ဆေးကျောင်းမှာ ကိုယ့်အတွက် အခက်ဆုံးအတန်းကတော့ 2nd MB ပါပဲ။ ပထမဆုံးတွေ့တဲ့ အခက်အခဲကတော့ ဘာသာစကား ပြဿနာ language barrier ပါ။ ကိုယ်တို့က ABCD ကို ၅ တန်းရောက်မှ စ သင်ရတာ။ အင်္ဂလိပ်စာကို ဂုဏ်ထူးထွက်ခဲ့ပေမယ့် ကိုယ်ကျွမ်းကျင်တဲ့ အင်္ဂလိပ်စာက အမှားအမှန်ခြစ်မယ်။ ကွက်လပ်ဖြည့်မယ်။ အရှေ့အနောက်စဉ်မယ်။ အဲ့ဒါမျိုးတွေလောက်ပဲ။ “ပြော” ဆိုရင် ခွေးအလှည်းနင်းသလို တအိုင်အိုင်က မတက်ဘူး။ စာနဲ့ အရင်ရေး၊ ကျက်ပြီးမှ စာဖတ်သလို ပြောနိုင်တာ။ listening ဆိုလည်း အချင်းချင်းပြောတဲ့ ငပိသံကိုပဲ နားလည်တယ်။ ဘိုတွေပြောတဲ့ ခပ်ဝဲဝဲ accent ပါတဲ့ အသံဆို နားမလည်ဘူး။ ကိုယ်တွေက “သစ်စ အစ်စ အေဘွတ်ခ” သမား။ အတန်းထဲမှာ အင်္ဂလန်ကလာတဲ့ ဇာနည်လွင် က “ဖယ်သို ဖီဇယောလဂျိ” လို့ အသံထွက်ရင် ကိုယ့်မှာ ရယ်ချင်ပက်ကျိ အဆန်းတကြယ်ကြီးကို ဖြစ်လို့။
1st MB တုန်းက ပြဿနာ မရှိဘူး။ အင်္ဂလိပ်စာကလွဲရင် အကုန်ဗမာလို သင်ရတာ။ ဘော်တနီသင်ရင်တောင် ဇိုင်လမ်၊ ဖလိုဝမ်၊ မယ်ရစ္စတမ် နဲ့ အလွတ်ကျက်တာ။ ဇူးအခန်းမှာ tendon ဆိုရင် ဘာသာပါပြန်ပေးတယ်။ ကြွက်စွန်းရွတ် တဲ့။ “ဟဲ့ typing error ကြီးနေမှာပါလေ။” ဆို ကိုယ့်ဘာသာ ပြင်ပလိုက်တယ်။ ဖြစ်ခြင်းဖြစ် “ကန်စွန်းရွက်” ပဲ ဖြစ်လိမ့်မယ်ပေါ့။ ကိုယ်တို့ခေတ်က ဆယ်တန်းမှာ ဘိုင်အို မသင်ရဘူး။ ဆေးကျောင်းရောက်မှ ပရက်တီကယ်နဲ့ တွဲသင်တာ။ ဒါလည်းပဲ ဗမာလိုဆိုတော့ ဒါလေးများပဲ။ ပရက်တီကယ် လုပ်ရတာ ဝါသနာပါတယ်လေ။ ကျောင်းတွေ ဘာတွေလည်း မလစ်တတ်သေး။ ဂုဏ်ထူးတောင် ထွက်ခဲ့ပါတယ်။
2nd MB ရောက်တော့ Anatomy ရယ်၊ Physiology ရယ် political science လို့ခေါ်တဲ့ PS ရယ်။ ၃ ဘာသာပဲ ရှိတယ်။ Biochemistry က Physiology အောက်မှာ။ PS က ဗမာလိုသင်တယ်။ တစ်ပါတ်ကို တချိန်ပဲ ယူတာ။ ဟို နှစ်ဘာသာက တပါတ်လုံး သူ့ချည့်ပဲ တလှည့်စီ သင်ကြတယ်။ အတန်းထဲမှာ ဗမာလိုပြောရင် ဖိုင်းတပ်မယ် ဆိုတဲ့ဟာမျိုး။ ဆရာတွေကလည်း အရမ်းကြောက်ရတာ။ အတန်းချိန်ကြီး အပြင်မှာတွေ့ရင် တုတ်တစ်ချောင်းနဲ့ အတန်းထဲမောင်းသွင်းရော။ ဒေါ်သင်းသင်းလှိုင်တို့၊ ဒေါ်ခင်မမတို့ ဆိုရင် ကိုယ်တို့က “လျူရှောက်ဖမ်း” လို့ ခေါ်ကြတယ်။ ဒေါ်နော်မာစောကြီးကိုတော့ ချစ်တယ်။ သူက ဗမာလိုလေး နားလည်အောင်ပြောပေးလို့။ သူ့အခန်းထဲ hand-out သွားဝယ်ရင်လည်း အဖွားဆီကရတဲ့ နံသာဖြူ၊ ကရမက်နံ့လေး ရတယ်။ ကိုယ်က အဲ့လို hand-out နဲ့ဆို ဖတ်နိုင်တယ်။ ကျန်တဲ့ဆရာတွေက textbooks ဖတ်ခိုင်းတော့ ကိုယ့်မှာ ကျွမ်းပစ်ရော။ Ganong နဲ့ Cunningham တော့ရှိတယ်။ ကျန်တဲ့ textbook အထူကြီးတွေက ကိုယ့်မှာ မရှိဘူး။ စာကြည့်တိုက်က ငှါးတဲ့ဟာတွေက သူများယူသွားလို့ ကုန်ပြီ။ ၃ ယောက်ကို တစ်အုပ်စပ်ငှါးပြီး ကဒ် ၃ ကဒ် ပေးထားလိုက်ရင် တစ်ယောက်ပြန်အပ်၊ နောက်တစ်ယောက် ဆက်ငှါးပြီး တစ်နှစ်လုံး ယူထားလို့ ရတယ်။ တချို့ဆို ပြန်အပ်ဖို့မေ့နေလို့ အောင်စာရင်းထွက်ရင်တောင် နံမည်မပါဘူး။ စာအုပ်မရှိဘူးသာ ပြောနေတာပါ။ ရှိလည်း အဲ့လောက်စာအုပ်
အထူကြီးကျတော့ ကိုယ်မဖတ်နိုင်ပါဘူး။ ခေါင်းအုံးအိပ်လို့တောင် ရတဲ့ဟာကို။ စာအုပ်ကြီး မြင်ရုံနဲ့ “အယ်မျယ်လေး မူးလက်ထှာ” ဆို ထပြေးချင်တာ။
အဲ့ဒီတော့ ကိုယ့်ဘာသာ လက်ချာလိုက်ပြီး လက်ချာနုတ်ကို ကျက်ရုံပဲ ရှိတာပေါ့။ ခက်တာက လက်ချာချိန်က 1st MB လို တနာရီတခါ အတန်းပြောင်း တက်စရာ မလိုပဲ သီရေတာထဲမှာ ၃ နာရီဆက်တိုက် သင်ရတယ်။ ကြားထဲမှာ ၁၀ မိနစ်ပဲ break ပေးတာ။ သင်တဲ့သူက မမောမပန်းသင်တောင် လိုက်တဲ့သူက မလိုက်နိုင်ပါဘူး။ အဲ့ဒီခေတ်က ဗီဒီယို၊ ဓါတ်ပုံ ပရယ်စန်တေးရှင်းတွေမရှိဘူး။ “transparency” လို့ခေါ်တဲ့ ပလပ်စတစ် တောင့်တောင့်လေးပေါ်မှာ ဆော့ပင်နဲ့ ရေးသင်တာ။ ပုံတွေလည်း ကိုယ်တိုင်ပဲ ဆွဲပြတယ် ဆော့ပင်ရောင်စုံလေးတွေနဲ့။ Anatomy က အရုပ်ပြလို့ အကောင်မြင်အောင် ကြည့်လို့ရပါသေးတယ်။ Physiology ကျ ဂလူးကိုစ်တွေကို အောက်ဆီဂျင်နဲ့ ဓါတ်ပြုခိုင်းတာ မပြီးတော့ဘူး။ တစ်ပတ်ကြီးကိုလည်လို့။ အိပ်တွေလည်း ငိုက်လို့။ နှစ်စတုန်းက အတန်းရဲ့အလယ်လောက်မှာ ထိုင်ရာကနေ တဖြေးဖြေး နောက်ဆုတ်ပြီး နောက်ဆုံးခုံ တံခါးပေါက်နံဘေးကို ရောက်သွားရော။ လှစ်ကနဲ အပြင်ကို ထွက်ပြေးလို့ ရတယ်လေ။
