ဘူတန်ကို ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည် လို့ ပြောတာ မမှန်ပါဘူး။ သူ့ရှေ့မှာရောက်ခဲ့တဲ့ လောက်ကိုင် ကိုလည်း နိုင်ငံခြား လို့ ပြောရင်ရတယ်။ မြန်မာစကားပြောလို့ ဘယ်သူမှ နားမလည်ဘူး။ မြန်မာပိုက်ဆံပေးလို့ ဘယ်သူမှ မယူဘူး။ ရန်ကုန်ကို ဖုန်းဆက်ချင် oversea call နဲ့ ပြောရတယ်။ ရန်ကုန်က ကိုယ့်ဆီဖုန်းခေါ်ချင်လည်း တရုတ်နိုင်ငံထဲကို ဖုန်းခေါ်မှ ကိုယ့်ဖုန်းမှာ အသံမြည်တယ်။ လောက်ကိုင်မှာနေခဲ့ရတဲ့ နေထိုင်မှုဘဝဟာ တရုတ်ပြည်ထဲကအတိုင်း နေထိုင်ရှင်သန်ရတယ်။ အိမ်သာတက်ရင်တောင် တရုတ်စာမဖတ်တတ်ရင် ကျား နဲ့ မ ခွဲလို့ရမှာ မဟုတ်ဘူး။ မြန်မာပြည်မြေပုံထဲမှာရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ခန့်လွှတ်လိုက်လို့သာ အဲ့ဒီကို ရောက်သွားတာ သူတို့နေရာကြီးက တကယ့်ကို တရုတ်ပြည်ကြီးပါပဲဗျာ။ တစ်ခုပဲ ဝမ်းနည်းစရာကောင်းတာက ကိုယ့်ရဲ့လစာက မြန်မာငွေနဲ့။ ကျပ်၁၅၀၀၀ ပဲ ရတာခင်ဗျ။ မသွားခင်လေးမှာတင် လစာတွေတိုးပေးလိုက်တာမို့လို့ အရင်လို နယ်စပ်ဒေသသွားတဲ့အတွက် ၂ ဆ လစာ မရတော့ဘူး။ ဖီးလင်း ဆိုးဆက်ပါနော်။
ကိုယ်ရောက်တဲ့အချိန်တုန်းက ရန်ကုန်-လားရှိုး တိုက်ရိုက်ဆွဲတဲ့ကားလိုင်းတွေ မရှိသေးဘူး။ ရန်ကုန်က မန်းလေးကိုသွား၊ မန်းလေးကားကွင်းထဲမှာ ငုတ်တုတ်မိုးလင်းရတယ်။ နောက်နေ့ မနက်စောစော လားရှိုးကို ဗန်ကားနဲ့တက်၊ လားရှိုးမှာ တစ်ညအိပ်လိုက်ဦး။ ပြီးမှ လောက်ကိုင်ကို နောက်တစ်ရက်သပ်သပ် တက်ရတယ်။ ၂ ညအိပ်၊ ၃ ရက် ခရီး။ လမ်းစားရိတ်က တစ်သိန်းနီးပါး ကုန်တယ်။ လခ တစ်သောင်းခွဲရမယ့်နေရာကို သွားရတာ။ ပထမဦးဆုံးနယ်ကို တစ်ယောက်တည်းသွားတဲ့ ခရီးမို့လို့ သံသေတ္တာ ၂ လုံးတော့ပါပါတယ်။ အဝတ်အစား တစ်လုံး၊ စာအုပ်ချည့်ပဲ တစ်လုံး။ ဒီနေရာမျိုးကို အပို့ခံရတဲ့ ဆရာဝန်တွေထဲမှာ ၃ ယောက်ခန့်ရင် တစ်ယောက်လောက်ပဲ ရောက်အောင်သွားကြတယ်။ ကျန်တဲ့နှစ်ယောက်က အလုပ်ထွက်သွားရော။ အဲ့ဒါကြောင့် ဝန်ကြီးဌာနကလူတွေလည်း အော်ဒါ ၃ စောင်လောက်ထုတ်မှ တစ်စောင်အတည်ဖြစ်တယ်။ လောက်ကိုင်က ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ အထူးဒေသ (၁) လို့ အဆင့်မြှင့်ပြီး ဆေးရုံအသစ်ဆောက်ပေးတဲ့အခါ အဲ့ဒီဆေးရုံအသစ် ခွဲခန်းအသစ်ကြီးမှာ ကိုယ်က ဆာဂျင် အသစ် လုပ်ရတာ။ ကိုယ်နဲ့အတူ ခန့်ထားတာက အိုဂျီ ကိုသန်းဌေးတင် တဲ့။ ကိုယ်တို့ရှေ့မှာ ရောက်နှင့်တာ သမားတော် ကိုစိန်လှထွေး နဲ့ မေ့ဆေး ကိုမျိုးဝင်း တို့ ရှိတယ်။ သူတို့က မန်းလေးက လာတာ။ Specialist ချည့် ၄ ယောက်ရှိပြီး AS က ကိုကျော်စိုးဝင်း တစ်ယောက်ပဲ ရှိတယ်။
လောက်ကိုင်ကိုရောက်စမှာ ဆေးရုံက အလုပ်သမားတစ်ယောက်မပါပဲ ဘာကိုမှ လုပ်လို့မရပါဘူး။ ဆေးရုံကပေးတဲ့အခန်းမှာလိုတဲ့ မီးလုံးမီးချောင်း၊ ရေပုံး၊ ရေခွက်တွေ ဝယ်ဖို့တောင်မှ မြန်မာတန်းမှာ တရုတ်ငွေအရင်လဲရတယ်။ ပြီးရင် ဆိုင်ရှင်တရုတ်နဲ့ ဈေးမေးဈေးဆစ် လုပ်ရတာလည်း အလုပ်သမားတွေပါမှ လုပ်လို့ရတယ်။ မနက်မိုးလင်း ဈေးထဲမှာ ခေါက်ဆွဲဝယ်စားရင်လည်း အလုပ်သမား တစ်ယောက်တော့ ပါမှ။ ဆေးရုံမှာ လူနာကြည့်ရင်လည်း စကားပြန်ပါမှ။ ဒီမှာနေရင် တရုတ်စကားမတတ်လို့ မဖြစ်ဘူး ဆိုတာ သဘောပေါက်သွားတယ်။ အဲ့ဒါနဲ့ ကိုသန်းဌေးတင် မိတ်ဆက်ပေးတဲ့ AZG က ဆရာဝန်မလေး မျိုးမျိုးမြင့်ဆီမှာ ညဘက်ညဘက် တရုတ်စကား သွားသင်ရတယ်။ မာကျောက်ကစားတာလည်း သင်ရတယ်။ AZG staff house မှာ ဝန်ထမ်းဆရာမလေးတွေလည်း အများကြီးပဲလေ။ သူတို့အားလုံး တရုတ်လိုမွှတ်နေအောင်တတ်လို့ အဲ့ဒီနေရာမှာ အလုပ်ရကြတာ။ သိပ်အကြာကြီး မဟုတ်ပါဘူး။ တစ်လလောက်ဆို ပြောတတ်ဆိုတတ်သွားပါတယ်။ သူတို့ကတဆင့် AMDA တို့၊ World Vision တို့၊ WFP တို့ကအဖွဲ့တွေနဲ့ ခင်မင်ရင်းနှီးသွားပါတယ်။ AHRN ကတော့ တော်တော် နောက်ကျမှ ရောက်လာတာပါ။ ကိုယ်ရောက်ပြီး ၃ လ အကြာမှာ သွားဆရာဝန် ကိုကျော်ဇင်လည်း ရောက်လာလို့ အဖော်ရသွားပြီး အဲ့ဒီ INGO အဖွဲ့တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီး ပေါင်းမိပါတယ်။ လောက်ကိုင်က ညမအိပ်တဲ့မြို့ပါ။ တစ်ညလုံးစည်ကားပြီး မနက်ကျ အိပ်ယာမနိုးတဲ့မြို့။ ၉ နာရီ ၁၀ နာရီလောက်မှ အိပ်မှုန်စုံမွှား အလုပ်ထဲလာတဲ့မြို့။ ဘယ်တုန်းကမှ မီးမပျက်တဲ့မြို့လည်း ဖြစ်ပါတယ်။
