ကိုဗစ် နှင့် ကောလာဟလများ

စာတွေ နေ့တိုင်း ရေးတင်နေတော့ နားနားနေနေ အေးအေးဆေးဆေးပဲ လို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ရပါဘူး။ ပင်ပန်းလိုက်တာ မပြောပါနဲ့။ မိုးထဲလေထဲ ဗွက်တောထဲမှာ ခရီးကြမ်းတွေ နှင်နေရတာ တကိုယ်လုံးကိုက်ခဲနေတာပဲ။ ကိုယ်ကြီးကပူပြီး လူကြီးက ချမ်းနေရင် ဒီအချိန်မှာ ငှက်ဖျားပဲ ဖြစ်စရာ ရှိပါတယ်။ ဘယ်တတ်နိုင်မလဲ။ ဆေးသောက်ရမှာပေါ့။ ခရီးပန်းပြီး ဖျားတာလည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ရက်နှစ်ရက်လောက် နားလိုက်ရင် ပျောက်သွားမှာပါ။ ဒါပေမယ့် စာရေးတဲ့အလုပ်ကိုတော့ အားခဲပြီး လုပ်နေပါတယ်။ သွေးအေးသွားလို့ မဖြစ်ဘူး။ စိတ်ဓါတ်ကျ၊ အားငယ်သွားလို့ မဖြစ်ဘူး။ သူတို့ဘက်က ဆိုက်ဝါးပေါင်းမျိုးစုံကို တောင့်ခံထားနိုင်တဲ့သူက အများကြီးမှ မရှိတာ။ ကိုယ့်မှာ ဝန်းရံသူတွေ ရှိတယ်။ အားပေးထောက်ခံသူတွေ ရှိတယ်။ အဲ့ဒီအင်အားကို သုံးပြီး တော်လှန်ရေးကို တွန်းရွှေ့ရမယ်။ စာကို နေ့တိုင်း အဆက်မပြတ် ရေးတဲ့အခါ ခန့်မှန်းအကဲခတ်၊ ကောက်ချက်ဆွဲပြီး ရေးလိုက်တာတွေ ရှိတယ်။ အဲ့ဒါက တချို့လူတွေအတွက် အဆင်မပြေ ဖြစ်ရတယ် ဆိုရင် စိတ်မကောင်းပါဘူး။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေ ရေးနေတယ် လို့ ထင်စရာ ရှိပါတယ်။ အမှန်တော့ ကိုယ်က ထောင်းစရာရှိရင် ကိုယ့်ပေါင်ကိုပဲ ကိုယ်လှန်ထောင်းတာပါ။ စာထဲမှာ ကျေးဇူးတရားကို ဖော်ထုတ်ချင်ရင်သာ by name နဲ့ နံမည်တပ်ရေးပြီး ကြိတ်လုံးအောင့်လုံးတွေ မဖြစ်မနေ ထည့်ရေးရမယ်ဆိုရင် ဘယ်သူ့ကိုမှ နံမည်မတပ်ပါဘူး။ မကျေနပ်ချက်တွေ စာထဲထည့်ရေးရတာ ဘယ်လိုမှ ဖတ်လို့ မကောင်းလို့ပါ။

လူက ဟိုရောက်ဒီရောက် အထိုင်မကျသေးတဲ့အခါ အင်တာနက်လိုင်းကလည်း အမြဲရနိုင်တာ မဟုတ်ပါဘူး။ ဖုန်းလိုင်းတွေက လုံးဝမရ။ လူက ဘက်ထရီမဒေါင်းခင် ဖုန်းက အားကုန်သွားတာလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုပဲ လုပ်နေရဦးမှာပါ။ ဒီအရပ်မှာ ဘယ်ကိုပဲ သွားသွား၊ ကိုယ့်ကို