဆေးရုံကြီးကို ဝင်လိုက်ထွက်လိုက်၊ တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ရတာ မမောနိုင်မပန်းနိုင်။ ဒါ ငါတို့ကျောင်း၊ ဒါ ငါတို့ဆေးရုံပေါ့။ Ward ထဲက ပရော်ဖက်ဆာတွေ အားလုံးကလည်း မဂိုလမ်းမှာ အရမ်းနံမည်ကြီးတဲ့ အထူးကုဆရာဝန်ကြီးတွေ မဟုတ်လား။ တနေ့သောအခါ ဒီလိုဆရာဝန်ကြီးတွေ ဖြစ်မလာပါဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘာမဆို ဖြစ်နိုင်တယ်လေ။ အခုမှ 3rd MB ပဲ ရှိသေးတဲ့ဥစ္စာ။
ပထမဆုံး posting က medical ward။ ၁၁-၁၂ မှာပါ။ ဆရာကြီး ဦးမောင်မောင်ဝင့်က ကိုယ်တို့ကသာ လိုက်ငေးကြည့်နေရတာပါ။ သူ့မှာ PG တွေ၊ Part 2 တွေ သင်နေရတာနဲ့ ကိုယ်တို့က ဖုတ်လေသည့် ငပိရယ်။ ကိုယ်တို့ကို စာသင်တာ ဆရာကြီးဦးလှအောင် နဲ့ ကပြားဆရာမ ဒေါ်ကာရိုကာကာပါ။ ဒေါ်ကာကာ က အများဆုံးသင်ပါတယ်။ သူကလည်း အင်ဒီးယန်းမင်းသမီးလို အပျံစားပါ။ စာသင်ရင်းနဲ့လည်း တချိန်လုံး နောက်ပြောင်ရယ်မောနေတာ။ “ဟဲ့။ နင်တို့တွေ အတန်းသားအချင်းချင်း ရည်းစားမထားနဲ့နော်။ တစ်ယောက်အကြောင်းတစ်ယောက် အကုန်သိနေရင် တစ်ယောက်နဲ့တစ်ယောက် အထင်မကြီးတော့ဘူး။ အချင်းချင်း က ဘတ်လို့လည်း မရဘူး။ အပြင်ကလူ ယူမှ “ဒေါက်တာလေး ဒေါက်တာလေး” ဆို ဖူးဖူးမှုတ်ထားမှာ။” “ကောင်မလေးတွေ။ သင်္ဘောသားကို ရှာယူကွယ်။ သင်္ဘောသားက ပိုက်ဆံလည်း ရှာနိုင်တယ်။ အကြာကြီးလည်း သည်းခံစရာမလိုဘူး။ သွသူ သင်္ဘောပြန်တက်သွား။ ကိုယ်က အေးဆေးပဲ။” အဲ့လိုမျိုး ကိုပွေလီ-မရှပ်တေး လက်ဆင်တွေလည်း ပေးပါတယ်။ ကိုယ်တို့မှာက မြန်မာပြည်ဆေးလောကထဲကို ခုမှ မြင်ဖူးကာစကွယ်။ ဘယ်သူတွေ ဘယ်ဝါတွေမှန်းတောင်မသိဘူး။ အဲ့ဒါဆို စန္ဒီနိုင် ကို မေးရတယ်။ သူ့အဖေက ဆရာဝန်ဆိုတော့ သူက ဝီကီပီးဒီးယားပဲ။ မေးလေးငေါ့ပြီး “ဟဲ့ ..” ဆို အန်းတားခေါက်လိုက်တာနဲ့ “ဪ သူက …” ဆို data တွေ ထွက်ကျလာတာ။ စွမ်းမိုက်တယ်။ သူပြောလို့ ဆရာဝင့်က ဦးစန်းယုသမက်မှန်း သိရတယ်။ ဆရာဟယ်ရီတို့၊ ဆရာနော်မန်တို့၊ ဆရာဦးသန်းအေးတို့လို အတုမရှိ ဆရာကြီးတွေကို ကြားဖူးရတယ်။ နို့မို့ဆို ကိုယ်တို့မှာ ကျော်ဟိန်း၊ ဝင်းဦး၊ ခင်သန်းနုလောက်ကို ကမ္ဘာကြီး မှတ်နေကြတာလေ။
