တခါက တဘဝ

မိုးတွေနေ့တိုင်းရွာနေတာ တစ်ပါတ် ကျော်သွားပြီ။ ချောင်းရေကလေးတွေ မြင့်တက်လာတယ်။ ရေချိုးနေကျ ကျောက်တုံးကြီးတွေ မြုပ်ကုန်ပြီ။ မြစ်ရေတွေလည်း မြင့်တက်လာမှာပဲ။ မြစ်ကြီးနား မှာ ဧရာဝတီမြစ်ရေတွေ တော်တော်ကြီး တက်လာတယ် လို့ ပြောကြတယ်။ ဒီလိုသာဆိုရင် အောက်ပြည် အောက်ရွာမှာ ရေတွေကြီးဦးတော့မှာပဲ။ ရေဘေးဟာ နှစ်တိုင်းကြုံနေရတဲ့ ဒုက္ခ ဖြစ်သွားပြီ။ ဒီမှာတောင် ရေတွေကြီးပြီး လမ်းတွေပျက်သွားမှပဲဟာကို။ ငှက်ဖျားတွေအများကြီးဖြစ်နေပြီး ဆေးမရကြလို့ ဒုက္ခရောက်နေပါသတဲ့။ စိတ်မကောင်းလိုက်တာ။ ဒါတွေက ဆေးရုံနေရာကို သတင်းပေးတဲ့သူမှာပဲ တာဝန်ရှိပါတယ်။ ကိုယ်တို့တောင် မသေလို့ လွတ်ခဲ့တဲ့ဟာကို။ မနှစ်ကလည်း အခုလို ရေတွေကြီးပြီး လမ်းပိတ်နေတဲ့အချိန်မှာတောင် ဆေးရုံက စံချိန်တင်အောင် လူနာတွေအပြည့် ဖြစ်နေခဲ့တာပါ။ ကိုယ်တို့လည်း မြန်မြန်ဆေးကုချင်လှပြီ။ နိုင်ငံခြားကလူတွေလည်း safe hospital campaign တွေနဲ့ ကူညီထောက်ပံ့ဖို့ ကြိုးစားနေကြတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဆရာဝန်လေးတွေ လုံလုံခြုံခြုံ ဆေးကုပေးတာခံချင်ရင် ရပ်ရွာကလည်း ဒလန်ကင်းစင်ဖို့ တာဝန်ယူသင့်တယ် မဟုတ်လား။ စစ်ခွေးတွေ လုံးခင်းထဲ ဝင်လာတော့ နမ့်မဖြစ်ကနေ ရေသန့်ဗူးတွေ သပြေပန်းတွေ ကမ်းတဲ့အဖွဲ့ ရှိသတဲ့နော်။ ဒါမျိုးတွေ ရှိတဲ့အရပ်မှာ ဆေးကုရတဲ့ဆရာဝန်ရဲ့အဖြစ်ကိုလည်း ကိုယ်ချင်းစာပါဦး။ ဘယ့်နှယ်။ ဆေးခန်းဖွင့်ပြီး ပိုက်ဆံလာရှာတာလည်း မဟုတ်။

အခု မိုးက အဲ့လောက်ရွာပြီဆိုရင် လမ်းတွေက ရေလွှမ်းတဲ့နေရာလွှမ်း၊ တောင်ပြိုတဲ့နေရာပြို၊ ဗွက်အိုင်ကြီးတွေဖြစ်တဲ့နေရာဖြစ် နဲ့ ဈေးဆိုင်ကယ်တွေတောင်မှ မဝင်နိုင်တော့ပါဘူး။ အရင်ကတည်းက ဒီအချိန်ဆို အခြောက်အခြမ်း နဲ့ နှစ်ပါးသွားနေရတာ။ မီးမရ၊ ဖုန်းမရ၊ အင်တာနက်မရ၊ ကတ္တရာလမ်းပေါ်က ဆင်းပြီး တောလမ်းထဲကို ၂ နာရီလောက် ခက်ခက်ခဲခဲမောင်းဝင်လာမှ ရောက်တဲ့နေရာလေးပါ။ ဒီဘက်ကို ဖုန်းလိုင်းတွေဖြတ်ထားတာ တော်တော့ကို ကြာလှပြီ။ ဒါပေမယ့် ထူးထူးခြားခြား ဗုံးကျမယ့်ရက်ကတော့ တနေ့လုံး ဖုန်းလိုင်းတွေ ပြန်ပွင့်နေသား။ ဒလန်က သတင်းပို့လို့ရအောင် ဖွင့်ပေးတာလေ။ တော်တော်လည်း ယုတ်ကမ်းတဲ့သူတွေပါဗျာ။ ဒီစစ်တပ်အသိုင်းအဝိုင်းကို ထောက်ခံအားပေးတဲ့သူတွေပါ လူစိတ်မရှိဘူးလို့ သတ်မှတ်ရလိမ့်မယ်။

