စကစ ဟာ မနေ့ကအထိတိုင်အောင် စာသင်ခန်း နဲ့ ဆေးရုံတွေကို တမင်တကာ ပစ်မှတ်ထား ရှာဖွေတိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်။ မကြည့်ဝံ့ မမြင်ဝံ့စရာ ကလေးသူငယ် အလောင်းလေးတွေ ဓါတ်ပုံနဲ့တကွ တက်လာသော်လည်းပဲ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်က “အဲ့ဒါ ဘာဖြစ်သလဲ။ စစ်ဖြစ်ရင် သေတာမဆန်းဘူး။ collateral damage လို့ ခေါ်တယ်လေ။” လို့ သူ့ပါးစပ်က ပြောထွက်ပါတယ်။ collateral damage ဆိုတာက စစ်ရေးပစ်မှတ် မဟုတ်ပဲ စစ်ပွဲဖြစ်ပွါးရာ ဒေသတွေမှာ မလွှဲမရှောင်သာလို့ အရပ်သား ထိခိုက်သေဆုံးရတာကို ဆိုလိုတာပါ။ အခုဟာက တမင်တကာကို ကလေးငယ်တွေရှိတဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို နေရာအတိအကျ သိရအောင် စုံစမ်းထောက်လှမ်းပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဖြစ်လို့ collateral damage လို့ မခေါ်နိုင်ပါဘူး။ လူမဆန်တဲ့ စစ်ရာဇဝတ်မှုသာ ဖြစ်ပါတယ်။ အဲ့သလိုသတ်ရတာကိုလည်း နောင်တရခြင်း၊ တွန့်ဆုတ်ခြင်း လုံးဝမရှိ၊ ဝမ်းသာအားရ ကျူးလွန်နေကြပါသေးတယ်။ “မင်းတို့ အဲ့လောက်ကြီးတော့ မလုပ်နဲ့လေကွာ” လို့ ဘယ်လူကြီးကမှ တားဆီးမယ့်သူ မရှိပဲ “မင်းတော်တယ် မောင်ပြူး။ မင်းကို ပြန်ရောက်ရင် ဘောက်ဆူးပေးမယ်” ဆိုပြီး ဂုဏ်ပြုချီးမွှန်းနေကြပါတယ်။ သတင်းမီဒီယာတွေမှာ နေ့စွဲနဲ့ ဓါတ်ပုံနဲ့ နေ့စဉ်တွေ့နေရသော်လည်း ဘယ်နိုင်ငံကမှ ကန့်ကွက်တားဆီးတဲ့သူ မရှိပါဘူး။ ဒီအဖြစ်အပျက်တွေရဲ့နောက်ကွယ်မှာ ရှီကျင့်ဖျင်ဆိုတဲ့ တရုတ်အဖိုးကြီးကိုယ်တိုင် အထောက်အပံ့ပေး၊ အကာအကွယ် ပေးနေတာလည်း အထင်အရှားပါပဲ။ ကလေးသတ်တဲ့ ခွေးတပ်ကြီးကို အဓွန့်ရှည်အောင် အကာအကွယ်ပေးနေတာဟာ “နောက်လည်း ကလေးတွေကို ထပ်ပြီး သတ်လိုက်ပါဦး” လို့ အားပေးအားမြှောက်ပြုတာနဲ့ အတူတူပါပဲ။
ဟိုးအရင်ကတည်းက အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ တရားဝင် သံခင်းတမန်ခင်း ဆက်ဆံကြစဉ်မှာ “မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကို အသုံးချပြီး စစ်ရေး၊ နိုင်ငံရေးကစားတာကို မလုပ်စေချင်ပါဘူး။” လို့ လူသိရှင်ကြား အတိအလင်း မေတ္တာရပ်ခံထားပါလျက်နဲ့ လူကြီးလူကောင်း မပီသစွာ လှစ်လျူရှုတဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လိုအတွင်းသဘောရှိတယ် ဆိုတာ တကမ္ဘာလုံးက မြင်တွေ့နေရပါတယ်။ “လားရှိုးကို ပြန်ပေးလိုက်၊ သိန္နီကို ပြန်ပေးလိုက်၊ နောင်ချိုကို ပြန်ပေးလိုက်။” ဆိုပြီး မကုန်ဆုံးနိုင်သော ဖိအားပေး အကြပ်ကိုင် တောင်းဆိုမှုတွေနဲ့ ရှုံးနေတဲ့ စကစ ကို အတင်းဆွဲတင်နေပါတယ်။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ ကျင့်ဝတ်သိက္ခာကျိုးပျက်မှုဆိုတာ သူ နားမလည်တာလား။ “မြန်မာတွေကို ဘာမှ ဂရုစိုက်စရာ မလိုဘူး” လို့ အထင်သေးစော်ကားတာလား။ သူမှပဲ သိပါလိမ့်မယ်။
မာလာလာ ရဲ့အဖြစ်အပျက်နဲ့ မြန်မာပြည်က ကျောင်းသား ကလေးသူငယ် လေးတွေရဲ့ အဖြစ်အပျက်ဟာ ဘယ်နေရာမှာများ ကွဲပြားခြားနားပါသလဲ။ ကလေးတွေ ကျောင်းဖွင့်ချိန်ကာလကြီးမှာ တနိုင်ငံလုံးက ကျောင်းသားလူငယ်လေးတွေခမျာ “ဘယ်အချိန် လေယာဉ်နဲ့ ဗုံးလာကြဲမှာပါလိမ့်။” ဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပညာသင်ကြားရတာဟာ လှစ်လျူရှုထားသင့်တဲ့ အဖြစ်အပျက်မျိုးပါလား။ ကလေးသူငယ် တွေရဲ့အသက်ကိုကယ်တင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလက်အောက်က အဖွဲ့အစည်းတွေဟာ မြန်မာပြည်စစ်ရှောင်စခန်းက ကလေးတွေဆီကို ဓါတ်ဆားထုပ်ကလေးတစ်ထုပ်တောင် ရောက်အောင်မပို့နိုင်ပါဘူး။ “ငါ့ လက်ကလွတ် ဗြွတ်” ဆို အကူအညီမှန်သမျှ စစ်သားတွေလက်ထဲအပ်ပြီး ပြန်သွားတာပါ။ ကလေးတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ ဒီလူတွေက ကလေးတွေကို ဆေးဝါးရိက္ခာ ဖြန့်ဖြူးပေးမယ် လို့ ထင်နေတာဟာ ဘယ်လို logic, thinking မျိုးပါလိမ့်။
ကိုယ်က ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် ဆရာဝန်တွေက ဆေးကုရကောင်းလား ဆို လိုက်လံဖမ်းဆီးသတ်ဖြတ်တာကို ဒီလောက် အသည်းမနာပါဘူး။ ကိုယ်တို့တွေက လူကြီးတွေဆိုတော့ ကိုယ့်ရန်ကိုယ် ကြည့်ရှောင်တတ်သေးတယ်လေ။ သူတို့အုပ်ချုပ်အောက်မှာ မနေလို့ အပြစ်ရှိတယ်လို့ ယူဆရင်လည်း ထားလိုက်ပါတော့။ ဘာမှ အပြစ်မရှိတဲ့ ကလေးသူငယ်တွေကို အဲ့လောက်ကြီး ရက်ရက်စက်စက် သတ်တာကိုတော့ လူသားတစ်ယောက်အနေနဲ့ကို လက်မခံနိုင်ပါဘူး။ အာဏာသိမ်းကာစအချိန်တုန်းကသာ “သူတို့မှာ လက်နက်တွေနဲ့ပဲ။” ဆို အံတကြိတ်ကြိတ်နဲ့ ငုံ့ခံချင်ခံမယ်။ အခု ငါတို့မှာလည်း လက်နက်ရှိပြီလေ။ စစ်တိုက်ရုံပဲ ရှိကြတာပေါ့။