ညနေပိုင်း ကျောင်းကိုဝင်ရင်တော့ lecture, practical, tutorial တွေရှိတယ်။ သိပ်မများဘူး။ ၃ ဘာသာပဲ။ microbiology, pathology နဲ့ pharmacology။ အဲ့ဒီက ဆရာတွေကျတော့ နည်းနည်းရောနေတယ်။ နံမည်တွေကလည်း ဒေါ်ခင်ကြည်ကြည်၊ ဒေါ်ခင်ခင်ကြည်၊ ဒေါ်ကြည်ကြည်ခင် အဲ့နားလေးတင် ပတ်ရှုပ်နေတာ။ ဆရာကြီးဦးသာအောင်တော့ မှတ်မိပါတယ်။ “ဖိုးသာအောင်ရေ” ဆို နားထဲက မထွက်လို့။ Micro မှာ ဆရာကြီး ရော်နယ်စိန်ဒွေးနဲ့ ဆရာမ ဒေါ်မာလာမောင် ရှိတယ်။ ဆေးကျောင်းကို ထမီတိုတို လေဒီရှူးနဲ့တက်တာ သူပဲရှိတယ်။ ဟေမာနေဝင်းတောင် သူ့လောက် ခေတ်မမီဘူး။ မခရစ် လို့ခေါ်တဲ့ ဆံပင်တိုတိုနဲ့ ဂျပန်အရုပ်ကလေးလို ဆရာမလည်း ရှိပါတယ်။ သူ့ကိုတော့ ဆူဆူဂမူရှီ လို့ နံမည်ပေးထားကြတယ်။ ကိုယ်တို့ 3rd MB တုန်းက ဆရာကြီးဦးညွန့်သိန်းက patho မှာပဲ ရှိသေးတယ်။ ဆရာဦးဌေးလှိုင်စိုးနဲ့။ မမလှလှတို့ မမငြိမ်းတို့က အငယ်တွေပါ။ Pharmaco မှာ သနပ်ခါးဘဲကြား၊ ကျွဲကော်မျက်မှန်၊ ဘီးဆံပါတ်ကြီးနဲ့ လွယ်အိပ်လွယ်တဲ့ ဆရာမတစ်ယောက်ရှိပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ ဒေါ်မေဝင်းအောင်ခင် ကိုတော့ လူတိုင်းမှတ်မိကြတယ်။ ချိုပြုံး နဲ့တူလို့ ဒေါ်ချိုပြုံး လို့ ခေါ်တဲ့ ဆရာမတစ်ယောက်လည်း ရှိပါတယ်။ ဒေါ်ချိုချိုယုမွန်ကိုတော့ ကိုယ်က pharmaco က လို့ အောင့်မေ့တာပဲ။ 3rd MB က အစ နဲ့ အဆုံး၊ ကြားထဲမှာ gap က ၃ နှစ်ကျော်တောင်ကြာလို့ ကောင်းကောင်းမမှတ်မိဘူး။
၈၈ မတ်လမှာ RIT ကို စစ်တပ်က ဝင်ပစ်တော့ ဘုန်းမော်၊ စိုးနိုင် နဲ့ မြင့်ဦးတို့က ဆေးရုံကြီးကို ရောက်လာကြတယ်။ dead body လည်း ဒီပဲ ပို့ရတာလေ။ ဆေးရုံရောက်တော့ ward ထဲမှာ ကျောင်းသားတွေက တောက်တခေါက်ခေါက်နဲ့။ ကျောင်းသားလူနာတွေကို ကုတင်တိုင်မှာ ခြေထိပ်လက်ထိပ်ခတ်ပြီး ထားတာကိုး။ “သေနတ်ဒဏ်ရာ မဟုတ်ပါဘူး။” လို့ ငြင်းရမယ်ဆိုတော့ ဆရာကြီးဦးဘာချွန်က ကျည်ဆန်ပုံပါတဲ့ ဓါတ်မှန်ကြီး ထောင်ပြပြီး “ဒါဆို ဒီဟာက ဘယ်လိုလုပ်ရမှာတုန်း။” လို့ ပြန်မေးတယ်။