NUG ပညာရေးကျောင်းတွေကို ပိတ်ခိုင်းထားပေမယ့် စကစကျောင်းတွေကတော့ ပြန်ဖွင့်ကြတော့မယ်။ အဲ့ဒီကလေးတွေအပေါ်ရော မအလ က ဗုံးမကြဲဘူးလို့ မပြောနိုင်ပါဘူး။ မနေ့ကအထိ စာသင်ကျောင်းတွေပေါ် လိုက်ဗုံးကြဲနေတုန်း ရှိသေးတယ်။ မန်းလေးက နန်းစိန်တွေကို လားရှိုးပို့မလို့ ဆိုတာလည်း ရှိသေးတယ်။ လားရှိုးဆေးရုံက ဆရာဝန်တွေ ပြန်မလာကြလို့ ထင်ပါရဲ့။ ကိုးကန့်၊ ဝ နဲ့ မိုင်းလားက သူဌေးတွေကိုလည်း နေပြည်တော်ပြန်ဆောက်ပေးဖို့ ပိုက်ဆံတောင်းနေလေရဲ့။ ဘက်ပေါင်းစုံက ရိတ်သိမ်းနေတာ။ ဒင်းပေးတဲ့ဒုက္ခက ဘယ်သူမှ မရ မရှိစေရ။ သဘာဝတရားရိပ်သာက ကတုံးလည်း နိုင်ငံခြားမှာ သူများလှူထားတဲ့ မြေတွေရောင်းပြီး စစ်ဓါးပြတွေကို ပိုက်ဆံရှာပေးနေရတယ်။ သေခါနီးလေ ရိက္ခာယူလေ ဆိုတဲ့ကောင်တွေ။

ဒီလိုရာသီ အမ်းမှာသာဆိုရင်တော့ အတို့အမြှုပ်တွေ စုံစုံလင်လင်နဲ့ အာပူချက်ကလေး ချက်စားနေကြမှာပဲ။ အမ်းဆေးရုံကိုရော ဆရာဝန်တွေ ပြန်ရောက်သလား။ နပခနားက ကုတင် ၃၀၀ ဆေးရုံကိုရော ဘယ်သူတွေ ပြန်ထိုင်ကြသလဲ။ စိတ်ဝင်စားမိတယ်။ အဲ့ဒီမှာ ဦသန်းရွှေ နေဖို့ဆောက်ထားတဲ့ အိမ်ဖြူတော်ကြီး ရှိတယ်ဗျ။ ကိုချေတို့ရေ ချေးတက်ပါကြရအောင်ဗျာ။ မြို့သစ်က ဗိုလ်ချုပ်သိမ်းဆွေရဲ့ အိမ်တော်ကြီးလည်း သိမ်းပါဗျ။ ပြီးရင် ဓါတ်ပုံလေးတွေ ရိုက်တင်ပေးစမ်းပါ။ ဝမ်းသာချင်လွန်းလို့။ အသက်ပေးပြီး တိုက်ရပေမယ့် လွတ်မြောက်ခြင်းရဲ့ အရသာဆိုတာ ဘာနဲ့မှ မတူပဲကိုး။ တရုတ်ကို နေ့ချင်းပို့လို့မရတော့လို့ တပ်တောင်တို့၊ ကမ်းထောင်းကြီးတို့မှာလည်း ဂဏန်းတွေ၊ ပုဇွန်တွေ စားမကုန်သောက်မကုန် ဖြစ်နေလောက်ပါပြီ။ အကိုထွင်းနဲ့တွေ့ရင် ချန်ဂင်က လာချင်လို့လို့ ပြောပေးပါဦး။ မကြာခင်မှာ ကျောက်ဖြူကို ပိုင်ပိုင်နိုင်နိုင် သိမ်းမိပါစေဗျာ။ မိုးရွာလို့ ရေကြီးရတဲ့အထဲ ရခိုင်ကို လွမ်းမိပြန်ပြီ။