လောက်ကိုင်မှာ မြန်မာငွေ မသုံးပါဘူး။ ကားသမားတွေဆို ကွမ်လုံတံတားဖြတ်ပြီးကတည်းက တရုတ်ငွေ လဲလာခဲ့တာ။ ဒီကျမှလဲရင် ဈေးများလို့။ ဒါပေမယ့် ကုန်ဈေးနှုန်း အတက်အကျက ငွေလဲနှုန်းနဲ့ပဲ ဆိုင်တယ်။ တရုတ်ငွေနဲ့ပစ္စည်းတန်ဖိုးကျသင့်ငွေဟာ ဆယ်နှစ်ကြာလည်း အပြောင်းအလဲ မရှိဘူး။ မြန်မာငွေနဲ့လခရတဲ့ ကိုယ်တို့ရင်ဆိုင်ရတဲ့ ပထမဆုံး ဒုက္ခကတော့ အဲ့ဒီပိုက်ဆံနဲ့ ထမင်းမငတ်အောင် ဘယ်လိုနေမလဲ ဆိုတာပါ။ ဒါကတော့ လောက်ကိုင်ဆေးရုံကို ရောက်တာ ကိုယ်တစ်ယောက်တည်း ကမ္ဘာဦးလူသား မဟုတ်ဘူးလေ။ ကိုယ့်အရှေ့မှာ စီနီယာတွေ ရှိသားပဲဟာ ။ လမ်းဟောင်းအတိုင်း ဆက်လျှောက်ရုံ ရှိပါတယ်။ လူနာတွေက ဆေးရုံက ဆင်းတဲ့အခါ သူတို့ဓလေ့ထုံးစံအတိုင်းပဲ “တိုးဆောင်ချင်” လို့ မေးပါတယ်။ “ဘယ်လောက်ကျသလဲ” တဲ့။ အဲ့ဒီအခါကျရင် ကိုယ်လိုချင်တဲ့ ပိုက်ဆံ amount ပြောလိုက်။ သူတို့ ပေးပါတယ်။
အဲ့ဒီဟာက ဆာဂျင်တစ်ယောက်အနေနဲ့ ကိုယ်စီမံခန့်ခွဲရတဲ့ငွေပါ။ ခွဲခန်းထဲမှာသုံးတဲ့ consumables တွေ ဝယ်ရမယ်။ ပစ္စည်းကိရိယာတွေ ပြုပြင်ထိန်းသိမ်းဖို့ maintenance fees တွေ ရှိမယ်။ Ward ထဲက အသုံးစားရိတ်အတွက် fund ထားရမယ်။ ဆေးရုံက ဆရာမ နဲ့ ဝန်ထမ်းတွေအတွက် မုန့်ဖိုးပေးရမယ်။ သို့သော်လည်း ကိုယ်က ရန်ကုန်မှာ ငွေရေးကြေးရေးတွေ တစ်ခါမှ မကိုင်တွယ်ဖူးတဲ့အတွက် အဲ့ဒါတွေ နားမလည်ပါဘူး။ ပထမဦးဆုံးခွဲတဲ့လူနာကို ကိုယ်က အလကားခွဲပေးတော့ အလုပ်သမားတွေက အဲ့ဒါကို အဝတ်လျှော်ခ ဆိုပြီး တောင်းယူသွားရော။ ပြန်သိတော့ တအားစိတ်ဆိုးသွားပြီး အလုပ်သမားတွေကို ဝမ်နင်ခေါ်ပေးပါတယ်။ အဲ့ဒီမှာ စပြီး အုပ်ချုပ်ရေးပိုင်း မနိုင်နင်းတဲ့အတွက် ကိုယ့်မှာ တနေ့ထက်တနေ့ ပြဿနာတွေချည့်ပဲ တိုးတိုးလာပါတယ်။ ကိုယ်ကလည်း ခွဲရုံသာ ခွဲတတ်တာကိုး။ နောက်ထပ်အားနည်းချက်ကတော့ လူနာတွေနဲ့ ပိုက်ဆံစကားမပြောချင်တဲ့စိတ်ပါ။ သူတို့ကို အလှူငွေဘယ်၍ဘယ်မျှ ထည့်သွားပါလို့ မပြောချင်တဲ့အတွက် “ကွမ်းတဲ့ချင် စွေ့ပျင်း နီ” လို့ပဲ ပြောလိုက်တော့တယ်။ “အလှူငွေ နင် စေတနာရှိသလောက် ထည့်သွားလိုက်။” လို့ ပြောတာ။ ဒီလိုနဲ့ လူနာတစ်ယောက်ခွဲရင် အလှူငွေ ၄၀၀ ရတဲ့ တန်းကနေ ၃၀၀၊ ၂၀၀၊ ၁၀၀၊ ၅၀ နဲ့ နောက်ဆုံးမှာ ၂၀ ပဲ ရပါတော့တယ်။ ပါရာဒိုကြီး နဲ့ လာခွဲတဲ့ လူနာကလည်း ဒီဆရာ ပုဆိုးတစ်ထည်လောက်ဆို ရတယ် ဖြစ်သွားရော။ အဲ့ဒီအခါကျတော့ ကိုယ်လည်း ဘယ့်သူ့အတွက်မှ တောင်းမပေးသလို ဘယ်သူ့ဆီကမှလည်း မတောင်းတော့ပါဘူး။ ကိုယ့်ရပ်တည်မှုအတွက် ကိုယ့်ဘာသာ အပြင်မှာ ဆေးခန်းထွက်ထိုင်လိုက်ပါတယ်။ တရုတ်စကားလည်း ကိုယ့်ဘာသာ ပြောတတ်နေမှဟာ။ ဘာခက်သလဲ။
အိမ်ခန်းတစ်ခန်းငှါးပြီး ကိုယ့်ဖာသာ ဆေးကုတော့မှာပေါ့။ အရင်းအနှီးကတော့ ကိုယ်တစ်ယောက်တည်း မတတ်နိုင်လို့ သွားဆရာဝန် နဲ့ စပ်တူလုပ်ပါတယ်။ အိမ်ခန်းငှါးခတင် တစ်လကို ၇ သိန်း- ၈ သိန်းပေးရတာကိုး။ ညနေ ၆ နာရီက ၈ နာရီလေး ထိုင်ဖို့အတွက်ကို အဲ့လောက်တောင် ပေးရတာနော်။ ဒါပေမယ့် တစ်နေ့ကို လူနာ ဆယ်ယောက်လောက်ရရင် ကိုယ်တို့မှာ အဆင်ပြေပါတယ်။ တစ်ခုပဲ ပြဿနာရှိတာ။ ရန်ကုန်ကို ခဏခဏ ပြန်လို့ မရဘူး။ အကြာကြီးလည်း ပြန်လို့မရဘူး။ ပြန်သွားရင် မရှိတဲ့ဝင်ငွေမှာ အိမ်ခန်းခက ထပ်စိုက်နေရမယ်။ တကယ်တမ်းကျတော့ စိုက်စရာလည်း မရှိဘူး။ အဲ့ဒါကြောင့် ဖောင်ကြီးသင်တန်းတွေ ဘာတွေလည်း မတက်နိုင်ဘူး။ တက်ရင် အခန်းခ ၃ လစာ ဘယ်သူစိုက်ပေးမှာတုန်း။ ဖောင်ကြီးမတက်ရင် နောက်ထပ် ဘာဘွဲ့လွန်မှလည်း ထပ်တက်လို့ မရဘူးလေ။ အဲ့ဒီက ကျောင်းဆင်းလက်မှတ်ပါမှ ကျောင်းထပ်တက်လို့ရမယ်။ ဆရာဝန်တွေ မျိုးချစ်စိတ်ရှိအောင် ဖောင်ကြီးက သွန်သင်ပေးမှ ဆေးပညာတွေ ဆက်လေ့လာလို့ရမှာ။ အဲ့လို အဲ့လို။ ဇာတ်လမ်းကတော့ မသန်းပါဗျာ။
လောက်ကိုင်မှာ တရုတ်စကားကို လိပ်ပတ်လည်အောင် ပြောတတ်မှ ရပ်တည်ရှင်သန်လို့ ရပါမယ်။ အဲ့ဒါ သိပ်တော့ မခက်ပါဘူး။ နေ့တိုင်းဆက်ဆံနေရတဲ့လူတွေက တရုတ်လိုပဲ ပြောကြပြီး တီဗီမှာလာနေတဲ့ လိုင်းပေါင်း ၃၀ လောက်ကလည်း တရုတ်ဘာသာနဲ့ချည့် လာပါတယ်။ အင်္ဂလိပ်လို ကြည့်လို့ရတာ တစ်လိုင်းပဲ ရှိတယ်။ ကိုးကန့်တီဗီ လိုင်း ၂ လိုင်း ရှိပြီး အဲ့ဒါလည်း တရုတ်ဘာသာနဲ့ပါ။ သူတို့ပြောတဲ့ တရုတ်စကားက ဟောင်ကောင်နဲ့ မတူပါဘူး။ ထိုင်ဝမ်နဲ့ တူပါတယ်။ ထိုင်ဝမ်အလံကို အလေးပြုကြပါတယ်။ ကိုးကန့်ကလေးတွေက တရုတ်ကျောင်းတက်ရပါတယ်။ မြန်မာကျောင်းနေတဲ့သူတွေကလည်း တရုတ်ကျောင်းပါ ထားရပါတယ်။ တရုတ်ကျောင်း ၈ တန်းအောင်မှ အလုပ်ရတာမို့ပါ။ အမှန်တော့ တရုတ်စာတတ်ဖို့လည်း လိုပါတယ်။ ကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အစိုးရထုတ်ပြန်တဲ့ရုံးစာ နဲ့ ကြေငြာချက်တွေအားလုံးက တရုတ်လို ရေးထားတာပါ။ အင်တာနက်ဆိုင် သွားသုံးရင် ကွန်ပြူတာ ကီးဘုတ်တွေက အကုန် တရုတ်လိုပါ။ အင်္ဂလိပ်လို လက်ကွက်မှတ်မိရင် control + shift နဲ့ ပြောင်းရိုက်နိုင်ပေမယ့် မြန်မာ font တော့ လုံးဝ မရှိပါဘူး။ Browser တွေ website တွေ အားလုံးကတော့ တရုတ်စာတွေပါ။ ရုပ်ရှင်ကားပေါင်းများစွာ ဒေါင်းစရာမလိုပဲ ကြည့်လို့ရပေမယ့် website ထဲမှာရှာရင် တရုတ်စာလုံးတွေကို နှိပ်ပြီးမှ ရှာလို့ရပါတယ်။ ကိုယ်က တရုတ်စာ မရေးတတ်မဖတ်တတ် သော်ငြား key words တွေကို အလွတ်မှတ်မိတဲ့အတွက် ဘာပြောမှန်း သိပါတယ်။ စတိုးဆိုင်တွေမှာလည်း label တွေကို တရုတ်လိုပဲ ကပ်ထားတာလေ။
ဆေးရုံမှာ radiologist မရှိတဲ့အတွက် Ultrasound ရိုက်လို့မရပါဘူး။ စက်ကြီးတော့ ရှိပါတယ်။ OG ကတော့ အဲ့ဒါကြီးနဲ့ မဗိုက်တွေကို maturity assessment လုပ်ပါတယ်။ ကိုယ့်ကျတော့ မကြည့်တတ်လို့ တရုတ်ဆေးရုံ လွှတ်ရပါတယ်။ အဲ့ဒီက ပြန်လာဘည်း အဖြေကို ကိုယ်မဖတ်တတ်ပါဘူး။ တရုတ်လို ရေးထားတာမို့ AZG ပို့ပြီး ဘာသာပြန်ရပါတယ်။ ကိုးကန့်မှာ မြန်မာရဲ၊ မြန်မာရှေ့နေ၊ မြန်မာတရားသူကြီး၊ မြန်မာတရားရုံး ရှိပေမယ့် အလုပ်လုပ်စရာ မလိုပါဘူး။ မြန်မာအချင်းချင်း မှုခင်းဖြစ်မှ ကိုးကန့်ရဲကဖမ်းပြီး မြန်မာတရားရုံးကို အပ်ပါတယ်။ ကျန်တာကတော့ သူတို့ဘာသူတို့ တရားစီရင်ပါတယ်။ ဆေးရုံကျတော့ တရုတ်ဆေးရုံ မရှိဘူးလားဆို ရှိပါတယ်။ ၂ ရုံတောင်ရှိတယ်။ သို့သော် သူတို့ဆေးရုံမှာ specialist မရှိပါဘူး။ (အဲ့ချိန်တုန်းက ပြောတာ) ဆေးခန်းတွေကတော့ မှိုလိုပေါက်နေအောင် ရှိပါတယ်။ ဆရာဝန်တော့ ဟုတ်ပုံမရပါ။