RIT က သူငယ်ချင်းတွေကတော့ ကျောင်းတွေပိတ်လိုက်ပြီဆို ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတုန်း RASU ထဲက သူငယ်ချင်းတွေဆီ သွားတွေ့တယ်။ သူတို့ဆီမှာလည်း ဆူဆူ ဆူဆူ အသံတွေ ထွက်လာပြီ။ အတန်းမတက်ကြပဲ လိုင်ဘရီရှေ့ သွားထိုင်နေတုန်း ကျောင်းသားတစ်ယောက်က အနုပညာအသင်းခန်းထဲက ၆ လုံးပတ် နဲ့ လင်းကွင်းကြီး ထုတ်ချလာပြီး RC ရှေ့မှာ ဗြောခေါက်တော့တယ်။ လူတွေက ဝိုင်းကြည့်နေတုန်း သူက အဖြစ်သနစ်ကို ရှင်းပြတယ်။ ကျောင်းသားတွေက ပေါက်ကွဲတယ်။ “နေဝင်းအစိုးရ ကျဆုံးပါစေ” လို့ ထအော်လိုက်ရင် အားလုံးက လက်ခုပ်ဝိုင်းတီးတယ်။ အဲ့လိုနေတုန်း RC corridor အမိုးပေါ်ကို မျက်နှာလက်ကိုင်ပုဝါစည်းထားတဲ့ လူတစ်ယောက် တက်လာပြီး ဦးနုခေတ်တုန်းက အလံကိုထောင်တယ်။ 7 July ကျောင်းသားဟောင်းတစ်ယောက်ပါ လို့ သူ့ကိုယ်သူ မိတ်ဆက်ပြီး နိုင်ငံရေးတရားတွေ စဟောတယ်။ သူပြောနေတာ ဘာတွေမှန်း နားမလည်ပေမယ့် သူ့ဘာသူ ဘာပဲပြောပြော အားလုံးရဲ့ဆန္ဒက “မဆလအစိုးရ အလိုမရှိ” ပဲ။ ဆိုင်ဆိုင် မဆိုင်ဆိုင် အဲ့ဒါနဲ့ပဲ နိဂုံးချုပ်။
ဒီလိုနဲ့ Main ထဲမှာ တရားပွဲတွေ စဖြစ်လာပါတယ်။ ကျောင်းတက်ရင်း ဖြစ်တာဆိုတော့ ကျောင်းဆင်းရင် အိမ်ပြန်ကြတယ်လေ။ မနက်ဖြန်မှ ပြန်ဆုံမှာပေါ့။ ဆေးရုံမှာတော့ ဆေးကျောင်းသားတွေကြား ကွိစိကွစိတွေ ပိုများလာကြတယ်။ ညဘက်ကြီး လှည်းတန်းမှာ ဂစ်တာထိုင်တီးနေတဲ့ ကျောင်းသားတွေကို လုံထိန်းတွေက အသားလွတ်ကြီး ဝင်ရိုက်သွားလို့တဲ့။ ထုံးစံအတိုင်း အရိုက်ခံရတဲ့ ကျောင်းသားတွေက ကုတင်မှာ လက်ထိပ်ခတ်လျက်။ ဒါကျတော့ ကိုယ်တို့လည်း မနေနိုင်တော့ဘူး။ အကျိုးအကြောင်းမေး၊ စကားသေချာပြော။ စားစရာလေးတွေပေးခဲ့ပြီး ဘယ်သူ့ကို အကြောင်းကြားပေးရမလဲ။ ဘာကူညီရမလဲပေါ့။