ရခိုင်မှာလည်း ဒီလိုအချိန်ဆို ရေတွေကြီးပါတယ်။ ဆေးရုံက ကုန်းပေါ်မှာမို့လို့ရယ် ဆရာဝန်အိမ်က တစ်တောင်လောက် မြှင့်ဆောက်ထားတာရယ်ကြောင့် ဒုက္ခသည်တော့ မဖြစ်ဘူး။ ဒါပေသိ အိမ်ကနေ ဆေးရုံရောက်ဖို့ ရေခါးစောင်းလောက်က ဖြတ်ရတယ်။ ရေတက်ရက်ဆိုရင် ပင်လယ်ဘက်လာတဲ့လူနာတွေက ငါးတွေပုဇွန်တွေ မနိုင်မနင်း သယ်လာကြတာ။ တဆေးရုံလုံး စားရတယ်။ အမ်းမှာ ဆိုင်ကယ်စီးရင် ဆီတစ်ဗူး တထောင်ပဲ ပေးရတာ။ ဒီမှာ ၁၂၀၀၀ ပေးနေရလို့ ရင်တွေကို နာရော။ အမ်းဆေးရုံမှာက စစ္စတာကြီးတွေရော၊ ဆရာမလေးတွေရော သဘောကောင်းကြလို့ အင်မတန်အလုပ်လုပ်လို့ ကောင်းတယ်။ စီးပွါးရေးကတော့ တပ်တောင်တို့၊ ကမ်းထောင်းကြီးတို့က ပိုကောင်းတာ။ ရေဆိပ်ရွာကြီးတွေမို့လို့။

ကချင်ပြည်နယ်မှာလည်း ရေဘဝဲတွေ၊ ကင်းမွန်တွေ စားရပါတယ်။ ဒါပေမယ့် ပင်လယ်စာတွေဟာ ရခိုင်မှာလောက် ဘယ်နေရာမှာမှ မချိုပါဘူးဗျာ။ ငပိလေးခပ်လိုက်ရင်ကို ဘာမှ မလိုတော့တာ။ အမ်းရဲ့ သဘာဝထွက်ကုန်က ဝါးတုတ်လို့ခေါ်တဲ့ မျှစ်စို့နုနုလေးတွေပါ။ ကြွေဇွန်းနဲ့ ဖြတ်လိုက်ရင်ကို ပြတ်တယ်။ အစားအသောက်တော့ သတိရတယ်။ လူတွေကျ စကားထဲ ထည့်မပြောဘူး။ ဟုတ်ပါရဲ့။ အမ်းမှာ စစ်ပွဲတွေ အကြိတ်အနယ်ဖြစ်တုန်းက ဆေးရုံကအဖွဲ့တွေ ဘယ်ကိုများ ရှောင်ပြေးကြပါလိမ့်။ စစ္စတာ မခင်စောနွယ်ရော သူ့ယောက်ကျားကို အလုပ်ထွက်ခိုင်းပြီး မိသားစုလိုက်ပြေးသလား။ သူပါ အလုပ်ထွက်ပြီး သူ့ယောက်ကျားနောက် လိုက်ပြေးသလား မသိရ။ ဘဝတွေက အကုန် ကစဉ့်ကလျား ဖြစ်ကုန်မှကိုး။ စိတ်ဝင်စားတာက အခု ကိုချေတို့ လက်အောက်မှာ ဘယ်သူတွေများ ခွဲစိတ်လုပ်ကိုင်ပေးနေသလဲ မသိပါဘူး။ ဘေးရန်ကင်းကြပါစေ။ ရခိုင်က မွေးစားသားလေးလည်း ထိုင်းဘက်မှာ အလုပ်ထွက်လုပ်နေတယ်ပဲ သိရတယ်။ အဆက်အသွယ်မရ။ သတိပဲ ရနိုင်တယ်။ သူ့ဆရာ တောထဲရောက်တာ သူသိမှာ မဟုတ်။