မသိတဲ့သူ မရှိဘူး။ လေးငါးရက်လောက် နေပြီးသွားရင် “ဆရာ ရောက်နေတယ်။” ဆို တမြို့လုံးသိကုန်ရော။ ကိုယ့်ကို သူများကသိပြီး သူများတကာ ဘယ်သူဘယ်ဝါမှန်း မသိတာ မလုံခြုံပါဘူး။ ကိုယ်တို့က ဝေးဝေးလံလံ ကို ထွက်သွားချင်ပေမယ့် ဒီကလူတွေက “ပြန်မလာရင် ဘယ်လိုလုပ်မလဲ။” ဆို မလွှတ်ချင်ကြဘူး။ သူတို့ဆေးရုံပြန်ဆောက်ပေးမယ့်နေရာကိုလည်း ကိုယ့်စိတ်ထဲက လုံခြုံတယ် မထင်ဘူး။ သိမ်းထားပြီးသားနေရာ၊ လွတ်မြောက်ပြီးသားနေရာမို့လို့ စစ်ကြောင်းထိုးလာစရာ အကြောင်းမရှိပေမယ့် အဲ့ဒီမှာ ဆေးရုံပြန်ဖွင့်မှန်းသိရင် လေယာဉ်က ချက်ချင်းရောက်လာမှာပါ။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ သိဖို့ နေရာများစွာ လိုက်ကြည့်ခဲ့တယ်။ အချင်းချင်း အကြိတ်အနယ် အငြင်းပွါးရတယ်။ လုပ်စရာရှိတဲ့အလုပ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်နေခဲ့တယ်။ အဆင်မပြေတာတွေကိုလည်း ဒီလိုပဲ ကျော်လွှားလာခဲ့တယ်။ အဲ့ဒါကြောင့် သာယာအားယားနေတာ မဟုတ်ဘူးလို့ ပြောတာ။

ကိုယ့်အနေနဲ့ ဒီလိုမျိုး ပင်ပန်းဇာတာပါတာ အခုမှမှ မဟုတ်တာ။ လွန်ခဲ့တဲ့ ၄ နှစ် ကိုဗစ်ကပ်ရောဂါကာလကတည်းက မရပ်မနား ပြေးလွှားလာခဲ့တာပါ။ အခု ကိုဗစ်တွေ ပြန်ဖြစ်နေလို့ အဲ့ဒီအချိန်တုန်းကလည်း တော်တော်ပင်ပန်းခဲ့တာပဲ လို့ ပြန်သတိရသွားတယ်လေ။ ဆေးရုံကြီးကို ကိုဗစ်တွေ စရောက်တဲ့အခါ ကိုယ်တို့လက်ထဲမှာ ဘာပစ္စည်းမှ မပြည့်စုံတာကို တွေ့ရလို့ အစပိုင်းမတော့ အလှူရှင်ရှာ၊ ပစ္စည်းရှာ၊ ဖြန့်ဝေလှူဒါန်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ တဆက်တည်းမှာပဲ ကိုယ့်သက်တမ်းမှာ ကြုံရခဲတဲ့ global pandemic ရောဂါကြီးမို့ ကိုယ့်ဆေးရုံကို ရောက်လာတဲ့ လူနာတွေရဲ့ စာရင်းဇယား ဒေတာတွေကို စုဆောင်းသိမ်းဆည်းပါတယ်။ နောင်ကျတော့ ကိုယ်မလုပ်နိုင်ဘူး ဆိုရင်တောင် သုတေသန စာတမ်းပြုစုချင်တဲ့သူရှိရင် ကောက်ပြီးသားလေး အဆင်သင့်ပေးလိုက်ဖို့ ရည်ရွယ်တာပါ။ ဒီလိုနဲ့ ရောဂါကူးစက်မှု ထိန်းချုပ်လို့မရတဲ့အခါ ဆေးရုံတွေမှာ ကသောင်းကနင်း ပရမ်းပတာတွေဖြစ်ပြီး ကိုယ်တိုင် ဝင်ကူရတဲ့အဖြစ်ကို ရောက်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကြီးအဖြစ် ပြုပြင်ထိန်းသိမ်းထားတဲ့ ပင်မအဆောက်အဦးကြီးကို တစ်ထပ်ပြီးတစ်ထပ် ကိုဗစ်လူနာဆောင်တွေအဖြစ် ပြုပြင်ဖွဲ့စည်းရပါတယ်။ လူနာဆောင်အသစ်ဖွင့်လိုက်တိုင်း ရေအိုးရေခွက်၊ အလုပ်ဆင်းဖို့ ဝတ်စုံ၊ စီးစရာ ဘိနပ်ပါမကျန်အောင် ဝယ်ယူဖြည့်တင်းရတယ်။ အလုပ်လုပ်ဖို့ လူစုရတယ်။ တာဝန်ခွဲဝေပေးရတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် ဆရာဝန်တစ်ယောက်အနေနဲ့ ကူရမယ် လို့ ယူဆတဲ့အတွက် ဖြစ်တဲ့နည်းနဲ့ ကူခဲ့ပါတယ်။ ဒီတိုင်းထားရင် ဒီကပ်ရောဂါကြီးနဲ့ လူတွေအများကြီး ဒုက္ခရောက်တော့မယ် လို့ မြင်လာတာကိုး။

ကူးစက်ဆေးရုံ၊ တောင်ဥက္ကလာဆေးရုံ၊ သင်္ကန်းကျွန်းဆေးရုံတွေ လူနာအပြည့်ဖြစ်လာတဲ့အခါ ICU management အတွက် ရန်ကုန်မှာရှိတဲ့ မေ့ဆေးဆရာဝန်အင်အားနဲ့ မလုံလောက်တော့ပါဘူး။ elective operation တွေကို မေ့ဆေးဆရာဝန်မရှိလို့ postpone လုပ်ထားရတယ်။ နယ်က မေ့ဆေးဆရာဝန်တွေကို လှမ်းခေါ်ရတယ်။ မေ့ဆေးဆရာဝန်တွေကို ရောဂါကူးလာတဲ့အခါ အလုပ်နားပြီး Q ဝင်ရတာမို့ ကုသရေးလုပ်ငန်းတွေ မလည်ပတ်တော့ပါဘူး။ အဲ့ဒီအချိန်မှာ သူတို့ကိုကူဖို့ ကိုယ်တိုင်ဝင်ပါရပါတယ်။ လက်ရှိအလုပ်လုပ်နေတဲ့ကုသရေးစင်တာတွေနဲ့ မလုံလောက်တော့လို့ သုဝဏ္ဏအားကစားကွင်းထဲမှာ ရွက်ထည်ရုံကြီးတွေ ထိုးပြီး ဧရာဝတီစင်တာကို ထူထောင်ကြတဲ့အခါ ကိုယ်က အဲ့ဒီမှာ HDU in-charge အဖြစ်တာဝန်ယူရပါတယ်။ ဖွင့်ဖွင့်ချင်းမှာပဲ လူနာတွေ ပြည့်လျှံသွားပြီး ဖောင်ကြီးမှာ တစ်ခု၊ အင်းလျားလိပ်ဟော်တယ်ဘေးမှာ နောက်တစ်ခု ကိုဗစ်စင်တာတွေထပ်ဖွင့်ကြရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း နေရာတွေမလောက်တော့လို့ ဆေးရုံရှေ့ကားလမ်းမပေါ်မှာ ရုံအသစ်တွေဆောက်ပြီး ကုကြရပါတယ်။