အဲ့ဒီရက်မှာပဲ တရားပွဲတွေက RC2 တို့ RC3 တို့မှာပါ ရှိလာတယ်။ “ဆရာတွေက ကိုယ့်ကျောင်းသား ကိုယ်ထိမ်းကြ” လို့ ပြောထားပြီး ကျောင်းပြင်ကိုတော့ ပေးမထွက်ဘူး။ တစ်ရက် က နှစ်ရက်ဆိုတော့ ပြောစရာတွေကလည်း ထပ်ကုန်ပြီလေ။ ကိုယ့်အချင်းချင်း ဟိုကျောင်းကသည်ကျောင်း သဝဏ်လွှာတွေ ရေးပို့ပြီး ဖတ်ပြပေါ့။ အဲ့လိုနေရင်း တစ်ရက်တော့ RC2 ကကောင်တွေ မိန်းထဲကို ချီတက်လာပြီ ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ တချို့ကျောင်းသားတွေက ငါတို့လည်း သွားကြိုဆိုမယ်၊ သွားပူးပေါင်းမယ် ဆိုပြီး ကျောင်းပြင်ထွက်သွားတယ်။ ကန်ဘောင်လည်းရောက်ရော တံတားနီအရေးအခင်း စဖြစ်တာပါပဲ။ ကိုယ့်သူငယ်ချင်း ဝင်းဗိုလ် နဲ့ ဆန်းလွင်ထူးတို့က အဲ့ဒီညက အိမ်ပြန်မရောက်တော့ဘူး။ ညဘက် ဝင်းဗိုလ်အိမ်သွားတော့ “မရောက်သေးဘူး ဟဲ့” လို့လည်းဆိုရော ခေါင်းနပန်းတွေကို ကြီးသွားတာပဲ။ အသေအပျောက်တွေလည်း များတယ် ပြောတယ်။ သူတို့အိမ်တွေကလည်းစိတ်ပူ၊ ကိုယ်လည်း စိတ်ပူပေါ့။ ခါတိုင်းဆို အဲ့နှစ်ကောင် ဘယ်သွားသွား ကိုယ်အမြဲပါနေကျ။ အဲ့နေ့ကျမှ ကံဖယ်ချင်တော့ တရားပွဲထဲ ရည်းစားအသစ်ကလေးရပြီး ဟိုနား ဖလမ်းဖလမ်း၊ ဒီနား ဖလမ်းဖလမ်း လုပ်နေလို့ ကျန်ခဲ့တာ။ (သူတို့တော့ မပြောရဲဘူးဗျ။ အဆဲခံရမှာစိုးလို့။) တညလုံးတော့ ဘယ်အိပ်လို့ရမှာလဲ။ နောက်နေ့ မိုးလင်းတာနဲ့ အရင်ဆုံးပြေးကြည့်တာ ရင်ခွဲရုံကို။ “မတွေ့ဘူးဟ။ တော်သေးတယ်။” ဆိုပြီးမှ ဆေးရုံတက်စာရင်းတွေ လိုက်ရှာတယ်။ အဲ့ဒီမှာမတွေ့တော့ မိန်းထဲမှာ အဆောင်တွေရှိသမျှ အကုန်လိုက်မေးပြီး သတင်းစုံစမ်းတယ်။ တံတားဖြူဘက်ကို ပါသွားတာတော့ တွေ့လိုက်သတဲ့။ နောက် ဘာဖြစ်သလဲ ဘယ်သူမှ မသိတော့။ စိတ်ထဲမှာတော့ ခံပြင်းတာပေါ့။ ကိုယ်တို့က ကျောင်းသားစိတ်ပဲ ရှိတာ။ ဘာနိုင်ငံရေးမှ အရောင်မစွန်းဘူး။ ဝင်းဗိုလ်အိမ်က လူကြီးတွေမျက်နှာလည်း မကြည့်ရဲလို့ သွားမမေးဖြစ်ဘူး။ ကိုယ့်မြင်ရင် သူတို့လည်း ဘယ်စိတ်ကောင်းမလဲ။ ဝင်းဗိုလ်အမကြီးကတော့ တစ်ရက်ကျပြောပြတယ်။ အင်းစိန်မှာ။ နေကောင်းတယ်တဲ့။ အသက် ၂၀ အရွယ်မှာ တော်တော် အကြောမာတဲ့ကောင်တွေပေါ့လေ။ နောက်ပြန်တွေ့တော့ “မင်းတို့ ဘာလို့ လွတ်အောင် မပြေးတာလဲ။” ဆိုတော့ “ပြေးဖို့က