ဘူတန်မှာ စာတွေရေးတယ်ဆိုပေမယ့် စာအုပ်တွေ ထွက်ဖြစ်တာ အမ်းကိုရောက်မှပါ။ အဲ့ဒီတုန်းက အင်တာနက်တောင် မရှိဘူး။ ပလာစာအုပ်လေးထဲ ရေးရေးထားပြီး ရန်ကုန်ပြန်မှ လိုင်းပေါ်တင်ရတာ။ စမတ်ဖုန်းလည်း မပေါ်သေးဘူး။ ကမ်းရိုးတန်းဖုန်း။ အစိနှိပ်နဲ့။ အင်တာနက်သုံးချင် ကျောက်ဖြူသွားလည်ရတယ်။ စစ်တွေသွားလည်ရတယ်။ နောက်တော့မှ ရေအားလျှပ်စစ်မှာ ဆေးခန်းထိုင်ပေးရင်း IP star နဲ့ သွားသုံးရတယ်။ စာတင်ပြီးရင် ပြန်လာပဲ။ မန့်လည်းမဖတ်နိုင်၊ reply လည်း မပြန်နိုင်။ ဟိုရောက်မှ စာရိုက်တင်ရတဲ့ဟာကိုး။ စာရေးကာစမို့ ရေးစရာတွေက အများကြီးလေ။ အစတုန်းက လုံးချင်းဝတ္ထု ရေးမလို့တောင် စဉ်းစားသေးတယ်။ အမ်းကိုရောက်ပြီး တစ်လအကြာမှာ consultant အဖြစ် ရာထူးတိုးတယ်။ ရုံးခန်းတစ်ခန်းရတယ်။ ပြန်သာလာရော တခါမှကို မထိုင်ဖြစ်ခဲ့ဘူး။ OPD မှာပဲ လူနာကြည့်ရင်း ထိုင်ဖြစ်တယ်။

ရခိုင်တွေထဲမှာ တော်တော်ပျော်အောင်နေခဲ့ပါတယ်။ ရခိုင်စကား နားလည်ပေမယ့် သူတို့လိုတော့ ပြန်မပြောတတ်ဘူး။ ရခိုင်သီချင်းတွေလည်း ကြိုက်တယ်။ ရခိုင်မုန့်တီဆိုရင် မင်းလမ်းကဟာတောင် ရခိုင်မုန့်တီ လို့ မမှတ်ဘူး။ ကျောက်ဖြူဈေးထဲက စနဲသုပ်ကလေးမှ။ စစ်တွေသွားရင်လည်း ပြတိုက်ဘေးက ခေါက်ဆွဲကဘားလေးမှ။ အောင်ကျော်ဆိုင်က တရုတ်ခေါက်ဆွဲတောင် သိပ်မကြိုက်ဘူး။ အမ်း ဟာ ရခိုင်ပြည်နယ်မှာ အခေါင်ဆုံးမြို့ပဲ။ သို့ပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်မို့ ပျင်းချိန်မရပါဘူး။ ကချင်မှာ ၄ နှစ်ကြာတာတောင် ကချင်စာတွေကို အသားမကျပေမယ့် ရခိုင်စာတွေကိုတော့ အရမ်းကြိုက်တာပဲ။ တောခိုဖို့ထွက်ခဲ့တုန်းက ဘာဖြစ်လို့ ရခိုင်ကို သတိမရပါလိမ့်။