ကိုးကန့်ရဲ့ အုပ်ချုပ်ရေးက ဒိုင်အာခီ အုပ်ချုပ်ရေးပါ။ ထွေအုပ်မှာ ခရိုင်မင်းကြီး ရုံးထိုင်ပါတယ်။ သူ့အထက်မှာ ခယကဥက္ကဌ က အုပ်ချုပ်ပါတယ်။ သူ့ဩဇာက မြန်မာဝန်ထမ်းတွေအပေါ် သက်ရောက်ပြီး ကိုးကန့်တွေအပေါ် မလွှမ်းမိုးနိုင်ပါဘူး။ သို့သော် မြန်မာတွေအပေါ်မှာတော့ အသေနိုင်ပါတယ်။ သူ လက်မှတ်မထိုးရင် ဘယ်သူမှ ခွင့်ပြန်လို့ မရပါဘူး။ လောက်ကိုင်မှာ လဝကဌာန နဲ့ ဦးစီးမှူး ရှိပါတယ်။ သို့သော် မှတ်ပုံတင်ကို လားရှိုးက ပြည်နယ်မှူးကသာ လုပ်ပေးနိုင်ပါတယ်။ ဆောက်လုပ်ရေးက အင်ဂျင်နီယာတစ်ယောက် ရှိတယ်။ အထက်တန်း ကျောင်းတစ်ကျောင်း နဲ့ ဆရာ/ဆရာမတွေ ရှိပါတယ်။ ဆက်သွယ်ရေးရုံးတစ်ရုံးရှိပြီး ရန်ကုန်ကို ဖုန်းခေါ်ချင် အဲ့ဒီမှာ သွားခေါ်ရပါတယ်။ လောက်ကိုင်မြို့နဲ့ အပြင်ဘက် ခပ်ဝေးဝေးမှာ ဒကစ နဲ့ အရံတပ်တွေ ရှိပါတယ်။ ပါစင်ကျော်၊ ချင်းရွှေဟော်၊ တာရွှေထန်၊ ကုန်းကြမ်း တို့မှာ အထိုင်တပ်တွေ ရှိပါတယ်။ ဒကစမှူးအနေနဲ့ ဦးဖုန်ကျားရှင်ကို ကိုးကန့်အစိုးရအဖြစ် အသိအမှတ် မပြုသလို ကိုးကန့်တွေဘက်ကလည်း မြန်မာစစ်တပ်ကို သူတို့အုပ်ချုပ်သူအဖြစ် ခံယူမထားပါဘူး။ သူတို့အချင်းချင်း တည့်အောင်တော့ ပေါင်းနေသော်ငြားလည်း ဘယ်အချိန်မဆို ရန်သူဖြစ်ပြီး စစ်ထတိုက်နိုင်ပါတယ်။
လောက်ကိုင်ကနေ တရုတ်ပြည်ဝင်တဲ့ နယ်စပ်ဂိတ်က မြို့နဲ့ မလှမ်းမကမ်း ရန်လုံကျိုင်းမှာ ရှိပြီး အဲ့ဒီမှာ တရုတ် immigration ပဲ ရှိပါတယ်။ မြန်မာမှန်းသိရင် ပေးမဖြတ်ပဲ တရုတ်လို ကျင်ကျင်လည်လည် ပြောတတ်ပြီး လောက်ကိုင်ကလို့ ပြောမှ ပေးဖြတ်ပါတယ်။ တံတားဖြတ်လိုက်တာနဲ့ ဟိုဘက်ကမြို့က နန့်ဆန်ပါ။ ဟိုဘက်သည်ဘက် နယ်စပ်ကုန်သွယ်ရေး မရှိပါဘူး။ မြန်မာတွေဖြတ်ချင်တယ် ဆိုရင်တော့ ကိုးကန့်-ဝ နယ်စပ်နားက ချင်းရွှေဟော်ကနေ ပေးဖြတ်ပါတယ်။ အဲ့ဒီမှာ မြန်မာလဝက ရှိပြီး နေ့ချင်းပြန်စာအုပ်ကလေး