စစ်အစ စစ်အလယ် စစ်အဆုံး

စစ်တပ်က ဗျူဟာကုန်းပေါ်ကို ရောက်သွားတဲ့အခါ ဖားကန့်ကလူတွေ စစ်ရှောင်ကုန်ကြပါတယ်။ မြင်မြင်သမျှဖမ်းပြီး လူသားဒိုင်းကာလုပ်မှန်းကိုလည်း ကိုယ်တွေ့မျက်မြင် မြင်နေရတာပဲ။ ဒီမှာလည်း စစ်ပွဲတွေ ထပ်ဖြစ်တော့မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။ မနှစ်တုန်းက တာမခန်စစ်ပွဲမှာကတည်းက စစ်ပွဲအတွင်း အရပ်သား အထိအခိုက် ဘာကြောင့်နည်းရတယ်ဆိုတာ နားလည်လာပြီ။ KIA က စစ်တိုက်တော့မယ်ဆိုရင် အရပ်သားတွေကို အရင်ရှောင်ခိုင်းတယ်။ စကစ နဲ့ SNA ကတော့ စစ်ကြောင်းမဝင်ခင်ကတည်းက လက်နက်ကြီးနဲ့ မရပ်မနားပစ်၊ လေယာဉ်နဲ့ ဗုံးကျဲပြီးတော့မှ ဝင်ပါတယ်။ ဝင်လာရင်လည်း တွေ့သမျှလူဖမ်း၊ သူတို့ရှေ့ကနေကာပြီးမှ ရှေ့တက်ရဲတယ်။ အချိန်ရရင်တော့ လုယက်ယူငင်ပြီး ရွာမီးရှို့တဲ့အလုပ်ကို မပျက်မကွက် လုပ်ပါတယ်။ စစ်သားတွေအတွက် ကြားနေတို့၊ အပြစ်မဲ့ပြည်သူတို့ဆိုတာ မရှိပါဘူး။ စစ်သားကလွဲရင် တနိုင်ငံလုံး ရန်သူပါ။ စစ်သားအချင်းချင်းတောင် ယုံရတာ မဟုတ်။ ဘယ်ကောင်ငါ့ကို သတ်မှာလဲဆို တစ်ယောက်နဲ့တစ်ယောက် အလစ်မပေးရဲကြပါဘူး။ ကြောက်ကန်ကန်ပြီး စစ်တိုက်နေရတဲ့သဘောရှိပါတယ်။ မနိုင်လောက်ဘူး ထင်ရင်လည်း ချက်ချင်း လက်နက်ချဖို့ အသင့်ရှိပါတယ်။ ကရင်မှာဆို စစ်စခန်းတွေဟာ မိနစ်ပိုင်း၊ နာရီပိုင်းနဲ့ ကျသွားတာ မြင်နေရသားပဲ။ ဒီကောင်တွေကို အသာစီးနဲ့မှ ဖိမထားနိုင်ရင် ကိုယ့်အပေါ် ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းကြမယ့်သူတွေပါ။

နန့်ယားမှာ ရောက်နေကတည်းက လုံးခင်းကလူတွေကို ရှောင်ဖို့ ပြောထားပါတယ်။ မရှောင်ရင် ဘာဖြစ်မလဲဆိုတော့ အားလုံးတွေ့တဲ့အတိုင်းပါပဲ။ အခုတော့ ဖားကန့်ကလူတွေ ရှောင်တဲ့အလှည့်ပေါ့။ မိုးထဲလေထဲ တောလမ်းခရီးမှာ ကားတန်းကြီးတွေ တသီတတန်း။ တနိုင်ငံလုံးမှာ ဒီလိုပဲ စစ်ပြေးစစ်ရှောင်တွေချည့်ပဲ ဖြစ်ကုန်ကြပြီ ထင်ပါတယ်။ မြို့တိုင်းရွာတိုင်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာ စစ်ပြေးဒုက္ခသည်တွေ ခိုနေကြတယ်။ သူတို့ကလည်း အဲ့ဒီနေရာတွေကိုပဲ လေယာဉ်နဲ့ လိုက်လိုက် ဗုံးကြဲတယ်။ သူတို့အဲ့လောက်တောင် သတ်ပြတော့လည်း ကိုယ်တွေစာနဲ့ရေးပြတာထက် ပိုထိရောက်တာပေါ့။ တပ်မတော်ရဲ့ သဘောထားမှန်တွေကို ပြည်သူတွေ သိခွင့်ရလိုက်တာ အမြတ်။ မိုးကုတ်၊ ဗန်းမော်၊ လားရှိုးကလူတွေလည်း မြို့လုံးကျွတ် စစ်ရှောင်ကြရတာပဲ မဟုတ်လား။

