အနည်ထိုင်ချိန်မှာ မင်းရောက်လာ

ဆယ်တန်းဖြေပြီးတဲ့အခါ ကိုယ်ကတော့ အောင်မယ် မအောင်မယ် မသေချာဘူး လို့ တွက်ပေမယ့် ကိုယ့်အဖွားကတော့ သေချာပေါက် အောင်မှာ လို့ တွက်ပါတယ်။ ဆယ်တန်းအောင်ရင် ကိုယ်က သူ့မြေးထဲမှာ ပထမဆုံး ကောလိပ်တက် ရမယ့်သူပဲ။ ကောလိပ်ကျောင်းသားဆိုတော့ မျက်နှာမငယ်အောင် ထားရမှာပေါ့လေ။ စိန်ပေါမှာလို အဖြူအစိမ်း ၃ စုံလောက်နဲ့ လှည့်ဝတ်လို့ မရတော့ဘူး။ အဝတ်အစားဖိုးတွေက ပိုကုန်လာတော့မယ် လို့ ပူရှာတယ်။ သူ့မြေးကို လူတောထဲ မျက်နှာငယ်မှာလည်း စိုးတယ်လေ။ အောင်စာရင်းထွက်တဲ့အခါ သူ့ခမျာ ဈေးကို သုံးခေါက်ပြန်သွားတယ်။ ဟိုဆိုင်လေး ဝယ်မလို ကောက်ကိုင်လိုက် သည်ဆိုင်လေး ဝယ်မလို ကောက်ကိုင်လိုက်။ ဈေးသည်တွေကလည်း သိတာပေါ့။ နေ့တိုင်းဈေးလာနေကျ မြေးအဖွားပဲဟာ။ “ဟယ် ညက ဆယ်တန်းတွေ အောင်စာရင်းထွက်သတဲ့တော့။ ဖိုးချို ဘယ့်နှယ်တုန်း။ အောင်သလား။” လို့ မေးရင် သူက ပြုံးပြုံးလေးနဲ့ လက်သုံးချောင်း ထောင်ပြီး “အောင်တယ်လေ။ ဂုဏ်ထူး သုံးခုတောင်ပါသေး။” လို့ ဖြေတယ်။ အိုက်စကားပြောချင်လို့ ဆိုင်ပေါက်စေ့ လျှောက်ဝယ်တာလေ။ ရေကျော်ဈေးထဲမှာ။

ဆေးကျောင်းအမှတ် မီတယ် လို့ သိရတဲ့အခါ အဲ့ဒီကတည်းက သူ့မြေးက ဆရာဝန်လောင်း၊ အကောင်းစားချည့် ဆင်ရမယ် လို့ တွေးရှာတယ်။ အဲ့တော့ သူ ဘာလုပ်သလဲ သိလား။ မြေးအဖွားနှစ်ယောက် မနက်ဈေးဝယ်၊ မုန့်စားပြီး ပိုတဲ့ပိုက်ဆံလေးတွေနဲ့ အထည်ဆိုင်မှာ လပေးနဲ့ဝယ်တယ်။ ရခိုင်လုံခြည်တွေ။ ကြိုက်တာရွေး။ ဒီတစ်ရောင်ကျေရင် နောက်တစ်ရောင်ရမယ်။ အရောင်စုံအောင် ဆင်မှာ။ ရခိုင်လုံချည်ဆိုတာက အိမ်မှာ ကိုယ့်အဖေတောင် အလှူမင်္ဂလာဆောင်သွားမှ ဝတ်တာလေ။ အရောင်ပြေးလေးတွေနဲ့။ ထသွားထလာ အဝတ်အစား မဟုတ်ဘူး။ ပွဲထိုင် ပွဲထိုင်။ သူ အဲ့လို ဝယ်ဝယ်စုတာ ကိုယ့်မှာ ရခိုင်လုံချည်တွေ သံသေတ္တာကြီးနဲ့ တစ်လုံးပဲ။ ဈေးသည်က “ဒီအရောင်လေးနဲ့ တွဲဝတ်” ဆို ပိတ်စလေးတွေ ပေးရင်လည်း သူကဝယ်လာပြီး အပ်ချုပ်ဆိုင်မှာအပ်တယ်။ “တောကျတဲ့ ပုံကြီးတွေ မလိုချင်ဘူး။ အပြင်ဘက်မှာ ဘတ်လတ်ဘတ်လတ်နဲ့ ထွက်နေတဲ့ ဟာဝေယံဆိုတာချုပ်ပေး” လို့ မှာသေးတာ။ ဒါက အဖွားဆင်တဲ့ ဖက်ရှင်။