အဲ့ဒီကလေးငယ်တွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ အကြောင်းထဲမှာ ရန်သူ ကို ရန်သူ လို့ မမြင်ပဲ အရပ်သားအချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း ရယ်လို့ လုံခြုံရေးသတိ ပေါ့ဆလိုက်တာလည်းပါပါတယ်။ ဟော့ဒီရွာတစ်ရွာလုံးမယ် ဘယ်အိမ်ကတော့ဖြင့် ဒီအချိန် မင်္ဂလာပွဲ ရှိမှာပဲ လို့ လေယာဉ်ပေါ်ကလူကတော့ သူ့ဘာသူ သိနိုင်စရာ အကြောင်း မရှိပါဘူး။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို နေရာအတိအကျ ထောက်လှမ်းပြီး သတင်းပေးပို့တဲ့သူ ကိုယ့်အနီးအနားမှာ ရှိနေလို့ပါ။ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပေးပေး။ တချို့လူတွေက ကျေးဇူးတရားဆိုတာ နားမလည်ပါဘူး။
ကိုယ်တို့ဆေးရုံက လေယာဉ်ဗုံးကျတုန်းက အဆောက်အဦတွေ ပျက်စီးပေမယ့် အထဲက ပစ္စည်းတွေ သိပ်မပျက်စီးပါဘူး။ ဒါပေမယ့် ၃ ကြိမ် ၃ ခါတောင် တကောက်ကောက်လိုက်ပြီး ဗုံးကြဲတဲ့အခါ ကိုယ်တို့မှာ ပစ္စည်းတွေ မသိမ်းနိုင်ပဲ ဘေးလွတ်ရာကို တိမ်းရှောင်ရပါတယ်။ မကြာသေးခင်က ဆေးရုံမှာ ပစ္စည်းသွားပြန်သိမ်းတဲ့အခါ ဆေးဝါးပစ္စည်း တော်တော်များများ၊ အိမ်တွေမှာရှိတဲ့ အဖိုးတန်ပစ္စည်း တော်တော်များများက ဖောက်ထွင်းယူငင်ကုန်လို့ မရှိတော့ပါဘူး။ ခွဲခန်းထဲမှာစီးတဲ့ ကြက်ပေါင်ဘိနပ် အရံ ၂၀-၃၀ လောက်တောင် တစ်ရံမှ မကျန်ခဲ့ဘူး။ ကိုယ်စုဆောင်းထားတဲ့ တစ်နှစ်စာဆေးဝါးတွေဟာလည်း သူတို့မသုံးတတ်တာလေးတွေပဲ ကျန်ပါတယ်။ ဘက်ထရီအိုးအကြီးတွေလည်း မရှိတော့ဘူး။ အိမ်ကို အသားပြားနဲ့ ပိတ်ရိုက်ခဲ့တာတောင် နောက်ဘက်က ပျဉ်ခွါပြီး ဝင်ယူပါတယ်။ လေးနှစ်လုံးလုံး ဆေးအလကားကုပေးခဲ့တာမို့ ရွာသားတွေအနေနဲ့ ကျေးဇူးတင်ကျန်ရစ်ခဲ့မှာ၊ စိတ်မကောင်း ဝမ်းနည်းကျန်ရစ်ခဲ့မှာ သိပေမယ့်လည်း ကိုယ့်အနီးအနားမှာနေပြီး ကိုယ်တို့ဒုက္ခရောက်တာကို ဝမ်းသာပျော်ရွှင်နေတဲ့သူလည်း ရှိမယ်ဆိုတာ ငြင်းလို့ မရပါဘူး။ အစကတည်းက “ဒီကောင်တွေ ငါတို့နယ်မှာ လာပြီး ကြီးပွါးကောင်းစား နေကြတယ်” လို့ စိတ်ထဲကြိတ်ပြီး ကြည့်မရတဲ့သူလည်း ရှိမှာပါ။ လူတစ်သိန်းမှာ ၉၉၉၉၉ ယောက်က ကိုယ့်ကိုချစ်ခင်သော်ငြားလည်း မချစ်တဲ့သူတစ်ယောက်ရှိရင်ကို ကိုယ့်ကို အန္တရာယ်ပြုဖို့ လုံလောက်တယ် မဟုတ်ပါလား။ ကိုယ့်အဖို့မှာတော့ ပစ္စည်းသင်္ခါရတွေကို စေးနည်းတွန့်တို နှမျောဝမ်းနည်းခြင်း မဖြစ်တတ်သော်ငြား လူသင်္ခါရတွေ အတွက်တော့ စိတ်မကောင်းပါဘူး။ နစ်နာစရာရှိတော့ သူတို့ပဲ နစ်နာရမယ့် ဥစ္စာ။ ဒီဆေးတွေက ကိုယ်တို့မပါပဲ သူတို့အတွက် ဘာတန်ဖိုးရှိမှာလဲ။ ကိုယ်တို့လည်း ရောင်းစားနေတာမှ မဟုတ်တာ။ သူတို့လူနာတွေကိုပဲ အလကားကုနေတာကို။