စစ်ဖြစ်လို့ အသက်ဘေးလွတ်အောင် တိမ်းရှောင်ရတာရယ်၊ စစ်ရှောင်ကာလအတွင်း နေရေးစားရေး အဆင်မပြေတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ ပညာရေးပြတ်တောက်သွားတာ။ စစ်ရှောင်ပြီးပြန်လာတဲ့အခါ ကိုယ့်အိုးကိုယ့်အိမ်က ရောင်းလို့ရတဲ့ပစ္စည်းတွေ အကုန်လုံး ဖောက်ထွင်းခိုးယူခံရတာ။ ဒီဒုက္ခတွေအားလုံးအတွက် စစ်တပ် နဲ့ စစ်တပ်အသိုင်းအဝိုင်းရော၊ သူတို့ကို ထောက်ခံသူများပါ တူညီတဲ့အကျိုးတွေ ပြန်ပေးမယ်ဆိုရင် ဘယ်သူက ဝမ်းမသာနိုင်ပဲ ရှိပါ့မလဲ။ အတိုးရော အရင်းပါ ပြန်ဆပ်ချင်တာ။ စစ်ရှောင်စခန်းကို ရောက်နေတယ်ဆိုတာ စစ်ဘေးဒုက္ခသည်မို့ပါ။ အဲ့ဒီဒုက္ခသည်​တွေကိုမှ ကူမယ့်ကယ်မယ့်သူ မရှိပဲ လေယာဉ်နဲ့ ဗုံးကြဲခံရတာ၊ စစ်ဘေးဒဏ်ခံနေရတုန်း ရေဘေးဒဏ်ပါ ထပ်သင့်တာ။ တော်တော်ကို စိတ်မကောင်းစရာပါလေ။ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ပူတာအို၊ ခေါင်လံဖူး၊ အကုန်လုံး ရေထဲမျောပါကုန်ပြီ။ ပြီးရင် အောက်ပိုင်းတွေပါ ဆက်တိုက်လာတော့မယ်။ ငလျင်တောင်မကယ်ရသေးဘူး။ တဘေးပြီး တဘေးကို သင့်တော့တာ။

ဖားကန့်ကိုတက်တဲ့ကောင်တွေက လုံးခင်းမှာတုန်းက လူတွေဖမ်းထားပြီး သူတို့ကိုလမ်းဖွင့်ပေး၊ မပေးရင် တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မယ်။ တရွာလုံး ဗုံးကြဲပစ်မယ်ဆိုပြီး စပီကာနဲ့ အော်ပါသတဲ့။ ပြောတဲ့အတိုင်း ရွာသားတွေကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်ပြလို့ ၇ ယောက်မြောက် အရောက်မှာ ဒီဘက်က လမ်းဖွင့်ပေးလိုက်တယ် လို့ ဆိုတယ်။ သူတို့လမ်းတောင်းတုန်းက ဗျူဟာကုန်းကိုသွားမယ် ဆိုပေမယ့် ဖားကန့်ရောက်တော့ လူစုခွဲပြီး မှော်ဆီဇာ နဲ့ ဆိုင်းကြွယ်ကုန်းတွေမှာ အထိုင်ချတပ်စွဲလိုက်တယ်။ သဘောကတော့ ဖားကန့်ကို သူတို့ထိမ်းချုပ်မယ်ပေါ့။ လုပ်ကြည့် လုပ်ကြည့်။ ဒါမှပဲ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာ။ နိုင်တဲ့သူ အကုန်စားမှာပဲ။ အကိုကြီးရဲ့ ညီလေးရဲ့ လုပ်ပွဲတွေ မရတော့ဘူး။ ဝေစားမျှစားဆိုတာ ဝေလို့တည့်မှ စားရတာ။