ကိုယ်တို့တုန်းက 1st MB နဲ့ 2nd MB က တစ်နှစ်ခွဲစီ ၃ နှစ်နေရတယ်။ လိပ်ခုံးမှာ။ အပေါ်တန်း အောက်တန်းနဲ့လည်း ၆ လစီ ထပ်တော့ junior, senior ခွဲသင်ကြတယ်။ အဲ့ဒီအချိန်မှာပဲ Regional College တက်နေတဲ့ သူငယ်ချင်းတွေက တတိယနှစ်တက်လို့ RASU ထဲကို ရောက်လာကြပါတယ်။ “ရာဇူးက မမရေ။ ရာဇူးက မမ” တို့ ခေတ်စားနေတဲ့အချိန်။ ကျောင်းကစာတွေ မလိုက်နိုင်လို့ ကျောင်းပြေးပြီး သူတို့ဆီကိုသွားလည်ရင် အဲ့ဒီမှာ အလွန်ပျော်စရာကောင်းတာကိုး။ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝ ရတယ်။ နေ့တိုင်းကျောင်းလာပြီး တစ်ချိန်မှ မတက်ဖြစ်တဲ့ကောင်တွေ။ ကိုယ်က သူတို့လောက်တော့ ကျောင်းမပြေးနိုင်ဘူး။ ကျောင်းခေါ်ချိန် ၇၅% မပြည့်ရင် စာမေးပွဲဖြေခွင့်မပေးဘူး။ D-bar ထိတယ်။ အဲ့တော့ ကိုယ်က lecture, practical, tutorial timetable တွေကြည့်ပြီး ကျောင်းပြေးလို့ရတဲ့ရက်တွေကို တစ်ရက်မှ အလွတ်မခံဘူး။ lecture က ကိစ္စမရှိဘူး။ attendance ထိုးပြီးရင် နောက်ပေါက်ကလစ်တယ်။ သူငယ်ချင်းကောင်မလေးတွေကို လက်မှတ်ထိုးခိုင်းလို့လည်းရတယ်။ တခါတလေ ကိုယ်တိုင်ဝင်ထိုးမှပဲ ကိုယ့်လက်မှတ်က အတုကြီးနဲ့ တူတာ။
ကျူတိုရီယယ်တန်းတွေကျတော့ အခန်းတစ်ခန်းကို လူ ၂၀ လောက်ပဲ ရှိတာ။ ခဏခဏ ပျက်ရင် သိသာတယ်။ ကြိုးစားပြီးတက်ရတာပေါ့။ လက်ချာလိုက်မထားပဲ ကျူတိုရီယယ်ကျမှ ရှင်းပြတဲ့ဟာတွေလည်း ဘယ်နားလည်မှာလဲ။ အတန်းထဲအိပ်ငိုက်ပြန်ရင်လည်း ကြိုးစားပန်းစား သင်နေတဲ့ဆရာကို အားနာစရာ။ အဲ့ဒါဆို ကိုယ်က ပလာစာအုပ်တစ်အုပ်နဲ့ သင်နေတဲ့ဆရာကို ကြည့်ပြီး ပုံတူဆွဲပါတယ်။ Physio မှာ စိုင်းထီးဆိုင်နဲ့ တူတဲ့ဆရာ ရှိတယ်။ စိုင်းခမ်းလိတ်နဲ့ တူတဲ့ဆရာလည်း ရှိတယ်။ ဘယ်သူဖြစ်ဖြစ် ကိုယ့်ကို ကျူတိုရီယယ်လာသင်ရင်တော့ ပုံဆွဲခံရပြီသာမှတ်။ တခါတခါ အတန်းထဲက ကောင်မလေးတွေပုံတူလည်း ဆွဲတတ်တယ်။ ကိုယ့်ကျူတိုရီယယ်စာအုပ်ထဲမှာ စာမရှိဘူး။ ပုံတွေချည့်ပဲ။ စာတွေ ဘယ်လောက်တောင်တတ်မလဲ စဉ်းစားကြည့်။ ပရယ်တီကယ်ကျတော့ ကိုယ်စိတ်ဝင်စားပါတယ်။ game ကစားနေရသလိုပဲ။ “ကာဖီသောက်တဲ့သူနဲ့ မသောက်တဲ့သူ၊ ဘယ်နှမိနစ်ကြာရင် ဘယ်သူက ရှူရှူးပိုထွက်လဲ” ဆိုတာမျိုးလေ။ သွေးပေါင်တွေဘာတွေ တိုင်းတတ်လာတော့ အိမ်ကအဖွားကို နေ့တိုင်း သွေးချိန်ပေးရင် မုန့်ဖိုးတောင်းလို့ ပိုကောင်းတယ်။ ဂျူတီကုတ်ကလေး နဲ့ နားကြပ်ကလေး စ ကိုင်ရတော့ ဘဝင်တွေကလည်း မြင့်နေလိုက်တာ မပြောပါနဲ့။ “ရင်ခုန်သံ မင်းနားကြပ်ကလေးနဲ့ နားထောင်ပါဦး” သီချင်းက မပေါ်သေးဘူး။ “လေယာဉ်ပျံလက်မှတ်ရပြီ ငပလီကိုကွယ်” ပဲ ရှိသေးတာ။
Anatomy မှာကျတော့ ကိုယ်တို့တစ်အုပ်စုကို အရိုးပဒေသာ တစ်စုံစီနဲ့ ဆေးစိမ်ထားတဲ့ အလောင်းတစ်လောင်းစီ ရကြတယ်။ အိမ်မှာစာကျက်ဖို့ အရိုးခြောက် တစုံစီလည်း ဝယ်လို့ရတယ်။ အဲ့ဒီအရိုးလေးတွေပေါ်မှာ မင်နီမင်ပြာတွေခြယ်ပြီး လက်ကလေးနဲ့ ထောက်ကာထောက်ကာ စာကျက်ရတာကိုး။ ငယ်ငယ်တုန်းက လူသေအလောင်း မကြည့်ရဲ၊ အသုဘအိမ် မသွားရဲတဲ့ ကိုယ်က 2nd MB ရောက်မှ အရိုးပုံးကြီးကို အိပ်ယာဘေးထားပြီး အိပ်တတ်လာတယ်။ Dissection room ထဲဝင်ရင် အစပထမတော့ အော့ချင်အံချင်၊ ဖော်မလင်နံ့လည်း မခံနိုင်ဘူး။ မျက်ရည်ကျတယ်။ နောက်တော့ ယဉ်ပါးသွားပြီး teatime break ပေးရင် ပျားအုံအောက်မှာ မုန့်လင်မယားတွေ ဝယ်စားတယ်။ စားလို့ကုန်မှ “ဟောဗျာ။ ငါ စောနတုန်းက လူသေကောင်ကြီး ကိုင်ထားတာ လက်လည်း မဆေးခဲ့ရဘူး။” ဆို သတိရတာ။ ဆရာကြီးဦးမောင်မောင်ညို ကို အရမ်းကြောက်တယ်။ ဆရာမဒေါ်နန်းဉမ္မာကတော့ အရမ်းသဘောကောင်းတယ်။ ဆရာTK Dutt ကြီးလည်း ချစ်ဖို့ကောင်းတယ်။ Anatomy မှာ ဆရာမဒေါ်နှင်းဆီကြင် ဆိုတာ ရှိတယ်။ အရမ်းလှတာပဲ။ နောက်တော့ ဂျာမဏီသံအမတ်ကြီးကတော် ဖြစ်သွားတယ်။ ဆရာမကိုဆို ကိုယ့်ဆရာ လူပျိုကြီးတွေနဲ့ ဖြစ်စေချင်တာ။ “မရဘူး။ လာမလုနဲ့။ ငါ့ဆရာနဲ့ပဲ ပေးစားမယ်” ဆိုတာမျိုး။ လူကြီးတွေကဖြင့် ဘယ့်နှယ်မှတောင် မနေဘူး။ ကိုယ်တို့ဆရာက ချောပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်နဲ့။ ဆရာဦးအောင်သူ တဲ့။ Physiology မှာ စူပါမန်း နဲ့ တူတဲ့ဆရာလည်း ရှိတယ်။ ဆရာဦးညွန့်ဝေတဲ့။ စာသာ မလိုက်နိုင်တာ။ ဆရာတွေကိုတော့ ချစ်ပါတယ်။ ပုံဆွဲစာအုပ်လေး ပျောက်သွားလို့ နှမျောမိတယ်။