အမေဆင်တဲ့ ဖက်ရှင်ကျတော့ ခေတ်ဆန်မှာပါလေ။ သူ့မှာ ကောင်းကောင်းကန်းကန်း ပါတိတ်ကလေးများဝယ်ရင် ဘယ်တော့မှ တစ်ယောက်တည်း မဝတ်ရက်ဘူး။ သူ့အတွက် လက်ပြတ်ကလေးနဲ့ တစ်စုံရရင် သူ့သားအတွက် ရှပ်အင်္ကျီတစ်ထည်ထွက်အောင်ချန်တယ်။ ဒါ အကောင်းစား။ ဈေးကြီးတယ်။ အင်ဒိုနီးရှားကလာတာ။ ဒီမှာကိုင်ကြည့်။ အသားလေးကချောလို့။ မွှေးမွှေးလေးတဲ့။ အဲ့ဒါနဲ့ ကိုယ်လည်း အဖွားပေးတဲ့ ရခိုင်လုံခြည်တွေနဲ့ အမေဆင်တဲ့ ပါတိတ်အင်္ကျီတွေကို အရောင်လိုက်အောင် စပ်ဟပ်ဝတ်ပါလေရော။ အမယ်။ အလာကြီးပဲဗျ။ မျက်စိထဲမြင်အောင်ပြောရရင် ခြိမ့်ကေကိုနဲ့ ချွတ်စွပ်ကို တူတာ။ ရှက်တော့ မရှက်ပါဘူး။ ဒါ ဈေးကြီးတဲ့ အထည်တွေပဲဥစ္စာ။ ကိုယ့်အမေတွေအဖွားတွေတောင် တစ်နှစ်နေလို့ တစ်ထည်ဝယ်မဝတ်ဘူး။

ဆေးကျောင်းရောက်တော့ ကိုယ့်ပုံစံက သူများတွေနဲ့မတူပဲ တော်တော် ပုံတုံးနေမှန်း သိပါတယ်။ သူများတွေ ဝတ်ပုံစားပုံ မသိမသာ အတုခိုးရတာပေါ့။ အတန်းထဲက သူငယ်ချင်း ကိုကိုကြိုင်တို့အိမ်ရောက်ဖူးတော့ သူ့အိမ်မှာ ရှူးဖိနပ်တွေ ဘီရိုကြီးနဲ့တစ်လုံးရှိတာ သွားတွေ့တယ်။ အိမ်ရောက်တော့ ပြန်ပြောပေါ့။ တအံ့တဩ။ “အဖွားရေ အတ်လိုအတ်လိုပဲ။” ဆိုတော့ “ဟေ ဟတ်လား။ ဝယ်ရအောင်လေ” ဆို နောက်နေ့ကျ စကော့ဈေးပတ်ရော။ လိုသာလိုချင်တာ။ ကိုယ့်မှာက ဘယ်ဟာဘယ်လိုမှန်းလည်း နားလည်တာမဟုတ်။ မြေးအဖွားနှစ်ယောက် ခြေတိုအောင် ဈေးပတ်ပြီး ဖိနပ်ရှာကြတယ်။ ကိုယ့်မျက်စိထဲမှာ ထိပ်ဦးချွန်ချွန် ခြေကျင်းဝတ်အထက်လောက် ဘွတ်ဘိနပ်တွေမှ လှတယ်ထင်တာကိုး။ စကော့ဈေးရှေ့ မောင်ကောင်းသားရေဆိုင်က လည်သာဘု တစ်ရံဝယ်လိုက်တယ်။ အဖွားက “ဖြစ်ပါ့မလား ဟယ်။ ဖိနပ်ပေါက်နေဦးမယ်။ ငါ နောက်တစ်ရံဝယ်ပေးမယ်။ ဝေါကနဲရှူး ဆိုတာ လိုက်ရွေး” ဆိုတော့ ကိုယ့်မှာ ဘိနပ် ၂ ရံတောင်ရတယ်။ ပွတာပဲပေါ့။ ကဲ မြင်ပြီနော်။ ဘယ်သူနဲ့တူလဲ။ အန်ကယ်သာမြင်ရင် ကျုပ်လည်း ငှက်ပျောသီးစားရချေသေးရဲ့။