အခုလောလောဆယ်တော့ အရပ်ဝတ်တွေနဲ့ ဖားကန့်မြို့တွင်းမြို့ပြင် သတင်းထောက်လှမ်းပြီး လူဖမ်းပွဲကြီး လုပ်နေပါတယ်။ နောက်ထပ် ၁၀ ယောက်ကျော် သတ်ပစ်လိုက်တယ် လို့လည်း သတင်းထွက်ပါတယ်။ ဘုန်းကြီးကျောင်းမှာတပ်စွဲထားပြီး ဘုန်းကြီးတွေ၊ ကိုရင်တွေကို အပြင်ပေးမထွက်ပဲ ဓါးစာခံအဖြစ် ဖမ်းဆီးထားပါသတဲ့။ ဒီအခြေအနေမျိုးက နောက်ကြောင်းပြန်လှည့်လို့ရမယ် မထင်ပါဘူး။ ကိုကိုကြီးတို့၊ သက်သက်ခိုင်တို့ကတော့ “ဒီအဖြစ်မျိုးတွေ ဆက်မဖြစ်အောင် ရွေးကောက်ပွဲဝင်တာ။” လို့ ပြောပြီး မဲဆွယ်ကြပါလိမ့်မယ်။ ကိုယ့်အတ္တအတွက်နဲ့ နောက်မျိုးဆက်များစွာ လူညွန့်တုံးမယ့်အဖြစ်ကို မရောက်ရောက်အောင်တွန်းပို့နေကြတာပါ။ သူတို့က စစ်ပွဲနေရာကို မရောက်ဖူး မကြုံဖူးလို့ ဒီစကားမျိုး ပြောနိုင်တာပလေ။ တနိုင်ငံလုံးမှာ ကျောင်းမတက်ရတဲ့ကလေးပေါင်းများစွာ၊ ကျောင်းတက်လို့ သေသွားရတဲ့ ကလေးပေါင်းမျာစွာ၊ အသက်မပြည့်ပဲ စစ်သားစုဆောင်းခံရတဲ့ ကလေးပေါင်းများစွာ အမှန်တကယ် ရှိနေတဲ့အကြောင်း ကမ္ဘာပေါ်မှာ ရှိဖူးသမျှ ဘုရားရှင်အားလုံးနဲ့ ကျိန်တွယ်ပြီး ပြောရဲပါတယ်။ မသိမမြင်သလို မနေကြပါနဲ့။ “Save the Children” ဆိုတဲ့ နံမည်ကြီးကိုလည်း အားနာပါဦး။

ဂါဇာကမ်းမြှောင်ကို စားနပ်ရိက္ခာဖြတ်တောက်ထားတဲ့ အစ္စရေး ကို တကမ္ဘာလုံးက ပြစ်တင်ရှုံချပေမယ့် ကချင်၊ TNLA နဲ့ MNDAA ကို ဆေးဝါးနဲ့ စားနပ်ရိက္ခာဖြတ်တောက်ထားတဲ့ တရုတ်အစိုးရအကြောင်းကို ဘယ်သူမှ မသိကြပါဘူး။ အင်အားကြီးနိုင်ငံတွေဆို ဘာလုပ်လုပ် တင့်တယ်တယ်ပေါ့လေ။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲလိုက်လို့ အမေရိကန်က ဒုတိယကမ္ဘာစစ်ထဲကို ပါလာတာဆိုရင် မနေ့တုန်းက ရုရှားလေဆိပ် ၄ ခုမှာ လေယာဉ် ၄၁ စင်း ပျက်စီးသွားစေတဲ့ ယူကရိန်းရဲ့ ဒရုန်းမစ်ရှင်ဟာ တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ အရမ်းကို နီးစပ်နေပြီ မထင်ဘူးလား။ သူ့နိုင်ငံအတွင်းထဲထိ ဝင်တိုက်သွားတာကို KGB ရဲ့ အကြီးအကဲဖြစ်ခဲ့ဖူးတယ် ဆိုတဲ့ ပူတင်ကြီးကိုယ်တိုင် ဘာသတင်းမှ မရခဲ့ဖူးဆိုတာ မျက်နှာကို ဓါးနဲ့လှီးပစ်ဖို့သာ ကောင်းတော့တာပဲ။ အကုန်လုံးတန်းစီပြီး သေနတ်နဲ့ ပစ်သတ်မယ်ဆို ဒေါသူပုန်ထနေလောက်ပြီ။ အပြင်ကိုတော့ ဘာသတင်းမှ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။ တို့ဆီက ဇော်မဲလုံးသာဆို “သတင်းအတုကြီးပါ။ AI နဲ့ ပြင်ထားတဲ့ ဗီဒီယိုပါ။ လုံးဝ မဟုတ်ပါဘူး။” သတင်းစာရှင်းလင်းပွဲတောင် လုပ်ပြီးသွားလောက်ပြီ။

