ချစ်လိပ်ပြာလေး ချာချာလည်

ဖားကန့်ကို တက်နေတဲ့စစ်ကြောင်းဟာ လုံးခင်းထဲအထိ ရောက်လာပြီး မနေ့ညက တညလုံး လက်နက်ကြီးနဲ့ မရပ်မနားပစ်နေတယ် လို့ ဆိုပါတယ်။ ကလေးသူငယ်တွေလည်း အသေအပျောက် ရှိကြသတဲ့။ ဒါတွေက ကိိုယ့်အတွက် ကြိုတွေးထားပြီးသား ကိစ္စတွေပါ။ ကိုယ်တို့က အဲ့ဒီမှာ မရှိတော့ပါဘူး။ ရှောင်ပြီး တိမ်းပြီးပါပြီ။ ဖားကန့်မှာ ကျောက်တူးနေတဲ့ ကုမ္ပဏီအများစုက တရုတ်အကျိုးစီးပွါးတွေ ဖြစ်တာမို့ အညာမှာ မြေလှန်သလိုတော့ မလှန်ရဲပါဘူး။ သူတို့ တရုတ်ကကောင်တွေဟာလည်း တတိယကမ္ဘာစစ်ကြီး ဖြစ်ရင်တောင် ကျောက်အတူးရပ်မယ့်သူတွေ မဟုတ်ဘူးဗျ။ ဖားကန့်က နံမည်သာ ရှိပြီး မှော်တွေက လုံးခင်း၊ ဆိုင်းတောင်၊ ဆိပ်မူ၊ မှော်ဆီဇာ၊ ဝှေခါ၊ တာမခန် ဆိုတဲ့ အနီးအနား ဝန်းကျင်ကို ရောက်ကုန်ပါပြီ။ “ဒီနေရာမှာ လူတွေ သေချင်သလောက်သေ။ ငေါ့ကျောက်တွင်းလေးတော့ ရပ်သွားလို့ မဖြစ်ဘူး။” လို့ပဲ သဘောထားမှာ။ သူတို့အတွက်ကတော့ အန္တရာယ်မရှိဘူးလေ။ ဒီမှာ သူတို့ရဲ့ တပည့်ရဲ့ တပည့်ရဲ့ တပည့်ရဲ့ တပည့်တွေကိုပဲ ထားတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွါးဆိုရင် ဓါတ်ငွေ့ပိုက်လိုင်းကြီးကိုပဲ မြင်မနေနဲ့။ ဖားကန့် ကျောက်စိမ်းမြေက ကချင်မပိုင်၊ မြန်မာမပိုင်၊ တရုတ်အပိုင် ဖြစ်နေတာ ကြာပါပြီ။ ဒီမြေကို လာထိခိုက်ရင်တော့ တရုတ်ကြီးက ထိုင်ကြည့်မနေတာ သေချာပါတယ်။ ဆယ်ဇင်း၊ အင်းတော်ကြီးဘက်မှာ ရွှေတူးတာက ထွက်သမျှရွှေ ဘယ်ကိုမှ မရောက်ဘူး။ မြန်မာပြည်တွင်းကိုပဲ ပြန်လည်တာ။ ဖားကန့်ကထွက်တဲ့ကျောက်ကတော့ အကောင်းဟူသမျှ တရုတ်ကတဆင့်သာ တခြား ရောက်ချင်တဲ့နေရာ ရောက်ပါတယ်။ မြန်မာ့ကျောက်စိမ်းဆိုတာ တရုတ်ကဝယ်မှ အစစ်ရတာ။ နေပြည်တော် မှာ လုပ်တဲ့ ကျောက်စိမ်းလေလံပွဲဆိုတာ ကလေးတွေ အိုးပုပ်ချိုးရုပ်နဲ့ ကစားသလောက်ပဲ ရှိပါတယ်။ ဒီဒေသမှာ ဖြစ်တဲ့ စစ်ပွဲဆိုတာက ဖဲဝိုင်းမှာ ဘေးထိုးတဲ့ကောင်တွေ ဘော်ဒါကြေးလုရင်း ရန်ဖြစ်ကြသလို နေမှာပေါ့။ သူတို့ပါပါးက “တိတ်စမ်း” လို့ ဟောက်လိုက်ရင် အမြီးတောင် မလှုပ်ရဲဘူး။ ကိုင်း အခု ဟိုမေဘေးတွေ လုံးခင်းထဲ ရောက်လာပြီ။ ဘာဆက်ဖြစ်မလဲ ကြည့်ကြသေးတာပေါ့။ ”သူမပါရင်လေ ဘာတွေများ ရှေ့ဆက်ဖြစ်ကြမယ်။ သူ မပါချင်ဘူး။ ဒါပေမယ့် သားဆိုးများကြောင့်” ဆိုတာကို တရုတ်လို ဘယ်လိုဆိုရမလဲ။ သိကြလား။

