စစ်မက်မကင်းသော အရပ်မှာ လာနေရတဲ့သူဆိုတာ အိမ်ကြီးရခိုင်ဆောက်၊ နှစ်ရှည် စားပင်သီးပင်တွေ စိုက်ပျိုး၊ ဘိုးဘွားပိုင်မြေပေါ်မှာ သားစဉ်မြေးဆက် အခြေချသလို နေထိုင်ဖို့ ဘယ်သူကမှ စိတ်မကူးနိုင်ပါဘူး။ မတည်ခင် မဆောက်ခင်ကတည်းက ကိုယ်က လက်နဲ့ရေးထားတဲ့အရာတွေကို အချိန်မရွေး ခြေနဲ့လာဖျက်သွားနိုင်တယ် ဆိုတာ သဘောပေါက်ထားရတာပေါ့။ ဒါကြောင့်မို့ ကိုယ့်ဆေးရုံကလေးဟာ ကံရာဇာကြီး ဘုရားတည်သလို ထုထည်ခိုင်မာစွာ၊ ငွေကြေး အကုန်အကျ များပြားစွာ၊ တာရှည်ခံ အရည်အသွေးမြင့် ခန့်ညားထည်ဝါစွာ၊ ဆိုတာတွေကို အကုန်လုံး လှစ်လျူရှုရပါတယ်။ မရှိမဖြစ်တဲ့ ခွဲခန်းတစ်ခုကိုပဲ အသစ်ဆောက်ပြီး ကျန်တာအားလုံး ရှိပြီးသား အဆောက်အဦဟောင်းတွေကို ပြုပြင်သုံးစွဲထားတာပါ။ လူမြင်ကောင်းဖို့ မကောင်းဖို့ထက် အလုပ်ဖြစ်ဖို့ မဖြစ်ဖို့ကို အဓိကထား စဉ်းစားရတာကိုး။ ဒေါက်တာဆီးဂရေ့ဗ်ကြီး ဆောက်တယ်ဆိုတဲ့ နမ့်ခမ်းဆေးရုံလို နောင်နှစ်ပေါင်း လေးငါးဆယ်မက သက်တမ်းရှည်ကြာ ခံပါစေကြောင်း မရည်ရွယ်ပဲ အရေးပေါ်ကာလတရပ်မှာ အရေးပေါ်လူနာတွေကို ပေါ့ပါးလျင်မြန်စွာ အသက်ဘေးကယ်ဆယ်နိုင်ကြောင်းကို အဓိက ထားပါတယ်။
ကာလ ဒေသ အခြေအနေအရ မြို့သစ်ရွာသစ်များလို ရှင်းလင်းထင်ရှားနေလို့လည်း မရဘူး။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ လျှို့ဝှက်သိုသိပ်စွာ နေထိုင်သည်ဖြစ်စေ၊ အချိန်ကြာလာတာနဲ့အမျှ လူသိနတ်ကြား ဖြစ်လာပြီး ဖျက်စီးချေမှုန်းလိုသူတွေဆီကို နားပေါက်အောင် သတင်းပို့မယ့်သူ မရှိပဲ ဘယ်နေလိမ့်မလဲ။ ကိုယ်တို့လည်း သိပါတယ်။ ကိုယ့်ဆီလာပြတဲ့လူနာထဲမှာ ဘယ်သူကတော့ ဖွတ်စိမ်း၊ ဘယ်သူက ဒလန်၊ ဘယ်သူက စစ်တပ်လိုလားသူဆိုတာ သူတို့ပြန်တာနဲ့ ကလေးတွေက ပြောပြကြပါတယ်။ “ဟင် ဟုတ်လား။ ပြန်ပေး ပြန်ပေး။ ငါ့ဆေးတွေပြန်ပေး။” လို့တော့ လိုက်တောင်းစရာလား။ သတင်းလာစုံစမ်းတာ။ အကဲခတ်ထောက်လှမ်းဖို့လာတာ ဆိုလည်း လာပါစေလေ။ အလကားပေးတာချင်း တူရင်တောင် စေတနာသန့်တာ မသန့်တာ ဘယ်လိုကွာသလဲ သူတို့ကိုယ်တိုင် မြင်ဖူးသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ အချိန်တခုကို ရောက်လာရင် စစ်တပ်က မသိပဲမနေဘူး။ သိကိုသိမှာ။ အဲ့လို သိလာတဲ့အခါကျရင် လွယ်လင့်တကူ ရိုက်ချလို့ မကျနိုင်လောက်တဲ့နေရာ၊ မမှည့်မချင်း ရွက်ပုန်းသီးလုပ်လို့ရတဲ့နေရာမှာ နေရတာပေါ့။ အဲ့ဒါကြောင့် သွားရေးလာရေး စားရေးသောက်ရေး လွယ်ကူအဆင်ပြေတဲ့နေရာမှာ မနေပဲ စစ်ရေးအရ အကာအကွယ် ပေးနိုင်တဲ့သူတွေ လက်လှမ်းမီရာမှာ လာနေတာလေ။ မြို့မှာရွာမှာနေလို့ကတော့ ခုလောက်ရှိ ကိုယ့်တဖွဲ့လုံးတင် မကဘူး။ လှူကြတန်းကြ ပံ့ပိုးကြတဲ့သူတွေပါ တသီကြီး ဖမ်းချုပ်ပြီး ငွေညှစ်နေလောက်ပြီ။ ကိုယ့်ဆေးရုံကလေးကို မီးရှို့ချင်ရုံသက်သက်နဲ့တော့ သူတို့ဘက်က တပ်ရင်းတစ်ရင်းနှစ်ရင်း အသေခံ ရင်းဖို့ မတန်သေးပါဘူး လို့ ထင်နေရင် ပြီးတာပဲ မဟုတ်လား။
ဒီအလုပ်ကို မစခင်ကတည်းကိုက ကိုယ်ဖြစ်ချင်တာချည့်ပဲ ဇောကပ်လုပ်ခဲ့တာ မဟုတ်ဘူး။ အဖြစ်ကိုရော အပျက်ကိုရော ကြိုတွေးပြီးသား။ အကယ်၍များ လာဖျက်ခဲ့သည်ရှိသော် ဖျက်တဲ့အချိန်ရောက်ရင် မတည်ရင်းနှီးထားသော ငွေကြေး အရင်းအနှီးတန်ဖိုးများ ကျေပြီးသား ဖြစ်စေချင်တယ်။ ပြီးခဲ့တဲ့လအထိ စာရင်းချုပ်ကြည့်တဲ့အခါ ဒီဆေးခန်းမှာ ပြင်ပလူနာ ၂၀၀၀ ကျော် အခမဲ့ ဆေးကုပြီးပြီ။ အတွင်းလူနာ ၉၀ ဆေးရုံတင်ကုခဲ့ပြီးပြီ။ လူနာ ၂၅ ယောက် ခွဲခန်းထဲမှာ ခွဲစိတ်ကုသပြီးပြီ။ ကလေး အယောက် ၂၀ ကျန်းကျန်းမာမာ မွေးဖွားပေးခဲ့ပြီ။ အဲ့ဒါနဲ့တင် တန်ရုံတင်မကဘူး။ မြတ်တောင်မြတ်နေပြီ။ ဒါကြောင့်မို့လည်း အချိန်တိုတိုအတွင်းမှာ လူနာတွေကို များများနဲ့မြန်မြန် တန်အောင် တွန်းကုနေတာလေ။ မတော်တဆ လာဖျက်ခဲ့သည့်တိုင် အချည်းနှီး အကျိုးမဲ့ အလဟသ ဖြစ်မသွားဘူး။ တစ်ရုံဖျက်ရင် နှစ်ရုံ ပြန်ဆောက်ပြလိုက်မယ်။
နောက်တစ်ခု ချိန်သားကိုက်အောင် စောင့်ရတာကတော့ ဒီအရပ်မှာ ဒီဆေးရုံကလေး သွက်သွက်လက်လက် လည်ပတ်နေတဲ့အချိန်ရောက်ရင် အကုသိုလ်ပေါင်းချုပ် ကြင်စိုးကြီးတစ်ကောင်လည်း သူ့အကုသိုလ်နဲ့သူ သွက်သွက်လည်ပြီး ချာလပတ်ရမ်းနေတာကြောင့် ကိုယ့်ဘက် အာရုံမထားနိုင်အောင် သေမင်းငင်နေစေချင်တာပေါ့။ ဒီအတွက်ကတော့ ပူမနေပါနဲ့။ ကိုယ်တွေက လဆန်း သူ့အတွက်က လဆုတ်ပါ။ အခုကတည်းက သူ့မှာ အရူးမီးဝိုင်း ဖြစ်နေပါပြီ။ MRTV မြဝတီကလွဲရင် ဘယ်မီဒီယာကိုမှ မကြည့်ရဲမဖတ်ရဲတော့တဲ့ ဘဝ။ သူ့မိသူ့ဘ ကင်ပွန်းတပ်ထားတဲ့ နံမည်ကို သူကိုယ်တိုင် မယ်အိမ်လုံး မယ်အိမ်လုံး နဲ့ ပဲ့တင်ထပ်မျှ ကြားယောင်နေလောက်ပါပြီ။ မြန်မာတပြည်လုံးက ဆဲတဲ့အသံတွေ မိုးယံထိလွင့်ပျံရုံမကဘူး။ သောင်းတိုက်က ကြားနေပြီ။ သူပြုတဲ့အကုသိုလ်တရားတွေက တားဆီးထားလို့ ကိုယ်တို့စခန်းလေးရဲ့ ကုသိုလ်ိစ္စ အဝဝကို အမျှရနိုင်မှာ မဟုတ်ဘူး။ သိမှာကြားမှာလည်း မဟုတ်ဘူး။ သွားလိုက်တော့။ သွားလိုက်တော့။