လုပ်ပေးပါတယ်။ အဲ့ဒီဂိတ်ကနေ နာရီဝက်လောက် ကားစီးသွားမှ မိန်းတိန် ဆိုတဲ့မြို့ကို ရောက်ပါတယ်။ မရောက်ဖူးလို့ လည်ရုံကလွဲပြီး ဟိုဘက်မှာ ဘာမှ မရှိပါဘူး။ လောက်ကိုင်က ပိုစည်တာပါ။ လမ်းတွေကတော့ ဒီဘက်အတွင်းပိုင်း တော်တော်ဝေးဝေးအထိ တရုတ်က ဝင်ခင်းပေးထားလို့ ရန်ကုန်က လမ်းထက် ကောင်းပါတယ်။ မြန်မာပြည်မှာလား တရုတ်ပြည်မှာလား သိဖို့ကတော့ အမှိုက် ရှိမရှိ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒီဘက်မှာ အမှိုက်ချနေကျလူတောင် ဟိုဘက်ရောက်ရင် အမှိုက်မပစ်ရဲတော့ဘူး။
ဒါက ကိုယ်ရောက်ခဲ့တုန်းက (၂၀၀၆-၂၀၀၉) အခြေအနေပါလေ။ အဲ့ဒီကနေ ဘူတန်ကို ထွက်လာတဲ့အထိ ဘာစစ်ပွဲမှ မရှိဘူး။ ပြန်လာခါနီးမှာ လစာတွေတိုးသေးတယ်။ ၇၅၀၀ လားပဲ ဖြစ်သွားတာ။ ကိုယ်ပြန်လာပြီး နောက် ၃-၄ လ လောက်အကြာမှာ လောက်ကိုင်မှာ စစ်ဖြစ်တယ်။ အကုန်ပြေးကြရတယ်။ ရဲတွေ တော်တော်များများ အသတ်ခံရတယ်။ ဘူတန်က ပြန်လာပြီးတဲ့နောက် သွားဆရာဝန်နဲ့ လောက်ကိုင်ကို နောက်တစ်ခေါက် သွားလည်ကြသေးတယ်။ လောက်ကိုင်မြို့ဟောင်း နဲ့ တုံချိန်မြို့သစ်က ဆက်လုနီးပါး ဖြစ်နေပြီ။ လောက်ကိုင်ဆေးရုံမှာလည်း ဝန်ထမ်းအိမ်ယာ အသစ်ကလေးပြီးနေပြီ။ ကိုယ်တို့ရှိတုန်းက AS ကျော်စိုးဝင်းက ဆာဂျင်ဖြစ်ပြီး လောက်ကိုင်ဆေးရုံပြန်ရောက်နေပြီ။ ဆရာမဒေါ်ကျော့ကျော့စံကတော့ ဆေးရုံမှာ ရှိတုန်းပဲ။ ၁၀၂၇ မှာ စစ်ပွဲဖြစ်တော့ ဆေးရုံပါ ဖျက်စီးချေမှုန်းခံရတယ် လို့ ပြောတယ်။ ဒါပေမယ့် ကိုးကန့်အစိုးရရဲ့ ဆေးရုံအကြီးကြီး ၂ ရုံရှိပြီး ရန်ကုန်ကလို Modular OT ကြီးပါ ရှိတယ် လို့ပြောတယ်။ ရိုးရိုးဆာဂျင် တင်မကဘူး။ Uro-surgeon, vascular surgeon တွေပါ လိုက်ငှါးနေပြီး လောက်ကိုင်ဟာ လွတ်မြောက်နယ်မြေထဲမှာ CDM ဆရာဝန်တွေ လစာအကောင်းဆုံးရတဲ့ ဒေသ ဖြစ်သွားပါတယ်။ သူတို့ဆီကဆေးရုံကြီးတွေကလည်း ၅ ထပ် ၊ ၆ ထပ်တိုက်ကြီးတွေမို့ လေယာဉ်နဲ့ ဗုံးကြဲလည်း အပျက်အစီး အထိအခိုက် သိပ်မရှိကြဘူးလို့ ဆိုတယ်ဗျ။ ဗီဒီယိုထဲမှာ မြင်မိတာတော့ လေယာဉ်လာ ဗုံးကြဲတုန်းက ဆရာဝန်တွေက စားပွဲအောက် ဝင်ပုန်းကြတယ် ခင်ဗျ။ ကိုယ်တို့လို ဗုံးခိုကျင်းထဲ ပြေးဆင်းစရာ မလိုဘူး။ အခု လားရှိုးဆေးရုံက CT တို့၊ MRI တို့၊ Generator စက်ကြီးတွေကို ကိုးကန့်တွေ သယ်သွားတယ် ပြောတာပဲ။ ပြန်မဆုတ်ခင်က လားရှိုးဆေးရုံကို CDM ဆရာဝန်တွေနဲ့ run သွားသေးတယ်လေ။ အနှစ် ၂၀ နီးပါး ကြာခဲ့ပြီဆိုတော့ အပြောင်းအလဲတွေ အများကြီးပေါ့လေ။ တရုတ်ကြီးဩဇာက ရုန်းမထွက်နိုင်တာပဲ မပြောင်းလဲသေးတာ။ အစကတည်းက သူတို့ကိုယ်သူတို့ တရုတ် လို့ ခံယူထားလို့ ဖြစ်ပါလိမ့်မယ်။ တကယ်လို့များ လားရှိုးဟာ ကိုးကန့်အောက်၊ ရောက်နေမယ်ဆိုရင် အဲ့ဒါ တရုတ်လက်အောက်မှာ ရောက်နေတာ လို့ ပြောရမယ် ထင်တယ်။ ဘာလို့ဆိုတော့ ကိုးကန့်တွေက တော်လှန်ရေးကြီးကို အပြီးအထိ ဆက်မတိုက်ပဲ တရုတ်ကြီးစကားကို နားထောင်လိုက်တဲ့အတွက်ပေါ့။ မထူးပါဘူး။ အခု ကိုးကန့်ကို ဖယ်ခိုင်းပြီး စကစကို ပြန်ခေါ်သွင်းလာပေမယ့်လည်း တကယ့်တကယ်တော့ တရုတ်ကြီးလက်အောက်မှာပါ။ လားရှိုးက စစ်တပ်က တရုတ်ကောင်စစ်ဝန်ကို ဦး ၃ ကြိမ်ချ အိပ်ရမှာ။ ခေတ်သစ်မြန်မာနိုင်ငံဟာ စကစမပါတော့ပဲ NUG / PDF နဲ့ တည်ဆောက်သွားမှာဆိုရင် ကိုးကန့်တွေ ဘယ်သူ့စကား နားထောင်မှာပါလိမ့်။ တရုတ်က သူ့ကို ဩဇာလွှမ်းမိုးလို့ ရချင်ရမယ်။ သူ့နယ်မြေတွေကိုတော့ တရုတ်ပြည်တွင်း ဆွဲသွင်းသွားမှာ မဟုတ်ဘူးလေ။ နောက်မီးလေးပဲ လင်းထားတာ။ အတည်ယူမှာတော့ မဟုတ်။ Vinegar ကို ဘယ်နှစ်နှစ် အချဉ်ဖောက်ဖောက် ဝိုင်တော့ ဖြစ်မလာနိုင်ဘူး မဟုတ်လား။ အိမ်မှာ ချန်ကင်ရှိတ်အလံကြီးထားပြီး မော်စီတုံးသားမြေးများအောက်တော့ မဝင်ပါနဲ့။ ဘိုးတွေဘွားတွေ အားနာစရာ။ အမှန်တော့ ကိုယ် ဒီစာကို တရုတ်လို ရေးသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် တရုတ်သီချင်းစာသားတွေ မမှတ်မိတော့လို့ မြန်မာလိုလေးပဲ တင်ပေးလိုက်မယ်နော်။ သွေ့ပုချိ သွေ့ပုချိ။
“တောင်းပန်ပါရစေ မရက်စက်ပါနဲ့။
မျှော်လင့်နေဆဲ။
နေရယ်ကြယ်ရယ် အကြိမ်ကြိမ်
စီးဆင်းခဲ့ပြီ။
လည်ပြန်ကြည့်လှည့် သမင်လေးရေ”