စသွားတုန်းက ၃ လ လုပ်အားပေးမယ်ဆိုပြီးသွားပေမယ့် ၃ လပြည့်လည်း ပြန်လို့ မရပါဘူး။ လူမှ မရှိတာ။ မပြန်လို့မဖြစ်တဲ့ ကိစ္စကလည်း ရှိနေတယ်။ ကိုဗစ်ဟာ ခွဲစိတ်လူနာတွေကိုပါ ကူးစက်လာပြီး ခွဲစိတ်လူနာတွေထားဖို့ ကိုဗစ်အဆောင်တစ်ဆောင် သပ်သပ်လိုလာတယ်။ အဲ့ဒီအဆောင်ကိုလည်း ကိုယ်ပဲ ကြီးကြပ်ရမယ်လို့ ဖြစ်လာတယ်။ အဲ့ဒီလူနာဆောင် ၂ ခု ကူးလိုက်သန်းလိုက်နဲ့ နေ့ရောညပါ အလုပ်လုပ်ခဲ့ဖူးတယ်လေ။ တခါတလေ ညဘက်ကြီး zoom meeting တက်ရင်း စားပွဲပေါ်မှာ

မှောက်လျက်ကြီး အိပ်ပျော်သွားတာ။ အဲ့ဒီတုန်းကလောက်တော့ မပင်ပန်းနိုင်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ကိုယ့်ဆီကို ကိုဗစ်မကူးခဲ့ဘူး။ ကာကွယ်ဆေးကလည်း တစ်ကြိမ်ပဲ ထိုးလို့ မီလိုက်တယ်။ ဆယ်ဇင်းကို ရောက်တော့မှပဲ အကူးခံရတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ တစ်ဖွဲ့လုံးကူးတာ။ ဘာလက္ခဏာမှ မပြလို့ တော်သေးတယ်။

ရန်ကုန်မှာ ကြုံခဲ့တာက ဒုတိယလှိုင်းဖြစ်ပြီး အသေအပျောက် အင်မတန်များပါတယ်။ ICU ထဲ ထည့်ထားပြီးရင်လည်း အရှင်ထွက် ပြန်ထွက်နိုင်တဲ့သူ အနည်းအကျဉ်းပဲ ရှိတယ်။ မေ့ဆေးတွေ တော်တော် ဂရုစိုက်နိုင်မှ ရှင်တာပါ။ အသက်အရွယ်မရွေး သေကြတယ်။ PPE ဝတ်ပြီး ကားတစ်စင်းနဲ့ home visit လိုက်ကြည့်နေတဲ့ ဆရာဝန်​တွေလည်း သေကြတယ်။ အောက်ဆီဂျင်စက်ရုံတွေက မနိုင်တော့တဲ့အခါ ဆေးရုံတွေမှာ Oxygen Plant ထောင်ပြီး ပိုက်လိုင်းနဲ့ ကုတင်အရောက် ပို့ကြတယ်။ cultural heritage အနေနဲ့ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြုပြင်ထားတဲ့ main building ကြီးကိုတောင် အမျိုးမျိုးပြင်ဆင်ပြီး ကိုဗစ်လူနာဆောင်ကြီးတွေအဖြစ် အသွင်ပြောင်းခဲ့တယ်။ တကမ္ဘာလုံးက ကြောက်လန့်တကြား နှိမ်နှင်းကုသရတဲ့ ကပ်ရောဂါဆိုးကြီး အမြစ်မပြတ်ခင်မှာပဲ ကြင်စိုးက အာဏာကောက်သိမ်းပစ်လိုက်ပြီး ကုသရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းပလိုက်တယ်။ ရှေ့က ကြိုးစားပန်းစားလုပ်ထားတဲ့ အရှိန်အဟုန်ကြောင့် ကူးစက်ပျံ့ပွါးမှု ဝပ်ဆင်းသွားပေမယ့် အကင်းသေအောင် အမြစ်ဖြတ်တာ မဟုတ်လို့ ပြန်ဖြစ်လာလိမ့်ဦးမယ် လို့ တွက်ဆထားပါတယ်။