ဒီအရပ်မှာ စစ်ပွဲဖြစ်ရင်တော့ ကိုယ်ပါစရာ မလိုပါဘူး။ ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်မှာ ဆရာဝန် အထူထပ်ဆုံး ဒေသပါ။ မြစ်ကြီးနားတောင် သူ့လောက်မများဘူး။ OG ချည့်ပဲ ၄ ယောက်ရှိတယ်။ ဆာဂျင်ကချည့် ၃ ယောက်ရှိတယ်။ ဒီနယ်မြေမှာ ဆရာဝန်တိုင်း ဓါးကိုင်တတ်တယ်။ ဆေးခန်းတွေက မဂိုလမ်းမှာလို တိုးမပေါက်အောင် ရှိပြီး ဆေးခန်းတိုင်းရဲ့ နောက်ဖေးချောင်၊ ဒါမှမဟုတ် ထပ်ခိုးပေါ်မှာ ခွဲခန်းလေးတွေ လုပ်ထားကြတယ်။ ဆရာစိုးက ဖားကန့်မှာ လူနာတွေကို လာကူမလို့ဆိုရင် အဲ့ဒီက ဆရာဝန်တွေက “ရတယ် ဆရာ။ မလာပါနဲ့။ အချစ်ရေ မလာခဲ့နဲ့။” လို့များပြောမလား မသိပါဘူး။ ခွဲတယ်စိတ်တယ်ဆိုတဲ့ ကိစ္စတွေဟာ သိန်း ၅၀-၁၀၀ မပါရင် ဘယ်ဟာမှ မပြီးဘူး။ တုံပင် လို တောထဲမှ မဟုတ်တာ။ ဘာမဆို လိုတရတဲ့နေရာ။ ဖြစ်ချင်တာ ပြောကြည့်လိုက်။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။ ဆရာဝန်တွေကို ဝိသမလောဘနဲ့ စီးပွါးရှာတယ် လို့တော့ ပြောလို့မရပါဘူး။ ဒီဒေသရဲ့ စားဝတ်နေရေးဟာ လွယ်တာတော့မဟုတ်။ မြို့ကြီးရောက်ခိုက် ကြက်ကြော်ရတယ် ဆို သွားစားကြည့်လိုက်။ drum stick ကြက်ပေါင်တစ်တုံးကို ၉၀၀၀ ပေးရမယ်။ ကိုကာကိုလာ သောက်မလား။ တစ်ခွက်မှ ၅၀၀၀ ပဲ ကျမယ်။ Thai Milk Tea လေးဆို ၈၀၀၀ ဗျာ။ Service 10% Tax 10% မပေါင်းသေးဘူး။ ရောက်တုန်းရောက်ခိုက် ရုပ်ထွက်လေးဘာလေး ပွင့်လာအောင် ညှပ်လျှော်ဆိုးလေး လုပ်ရအောင်လေ။ အနှိပ်တွေဘာတွေ မပါကြေး။ တစ်ယောက်မှ တစ်သိန်းလောက်ပဲ ယူတာ။ ဆရာဝန်တွေက ဈေးကြီးတာ မဟုတ်ဘူးဗျ။ အဲ့လောက်မှ မယူရင် ဘယ်သူကမှ အစစ်မထင်တော့ဘူး။ အပ်ပုန်းတောင် ကိုယ့်ထက် ကြေးကြီးတယ်။ ဒီနယ်မြေမှာ ကိုယ်ရပ်နေတဲ့ ခြေထောက်အောက်က မြေကြီးတောင် အလကားနင်းလို့မရဘူး။ ဒီထဲလာရင် ကျောက်မတူးပဲ မုန့်လင်မယားရောင်းလည်း မှော်နင်းကြေးကတော့ ပေးရတယ်။ မိဘဘိုးဘွား ဆယ်သက်လောက်က ဒေသခံဖြစ်လည်း ပေးရမှာပဲ။ ဒီမြေကို ရိုးရိုးမြေ မှတ်လို့လား။ အဲ့ဒါ သယံဇာတတွေ ပေါတဲ့မြေ။ ကားဘီးပေါက်လို့ ကျောက်ခဲလေးနဲ့ ဂျမ်းတုံးခုရင်းကနေ အဲ့ဒီကျောက်က ထအောင်လို့ လော်ပန် ဖြစ်သွားတာလည်း တကယ့်အဖြစ်အပျက်။ ရန်ကုန်မှာဆို တစ်သက်လုံးနေလို့ အိုသေသွားလည်း ဒီလိုအခွင့်အရေးမျိုး ဘယ်ရနိုင်မှာလဲ။ အဲ့ဒါကြောင့်မို့လို့ ဘယ်အရာမဆို သူ့အိုးနဲ့ သူ့ဆန်။ တန်တယ်။