တခါတလေတော့လည်း နည်းနည်းပါးပါး ရုပ်ထွက်တဲ့ အထည်လေးတွေ ဝတ်ရပါတယ်။ အဲ့ဒါက ကိုယ့်ဦးလေးက ဆင်ပေးတာ။ သူက ပီနန်က ပြန်လာရင် ကိုယ့်အတွက် ဂျင်းဘောင်းဘီတို့၊ တီရှပ်တို့ ပါလာတယ်။ သူကတော့ သင်္ဘောသား ဆိုတော့ ခေတ်အမြင် ရှိတယ်လေ။ သူ့ဘာသူလည်း ကျော့ကော့နေတာ။ ဒါပေမယ့် ကိုယ်ကတော့ အမေတွေ၊ အဖွားတွေ ဆင်လည်း ဆင်တဲ့အတိုင်း ဝတ်လိုက်တာပဲ။ ဈေးမှ ကိုယ့်ဘာသာ မဝယ်တတ်သေးပဲဟာကို။ တောကျရော ဘာဖြစ်သေးလဲ။ ကိုယ်က ရုပ်ခံရှိတာပဲဟာ။ မင်းသမီးမင်းသားတွေတောင် တောကားရိုက်ရင် ပါးကွက်ကြီး ထူလပျစ်နဲ့ မဟုတ်ဘူးလား။

ဆေးကျောင်းရောက်ပြီးမှ သူငယ်ချင်းနဲ့ ရေတွေဘာတွေကူးရင်း လူကောင်ထွားပြီး အရပ်ကလေးဘာလေး ထွက်လာတယ်။ အရင်ကအဝတ်တွေ မတော်တော့ဘူး။ ပုဆိုးတွေကတော့ ရသေးတယ်။ ရခိုင်လုံချည်တွေက ဆေးလည်းမကျဘူး။ အရောင်လည်း မနွမ်းဘူး။ ဟုတ်တော့လည်း ဟုတ်သား။ လိုင်းကားတွယ်စီးရင် ခိုင်အောင်ဝတ်ရတာ တစ်ခုပဲ။ လူက ဗိုက်ချပ်ချပ်နဲ့မို့ ပုဆိုးတော့ မြဲပါတယ်။ နောက်တော့ ကိုကျော်သူတို့၊ ကိုပြေငြိမ်းတို့ကြည့်ပြီး ကင်ဇိုရှပ်တို့ ဂျွိုင်းဂျာကင်တို့ ဝတ်တတ်လာပါတယ်။ ဒီလိုပဲ အတုမြင် အတတ်သင်ရတာပေါ့။ ဘောင်းဘီက ကိုယ့်အတွက် ဝယ်ရခက်တယ်။ ခါးဆိုက်ဇ်က ၂၂-၂၄ ပဲ ရှိတာ။ နောက်ပိုင်း တင်လေးဘာလေး ထွက်လာမှ ဝတ်လို့ရတယ်။ အိမ်မှာက ကိုယ့်ထက်ကြီးတဲ့ ယောက်ကျားလေး မရှိဘူး။ အမေတွေ၊ အမတွေ၊ အဒေါ်တွေပဲ ရှိတာ။ ယောက်ကျားလေးတွေ ဘယ်လိုနေသလဲထက် မိန်းကလေးတွေ ဘယ်လိုနေကြသလဲ ပိုသိတယ်။