လေးငါးလလောက်ပဲ ကြာလိုက်ပါမယ်။ ၆ လပိုင်း၊ ၇ လပိုင်းထဲမှာ တကျော့ပြန် ကိုဗစ်တတိယလှိုင်း ပြန်လည်ကူးစက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကိုဗစ်ရံပုံငွေတွေလည်း အကုန်သိမ်းယူသွားပြီ။ ဆရာဝန်၊ သူနာပြုလည်း အလုံအလောက် မရှိတော့ဘူး။ ဦးဇော်ဝေစိုးတို့၊ မမငြိမ်းတို့လည်း မရှိတော့ဘူး။ ကိုယ်ကလည်း တောထဲရောက်နေပြီ။ ဒါပေမယ့် လိုင်းမိတဲ့ သစ်ပင်အောက်သွားသွားပြီး ရန်ကုန်က ကိုဗစ်လူနာတွေကို လှမ်းလှမ်းကြည့်ရပါတယ်။ ဆေးရုံတင်ဖို့လိုတဲ့သူဆို မရအရ ချိတ်ဆက်ပြီး ဆေးရုံရောက်အောင် လွှတ်ပေမယ့် ဆေးရုံက မယူပါဘူး။ SpO2 60-70% နဲ့ အသက် ၉၀ ကျော်လူနာကိုလည်း အိမ်ပြန်လွှတ်ပြီး ကိုယ့်ဘာသာကိုယ် အောက်ဆီဂျင် ရှာရှူ လို့ ပြောတယ်။ သူတို့မှာ ဘာအခက်အခဲ ရှိသလဲ။ ကိုယ်လည်း မသိဘူးပေါ့လေ။ ဒါပေမယ့် အိမ်ကနေ အောက်ဆီဂျင်လိုက်ရှာရတာ ဘယ်လောက်ခက်သလဲ ကိုယ်တိုင်သိခဲ့ရပါတယ်။ မိုးလင်းတာနဲ့ အိမ်ကလူတစ်ယောက်က စက်ရုံမှာ တန်းစီစောင့်။ ဒီတစ်လုံးရရင် အိမ်ကလူကို လာယူခိုင်းပြီး နောက်တစ်လုံးအတွက်ဆက်စောင့်။ အဲ့လိုမှ မစောင့်နိုင်ရင် အိမ်ကလူမမာက ရေထဲကငါး ကုန်းပေါ်ဆယ်တင်ထားသလို ဟစိဟစိ ဖြစ်လာတာကိုး။ ကိုဗစ်တတိယလှိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူလူထုကို ဘာကုသမှုမှ လုပ်မပေးတာ သေချာပါတယ်။ စစ်တပ်ထဲကလူနာတွေကိုသာ ကုပါတယ်။ ဆေးရုံက အောက်ဆီဂျင်အိုးတွေကိုတောင် တပ်ဆေးရုံအတွက် အကုန်သိမ်းယူသွားတာ။ ဒါတွေက ကိုယ်တွေ့ကြုံလို့ ကိုယ်တိုင်ကြုံလို့ ယုံခဲ့ရတာပါ။ မဖြစ်နိုင်ဘူး ထင်ရင် ကိုယ်တို့လိုပဲ ထပ်တူ ကြုံရပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ အဲ့ဒီတော့မှ ယုံကြပေါ့။

