ရွာမယ်ဆိုလည်း သည်းလိုက်ပေါ့

စစ်ဆေးရေးဂိတ်တွေမှာ ရုရှားနည်းပညာနဲ့ CDM တွေ၊ နိုင်ငံရေးသမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုစည်းထားပါတယ်တဲ့။ အဲ့ဒီကဒေတာတွေကို နေပြည်တော်က တိုက်ရိုက်ထိမ်းချုပ်ထားပြီး စုစုပေါင်း လူ ၅၀၀၀၀ ကျော်ရဲ့ ပရိုဖိုင်းတွေပါဝင်ပါသတဲ့။ ဪ အဲ့လိုဆိုတော့လည်း ဘာပဲပြောပြော အဆုံးထိတောင့်ခံထားတဲ့ ကိုယ်လိုလူတွေ အယောက်ငါးသောင်းလောက် ရှိသေးသားပဲဆို အားတက်ရပါတယ်။ မိုတီလေးတစ်ဖြတ်ပေါ့နော။

ဒါပေမယ့် ဂိတ်တွေမှာက အဲ့ဒါကြီးနဲ့ တိုက်စစ်ဖို့ နေနေသာသာ သဲအိပ်ကာထားတဲ့ ဘန်ကာထဲက သေနတ်နဲ့ချိန်ထားပြီး ကားဆရာကို ဘယ်သွားမယ် ဘယ်လာမယ်၊ ခရီးသည်စာရင်း လာပေးခိုင်းတာပါ။ ကားတောင် ခပ်ဝေးဝေးမှာ ရပ်ထားခဲ့ရတယ်။ “ရှင် ကျမနား မကပ်နဲ့နော်။ ပစ်ထည့်လိုက်မယ်။” ဆိုတဲ့ သဘောမျိုး။ သူတို့ကတောင် ကိုယ့်ပြန်ကြောက်နေရတာပါလေ။ ရုရှားမှာဆို trucko-phobia ရလို့ ကုန်စည်စီးဆင်းမှုတွေတောင် ပြတ်တောက်သွားသတဲ့။ ပူတင်ကြီးဖတ်ဖို့ “Freedom from Fear” စာအုပ်တစ်အုပ်လောက် DHL နဲ့ ပို့ပေးဦးမှပါ။

KIA က ထုတ်တဲ့သတင်းထဲမှာတော့ ပြီးခဲ့တဲ့ ၂ ပါတ်အတွင်း သူတို့ကို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၄၀ လုပ်ခဲ့တယ်တဲ့။ အသေအပျောက်ကတော့ဘယ်လောက်ရှိမယ် မသိဘူး။ ကိုယ်တို့ဆို ၆ လုံးချလည်း တစ်ယောက်မှ မသေ။ ဒီနည်းဟာ ပြည်သူလူထုထဲ အကြောက်တရားကို ရိုက်သွင်းရုံကလွဲလို့ စစ်ပွဲကို အောင်နိုင်စေမယ့်နည်းတော့ မဟုတ်ပါဘူး။ တော်လှန်ရေးဘက်ကို အင်အားတိုးပွါးလာအောင် လုပ်ရာပဲ ရောက်မယ်။

တကယ်တော့ KIA က စကစ နဲ့ပဲ တိုက်နေရတာ မဟုတ်ပါဘူး။ တရုတ်ကိုပါ တိုက်နေရတဲ့သဘောရှိတယ်။ တရုတ်နည်းပညာ၊ တရုတ်ဒရုံး နဲ့ တရုတ်စစ်သားတွေသာ မပါရင် တော်လှန်ရေးကြီးက ပြီးသွားတာ ကြာလှပြီ။ TNLA , MNDAA. UWSA ကိုလည်း တရုတ်က အတင်းအကြပ် ဖိအားပေးနေတာ တော်တော်ကြာပြီ။ မြင်းခြံ နဲ့ တောင်သာမှာ ပိုက်လိုင်းစောင့် စကစတွေ အဗျင်းခံရတော့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ပြီး တရုတ်စစ်သားနဲ့ အစားထိုးမယ့်ပုံ ရှိတယ်။

တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်က ကုန်သွယ်ရေးလမ်းတွေ ပိတ်သွားတဲ့အခါ တာချီလိတ်ကနေ လှည့်ဝင်ကြတာမို့ မအလ က မိုင်းလားကို အသည်းအသန် စည်းရုံးနေရတာ။ ဝဘက်က ခရိုနီတွေ နေပြည်တော်မှာ သွားလှူတာလည်း စစ်စားရိတ်ထဲပဲ ရောက်လိမ့်မယ်။ သူ့အတွက် လေကြောင်းကုန်ကျစားရိတ်က ငလျင်ဘေး အလှူငွေထဲက သုံးနေတာဆိုရင် နေပြည်တော်က အပျက်အစီးတွေကို ပြန်ပြင်နိုင်မှာ မဟုတ်ဘူး။ မန္တလေးမှာတော့ တိုက်ဖျက်တာတောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဖျက်ရတယ်။ မဖျက်နိင် မပြိုမချင်း စောင့်ရုံသာရှိတယ်။

သူ ဘယ်လောက် တောင့်ခံနိုင်မလဲ၊ ကိုယ် ဘယ်လောက် တောင့်ခံနိုင်မလဲ၊ ဘယ်သူက အရင်ပြိုလဲမလဲက ဒီပွဲရဲ့ အဆုံးအဖြတ်ဖြစ်မှာပဲ။ စစ်သားအကျအဆုံးကတော့ သူ့ဘက်က ပိုများနေပါတယ်။ ဒါကြောင့်မို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာ။ ခုနေခါ တော်လှန်ရေးတပ်သားတွေက နေပြည်တော်ကို ဝင်လာရင် ဝန်ထမ်းတွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းလိမ့်မယ်။ အဲ့ဒီအခါကျတော့ ငလျင်ကြောင့် ကနဖျင်းထိုး ရုံးတက်နေရတဲ့သူတွေ စစ်ထဲပါလာပြီး အုပ်ချုပ်ရေးယန္တရားတွေ ကမောက်ကမ ဖြစ်ကုန်ဦးမှာ။

တရုတ်၊ ရုရှားအားကိုးနဲ့ တိုက်နေတာတောင် ကိုယ်တို့ဘက်က တိုက်စစ်တွေ မရှုံးခဲ့ဘူး။ သူ့စစ်သားတွေကတော့ စိတ်ဓါတ်ကို ပျက်ပြားနေကြပြီ။ ဒီအခြေအနေအတိုင်း မပြောင်းလဲဘူး ဆိုရင်တောင် တအိအိနဲ့ စစ်ရှုံးနေတာ။ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ တစ်ခုခုဖြစ်တာနဲ့ တမဟုတ်ချင်း ပွဲပြတ်သွားလိမ့်မယ်။ တရုတ်စစ်တပ်က ပေါ်ပေါ်ထင်ထင် ဝင်လာရင် အမေရိကန်ကလည်း ဝင်ပါလာဖို့ အသင့်ပဲ။ ယူကရိန်း- ရုရှားကို proxy war လို့ သုံးပြီး ဖိလစ်ပိုင်ကို အဲ့လိုဖြစ်မှာ မကြောက်ဘူးလား လို့ မေးရင် မြန်မာကလည်း သူ့ကို အဲ့ဒီအတိုင်းပဲ ပြန်မေးရလိမ့်မယ်။ ကိုယ်တို့အတွက်ကတော့ သန်းခေါင်ထက် ညဉ့်မနက်ဘူးလေ။

ဒီအတိုင်းဆို ကိုယ်တို့မြန်မာတွေလည်း ဖိလစ်ပိုင်၊ ထိုင်ဝမ် နဲ့အတူ ရပ်တည်ရမယ့်ပုံ။ တရုတ်အနေနဲ့ မြန်မာပြည်ကို လိုချင်သပဆို ကိုယ့်စစ်တပ်နဲ့ကိုယ် လာတိုက်ရောပေါ့။ ဘယ့်နှယ်ကြောင့် စကစ ကို ဖုတ်ကောင်အသက်သွင်းရတာလဲ။ ဟိုကဖြင့် အသက်ငင်နေပြီ။ ငါတို့က ဘေဂျင်းအထိလာပြီး ဗုံးခွဲစရာ မလိုဘူးနော်။ သူ့ပိုက်လိုင်းကြီးက တို့ဆီက ဖြတ်သွားတာ။

ဖားကန့်ကို ဝင်လာတဲ့စစ်ကြောင်းက လောလောဆယ် KIA ကို မတိုက်ပါဘူး။ ကုမ္ပဏီဝင်းတွေထဲဝင်၊ ဆက်ကြေးတိုးတောင်း၊ စက်ယန္တရားတွေ မီးရှို့တာပဲ လုပ်နေတယ်။ ဒါတောင် တရုတ်ကုမ္ပဏီတွေကို မထိရဲသေးဘူး။ မနေ့ညကတော့ လက်နက်ကြီးတွေ ခဏခဏ ပစ်နေသံကြားတယ်။ ခွန်ဆာကုန်းကိုကျလို့ ကလေးအပါအဝင် မိသားစု ၉ ယောက် သေတယ်တဲ့။ ခုချိန်ထိ “ဖားကန့်မှာ ဘာမှ မဖြစ်ပါဘူး။” ဆိုတဲ့သူလည်း ရှိမှာပေါ့။ ကိုယ့်အိမ်ပေါ်မှ မကျသေးတာ။