ဆေးကျောင်း ဒုတိယနှစ်လောက် ရောက်လာတော့ ဆတ်စလူးနတ်ပူးဖြစ်လာတယ်။ အရမ်းကို လှချင်လာပြီ။ စကော့ဈေးပတ်တတ်ပြီ။ ဖရေဇာက အထည်ဆိုင်တွေ မွှေတတ်ပြီ။ ရခိုင် လုံချည် လေးလေးကြီးတွေ အစား ပိုးတွဲ လုံချည်လေးတွေ ဝတ်တတ်ပြီ။ လူက လည်း ကြီးကောင်ဝင်ပြီးပြီဆိုတော့ သိပ်အရုပ်မဆိုးတော့ဘူးပေါ့။ ကိိုယ့်ဟာကိုယ် ထင်တာလေ။ ငယ်ငယ်တုန်းကလို သနပ်ခါး မလိမ်းတော့ဘူး။ ဆံပင်ညှပ် ဆိုင်လည်း တအားရွေးလာတယ်။ ခေါင်းရင်းအိမ်က ခရမ်းရောင်ဆံသမှာ မညှပ်တော့ဘူး။ ဗျူတီဆလွန်းမှ။ ညှပ်ရင်လည်း တစ်ခါညှပ် ပုံတစ်မျိုး လိုချင်တာ။ ယောက်ကျားလေးလည်း ဆံပင်ကောက်လို့ရတယ် လို့ သိလာတယ်။ ခေါင်းလိမ်းဆီတို့ မုစ်တို့ ဂျဲတို့ သုံးရကောင်းမှန်း သိလာပြီ။ အဲ့ဒီအရွယ်က အတောင်အလက်စုံ ဖူးသစ်စဆိုတော့ ဘာမှမဝတ်လည်း ကြည့်ကောင်းနေမှာပါ။ ဟုတ်သေးပါဘူး။ ဘာဝတ်ဝတ်လို့ ပြောတာ။ ယောင်လို့ ယောင်လို့။ လူမှာ အရွယ်ဆိုတာ ရှိတယ်လေ။ ၁၈-၁၉ မှာ Gym တွေဘာတွေ မဆော့လည်း 6 packs က သူ့ဘာသာသူ ရှိတာပဲ။ ဒိုက်လေးဘာလေးထိုးရင် ရင်အုပ်တွေ ပုခုံးတွေ ထွက်လာတာပဲ။ အဆီပိုမှ မရှိတာ။

တတိယနှစ်ကျတော့ ဆေးရုံစဆင်းရပြီဗျ။ အဲ့ဒီမှာ ဆရာကြီးဦးမောင်မောင်ဝင့်တို့၊ သူ့တပည့်ဒေါ်သန်းဦးလွင်တို့ တွေ့ပြီးသကာလ “ငါဖြစ်ချင်တာ အဲ့လိုဆရာဝန်မျိုး” ဆို ရောဂါတက်ပါလေရော။ အိမ်မှာ ကတ္တီပါဖိနပ်ကလေးတွေ ဝယ်စုတယ်။ ဒါပေမယ့် ကိုယ်က ဘတ်စကားစီးပြီး ကျောင်းတက်တာလေ။ ကားပေါ်မှာ ခြေထောက်တက်နင်းခံရရင် နာလည်းမနာပဲ “သေပါပြီ သေပါပြီ” ထအော်တာ။ ယောက်ကျားလေးတစ်ယောက်ကိုကြည့်ရင် ခြေထောက်ကအရင် စကြည့်ရတယ်တို့ ဘာတို့ ကြားဖူးတာကိုး။ ရေချိုးရင် သွားပွတ်တံအတုံးလေးတွေနဲ့ ကိုယ့်ခြေထောက်ကိုယ်တိုက်ရတာ အမော။

အဲ့ဒီမှာ အရေးအခင်းဖြစ်ပြီး ကျောင်းတွေ ၃ နှစ်ပိတ်တဲ့အခါ ဘဝထဲကို ပြန်ရောက်သွားတယ်။ ပထမ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် စပ်ဖွင့်တယ်။ ရောင်းရပါတယ်။ ကောလိပ်ကျောင်းသားတွေ ရောင်းတဲ့ဆိုင်ပေါ့။ လူရည်ကတော့ မလည်သေးဘူး။ ထူထူအအရယ်။ လမ်းဘေးမှာဖွင့်တာ။ စည်ပင်လာရင် အဖမ်းခံရတယ်။ အဖမ်းခံရရင်လည်း ဘာမှ မလုပ်တတ်ဘူး။ လက်ဘက်ရည်ဖျော်ဆို ဖျော်တတ်တယ်။ ရုံးပြင်ကန္နားတော့ မသွားရဲဘူး။ နောက်တော့ အဆင်မပြေလို့ ဆိုင်ပိတ်ပြီး ကုမ္ပဏီ ဝန်ထမ်းလုပ်ဖြစ်တယ်။ အမျိုးအိမ်မှာ။ အဲ့ဒီတော့မှ နည်းနည်း လည်လည်ဝယ်ဝယ် ဖြစ်လာတာ။ လူကသာ စာရေး။ ရုံးသွားရင် ကော့ကျော့လို့။ လခရရင် အဖွားဆီအပ်ပြီး အဲ့ထက်ပိုအောင် ပြန်တောင်းသုံးတယ်။

ကျောင်းတွေပြန်ဖွင့်တဲ့အခါ ၃ နှစ်စာ အပြင်မှာ ကျင်လည်ခဲ့ရလို့ အရင်လိုတော့ ကလေးမဆန်တော့ဘူး။ အဲ့ချိန်မှာ ကိုစိုးသူက အပေါ်တန်းက ကျောင်းနားထားတာ ကိုယ်တို့အတန်းထဲရောက်လာတယ်။ စလုံးချင်းဆိုတော့ တန်းခွဲတွေလည်း အကုန်တူတယ်။ သူနဲ့ခင်သွားပြီးတဲ့နောက် ကျောင်းပြီးတဲ့အထိ သူ့အိမ်မှာပဲ၊ သူ့ဘေးနားမှာပဲ နေဖြစ်တော့တယ်။ “Pretty Woman” ထဲမှာ Richard Gere ကြီး Julia Robert ကို ခေါ်သွားသလိုပေါ့ကွယ်။ ကိုယ့်မှာ မစားဖူးတာတွေ၊ မဝတ်ဖူးတာတွေ၊ မရောက်ဖူးတာတွေ အကုန်နှံ့စပ်သွားတော့တာ။ အရင်ကဆို မွှေးဆပ်ပြာ၊ ကာဘော်လစ်လောက်နဲ့ ရေချိုးတာ။ သူ့ဆီရောက်မှ shampoo, shower cream, facial foam, skin lotion သုံးတတ်လာပြီလေ။ မင်းသားနဲ့နေတဲ့ဟာကို။ ဘောင်းဘီ ဘယ်မှာအပ်ရတယ်။ ဆံပင် ဘယ်မှာညှပ်ရတယ်။ လူကြားထဲနေရင် ဘယ်လိုချေရတယ်။ လူချစ်အောင်နေချင် ဘယ်လိုပြောရဆိုရတယ်။ အကုန်သင်ပေးပါတယ်။ တကယ့်အကိုအရင်းတစ်ယောက်လိုပါပဲ။ ၃ နှစ်လောက် သူနဲ့နေပြီးတဲ့အခါမတော့ ကိုယ့် တောသားပြောလို့ ဘယ်သူမှ မယုံတော့ဘူး။ ဘက်ချလာဘွဲ့ကို ဘက်ချလာရုပ်ထွက်နဲ့ တက်ယူနိုင်ခဲ့ပါတယ်။