လူဆိုတာ ယဉ်ကျေးမှု ရှိရတယ်။ အဲလေ ဟုတ်ပေါင်။ နေရာဒေသ အချိန်အခါကို သိရတယ်။ ယဉ်မရိုင်း အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန် ဆိုတဲ့ ချန်ဂင်လို အလေ့ကျ တောဆေးရုံမျိုးဟာ ဖားကန့်ရတနာမြေမှာ ဘူမိနက်သန် မမှန်ဘူး။ အဲ့ဒါကြောင့်မို့လို့ အလှူရှင်ဖိတ်ခေါ်သော်လည်း ကိုယ်တော်တော့ သီတင်းမသုံးနိုင်ဘူး။ သွားစို့ သွားစို့ လာကွယ် တခြားရှာမယ်။ ကိုယ်တွေ အကြာကြီးနေရင်တောင် တင်ကျွေးထားရတဲ့ အိမ်ရှင်တွေကို အားနာစရာ။ ကိုယ့်ဆေးရုံမှာ ဗုံးထိတဲ့ကလေးလည်း လုံးခင်းမှာ ဆေးရုံတင်ထားတာ။ သူ့ကိုလည်း အခုတိုက်ပွဲတွေ မလာခင်ကတည်းက ရွှေ့ထားလိုက်ပြီ။ လုံးခင်းကို လက်နက်ကြီးနဲ့ ပစ်နေတယ်ဆိုတာ ဖားကန့်ဗျူဟာကုန်းပေါ်က ပစ်နေတာ။ အခု စစ်ကြောင်းထိုးလာတဲ့အဖွဲ့က အဲ့ဒီကုန်းပေါ်ကို သွားပေါင်းချင်တာ။ လမ်းမှာ အကျအဆုံးလည်း တော်တော် များခဲ့ပြီ။ သို့ပေမယ့် စုဆောင်းရေးခေါ်ထားတဲ့အသစ်တွေ၊ ရှဒူဇွပ်က ပသစတွေနဲ့ အင်အား ၁၀၀၀ လောက် ရအောင်စုပြီး တက်လာတာတဲ့။ အောက်ကကောင်တွေ ထိုးကျွေးပြီး တဝက်လောက်ရောက်သွားလည်း မဆိုးပါဘူး ဆို ဇွတ်တိုးနေပုံရတယ်။ တောင်ခမ်းမှာလည်း ဒီလိုပဲ တက်လို့ နောင်ချိုတောင် ရောက်သွားတယ်လေ။ အရပ်သား လူငယ်တွေကို ဒီအတိုင်းထားရင် PDF ဘက် ပါသွားနိုင်တဲ့အတွက် အကုန်ဖမ်းခေါ်ပြီး သူတို့ရှေ့က လူသားဒိုင်းကာ လုပ်တဲ့ သဘောပါပဲ။ အဲ့ဒါဆိုရင် စစ်တပ်ဘက်က စုဆောင်းရေး လုပ်ပေးတဲ့ အုပ်ကြီးနဲ့ ပျူတွေ၊ ဒလန်တွေကို ဒီအတိုင်း လွှတ်ထားရင် ကိုယ့်ဘက်က ကျည်ကုန်လူပန်းလည်းဖြစ်မယ်။ ပြည်သူလည်း အသေအပျောက် များမယ်။ တော်လှန်ရေးလည်း အချိန်တွေကြာမယ်။ ဘယ်ဟာမှ မကောင်းဘူး။ သဘောပေါက်ပြီနော်။ မြို့ပေါ်မှာ လူဖမ်း၊ ဓါးပြတိုက်၊ ပြန်ပေးဆွဲ လုပ်နေတာတွေကလည်း အကုန် မဘသတွေချည့်ပဲ။ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တို့အရေးကြီး ၃ ပါးလုံးအတွက် မဘသတွေကို ချေမှုန်းရလိမ့်မယ်။ စစ်ဆိုတာ ရှေ့တန်းမှာချည့် တိုက်ရတာ မဟုတ်ပါဘူး။