ကိုဗစ်တတိယလှိုင်းမှာ ပြုစုကုသပေးတဲ့သူ မရှိတဲ့အတွက် သက်ကြီးရွယ်အိုတွေ အကုန်သေပါတယ်။ ဆယ်ဇင်းမှာဆို တနေ့ လူ ၃-၄ ယောက်သေပြီး ဆေးကုနေတဲ့ ဆရာဝန်လင်မယားပါ သေသွားတဲ့အတွက် ဆရာဝန်လိုက်ရှာကြရတာပါ။ ကိုယ်ကုနေရင်းကတောင် လေးယောက်တော့ သေခဲ့သေးတယ်ဗျ။နောင်နှစ်တွေမှာ ကိုဗစ်က ရာသီတုပ်ကွေး ဖြစ်သွားမှာလို့ ထင်တဲ့အတိုင်းပဲ မိုးဦးကျ ၆ လပိုင်း၊ ၇ လပိုင်းဆို ကိုဗစ်တွေ ပြန်ပြန်ပေါ်လာကြရော။ အဆုတ်ကို ထိခိုက်တာ အရင်ကလောက် မပြင်းထန်တော့ပေမယ့် လည်ချောင်းနာတာ၊ အနံ့ပျောက်တာ၊ ခံတွင်းပျက်တာ ၊ ဖျားနာကိုက်ခဲတာက ဖြစ်နေကျ ရာသီတုပ်ကွေးထက် အများကြီး ပြင်းထန်ပါတယ်။ တစ်ပါတ်လောက် နေမကောင်းဖြစ်ပြီး ၂ ရက် ၃ ရက်လောက်တော့ အိပ်ယာထဲမှာ အလူးအလဲပဲ။ ကူးစက်ပျံ့နှံ့မှု အရင်ကလောက် မဆိုးတော့ပေမယ့် တစ်ယောက်စ နှစ်ယောက်စ အသေအပျောက်ကတော့ နှစ်စဉ်ရှိပါတယ်။ အဲ့ဒါ ကိုယ့်ဆေးရုံက ဒေတာပါ။ ဒါပေမယ့် ငှက်ဖျားလူနာ တစ်လ ၁၀၀၀ ကျော်ကုနေရတဲ့နေရာမှာ ကိုဗစ်လူနာ တစ်ယောက်နှစ်ယောက်လောက်က စကားထဲထည့်ပြောစရာ မရှိပါဘူး။ ချန်ဂင်အဖွဲ့သားတွေ ကိုယ်တိုင်လည်း ကိုဗစ်ကို ၂ ခါပြန်၊ ၃ ခါပြန် ဖြစ်ထားပြီးတဲ့သူချည့်ပါပဲ။ ဘယ်သူမှ မကြောက်ကြတော့ပါဘူး။

အခုရက်ပိုင်းမှာ ကိုဗစ်နဲ့ ပါတ်သက်ပြီးကြောက်နေရတဲ့ အရာက ဘန်ကောက်မှာ လူ ၅၅၀၀၀ ကျော် ပေါ့စတစ်ထွက်တယ် ဆိုတဲ့ သတင်းပါ။ အဲ့ဒီမှာတွေ့တဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးစိတ်ကလည်း တရုတ်ဓါတ်ခွဲခန်းက စမ်းသပ်ပေါက်ဖွားလာတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာပြန်တယ်။ကောလာဟလ ဆိုတာ အခြေအမြစ် မရှိဘူး လို့ ပြောကြတယ်။ သို့သော်လည်း အဲ့ဒီကောလာဟလမျိုးကို ဒေါ်နယ်ထွမ့်ကြီးလည်း 1st wave မှာကတည်းက ပြောဖူးတယ်ဗျ။ အဲ့ချိန်မှာ သူက သမ္မတဖြစ်မနေတဲ့အတွက် တောစကားတောပျောက် နဲ့ ပြီးသွားတာ။ သူ့ဘာသူ ပြောချင်ရာပြော။ ရှီကျင့်ဖျင်ကတော့ “ဝူဟန်ဗိုင်းရပ်စ်” လို့ တရုတ်နံမည်တွင်နေတဲ့ ဗိုင်းရပ်စ်ကို မီဒီယာအား၊ လူအား၊ ငွေအားသုံးပြီး တရုတ်အမည်ကိုဖျက်၊ COVID 19 လို့ တွင်စေခဲ့ပါတယ်။ လက်စလက်န ဖျောက်တဲ့နေရာမှာ ဘယ်လောက်ပိရိသလဲ။ တွေ့လား။ အဲ့ဒါကြောင့် ဒီသတင်းကို အတည်ဖြစ်စေချင်ရင် ကောလာဟလလောက်နဲ့ အသံမပေးပဲ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တရားစွဲတာ ပိုကောင်းပါတယ်။ ပွဲတည် မယ့်တည်လည်း ဝစစ်တပ်က ပေါက်ယူချန်းလောက်နဲ့ မတည်ပဲ ရှီကျင့်ဖျင်ကြီးနဲ့ ထိပ်တိုက်တွေ့လိုက်တော့ ပိုစည်တာပေါ့။ ကိုယ်က ဘာကောင်မှ မဟုတ်လည်း ကိုယ်သွားဖြဲတဲ့ကောင်က ဂိုဏ်းစတားကြီး ဖြစ်နေရင် အနည်းနဲ့အများတေ့ လူရှိန်သွားမှာလေ။

တခါတလေတော့လည်း ကောလာဟလဆိုတာ မဟုတ်မှန်း သိပေမယ့် ကလိချင်၊ ရိချင်၊ ဆွချင်တဲ့အတွက် တမင်ထုတ်တာလည်း ရှိပါတယ်။ “ဂျိုးဘိုင်ဒင်က သေသွားတာကြာပြီ။ အခုရှိနေတာ သူ့ကိုယ်ပွါးစက်ရုပ်ကြီး” လို့ ထရမ့်ကိုယ်တိုင် သူ့အကောင့်က တင်သတဲ့။ အမှန်တော့ autopen နဲ့ လက်မှတ်ထိုးခဲ့တဲ့အဖြစ်တွေကို သရော်တာပါ။ “ရှီကျင့်ဖျင် သမီးက ဟားဗတ်မှာ အဖေနံမည်အတုနဲ့ တက်နေလို့ လိုက်ရှာပြီး ဖမ်းနေတယ်။” ဆိုတာလည်း ရှိသေး။ အဲ့ဒီသတင်းက မမှန်ပေမယ့် “ဟားဗတ်တက္ကသိုလ်က တရုတ်ကျောင်းသားတွေ ဗီဇာရုပ်သိမ်းခံရတယ်။” ဆိုတာကတော့ အမှန်ပါပဲ။ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကျဲတိုက်ခိုက်တာကို အမေရိကန်က ထောက်ခံသတဲ့။ ဒါကြီးက မလုပ်သင့်ပါဘူး ဆိုပြီး ဟားဗတ်ကျောင်းသားတွေက ဆန္ဒပြသတဲ့။ “အဲ့ကောင်တွေ ကျောင်းထုတ်ပစ်လိုက်” လို့ တက္ကသိုလ်ကို ဖိအားပေးတဲ့အခါ ဟိုကလည်း “ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒပြလို့ ကျောင်းထုတ်တဲ့ ထုံးစံမရှိဘူး။” ဆို ငြင်းဆန်ပါသတဲ့။ အဲ့ဒီခါကျ ဟားဗတ်ကို ဘတ်ဂျက်တွေ အများကြီး လျှော့ချပစ်လိုက်သတဲ့။ ပိုက်ဆံရနေတဲ့ နိုင်ငံခြားကျောင်းသားတွေကို ဗီဇာပိတ်လိုက်သတဲ့။ လိုင်းပေါ်မှာတက်လာတာကျတော့ အဲ့ဒါတွေမပါတော့ဘူး။ တရုတ်စပိုင်တွေပဲ အမေရိကားကို စိမ့်ဝင်နေသလိုလို၊ ရှီကျင့်ဖျင်သမီးကိုယ်တိုင်ပဲ ရောက်နေသလိုလို၊ “တရုတ်တွေ မရှိတော့ အမေရိကန်နိုင်ငံသားတွေအတွက် အခွင့်အရေး ပိုရတာပေါ့။” ဆိုတာလာသေး။ အမေရီးကားမှာ အမေရိကန်တွေက တရုတ်မရှိမှ နေရာရမယ်ပေါ့။ မဘသဦးနှောက်ကြီး။ အဲ့ဒီသတင်းတွေက