ကိုယ်က ကျောင်းခေါ်ချိန်တွေ တွက်ပြေးသော်ငြားလည်း ဌာန က calculator နဲ့ ကိုယ်တွက်တဲ့ calculator ဘယ်မှာလွဲသည်မသိ။ ၇၃% ပဲ ရှိလို့ ဝမ်နင် ခေါ်ပေးခံရရော။ နောက်လကျမှ ပိုတက်ပေးပါ့မယ် ဆရာကြီးပေါ့။ ကိုယ်တို့ခေတ်မှာ ဒီဘားဆိုတာ တကယ်ဆွဲတယ်။ တစ်နှစ်ကို ၂၀-၂၅ လောက် စာမေးပွဲမဖြေရပဲ အောက်တန်းကို ရောက်လာတာ။ အဲ့ဒါတော့ ကြောက်တာပေါ့။ ကျောင်းခေါ်ချိန်ချည့်ပဲ မဟုတ်ဘူး။ class work performance ကလည်း 30% အောက် မလျော့ရဘူးတဲ့။ test ကထွက်တဲ့ အမှတ်တွေ ပြောတာ။ ဒါကတော့ ကိုယ့်ဟာကိုယ်ကျက်မှ ရမယ်လေ။ ကိုယ့်အမှတ်တွေက ၅၀ ပတ်ချာလည်မှာ အထက်ရောက်လိုက်၊ အောက်ရောက်လိုက်။ စာမတော်မှန်း ကွကို သိပေမယ့် ဆပ်ပလီတော့လည်း မထိချင်ဘူး။ အောင်ရုံကလေး ဘယ်လိုဖြေမလဲဆိုတာ လေ့လာရတယ်။ အကုန်လုံးတော့ လိုက်မဖတ်နိုင်ဘူးလေ။
အဲ့ဒီအခါကျတော့ တစ်ယောက်တည်း စာကျက်လို့မရဘူး။ စာကျက်ဖော် လိုတယ် လို့ သိလာတယ်။ ငယ်ငယ်က ပေါင်းလာတဲ့ သူငယ်ချင်းတွေနဲ့လည်း စာကျက်လို့ အဆင်မပြေဘူး။ ကိုယ်က လူဆိုးလေ။ အဲ့ချိန်မှာ ဆေး ၂ က ပြောင်းလာတဲ့ ဝင်းမင်းသန်းဦး နဲ့ ပေါင်းမိသွားတယ်။ သူလည်း လူဆိုး။ အိမ်ချင်းလည်း နီးတယ်။ မင်းက ဒီဥစ္စာဖတ်၊ ငါက ဒီဟာဖတ်မယ်။ ပြီးရင် မင်းက ငါ့ကိုရှင်းပြ။ ငါက မင်းကို ရှင်းပြမယ်။ အဲ့လိုသွားတာ။ နှစ်ယောက်လုံးနားမလည်ရင် “ကျော်ကွာ။” ဆို ကျော်ချသွားရော။ နေ့ဘက်ဆို ကျောင်းလစ်ကြသူချင်းဆိုတော့ ညကျမှချိန်းပြီး စံပါယ်ဖူး ဆိုင်ထိုင်၊ ဖန်ထွတ်နေတဲ့ လက်ဘက်ရည်ကျကျသောက်၊ လက်ဖက်သုတ်ကလေး ပါဆယ်ဝယ်လာပြီး တစ်ညလုံး စာကျက်ကြတယ်။ စာမွဲနီးမှလေ။ အိပ်ငိုက်လာရင် “ဟျောင့် မျက်နှာသွားသစ်ချေ” ဆိုပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး စာအံတယ်။ ညဉ့်နက်သန်းခေါင်ကြီး ဗိုက်ဆာလာရင် ဒီကောင်က ထမင်းကြော်ကျွေးတယ်။ သူတို့ ဘိုကဘေးက ငပိလိမ်မာကလေးနဲ့။ စာမွဲပြီးရင်တော့ နှစ်ယောက်လုံး ပျောက်သွားတာပဲ။ နောက်တစ်ခါဖြေမှ ပြန်ဆုံမယ်။