သူတို့ဘက်က final destination ဖြစ်တဲ့ ဗျူဟာကုန်းပေါ် သွားပေါင်းနိုင်ရင်လည်း ကိုယ်တို့က ဆက်တိုက်နေမှာပဲလေ။ ဘယ်သူက ရပ်မယ် ပြောလို့လဲ။ အင်အား ၁၀၀၀ မကလို့ ၁၀၀၀၀ ပဲ ရှိရှိ။ တိုက်မှာ။ တရုတ်တွေပါပါ၊ ရုရှားတွေပါပါ။ ပါချင်တဲ့သူ ပါ။ နောက်ဆုတ်စရာ အကြောင်း မရှိဘူး။ မနေ့တနေ့ကမှ တောခိုတဲ့ ဒီဆရာဝန်တောင် အဲ့လောက် သတ္တိရှိရင် တောခိုလာတာ အိုလို့ပင်သေခါနီးတဲ့ ကချင်ခေါင်းဆောင်တွေက ဘယ်သွေးနည်းမှာတုန်း။ ဖားကန့်မြေဟာ သူတို့အကျိုးစီးပွါးဖြစ်တဲ့အတွက် အလွယ်တကူလေး ရန်သူ့လက်ကို ပြန်ပါဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ။ သူတို့ ဘယ်နှစ်ယောက်လာလာ၊ လာသမျှ မြေဩဇာဖြစ်ရမှာပါပဲ။ ဗန်းမော်မှာတောင် ဘယ်လောက်ထိ သည်းသည်းမည်းမည်း တိုက်နေသလဲ။ မြင်တဲ့အတိုင်းပဲ။ ကိုယ့်ဆီကို ရန်သူအင်အားများများနဲ့တက်လာရင် ကိုယ်တို့မှာ ကြောက်ဖို့နေနေသာသာ အားရပါးရ ဆော်ပစ်လိုက်ဦးမယ် ဆို ဝမ်းသာနေတာ။ ဒီကောင်တွေ မြန်မြန်ကုန်မှ မြန်မြန်ကိစ္စပြတ်မှာပါကွာ။

ဒီအတောအတွင်း မင်းအောင်လှိုင် မိုင်းလားကို သွားတဲ့ ကိစ္စဟာ တစုံတရာတော့ ခြေရှုပ်ဖို့ ဆင်ကြံကြံနေတာ လို့ ပြောခဲ့တဲ့အတိုင်း တစတစ ရုပ်လုံးပေါ်လာပါပြီ။ ရှမ်းမြောက်မှာ စကစ နဲ့ MNDAA တို့ သူတဝက်ငါတဝက် အခွန်တွေကောက်နေတဲ့အချိန်မှာ UWSA က သူ့နယ်မြေလေးကို ရှမ်းပြည်ထဲနှိုက်ချဲ့ပြီး ကျယ်ပြန့်တိုးပွါးအောင် လုပ်နေတယ်။ မအလ က ရှမ်းအရှေ့ကနေ မိုင်းလားပြည်သူ့စစ်နဲ့ ပလူးပြပြီး ဝပြည်နယ်ကို သွေးတိုးစမ်းတာ။ တချိန်တည်းမှာပဲ ဘယ်နေရာကနေ ဗီဒီယိုရိုက်တင်မှန်းမသိတဲ့ သက်ဆင်ကြီးက မအလ ကို “ဝတွေကို ခင်ဗျားနှိမ်နှင်းမှာလား၊ မနှိမ်နှင်းဘူးလား။ ခများမလုပ်ရင် ဘေးဖယ်။ ကျနော်လုပ်မယ်။” ဆိုပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဟောက်စားလုပ်ပါလေရော။ ဒီဘဲကြီး ကိုယ့်အောက်ဖဲကိုယ် မေ့နေပြီလား မပြောတတ်။ သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ အာဏာ၊ ပါဝါမှ မရှိတော့တာ။ ကိုယ်တိုင်က ဝရမ်းပြေး၊ သူ့ ဆေးစာရေးပေးတဲ့ ဆရာဝန်တွေတောင် လိုင်စင် အသိမ်းခံထားရတယ်။ သူ့ကြောင့် သူ့သမီးဝန်ကြီးချုပ်လည်း ပြုတ်စော်နံလှပြီ။ ဘာတွေလာပြောနေတာလဲ။ သူကိုယ်တိုင်က တရုတ်အားကိုးနဲ့ ရပ်တည်နေပြီး တရုတ် လက်ကိုင်တုတ် ဝစစ်တပ်ကို ချဲလင့်ခေါ်တယ်ဆိုတော့ တကယ်ဖိုက်ဖို့တော့ မဟုတ်လောက်ဘူး။ အာရုံလွှဲတာ ဖြစ်မှာပါ။ ရှင်းချင်းရှင်း စောချစ်သူကို အရင်ရှင်းရမှာ မဟုတ်ဘူးလား။ ထိုင်းနယ်စပ်တကြောလုံး စကစ စခန်းတွေတောင် ကုန်သလောက်ဖြစ်နေပြီ။ အခုမှလာပြီး ပဒီးပဒါးနဲ့။ တရားရုံးက ရုံးချိန်းရော မှတ်မိသေးရဲ့လား မသိ။