ငါ့မလည်းလေ။ ပါကစ္စတန်က အိန္ဒိယလေယာဉ်တွေကိုပစ်ချလိုက်တယ် ဆိုရင်လည်း အားတွေရ။ အတ်ဒါမျိုးရီးတွေ လိုချင်လိုက်တာ ဆို သွားရည်တွေကျ။ ယူကရိန်း ဒရုံးတွေ ဖိုင်ဘာအော့ပတစ်နဲ့ Jammer တွေကိုကျော်ပြီး လေယာဉ်တွေကို ဖျက်ပစ်သတဲ့ ဆိုလည်း တို့ဆီကို ၁၀ ခုလောက်ပဲ ပေးပါလားကွယ်ဆို လိုချင်စိတ်တွေ တဖွားဖွားဖြစ်။ လေယာဉ်ပျံမြင်ရင် လေးခွနဲ့ ပစ်ရပစ်ရ ဆိုတဲ့စိတ်မျိုး။ ကိုယ်တောင် အဲ့လောက်ဖြစ်နေရင် ကိုယ်တို့ ဒရုန်းတပ်ဖွဲ့က ကလေးတွေဆို ဘယ်လောက်တောင်များ အားကျလိုက်မလဲ စဉ်းစားကြည့်။ သူတို့လည်း နည်းမျိးစုံနဲ့ ကြိးစားနေကြပါတယ်။ အခုဆို ယူကရိန်းမစ်ရှင်ကို ဘာတွေ အတုခိုးရမလဲ လိုက်လေ့လာနေကြတယ်။ ကြင်စိုးတော့ အိပ်မက်ဆိုးတွေ မက်နေလောက်ပြီ။ လေတပ်ကကောင်တွေတော့ မိသားစုလိုက် နေပြည်တော်ကို အသိုက်ရွှေ့ကြသတဲ့။ တစုတစည်းတည်း မှန်ရတာပေါ့ကွယ်။ မိဘတွေ အိမ်ကဓါတ်ပုံ ဖြုတ်သိမ်းကြရတဲ့အချိန်ဖြစ်ပါတယ်။ ကားဒက်ရှ်ဘုတ်ပေါ် ဦးထုပ်တင်မောင်းတယ်ဆိုတာ ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့ပြီ။ အခုဟာက ရှေ့တန်းထွက် စစ်တိုက်တာတောင် ယူနီဖောင်း မဝတ်ရဲတဲ့ခေတ်။