သတိတောင် မရတာ။ ငါတို့ မျက်စိအောက်တင် ကျောင်းသူတွေကို လုံထိန်းတွေ သမနေတာမြင်တော့ ငါတို့ လည်း ဘာမှမမြင်တော့ဘူး။ အကုန်ပြန်ဗျင်းတာ။ သတိရတော့ အချုပ်ကားပေါ် ရောက်နေပြီ။” တဲ့။ နှစ်ယောက်စလုံးက အိမ်မှာ ရွှေပေါ်မြတင် ဖူးဖူးမှုတ်ထားခံရတဲ့သူတွေပါ။ ဒါပေမယ့် အခုတော့ အင်းစိန်မှာ နှိပ်စက်ညှင်းပန်းခံရမှာလားဆိုတဲ့စိတ်ကြောင့် မအေးချမ်းနိုင်ပါဘူး။ “ငါတို့က ဘာမှ မဖြစ်ဘူး။ အေးဆေးပဲ။ ဒါပေမယ့် အပြင်မှာ သင်္ကြန်ရေပက်ခံတဲ့ အသံတွေကြားတုန်းကတော့ မျက်ရည်ကျတယ်။” တဲ့။ အေးပေါ့။ ငါတို့က သင်္ကြန်မှာ ပျော်နေကျ ကလေးတွေပဲ ရှိသေးတာ။
အဲ့ဒါတွေဖြစ်ပြီးတဲ့နောက် ကျောင်းတွေ ခဏပိတ်သွားပါတယ်။ ဇွန်လထဲကျမှ ကျောင်းပြန်ဖွင့်တာ။ ဒါပေမယ့် မတ်လတုန်းက မိန်းထဲက အဆောင်တွေကို ဝင်ဖမ်းတဲ့အခါ ကိုယ်တို့ဆေးကျောင်းသားတချို့ အဲ့ဒီမှာ အဖမ်းခံရပါတယ်။ သူငယ်ချင်းရဲ့အဖေ ရှိတာမို့ သူ့သားသူငယ်ချင်းတွေပါ လို့ ပြောတဲ့အခါ အင်းစိန်တော့ မပို့ပဲ ဝမ်နင်ပေးပြီး ပြန်လွှတ်လိုက်တယ်။ အခု ကျောင်းပြန်ဖွင့်တော့မှ မှတ်တမ်းနဲ့ နောက်ကလိုက်လာပြီး အဲ့ဒီလူတွေကို ကျောင်းကထုတ်ခိုင်းပါတယ်။ အဲ့ဒါတော့ မကောင်းဘူးလေ။ လွှတ်ရင်လည်း တစ်ခါတည်း လွတ်လွတ်ကျွတ်ကျွတ် လွှတ်လိုက်ရောပေါ့။ အဲ့ဒါကို မကျေနပ်လို့ လမ်းမတော် ဆေးကျောင်းမှာ သပိတ်တား၊ သပိတ်ထိုင် လုပ်ကြပါတယ်။ ပါမောက္ခချုပ် ဆရာကြီးဦးတင်အောင်ဆွေလာတော့ အတန်းထဲက သူငယ်ချင်းမတွေက “သမီးတို့ ဖယ်မပေးနိုင်ပါဘူး ဆရာကြီး။ သမီးတို့ ဆရာကြီးကို ချစ်ပါတယ်။ သမီးတို့သူငယ်ချင်းတွေကို ကျောင်းမထုတ်ပါနဲ့ ဆရာကြီး။” ဆို ဝိုင်းအော်ကြပါတယ်။ ဆရာကြီးက ပြုံးပြုံးကြီးနဲ့ “အေးပါ သမီးတို့ရယ်။ သမီးတို့ ကျောင်းထဲမှာ ကြိုက်တာလုပ်ပါ။ ဆရာ တာဝန်ယူပါတယိ။ ဒါပေမယ့် ကျောင်းပြင်ကိုတော့ မထွက်ကြပါနဲ့။” လို့ ပြောပြီး ပြန်သွားပါတယ်။