လူတစ်ယောက်စီ တစ်ယောက်စီရဲ့ အတ္တဟာ တော်လှန်ရေးကြီး နှောင့်နှေး ကြန့်ကြာရခြင်းရဲ့ အရင်းအမြစ် ဖြစ်တယ် လို့လည်း နားလည်လာပါတယ်။ တချို့လူတွေက တော်လှန်ချင်လို့ လက်နက်ကိုင်နေတာ မဟုတ်ပဲ လက်နက်ကိုင်ခြင်းအားဖြင့် ကြီးပွါးချမ်းသာလိုတာ ဆိုတဲ့သူတွေလည်း ရှိမှာပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စကစဘက်က လက်နက်မကိုင်ပဲ ကိုယ့်ဘက်မှာ နေပေးဖော်ရလို့ ကျေးဇူးတောင် တင်နေရဦးမှာ။ အခု ကိုယ်တို့ ဆေးရုံအသစ်ပြန်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင် အခြေအနေ၊ ခုချိန်ထိ တစ်ရက်မှ မနားသေးတဲ့ ဆေးရုံဆေးခန်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာ ဘယ်သူ့ကို ဘယ်လို ယုံကြည်ရမှာလဲ။ မိုးဒီတို့ မော့စ်တို့ ပြက်လုံးထုတ်သလို “ပြိတ်သတ်ကြီး ဒီကောင် မနက်ဖြန်ည ကမှာဆို ကျနော်လည်း မနက်ဖြန်ညကျမှ ပြန်လာကြော်ငြာမယ်” ဆိုတာမျိုး ဖြစ်နေတယ်။ “မကတော့ဘူး။” ဆိုပြန်ရင်လည်း “ကိုင်း ခုတော့ မင်း ဘာတတ်နိုင်သေးသလဲ ဗြဲဟဲဟဲ။” ဆို လာဦးမှာ။
TNLA က နောင်ချို မှာ PDF တွေကို မခုခံရဘူး လို့ ပြောတဲ့ကိစ္စ၊ MNDAA ကို သိန္နီက ပြန်ဆုတ်ခိုင်းတဲ့ ကိစ္စဟာ တော်လှန်ရေးကို ကြန့်ကြာစေဖို့ စစ်ကောင်စီရဲ့ တရုတ်ကျောထောက်နောက်ခံနဲ့ ထိုးနှက်ချက်တွေ ဖြစ် ပါတယ်။ ၄-၅ နှစ်လုံးလုံး အသက်တွေ၊ ဘဝတွေ ရင်းပြီး စွန့်စားတိုက်ခိုက်လာရတဲ့ ရလပ်တွေကို အဲ့သလောက်တောင် အလွယ်တကူ ပြန်စွန့်လွှတ်ပေးလိုက်ဖို့ စိတ်ကူး ရှိတာလား။ ဒါတွေက မတိုက်ရပဲနဲ့ ရှုံးတဲ့စစ်တွေပါ။ သေမှာကြောက်တဲ့သူတွေက အစကတည်းက စစ်မတိုက်ပါဘူး။ စစ်မြေပြင်ကို ရောက်ပြီးကာမှတော့ သေမှာ မကြောက်သင့်ပါဘူး။ ကြောက်တတ်ရင် ၂ ခါသေရလိမ့်မယ်။ ရန်သူဟာ မာယာပရိယယ်အမျိုးမျိုးနဲ့ ထိုးစစ်တွေ ဆင်နေတယ်။ ကိုယ်တို့ဘက်ကလည်း မတုန်မလှုပ်၊ နောက်မဆုတ်စတမ်း ခံစစ်ဆင်ရပါလိမ့်မယ်။ အရပ်သား ဓါးစာခံတွေငဲ့ပြီး လမ်းဖွင့်ပေးလိုက်တဲ့အခါ ဒီကောင်တွေက အထဲရောက်ရင် ဆက်မသတ်ပဲ နေတာလည်း မဟုတ်။ ကိုယ့်ဆီမှာ အခွန်ဆောင်ပြီး လည်ပတ်နေတဲ့ ကုမ္ပဏီတွေ မီးရှို့ဖျက်စီးခံရတာဟာ ကိုယ့်အပေါ်မှာလည်း တာဝန်ရှိပါတယ်။ ကာကွယ်ပေးမယ်ဆိုပြီး အခွန်ကောက်တာ မဟုတ်ဘူးလား။ ထုတ်စည်းတိုးနေတာမှ မဟုတ်တာကွယ်။ ဖမ်းမိလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ဒီကောင်တွေက ကိုယ့်ပြန်လာတိုက်လိုက် နဲ့ဆို ဆုံးမှာကို မဟုတ်ဘူး။ လေးနှစ်လုံးလုံး ကိုယ်နဲ့ စစ်တိုက်လာတဲ့ရန်သူဟာ ဒီချိန်ကျမှ အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်တယ် ဆိုတာ ယုတ္တိ မရှိပါဘူး။ ကလီကမာတွေပါ။