တကယ်ကို ရူးလောက်ဖွယ်ရာ စာကျက်ရသော နေ့ရက်များပါပဲ။ အတန်းမတက်၊ ကျောင်းပျက်၊ လျှောက်လည်၊ ဖွန်ကြောင်၊ ရည်းစားထား၊ ဖဲရိုက်။ ဖြစ်ချင်တိုင်း ဖြစ်နေတာကိုး။ တနေကုန် ကြမ်းပိုးထိုးလို့ ဝ မှ ညဘက်ကြီးကို မအိပ်မနေ စာကျက်ရတာ။ စိတ်တူကိုယ်တူ သူငယ်ချင်း ရှိလို့သာ ဒီအလုပ်တွေ လုပ်နိုင်တာ။ နို့မို့ဆို မလွယ်။ ကျောင်းက ဆရာတွေ စာအသင်အပြ တော်တာလည်း ပါတာပေါ့လေ။ သူတို့ပဲ ချော့တခါ ခြောက်တလှည့်နဲ့ စာမေးပွဲတွေ တစ်ခုပြီးတစ်ခု စစ်ပြီး ထိန်းသွားတာ။ Final လည်း နီးရော အားလုံးကို ဇာတ်လမ်းဖြတ်ပြီး အသည်းအသန် စာကျက်လိုက်တာ စာမေးပွဲတော့ တစ်ခါတည်း အောင်သွားပါရဲ့။ ရည်းစားနဲ့ပြတ်သွားရော။ ကိစ္စမရှိပါဘူး။ နောက်နှစ်ကျ ဒီကျောင်းမှာလည်း မဟုတ်တော့ဘူး။ လမ်းမတော်ဆေးကျောင်း ရောက်ပြီ။ စိတ်သစ်လူသစ်နဲ့ ဘဝသစ် စမယ်။ ကလေးအထာတွေ ထားခဲ့။ မနက်ဖြန် ငါ လူကြီးဖြစ်ပြီ။ ဆေးရုံတွေလည်း ဆင်းရတော့မယ်။ “ဆေးလောကကြီးရေ။ ငါလာပြီဟေ့။” ပေါ့။
လိပ်ခုံးကြီးကို ပြန်ရောက်ရင်တော့ အဲ့ဒီလိပ်ခုံးခန်းမကြီးကိုလည်း လွမ်းတယ်။ (အဲ့တုန်းက မဖျက်ရသေးဘူး) စိန်ပန်းပင်ကြီးကိုလည်း လွမ်းတယ်။ Sherrington တို့ Pavlov တို့ဆိုတဲ့ lab တွေကိုလည်း လွမ်းတယ်။ ပျားအုံအဆောက်အဦးကြီးဘေး လှေကား အပေါ်ဆုံးထပ်က ထိုင်စရာနေရာလေးကိုလည််း လွမ်းတယ်။ BEd ကန်တင်းက ပုဇွန်ခွက်ကြော်သုပ် နဲ့ ၂၀၀ တန် အစိမ်းကြော်လေးကိုလည်း လွမ်းတယ်။ သထုံလမ်းလေးကိုလျှောက်ပြီး ရာဇူးထဲအထိသွား၊ ဦးချစ်လက်ဘက်ရည်ဆိုင် ထိုင်ရတာလည်း လွမ်းတယ်။ ကျောင်းရှေ့ကဖြတ်သွားတိုင်း “စိုက်ပျိုးရေး ပါတယ်။” မအော်မိပေမယ့် လိပ်ခုံးကျောင်းကြီးကိုတော့ ဘာတွေ အပြောင်းအလဲ ရှိမလဲ ကြည့်မိတုန်းပဲ။”တခါတုန်းက တက္ကသိုလ်မှာ…” ဆိုပါတော့ကွယ်။