တရုတ်ဖိအားမရှိတဲ့ ထိုင်းနယ်စပ်မှာ ကိုယ်တွေဘက်က အရေးသာနေသလောက် မြောက်ပိုင်းကလူတွေကတော့ တရုတ်ဖိအားကို ကျားကုတ်ကျားခဲ တောင့်ခံထားဆဲပဲ။ ဆယ်ဇင်းကိုမီးရှို့တုန်းက “KIA က ဒီတိုင်းနေမှာ မဟုတ်။ ပြန်သိမ်းမှာ။” လို့ ပြောခဲ့တယ်။ အခု ဖားကန့်လည်း သူတို့လက်လွတ်မခံနိုင်ပါဘူး။ သေချာပေါက် ပြန်တိုက်မှာပါ။ အချိန်စောင့်ရတာပဲ ရှိမယ်။ ကိုယ်တွေလို ဘာလက်နက်မှ မရှိတဲ့သူတွေတောင် အရှုံးမပေးတာ။ သူ့ ဘယ်လက်နက်ကိုင်ကမှ အညံ့မခံဘူး။

စပြီးအာဏာသိမ်းကတည်းက ခုထိ ကြင်စိုးနဲ့ သူ့အောက်က စစ်သားတွေကို ကြောက်တဲ့စိတ် တခါမှ မဖြစ်ဖူးပါဘူး။ ဒါပေမယ့် မုန်းတဲ့စိတ်က တနေ့တခြား တိုးပွါးလာပါတယ်။ အခုထက်ထိ စာသင်ကျောင်းတွေကို ဗုံးကျဲနေတုန်း၊ ကလေးတွေကို သတ်နေတုန်း၊ အမှုဆင်ပြီး ဖမ်းဆီးနေတုန်းမို့ပါ။ သူတို့ချည့်ပဲ ကြီးပွါးချမ်းသာလာပြီး ပြည်သူပြည်သားက အငတ်ငတ်အပြတ်ပြတ် ဖြစ်တဲ့အထိ ဒုက္ခတွေလည်း ပေးတယ်လေ။ အရွယ်မရောက်သေးတဲ့ လူမမယ်လေးတွေတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေရတဲ့အထိ စိတ်ဒဏ်ရာတွေလည်း ရစေတယ်။

သူတို့စစ်သားတွေအပေါ် မုန်းတဲ့စိတ်ဟာ ကိုယ့်အသက်ကိုယ် ခင်တွယ်တဲ့စိတ်ထက် အများကြီး ပိုပါတယ်။ ဒီဘဝနဲ့တောင် အားမရဘူး။ ဘဝဆက်တိုင်း သတ်ချင်တယ်။ အချိန်တွေ ကြာလာလေ အဲ့ဒီစိတ်က ပိုပြင်းထန်လေပဲ။ တကယ်တော့ ကိုယ်ကျိုးမဖက်ပဲ တိုင်းပြည်အတွက် အနစ်နာခံနေတာ မဟုတ်ပါဘူး။ သူတို့ကို မုန်းစိတ်က ကိုယ့်ကိုယ်ကိုယ် ခင်တွယ်တဲ့စိတ်ထက် ပြင်းလွန်းလို့ အခုထိ တော်လှန်နိုင်တာ။ နေ့ရက်တိုင်းကို ဒီစိတ်နဲ့ပဲ မောင်းနှင်တယ်။ နောက်ကြောင်းလည်း ပြန်မလှည့်ဘူး။ ရပ်လည်း ရပ်မနေဘူး။ ဘာပဲပေးဆပ်ရ ပေးဆပ်ရ အဆုံးထိသွားမှာ။