အပြောင်းအလဲတွေဟာ မြန်မာမှာရော၊ ကမ္ဘာမှာရော၊ မြန်လွန်းလို့ ကိုယ့်မှာ မနည်း အမီလိုက်နေရပါတယ်။ အဲ့ဒါတောင်မှ တော်လှန်ရေးကြီးက မပြီးသေးတာ ဘာလို့လဲ မသိပါဘူး။ ကြင်စိုးကို ဘယ်နည်းနဲ့မှ ငါးနှစ်မခံလောက်ဘူး ခန့်မှန်းတာ ကိုယ်က အရမ်းလောကြီးလို့ မဟုတ်ပါဘူး။ အဲ့ကောင် ဘယ်လောက်ပဲ ကြာကြာ သူကြာလေလေ လူတွေ ဒုက္ခရောက်လေလေမို့ပါ။ အဲ့ဒါကို ခုထက်ထိ မယုံသေးဘူးလား။ မကြုံရသေးလို့လား။ ဖြစ်နိုင်ရင် ကိုယ်လည်း မစ်ရှင်အကြီးကြီးယူပြီး မီးကုန်ယမ်းကုန် ကြဲချလိုက်ချင်ပါတယ်။ ဆေးကုသခွင့်မရတဲ့ လူနာတွေ၊ ပညာသင်ခွင့်မရတဲ့ ကျောင်းသားတွေကို မြင်တဲ့အခါ ရင်ထဲမှာ အင်မတန်နာပါတယ်။ “တော်လောက်ပြီ ထင်တယ်။” လို့ အကြိမ်ကြိမ် ရေရွတ်နေတာလည်း အခါပေါင်း မနည်းတော့ဘူး။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ ကိုယ်က ရှင်းရှင်းလင်းလင်း မြင်နေလျက်နဲ့ သူများတွေက ဘာလို့ မမြင်နိုင်တာလဲ။ ရှမ်းမြောက်မှာ အချင်းချင်း သွေးကွဲအောင် ရန်တိုက်ပြီးတဲ့နောက်မှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို မိုင်းလား၊ ကျိုင်းတုံဘက်က လှည့်သယ်နေတာပဲလေ။ “မင်းတို့ ပိတ်ချင်သပ ဆို ဆက်ပိတ်ထားကြ။ ငါတို့ ဂရုမစိုက်ဘူး။” ဆိုတဲ့ သဘောပေါ့။ ၁၀၂၇ ကြီး အရှိန်တန့်သွားတုန်းမှာ သူက တရုတ်ဝင်ညှိမရတဲ့အဖွဲ့တွေကို အသေအကြေ ရှင်းနေတာ။ ကိုးကန့်တွေအနေနဲ့ဆို လော်စစ်ဟန်၊ ဖုန်ကျားရှင်၊ ပယ်ဆောက်ချင်။ ခေါင်းဆောင် ၃ ဆက် ပြောင်းသွားပြီ။ အကြိမ်ကြိမ် သစ္စာဖောက်ခံရတာတောင် အမှတ်မရှိကြတာ အံ့ဩစရာ။ တစ်ခါမှ မတည်ဖူးတဲ့ ကတိကို ယုံနိုင်သေးတယ်။

ယူကရိန်းက ရုရှားလေတပ်ကို ချေမှုန်းလို့ တတိယကမ္ဘာစစ်ကြီး ဖြစ်မယ်ဆိုတာ မသေချာပါဘူး။ ဒါပေမယ့် မြန်မာပြည်က တော်လှန်ရေးကတော့ ရွေးကောက်ပွဲလေး ဟန်ပြလုပ်ရုံနဲ့ အဆုံးသတ်မသွားဘူး ဆိုတာ သိပ်ကို သေချာနေပါတယ်။ မယုံရင် လုပ်ကြည့်လိုက်ပါ။ တနေ့ထက်တနေ့ ပိုဆိုးတဲ့ စစ်ပွဲတွေ ဆက်ဖြစ်လာပါလိမ့်မယ်။ မြန်မာစစ်သားတွေက မြန်မာပြည်သူ သန်း ၅၀ ကို ကုန်အောင်သတ်နိုင်ရင်သော်လည်းကောင်း၊ မြန်မာပြည်သူ သန်း ၅၀ က မြန်မာစစ်သားတွေကို ကုန်အောင် သတ်နိုင်ရင်သော်လည်းကောင်း။ အဲ့ဒီအခါကျမှ စစ်ပွဲတွေ ပြီးဆုံးသွားပါလိမ့်မယ်။ စကားတွေအများကြီး ပြောရတာ လေကုန်ပါတယ်။ လက်တွေ့ဖြစ်လာတော့မှပဲ ဆက်ကြည့်ကြတာပေါ့။