အမ်းမှာနေခဲ့တဲ့ ၂ နှစ်မှာ မေ့ဆေးဆရာဝန် ၂ ဆက်နဲ့ အလုပ်လုပ်ခဲ့တယ်။ ကိုစောအောင်လှ နဲ့ ကိုကျော်မင်းဌေးအောင်။ နှစ်ယောက်လုံး အလုပ်လုပ်လို့ ကောင်းတယ်။ AS လေးတွေကတော့ အကုန် Specialist ဖြစ်ကုန်ပြီ။ တစ်ယောက်ကတော့ TMO ပေါ့။ တတိယစာအုပ်ဖြစ်တဲ့ “ဘာပဲပြောပြော ရာဇဝင်ရှိတယ်” က သူ့ဆီက စာအုပ်ငှါးဖတ်ရင်း ရေးဖြစ်သွားတာ။ ဆရာ ortho၊ မမ child၊ မမ physician၊ မမ OG တို့နဲ့ ပျော်ပျော်ပါးပါး အလုပ်လုပ်ခံ့သလို ဆေးရုံအုပ် ဆရာဦးသန်းထွန်းနဲ့လည်း အဆင်ပြေခဲ့ပါတယ်။ ဘူတန်မှာ အလုပ်လုပ်ခဲ့ရတာကို လူလိုသူလို နေရတဲ့ဘဝ လို့ ပြောရင် အမ်း မှာ အလုပ်လုပ်ခဲ့တာကိုတော့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခဲ့ရတဲ့ ကာလ လို့ ပြောရပါမယ်။ အလုပ်ထဲမှာ ချစ်ချစ်ခင်ခင် နေကြသလို ဒေသရပ်ရွာကလည်း ချစ်ကြပါတယ်။ အမ်းကနေ စာတွေ အရေးကောင်းလို့ စင်္ကာပူကနေ အမ်းအထိ လာလည်တဲ့သူ ရှိသလို ရန်ကုန်ကနေ အမ်းမှာလာခွဲတဲ့လူနာလည်း ရှိပါတယ်။ ဒါပေမယ့် ရယ်လွန်းရင် ငိုရတတ်တယ် ဆိုသလိုပဲ စိတ်အနှောက်အယှက်ဖြစ်စရာကြုံလို့ တဆေးရုံလုံး ရှင်းကြလင်းကြရတာလည်း “အမ်းမှာလား မောင်ရဲ့ ဝေးတယ်ရှင်” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှ မဟုတ်တာ လုပ်မထားတဲ့အတွက် အားလုံး သင်္ကာရှင်းသွားတာပေါ့။

အမ်းကို ခက်ခဲဒေသထဲမှာပါလို့ လစာ ၂ ဆ ရတယ် လို့ အရင်တုန်းက သတ်မှတ်ထားပေမယ့် သူတို့မပေးချင်ရင် လေယာဉ်ကွင်းကြီးလည်း ရှိတယ်။ နပခကြီးလည်း ရုံးစိုက်တယ် ဆိုပြီး မပေးတော့ပါဘူး။ ကိုယ်အမ်းကိုရောက်ကာစက မြန်မာ့လေကြောင်းခေတ်ပဲ ရှိသေးလို့ ရန်ကုန်ကနေ အမ်းကိုသွားရင် လေယာဉ်လက်မှတ်ခ ၉၀၀၀ ပဲ ပေးရပါတယ်။ ဝန်ထမ်းကဒ်နဲ့မို့သာ ဝယ်ရလွယ်တာ။ နောက်ပိုင်းကျ MAI ခေတ်ဖြစ်သွားတဲ့အခါ ဘယ်သူဝယ်ဝယ် တစ်သိန်းနီးနီးဖြစ်သွားတာပါပဲ။ လေယာဉ်က တစ်ပါတ်မှာ တစ်ရက်ပဲ အမ်းကိုဆင်းတယ်။ ရန်ကုန်စစ်တွေကားလမ်းကတော့ မခန့်မှန်းနိုင်အောင် ကြာပါတယ်။ အခုလို မိုးတွင်းအခါကြီးမှာ စစ်တွေကို အစည်းအဝေးသွားတက်စရာရှိလို့ ရန်ကုန်ကလာတဲ့ကားကိုစောင့်စီးပါတယ်။ ကားခက လေယာဉ်ခထက် ဈေးပိုကြီးတယ်။ ဘယ်နေရာကဖြတ်စီးစီး ထိုင်ခုံကို ရန်ကုန်ကတည်းက ဖြတ်ထားရတာမို့ ဂိတ်စဂိတ်ဆုံးဈေးပဲ ပေးရတာပါ။ မနက်ကလာရမယ့်ကားဟာ ညနေစောင်းမှ ဂိတ်ကိုဝင်လို့ အမ်းကထမင်းဆိုင်မှာပဲ ညအိပ်ကြပါတယ်။ ကိုယ်ကတော့ မနက်ကျမှ တက်စီးရုံပေါ့။ သူတို့ကတော့ အမ်းမရောက်ခင်ကို လမ်းမှာ ၂ ည အိပ်ခဲ့ပြီ။ မနက်ဝေလီဝေလင်းကတည်းက ကားထွက်တာပါပဲ။ ဒါပေမယ့် ကျောက်တော်ကိုတောင် မှောင်မှ ရောက်တယ်။ ကားဆရာကြီးက ကျောက်တော်မှာ အိပ်တော့မယ် လုပ်လို့ မနည်းတောင်းပန်ရတယ်။ “ကျွန်တော် မနက်ဖြန် အစည်းအဝေးတက်ရမှာမို့လို့ ဒီညပဲ မောင်းပေးပါ။” ဆိုတော့ မောင်းပေးရှာပါတယ်။ မိုးထဲလေထဲကြီးမှာ။ စစ်တွေကို ည ၂ နာရီကျော်မှ ရောက်တယ်။ နိုဘယ်ဟော်တယ်မှာ အတင်းနှိုးပြီးတည်းရတယ်။ အစည်းအဝေးတက်တဲ့ထဲမှာ ကိုယ့်ထက် ခက်ခက်ခဲခဲ လာရတဲ့သူတွေ ရှိပ။ ပလက်ဝတို့၊ မာန်အောင်တို့၊ ဂွတို့က ဆရာဝန်တွေဆို ရန်ကုန်ထိအောင် လေယာဉ်နဲ့ဆင်း၊ စစ်တွေလေယာဉ် ပြန်စီးပြီးမှ လာရတယ်။ ပလက်ဝက ချင်းပြည်နယ်ပေမယ့် ရခိုင်ဘက်က်ိုပဲ လမ်းပွင့်တယ်။