စကစတပ်တွေက လက်ကလေးမြှောက် ခေါင်းပေါ်တင်ပြီး “ကြောက်ပါပြီဗျ။” အော်ထားရတာ AA နဲ့ စစ်မျက်နှာပါ။ AA က အခု beyond Arakan ဖြစ်ပြီး ဧရာဝတီ၊ မကွေး၊ ချင်းထဲရောက်နေပြီ။ ဘယ်သူမှ အသံတောင် မထွက်ရဲကြဘူး။ မြွေပွေး နဲ့ ရခိုင်တွေ့ရင် ရခိုင်ဆီမှာ အရင် လက်နက်ချ လို့ စစ်သားတွေကို သွန်သင်နေရပြီ။ ဘင်္ဂလားဒစ်ရှ်အစိုးရက နယ်စပ်ရေးရာဆိုရင် AA နဲ့ပဲ တရားဝင်ဆွေးနွေးတော့တယ်။ စစ်တွေမှာ အကျယ်ချုပ်မိနေတဲ့ နပခတိုင်းမှူးကို မခန့်လိုက်တာများ။ အေးလေ သူ့လောက်ကတော့ ဘယ်စကားထဲထည့်ပြောမလဲ။ သံအမတ်တွေ၊ စစ်သံမှူးတွေတောင် ပြန်ခေါ်နေပြီ ဥစ္စာ။ AA က မြေပြန့်ဆင်းလာရင် ကပစတွေနဲ့ တိုးမယ်လေ။ ရှောင်လေ ရှားလေ ငေးမနေစမ်းနဲ့။ ကြက်တက်စူးလို့ သေတတ်သလေ။ သူ့ဆီမှာ ဘာလက်နက်တွေ ပါလာမလဲ။ ခင်ဗျားတို့ သိလို့လား။ ရခိုင်ရိုးမကဆင်းလာတဲ့တပ်နဲ့ ပဲခူးရိုးမကဆင်းလာတဲ့တပ် ညှပ်ပူးညှပ်ပိတ် ဖမ်းလိုက်ရင် အမြန်လမ်းမကြီးရော၊ လမ်းဟောင်းရော ပြတ်တောက်သွားမှာပဲ။ အခုတောင် ဘောနက်ကြီးကို ရောက်နေပြီ။