အခုထက်ပိုပြီး စစ်ရှုံးလာရင် စကစဘက်က ဘာဆက်လုပ်မလဲဆိုတာကိုလည်း ကြိုတွေးမိထားတာ ရှိပါတယ်။ ဒါအမြဲ သူတို့လုပ်နေကျ လုပ်ရပ်ပဲ။ ပျူတွေ၊ စစ်ခွေးတွေကို PDF ဝတ်စုံဆင်ပြီး တရုတ်ပိုက်လိုင်းကြီးကို ဗုံးသွားခွဲပါလိမ့်မယ်။ ပြီးရင် သတင်းထဲကနေပြီး “PDF တွေလက်ချက်” လို့ ဦးအောင် အော်ပါလိမ့်မယ်။ အဲ့ဒီအခါကျ ဘယ်လိုဖြေရှင်းမလဲ ခုကတည်းက ကြိုစဉ်းစားထားပါ။ သူကမှ အဲ့လို လုပ်မယ်ဆိုရင် ကိုယ်တွေကရော သူ့လို မလုပ်နိုင်စရာ ဘာအကြောင်း ရှိသလဲ။ သင်္ကန်းကောက်ရုံလိုက်ရုံနဲ့ ဝါသဝ က ဘုန်းကြီးဖြစ်သွားတာပဲဟာ။ စကစဘက်က တရုတ် ပိုက်လိုင်းကြီးကို တစ်လက်မအထိမခံဘူးဆိုတဲ့ သန္နိဌာန် ရှိလို့လား။ ဝင်းနိမ္မိတာရုံတုန်းကလည်း “PDF လက်ချက်ပါ” ဗြောက်လိမ်ဖူးတာပဲကို။ ယုံချင်တဲ့ဟာ ယုံလေ။ ကိုယ် မလုပ်ဘူး။ ဘယ်သူ လုပ်သလဲ မသိဘူး။ ဘယ်မလဲ သက်သေ။ လက်နက်ကိုကြည့်လေ။ ကပစတံဆိပ်ကြီး မမြင်ဘူးလား။ နောက်မှာ နံပါတ်ပါတယ်။ ဘယ်သူ့တပ်ကို ထုတ်ပေးထားသလဲ လိုက်ကြည့်ချေ။ လွယ်လွယ်လေး။
သတင်းထဲမှာ ရှီအဖိုးကြီးက ပြုတ်စော်နံနေသော်လည်းပဲ မြန်မာစစ်ပွဲတွေမှာ ကြိုးဆွဲတဲ့ လက်သည်ကတော့ ရပ်မသွားသေးဘူး။ အကွက်တွေ ပိုကြမ်းလာတာပဲ ရှိတယ်။ ကိုယ်တို့ကလည်း ကမ္ဘာစစ်ကြီး ဖြစ်နိုးဖြစ်နိုးနဲ့ ငုတ်တုတ်ထိုင် စောင့်နေစရာ အကြောင်းမရှိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ သူများတွေ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။ ကိုယ့်ဘာသာ လုပ်မယ်။ မနေနိုင်လို့။ တော်လှန်ရေးဟာ ဒီနေ့မအောင်သေးလည်း မနက်ဖြန်ကျရင် အောင်ကိုအောင်ရမယ်။ အဲ့ဒါ ကိုယ့်ရဲ့ ယုံကြည်ချက်ပဲ။ ဘာအကြောင်းပြချက်အတွက်မှ နောက်မဆုတ်နိုင်ဘူး ဆိုတာလည်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ လမ်းဆုံးတဲ့အခါ ဘယ်သူကျန်ရစ်ခဲ့မလဲ တွေ့ရပါလိမ့်မယ်။ ကိုယ်ကတော့ အမြန်ဆုံးပြီးချင်လှပါပြီ။ ဘယ်သူတွေက သံသရာရှည်စေချင်သလဲ မပြောတတ်။
“ကြာတယ် ကြာတယ် မြန်မြန်လာကွာ။
လာပြီ လာပြီ လာပြီ လာပြီ။
အူး အူး အုစ်”