ကိုယ်ရောက်နေတုန်းမှာ ရခိုင်ကိို မုန်တိုင်းကြီးကြီးမားမား ဝင်တာနဲ့ ကြုံပါတယ်။ ဒါပေမယ့် အမ်း က တောင်ကြားဒေသ မှာ ရှိတာမို့ သိပ်ကြီးကြီးမားမား မထိခိုက်ပါဘူး။ စစ်တွေမှာတော့ အပျက်အစီးများပါတယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ GE တပ်က အင်ဂျင်နီယာတွေ သူဌေးဖြစ်ကုန်တယ်လို့ သိရပါတယ်။ အခုလည်း ငလျင်သင့်နေပြည်တော်ကြီးမှာ ခရိုနီအသစ်တွေလည်း ထွက်လာနိုင်တာပါပဲ။ နေရဲမာန်နောက်တစ်ယောက်တောင် ပေါ်ချင်ပေါ်လာလိမ့်ဦးမယ်။ မုန်တိုင်းတွေ ဘယ်လောက်ပြင်းပြင်း ရဲစခန်းက နာရီစင်ကြီးနဲ့ ဦးရဲကျော်သူ ရဲ့ သံကျောင်းကြီးကတော့ တုတ်တုတ်တောင် မလှုပ်ပါဘူး။ ရခိုင်က ပြန်လာပြီးတဲ့နောက် ကချင်ပြည်နယ်မှာလည်း ရခိုင်တွေနဲ့ ပြန်တွေ့ဖြစ်ပါတယ်။ ဒါကတော့ မဆန်းပါဘူး။ ရွှေထွက်တဲ့နေရာရှိရင် ပန်းတိမ်လုပ်ဖို့ ရခိုင်တွေလည်း ရှိရမှာပဲ။ ကိုယ့်မျက်စိထဲမတော့ ရန်ကုန်က တရုတ်ပန်းတိမ်လက်ရာတွေဟာ ရခိုင်တွေကိုမမီဘူး လို့ ထင်တာပဲ။ အမ်းက ပြန်လာပြီးကတည်းက ရခိုင်တွေကို ဘယ်နေရာမှာပဲတွေ့တွေ့ ကိုယ့်ဆွေမျိုးတွေလို ခံစားလို့ရသွားတာ အမှန်ပါပဲ။ စစ်ပွဲကာလမှာ ရခိုင်ဟာ အညာလိုပဲ တော်တော်လေး ဖွတ်ဖွတ်ညက်ညက် ကျေသွားပါလိမ့်မယ်။ ကိုယ်နဲ့သိတဲ့ကျွမ်းတဲ့သူတွေကော ဒီစစ်ဘေးစစ်ဒဏ်ကို အန္တရာယ်ကင်းကင်း ကျော်ဖြတ်နိုင်ရဲ့လား မသိ။ ပြန်လာလည်ရင််ကော တွေ့နိုင်ပါဦးမလား မသိ။ လွန်လေပြီးသောအခါက ဖြစ်သွားပြီကိုး။