ဒီနေ့မနက်မှာတော့ လုံးခင်းထဲက စကစတပ်တွေဟာ ရွာသားတွေကို ပစ်သတ်ပြပြီး လမ်းဖွင့်မပေးရင် လေယာဉ်နဲ့ တရွာလုံးဗုံးကြဲပစ်မယ် လို့ ခြိမ်းခြောက်ပါတယ်။ KIA က လမ်းဖွင့်ပေးလိုက်တဲ့အခါ ဖမ်းဆီးထားတဲ့ရွာသားတွေကို ရှေ့ကကာပြီး ဖားကန့်ဘက်ကို ထွက်ခွါသွားသတဲ့။ ဖားကန့်ဗျူဟာကုန်းက သူတို့အတွက် လွတ်မြောက်နယ်မြေ ဖြစ်မှာလား။ တဝဂူကို အုတ်စီပိတ်သလို ဖြစ်မှာလား စောင့်ကြည့်ကြတာပေါ့။ အင်အားကလည်း ၂၀၀ လောက်ပဲ ကျန်တော့တဲ့ဟာ။ ကုန်းလုံးကင်ခံရမယ့်ကောင်တွေ။ တာမခန်မှာတုန်းကလည်း ဒီလိုပဲ လမ်းတောင်းပြီး လက်ဆွဲနှုတ်ဆက် ထွက်သွားတဲ့ကောင်တွေ ဘယ်မှ မရောက်၊ တစ်ယောက်မှ မကျန် ဖြစ်သွားတာပဲဟာကို။ ၁၀၀၀ လာတာ ၂၀၀ ကျန်တယ်ဆိုတော့ ကိုယ့်ဘာသာပဲ နှုတ်ကြည့်လိုက်ပါလေ။ ပြောရင်လည်း နှိမ်တယ် ဖြစ်ဦးမယ်။ ဘောမတစ်ကောင် ဟောင်နေတာများ ရယ်တောင်မရယ်နိုင်ဘူး။ ဗန်းမော်ဟာ ပုဂ္ဂိုလ်ထူးတွေ စောင့်ရှောက်တဲ့ ရှမ်းနီနယ်မို့လို့ KIA နဲ့ PDF တွေ အတုံးအရုံးကျဆုံးနေပါတယ်တဲ့။ တနေ့တည်း ငှက် ၂ ကောင်အကင်ခံရတာ မသိရှာလို့ လလေးလုံးတွေ ရေးတင်နေတာလား။ အဲ့လောက်တောင် နတ်ကတော် ဆန်နေရင်လည်း ချိုထွန်းအောင်ကြီး ခေါ်ပူးပြလိုက်ရောပေါ့။

ဗန်းမော်မှာ ဗျူဟာမှူးချိန်းချင်လို့ဆို

ပြီး ဟတ်စကီးနဲ့လာတယ်။ ချိန်းမယ့်ဗျူဟာမှူးရော ဟတ်စကီးရော အကင်ခံလိုက်ရတယ်။ အခု ဖားကန့်ဗျူဟာကုန်းကို တပ်ချိန်းချင်လို့ဆိုပြီး အလုံးအရင်းနဲ့ ဝင်လာတယ်။ ဘယ်နှစ်ယောက် ရောက်မလဲ။ ကိုယ့်ဘာသာကိုယ် ရေကြည့်ကြကွာ။ အဲ့ဒါ နိုင်နေတာလား ရှုံးနေတာလား။ ကိုယ့်အခြေအနေ ကိုယ်သိကြပေါ့။ ဟိုကောင်ထွက်ပြေးရင် အကုန်အသတ်ခံရမှာ။ အဲ့ဒီကျမှ လက်နက်ချရင် ဆေးမမီတော့ဘူး။ ဆိုက်ဝါးဆိုတာ တကယ်တော့ လေပဲ ရှိတယ်။ ငပိန်းတွေပဲ ယုံတာ။ စကစဘက်က ထောက်လှမ်းရေးတွေက သိပ်တော်တာ။ ဒလန်တွေ စပိုင်တွေ ဘယ်လိုမွေးထားတာ။ ဘယ်လိုလေ့ကျင့်ထားတာဆို။ ဟုတ်လား။ ဘာသတင်းတွေ ရထားလဲ ပြောစမ်းပါဦး။ ဆြာစိုးလေး ဘယ်နားမှာရှိလဲ။ သိပြီလား။ လေလှိုင်းပေါ်က အစိုးရလို့ ပြောတဲ့ NUG ထဲက ဝန်ကြီး၊ ဒုဝန်ကြီး၊ အစိုးရအဖွဲ့ဝင်တွေအားလုံး မြေပြင်မှာ ကိုယ်တိုင်ဆင်းတိုက်နေကြတာ ကြာပြီ သိလား။ ဘယ်သူ ဘယ်မှာလဲ။ စပိုင်တွေက သတင်းမပို့သေးဘူးလား။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လျှောက်အော်နေတဲ့ ဝနကျော်ထင်ကြီးတောင် စက်ဘီးကလေးနဲ့ လာဒိုင်းညောင့်တာခံရတယ်။ တော်လိုက်တဲ့ ထောက်လှမ်းရေး။ ဒါဗယ်အေးဂျန့်တွေ မွေးထားတယ်ဆို။ ဘယ်မှာလဲ။ လုပ်လိုက်တော့လေ။ ဘယ်သူ့ကိုစောင့်နေတာလဲ။ အရံလူတောင် မန်ယူကို ဂိုးသွင်းကုန်ပြီနော်။ သိဖို့။