Personal grooming ကို မာစတာအဆင့်ထိ တတ်မြောက်သွားတာတော့ ပြင်သစ်ကျောင်းကို ရောက်မှပါ။ ဇော်ဇော် (ထီလာ) ကြီး ပြောဖူးတယ်။ လူဆိုတာ နေတတ်ထိုင်တတ်ဖို့ လိုတယ်တဲ့။ မင်းသား မင်းသမီးတွေလို လှချင် မင်းသား မင်းသမီးတွေ ရုပ်ထွက်အောင် ပြင်ပေးလို့ ရပါတယ်တဲ့။ ဒါပေမယ့် သူတို့လို နေတတ်ထိုင်တတ်မှ သူတို့လှသလို လှလိမ့်မယ်တဲ့။ အဲ့ဒါ အဟုတ်ပါပဲ။ ပြင်သစ်ကျောင်းက ဆင်းပြီးတဲ့နောက် ကိုယ့်မှာ confidence level so high ဖြစ်သွားတယ်လေ။ သမီးကို မူကြိုသွားကြိုရင် သူ့သူငယ်ချင်းတွေက “နင့်အဖေက ပဲများတယ်နော်။” လို့ အပြောခံရတယ်။ ဘယ်နေရာရောက်ရောက်ပါလေ။ ကိုယ့်ကိုမြင်တဲ့သူက တစုံတခုတော့ ကောက်ချက်ချမှာပဲ။ Remarkable Soe ဖြစ်နေတာကိုး။

အခုတော့ကွယ်။ တောထဲမှာ။ ဆံပင်တွေလည်း ကျဲပါးလာပြီ။ မုတ်ဆိပ်တွေလည်း ဖြူလာပြီ။ မျက်ခွံတွေလည်း တွဲအစ်လာပြီ။ ခေါင်းဖြီးစရာ ဘီးတောင် ပါမလာဘူး။ အရမ်းကြီး ဝမလာ၊ အရမ်းကြီးပိန်မသွားတာပဲရှိတယ်။ ဂုတ်ပိုးအစ်အစ်၊ လက်ပြင်ကိုင်းကိုင်းနဲ့။ အဝတ်အစားဆို မီးပူတခါမှ မတိုက်ဘူး။ မခြောက်သေးရင် မီးကင်ဝတ်တယ်။ Smoked Salmon အနံ့လေးနဲ့။ ခြေသည်းတွေက တခါတခါ ကျွတ်ထွက်သေး။ ကချင်ပြည်နယ်မှာ နေမှတော့ ကချင်အဖိုးကြီးအိုကြီး ရုပ်ပေါက်လာတာပေါ့လေ။ ဒါလည်းပဲ အကောင်းသား မဟုတ်လား။ ဒါပေသိ ကိုယ့်မယ် ဘယ်မှာမှ ပုန်းနေလို့ မရပါဘူး။ သွားချင်တဲ့ရွာသွား။ အကုန် အသိချည့်ပဲ။ ဆယ်လီတော့ ဖြစ်ပါလေရဲ့။ အိုကြီးအိုမ ဂျုံးဂျုံးကျတော့မှ ထင်ပေါ်ကျော်ကြားတာ ဘယ်နေရာသွား သုံးစားရမှာတုန်း။ ဒီအရွယ်ကြီးကျမှ ထန်းလျက်မျိုလို့လည်း မချိုတော့ဘူး။ တံပူဝါးလို့လည်း မခါးတော့ဘူး။ စိတ်ကဆွဲလည်း ရုပ်မဆောင်သာ။ မေတ္တာပဲ ခံယူရုံပဗျာ။ အဲ့ဒါတော့ အားလုံးရှိကြတယ် မဟုတ်လား။ ဟဲ့ ဖြေဦးလေ။ ဒီမှာ မေးနေတာကို။