အဲ့ဒီချိန်ကျတော့ မိန်းထဲမှာလည်း တရားပွဲတွေ ပြန်စနေပါပြီ။ ဇွန်လပိုင်း မိုးစက်တွေနဲ့အတူ မိုးသီးဇွန် ဆိုပြီး တော်တော် နံမည်ကြီးလာပါတယ်။ ကိုမင်းကိုနိုင်ကတော့ မတ်လကတည်းက နံမည်ရပြီးသား လို့ ထင်ပါတယ်။ ကိုယ်တို့တုန်းကလိုပဲ “ကျောင်းထဲမှာ ကြိုက်တာလုပ်၊ ကျောင်းပြင်တော့ မထွက်ကြနဲ့။” ဆိုပြီး သဘောတူညီမှု ရထားပါတယ်။ ကိုယ်က ဗိုက်ဆာလို့ ဂျပ်ဆင်ကန်တင်းကို မုန့်ထွက်စားတဲ့အခါ ကျောင်းပြင်မှာ စစ်ကားတွေနဲ့ လုံထိန်းတွေ ဝါးရင်းတုတ်ကိုယ်စီနဲ့ ပတ်ပတ်လည် ဝိုင်းထားပါတယ်။ ကိုယ်လည်း အခြေအနေမဟန်မှန်းသိလို့ ဆရာတွေနေတဲ့ အိမ်ဝင်းထဲကနေ အပြင်ကို ရအောင်ထွက်ရပါတယ်။ မိန်းထဲက ဆရာဦးဝေသီ နဲ့တွေ့တော့ “သားလေး။ ဘာလာလုပ်တာလဲ။ သွားသွား။ အိမ်မြန်မြန်ပြန်တော့။” ဆို လမ်းပြလွှတ်လိုက်ပါတယ်။
ကားလမ်းတွေက အကုန်ပိတ်ထားပြီ။ ကိုယ်က မိန်းထဲကနေ သထုံလမ်းတဲဖြတ်၊ ပြည်လမ်းပေါ် ပြန်တက်တဲ့အခါမှာတော့ လိပ်ခုံးမှာလည်း လုံထိန်းတွေ ဝိုင်းထားပြီးပါပြီ။ သူတို့က ဒိုင်းတွေကာပြီး တစ်လှမ်းချင်း တက်လာတော့ ကိုယ်က အာတီးယားလမ်းထဲကို ဝင်ပြေးပါတယ်။ သူတို့ ဆက်လိုက်လာတော့ ကိုယ်တွေလူအုပ်လည်း အတွင်းထဲဝင်ပြေးရင်း ရထားသံလမ်းရှိရာ ရောက်လာပါတယ်။ ကံကောင်းချင်တော့ မြို့ပတ်ရထားရောက်လာရော။ ကိုယ်တို့ကလေးတွေ ပြေးလာတာမြင်တော့ အရှိန်လျှော့ပြီး ဖြေးဖြေးလေး မောင်းပေးပါတယ်။ ကုလားကားထဲကအတိုင်းပါပဲ။ ရထားကြီးနဲ့ ပါသွားပြီး လမ်းမတော်ဘူတာရောက်တော့ ကိုယ် ဆင်းနေရစ်ပါတယ်။ ဘူတာကလည်း ထွက်လိုက်ရော ကျောင်းရှေ့မှာ မာဇဒါဂျစ်တစ်စီးက မီးလောင်နေပါပြီ။ အဲ့ဒီကစပြီး ကျောင်းတွေ နောက်တစ်ခါ ပြန်ပိတ်သွားပါတော့တယ်။ ဒီတစ်ခါ ကျောင်းပိတ်တာကတော့ အစိုးရအပြောင်းအလဲတွေ ဖြစ်ပြီး ၃ နှစ်တောင် ကြာပါတယ်။ ကျောင်းအကြောင်း ပြောနေတာ ဖြစ်တဲ့အတွက် အဲ့ဒီကြားထဲက ကျောင်းပိတ်ချိန်ကာလတွေကို skip လုပ်လိုက်ပါမယ်။ ၃ နှစ်ကြာသော် … ဆိုပြီး နောက်တစ်ဆင်း ချိန်းမယ်ဗျ။