Face recognition လုပ်တဲ့ တရုတ်နည်းပညာနဲ့ ဖမ်းထားတာ ၁၂၀၀ လောက်တောင် ရှိနေပြီ လို့ ဆိုတဲ့သူကလည်း ဆိုတယ်ဗျ။ ဟုတ်မှလည်း လုပ်ပါကွာ။ ဟုတ်လား မဟုတ်လား သိချင် TikTok ထဲက အလန်းဇယားလေးတွေ အပြင်မှာ တခါလောက် date ကြည့်လိုက်လေ။ တသက်လုံးမှတ်မိနေကျ တက္ကသိုလ်ဂွမ်းပုံတို့၊ ထက်ထက်မိုးဦးတို့ ရုပ်တွေတောင် effect ပါတာ နဲ့ မပါတာနဲ့ကို တစ်ယောက်တည်းမှန်းသိအောင် ရုပ်ဖမ်းကြည့်ပါဦး။ မြင့်မြတ်ကလုန်း၊ နေတိုးကလုန်းတွေ မှိုလိုပေါက်နေတဲ့တိုင်းပြည်မှာ CCTV က မှုန်ဝါးဝါးလေးကြည့်ပြီး “အဲ့ကောင် ဆွဲစိ၊ အဲ့ကောင် ဆွဲစိ” လုပ်ချင်သေးသတဲ့။ ဟဟ ပဲ ရမယ်။ တရုတ်ဖုန်းတွေက ဟန်းဆက်ပြောင်းရင် ရုပ်ထွက်ပါပြောင်းသွားတာ မသိလို့လား။ စမတ်ကဒ်ထဲက ဓါတ်ပုံနဲ့ လူပျောက်ရှာတာ ဘယ်နှစ်ခါ တွေ့ဖူးသလဲ။ ဖိန့်ဖိန့်တွေကလည်း သိပ်လုပ်တာပဲ။

ဒင်းမှာ တရုတ်အားကိုးလည်း ရှိတယ်။ ရုရှားအားကိုးလည်း ရှိတယ်။ ကြည်းရေလေ တပ်မတော်ကြီးလည်း ရှိတယ်။ ဒါနဲ့များတောင် ဆြာစိုးလေးကို ဆေးကုလို့ မရအောင်၊ စာရေးလို့ မရအောင် တခါမှ မတားနိုင်သေးဘူး။ အာဏာသိမ်းပြီးပြီးချင်းတည်းက Facebook ကို ban တာ။ ထိုင်းကဒ် နဲ့သုံးတယ်။ VPN ခံပြီးသုံးတယ်။ IP star နဲ့ သုံးတယ်။ Starlink နဲ့ သုံးတယ်။ သူ ဘာလုပ်လို့ရသလဲ။ ဘာမှကို လုပ်လို့မရတာ။ ဆေးရုံကို နေရာမှန်အောင် ဗုံးကြဲနိုင်ဖို့တောင် ၄ နှစ်ကြာတယ်။ ဒီကဖြင့် ခွဲခန်း ၂ ခန်းကို ဆက်တိုက် ဗုံးကြဲခံရတာတောင် အလုပ်အကိုင် ပျက်မသွားဘူး။ စာတွေ ပိုတောင် ရေးနိုင်သေး။ မကြာခင် ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ပြန်လာနိုင်ဖို့ ပြင်ဆင်နေတယ်။ ကြွက်တွေလို တွင်းတူးပုန်းအောင်းနေတာ မဟုတ်ဘူး။ လိပ်ပြာလေးလို လေမှာပျံဝဲပြီး ပျားပိတုန်းလေးလို တုပ်မလို့ စောင့်နေတာ။ မိအောင်ဖမ်းနိုင်ရင် ဖမ်းလေ။

Mohamed, Mohamed Ali

He floats like a butterfly

And sting like a bee.

Mohamed, Mohamed Ali

Who calls to the other guy

“I am Ali, catch me if you can.”