တရုတ်ဟာ စကစကို ထောက်ပံ့ကာကွယ်နေသ၍ မြန်မာပြည်က ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး။ ဟားမက်ဇ်လို သူပုန်မျိုးဆက်တွေပဲ ထွက်လာမှာ။ အခု မြန်မာပြည်ထဲမှာ လူငယ်တွေအကုန် ဆန္ဒပါပါ မပါပါ စစ်ထဲဝင်ကုန်ကြရပြီ။ generation တစ်ခုလုံး ပျောက်သွားမယ့် သဘောပဲ။ တိုင်းပြည်တခုလုံးလည်း ပျောက်ချင်ပျောက်သွားနိုင်ပါတယ်လေ။ ဟီရိုရှီးမားထက် အဆ ၂၀၀ ပြင်းတဲ့ အနုမြူလက်နက်ကြီးနဲ့ ခြိမ်းခြောက်ပေမယ့် ကိုယ်တို့မကြောက်ပါဘူး။ ကိုယ့်ချည့် သေမယ့်ကိစ္စမှ မဟုတ်တာ။ လုပ်ကြည့်ပါလား။ အပြောင်းအလဲလေးပေါ့။ ဘာတွေဖြစ်မလဲ သိရအောင်။

ဒီတစ်ခါ ကမ္ဘာစစ်ဖြစ်ရင်တော့ အနုမြူစစ်ပွဲကြီး ဖြစ်မှာပဲ။ တစ်ယောက်တစ်ချက်စီ ပစ်ပြီးရင် အီဆိမ့်ပြီး ငြိမ်ကျသွားလိမ့်မယ်။ ဒရုန်းမစ်ရှင်နဲ့တောင် ၁၀ ရက်လောက် အသံမထွက်နိုင်ဘူး မဟုတ်လား။ ကမ္ဘာမြေကြီးလည်း လှုပ်ခါရွဲ့စောင်း သွားနိုင်တယ်။ အကုန်လုံးပြောင်ရှင်းပြီး အက်ဆစ်မိုးတွေရွာ၊ ဓါတ်ရောင်ခြည်တွေသင့်နေတဲ့ နိုင်ငံအပျက်ကြီးတွေ ပေါ်လာမယ်။ ဒီဖြစ်ရပ်တွေကို သိသိကြီးနဲ့ ဒီလက်နက်တွေနဲ့ မှ စစ်တိုက်ချင်တယ်ဆိုလည်း တိုက်ပစေပေါ့။ ဒါ စစ်တိုက်တာမှ မဟုတ်တာ။ ကမ္ဘာကိုဖျက်စီးတာပဲ။ လူဆိုးကြီး ၃ ယောက်ကြောင့် နိုင်ငံကြီး ၃ ခု ပျက်ရတယ်၊ ဒါမှမဟုတ် ကမ္ဘာကြီး ပျက်သွားတယ်ဆိုလည်း ပြီးတာပဲ။ ကိုယ်တို့ဆီမှာလည်း မအလတစ်ကောင်နဲ့ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နေတာပဲဟာ။ ကမ္ဘာကြီးလည်း ပျက်ချင်ပျက်ပစေတော့။

ထင်တော့ မထင်ပါဘူး။ “သူ့မှာရှိတယ်။ ငါ့မှာလည်း ရှိတယ်။” နဲ့ အချင်းချင်း ကြိမ်းမောင်းပြီး ပြီးသွားမယ့်ဟာပါ။ အဲ့ကောင်တွေက အာပဲများတဲ့ကောင်တွေ။ ကိုယ်လိုနိုင်ငံသေးသေးလေးတွေသာ အနိုင်ကျင့်ရဲတာ။ သူတို့အချင်းချင်းကျ ကြောက်တယ်။ အခုတောင် သူခိုးပြေးမှ ထိုးကွင်းထပြီး “The guns are loaded.” ထအော်နေတာ။ ဘာမှလည်း လုပ်တာ မဟုတ်ဘူး။ တော်သေးတာပေါ့။ တို့ဆီမှာလို ၆ နှစ်သမီးပါ အမှုဆင်ပြီး တရားခံမဖော်လို့။

တကယ်တော့ လူတစ်ကိုယ် အသက်တစ်ချောင်းစီပဲ ပါပါတယ်။ ဒီ့ထက်လည်း ပိုသေလို့ မရသလို မသေပဲနေရမယ့်လူဆိုတာလည်း မရှိပါဘူး။ ကိုယ်တို့အတွက်ကတော့ အဲ့ဒီအသက်ကို မနှမြောဘူး။ တော်လှန်ရေးအတွက်ဆို စတေးလို့ရတယ်။ တနိုင်ငံလုံးမှာ ဘယ်တော်လှန်ရေးတပ်သားမှ လက်နက်ချပြီး အညံ့ခံတယ်ဆိုတာ မရှိဘူး။ ကိုယ်တို့အားလုံး စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ပြီး သမိုင်းအသစ်ကို ရေးနေကြတာ။ ဘယ်သူ့ဆီကမှ ဘောပင် မငှါးပါဘူး။ ကိုယ့်သွေးနဲ့ကိုယ် ရေးကြရုံပ။