ကျောင်းပြန်ဖွင့်တော့ ၃ နှစ်လုံးလုံး စာတွေနဲ့ ဝေးကွာသွားပြီမို့ tuning တွေ အတော် out နေပါပြီ။ ဒါပေမယ့် ကိုယ်တို့ဆရာတွေက ပါမှာလေးတွေ ရွေးသင်ပြီး တက်သုတ်ရိုက် စာမေးပွဲစစ်လိုက်တော့ သာသာယာယာလေး အောင်သွားပါတယ်။ ပါချုပ် ပြောင်းသွားတယ်။ တချို့ဆရာတွေ မရှိတော့ဘူး။ တော်တော်များများတော့ အရင်အတိုင်းပါပဲ။ ခေတ်ပျက်ထဲမှာ နစ်နာကြရတဲ့ကလေးတွေဆိုပြီး စာသင်ရင်း ညှာညှာတာတာ စစ်ကြပါတယ်။ ကိုယ်တို့ထဲမှာ တချို့ကျောင်းသားတွေက ကျောင်းပြန်မတက်တော့ပါဘူး။ တချို့လည်း နိုင်ငံခြားထွက်သွားတယ်။ တချို့လည်း အိမ်ထောင်ကျသွားတယ်။ တချို့ကတော့ ထောင်ထဲရောက်ပြီး တချို့ကတော့ တောခိုသွားတာ သေသလား ရှင်သလား မသိရပါဘူး။ စာသင်နှစ် တစ်နှစ်ထဲ ဖြစ်ပေမယ့် ဘဝတွေက ဒီအတောအတွင်းမှာ ပြတ်တောက်ပြောင်းလဲသွားတာမို့ အတော်ကို ပြန်ဆက်ယူရပါတယ်။
Patho စာမေးပွဲဖြေတော့ မမအန်းနဲ့ ဖြေရပါတယ်။ Fracture bone union အကြောင်း မေးရင်း နောက်ဆုံးကျ ဘာလုပ်မလဲ မေးတော့ “ကျောက်ပတ်တီး စီးမယ်” လို့ ဖြေလိုက်ပါတယ်။ “ဟင် ဆရာဝန်လုပ်မယ့်ကောင်ကလည်း ကျောက်ပတ်တီးတဲ့။ အင်္ဂလိပ်လို မပြောတတ်ဘူးလား။ ကျောက်ပတ်တီးကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ။” ဆိုတော့ POP တစ်လုံးတော့ ထွက်ပါတယ်။ “POP အရှည်က ဘာလဲ။” ဆို မပြောတတ်တော့ဘူး။ “Plaster of Paris” ဆို ခေါင်းခေါက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ Micro မှာတော့ မမဒေါ်မာလာမောင်နဲ့ ဖြေရပါတယ်။ “သားလေး။ ညက ဘာစာတွေ ဖတ်ခဲ့လဲ။” ဆို “Virology ဖတ်ခဲ့ပါတယ် မမ” ပေါ့။ ဟုတ်နေပြီ။ “ဟယ် ဟုတ်လား။ သားလေးက virology စိတ်ဝင်စားတယ်လား။ ကဲ ပြောပါဦး။ ဘာဖြစ်လို့ virology စိတ်ဝင်စားရတာလဲ။” လို့ မေးရော။ ဒီကလည်း ဒီအကွက် စောင့်နေတာလေ။ “မမ သင်ထားတဲ့ လက်ချာမို့ပါ မမ။” ပေါ့။ ဝိုင်းရယ်ကြပါလေရော။ ဘီပိုး စီပိုး၊ ဟိုမေးသည်မေး နည်းနည်းပါးပါးမေးလည်းပြီးရော “ကိုင်း သားရေ။ အခုမေးလိုက်တာ တော်တော်ကို စုံသွားပြီနော်။ နောက်ကို မမနဲ့တွေ့ရင် မမသင်ထားတာတွေချည့်ပဲ မေးလိမ့်မယ် လို့ ထင်မထားရဘူးနော်။” ဆို လွှတ်လိုက်ပါတယ်။ အဲ့လိုတော့လည်း စာမွဲဖြေရတာ ပျော်စရာကောင်းပါတယ်။ Pharmacology ကတော့ ဌာနမှူး ဆရာကြီးဦးဝင်းမော်ရယ် ကိုယ်မသိတဲ့ external examiner တစ်ယောက်ရယ်နဲ့ ဖြေရပါတယ်။ ဆရာကြီးက ကိုယ့်ကျောင်းသားကိုယ် မမေးပါဘူး။ ဟိုကပဲမေးပြီး အအောင်ပေးလိုက်ပါတယ်။ ဒီအတန်းအောင်ပြီးမှ ပျော်ရွှင်ပေါ့ပါးစွာ Final Part 1 ဆက်တက်နိုင်မှာကိုး။ ကိုယ့်ရဲ့ 3rd MB ဆရာ/ဆရာမတွေက အင်မတန်မှကို သဘောကောင်းပြီး အင်မတန်မှလည်း ချစ်ဖို့ကောင်းပါတယ်။ ပျော်ရွှင်စွာ ပညာသင်ကြားတဲ့ အသိုက်အဝန်းလေး ဖြစ်အောင်လည်း ဖန်တီးပေးကြပါတယ်။ နိုင်ငံရေး လောကဓံ နှိပ်စက်လို့ ၃-၄ နှစ်လောက် တက်ယူခဲ့ရပေမယ့် ကိုယ်တို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးကြပါတယ်။
အခု စစ်ကောင်စီ အာဏာသိမ်းတဲ့ကာလမှာရော ကိုယ်တို့ရဲ့ ကလေးတွေကို အတိတ်ဆိုးတွေကို မေ့ပျောက်သွားအောင် အဲ့သလိုမျိုး ကုစားပေးနိုင်ပါ့မလား။ စိတ်ပူမိပါတယ်။ ကျောင်းသားအချင်းချင်း “C တွေဟဲ့။”“Non တွေဟဲ့။” နဲ့ စိတ်ဝမ်းကွဲပြားကုန်တာကိုလည်း စိတ်မကောင်းပါဘူး။ ကိုယ်တို့တုန်းကဆို သူငယ်ချင်း မဟုတ်တဲ့ အတန်းသားချင်း အတွက်တောင် သပိတ်တား၊ သပိတ်ထိုင်နဲ့ တက်ကြွခဲ့တဲ့ တချို့သော ကျောင်းသူလေးတွေဟာ အခုချိန်မှာ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးမမတွေ ဖြစ်ကုန်ကြပါပြီ။ သူတို့ရဲ့ သဘောထားကရော လမ်းမတော်ဆေးကျောင်းမှာတုန်းကလို ကြင်နာတတ်သော အညိုရောင် မျက်ဝန်းများ ရှိပါဦးမလား။ မမျှော်လင့်ရဲပါဘူး။ ရင်နာရုံပဲ ရှိမှာပေါ့။ ကိုယ်တို့အတန်းထဲမှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းမလေး တစ်ယောက်ဟာ အခုချိန်မှာ ဘယ်လိုသဘောထားရှိလေမလဲ မေးလည်း မမေးရဲသလို သိလည်း မသိချင်တော့ပါဘူး။ နင်တို့သူငယ်ချင်း စိုးမင်းကတော့ ခွဲခန်းပေါ် ဗုံး ၂ ခါကျတာတောင် မသေနိုင်သေးဘူးကွယ်။ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်။ ပြောစမ်းပါဦး။ နောက်ကို ပြန်မဆုံဖြစ်တော့ဘူးဆိုတာ သေချာသလောက် ရှိပါတယ်။
“နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေကိုကျော်လွန်
ရေလိုဖြတ်ပြီး စီးဆင်းနေရဲ့….”