မဟုတ်ပေမယ့် ပွထနေတဲ့အခါ တကယ့်သတင်းမှန်တွေက တိုးမပေါက်တော့ဘူး။ လူတော်တော်များများကလည်း ကိုယ့်ကိစ္စမဟုတ်သမျှ အပေါ်ယံလေးပဲဖတ်ပြီးအပေါ်ယံလေးပဲ ယုံပလိုက်ကြတာပဲ။ မဟုတ်မှန်းသိပေမယ့် ပေါက်ပန်းဈေးတွေက အသံပိုစွာတဲ့သဘော။ မင်းအောင်လှိုင် ပြောနေတဲ့ သောက်ရူးစကားတွေက အဲ့ဒီရည်ရွယ်ချက်နဲ့ တမင်ပြောပုံရတယ်။ “မဟုတ်တာတွေ ပြောပြန်ပြီ။” ဆို ဝိုင်းရှယ်လေလေ၊ သူပြောတဲ့ မဟုတ်တာကြီးက လူတကာသိလေ။ ဘူမသိကိုးမသိကောင်တွေက အဟုတ်မှတ်လေပေါ့။

အခုရက်ပိုင်းအတွင်းမှာ ရှီကျင့်ဖျင်ကြီး သတင်းထဲမပါတာ ၂ ပါတ်လောက် ရှိပြီတဲ့။ တိတ်တဆိတ် အာဏာသိမ်းပြီး အကျယ််ချုပ်ပဲ ကျနေသလိုလို သတင်းမှားတွေဖြန့်ကြတယ်။ ဒါနဲ့ပဲ ဟိုက “မဟုတ်ပါဘူးကွာ” ဆိုပြီး ဘာတွေ ပြန်ရှင်းမလဲ သိအောင် စကားခေါ်တာလေ။ ဒီရက်ပိုင်း ပျောက်ပြီး အသံတိတ်နေတာက ကျင့်ဖျင်ချည့်ပဲ မဟုတ်ဘူး။ ပူတင်ကြီးလည်းပါတယ်။ အဲ့လူကြီးနှစ်ယောက် ပျောက်ပြီး အသံတိတ်နေတာ ဝမ်းသာစရာ လို့ ကိုယ်တော့ မထင်ပါဘူး။ တစုံတရာ မဟုတ်မဟတ် တော့ ကြံစည်နေတာ အမှန်ပဲ။ ဒီကမ္ဘာကြီးဟာ ထွမ့်ရယ်၊ ပူတင်ရယ်၊ ကျင့်ဖျင်ရယ်၊ ကိုင်လှုပ်သမျှ သွက်သွက်ခါနေရသလား မသိပါဘူး။ တတိယကမ္ဘာစစ်ဖြစ်ရင် တို့အိမ်က ကြင်စိုးကလည်း ဝင်ကူတိုက်ပေးမှာတဲ့နော်။ သူ့ ဘယ်ကစစ်သားရှိလို့ အာချောင်တယ် မသိပါဘူး။ သူ့အရည်အချင်းနဲ့တော့ ဘိနပ်တိုက်လို့တောင် ပြောင်မယ့်ကောင် မဟုတ်ဘူး။ ဟိုကောင်တွေ စစ်ထဖြစ်တာနဲ့ ဝိုင်းအကင်ခံရလို့ ချိုနဲ့သားရေတောင် ကျန်မှာ မဟုတ်။ ကြင်စိုးသေတာနဲ့ သူ့အောက်က ဘောမတွေလည်း အစအနတောင်မကျန်အောင် သုတ်ခြေတင်။ ငါတို့တိုင်းပြည်ကြီးလည်း ငြိမ်းချမ်းသွားတော့မှာပဲ။ အဲ့ဒီခါကျမှ “ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်းမှာထိုင်ညှိတိုင်းလည်း ရချင်မှ ရတာ။ စစ်ပွဲတွေ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးအတွက် အဖြေ ဖြစ်ချင် ဖြစ်နေတတ် တာမျိုး” လို့ သီအိုရီ အသစ်ထုတ်ပြီး စဆရက လုပ်ပစ်ဦးမယ်ကွာ။