ဖြစ်ခဲ့ပြီးသမျှ အားလုံးကို သတ္ထုချလိုက်တဲ့အခါ ဆေးရုံကလေးနဲ့ ပါတ်သက်ပြီး ကိုယ်ပြုခဲ့သမျှ အရာအားလုံးဟာ အရှုံးပေါ်တယ် လို့ကို မရှိဘူး။ တန်နေပြီ။ ရှေ့ဆက်သယ်နိုင်သမျှ သပိတ်ဝင်အိပ်ဝင် အမြတ်ချည့်ပဲ။ ခုချိန်မှာ ဘယ်သူလာဖျက်သည်ဖြစ်စေ အလှူရှင်တွေရဲ့ကုသိုလ် ကိုယ်တို့အဖွဲ့သားများရဲ့ ကုသိုလ်ကတော့ မပျောက်မပျက်တော့ဘူး။ စေတနာလည်းမှန် ကံလည်း မှန်ပြီးသား။ ဖျက်စီးသူရဲ့ အကုသိုလ်သာလျှင် အသစ်ဖြစ်စရာ ကျန်တော့တယ်။ ဒါကြောင့်မို့ ဘာကိုမှ စိုးရိမ်နေစရာ မလိုဘူး။ သာသာယာယာပဲ။
ဒါပေမယ့်လည်း ကိုယ့်အသက် ကိုယ့် ဘေးအန္တရာယ်ကိုတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ စောင့်ရှောက်ရမယ် မဟုတ်လား။ ဒီအတွက်လည်း မပူပါနဲ့။ သတိရှိပါတယ်။ ရွာမှာနေကတည်းက အရေးပေါ်အထုပ်ကလေး ပြင်ပြင်ထားတယ် လို့ ပြောပြီးသားပါ။ ဘယ်အချိန်မှာ ထပြေးပြေး အဆင်သင့်ဖြစ်စေရမယ်။ သေရင် ကိုယ့်နောက်ပါမယ့်ဟာချည့် ပြင်ဆင်နေတာ မဟုတ်ဘူး။ မသေခင် ပါအောင်သယ်ပြေးရမယ့် အရေးပေါ်တွေလည်း ကိုယ်နဲ့မကွာဘူး။ ရွှေသယ်စရာ မရှိဘူး။ ငွေသယ်စရာ မရှိဘူး။ ဒါပေမယ့် သွားတိုက်ဆေး၊ သွားပွတ်တံ၊ အီးကုန်းစက္ကူ၊ ရေသန့်ဗူး၊ ဖုန်း၊ ပါဝါဘန့်၊ အားသွင်းကြိုး၊ မှတ်ပုံတင်ကတော့ အမြောက်သံကြားမှ ထရှာလို့ လွယ်တာ မဟုတ်ဘူး။ အကုန် ရယ်ဒီပဲ။
သတင်းပလင်းဆိုတာလည်း နားစွင့်ရတယ်။ အရိပ်အခြည် အနေအထားကိုလည်း နားလည်ရတယ်။ ကိုယ်နေတဲ့နေရာနဲ့ အနီးဆုံးနေရာမှာ ဘယ်သူတွေ စစ်ကြောင်းထိုးသလဲ။ အင်အား ဘယ်လောက်ရှိသလဲ။ သိမထားလို့ မရဘူး။ လူကသာ အထုပ်ကလေးဆွဲပြီး ကားပေါ်လိုက်ရန်အသင့် ရယ်ဒီမိတ် စစ်ရှောင်ဆရာဝန်အဖြစ် အိပ်ရတာ မနက်လင်းတော့လည်း ခွဲစရာရှိတာခွဲ၊ လူနာကြည့်စရာ ကြည့်။ နေနိုင်သူလေး နေနိုင်သူလေး စိုး ပေါ့။ ဟဲ့။ မတော်လို့များ ခွဲနေရင်းတန်းလန်း စစ်ကြောင်းလာရင် လေယာဉ်လာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါ ကိုယ့်အတွက် မေးစရာ မလိုဘူးဗျ။ ဘူတန်မှာ နေတုန်းက ငလျင်ပြင်းပြင်း လှုပ်တော့ ခွဲခန်းထဲမှာ ကိုယ်နဲ့ လူနာနဲ့ နှစ်ယောက်ပဲ ကျန်ခဲ့ဖူးတယ်။ ခွဲရင်းတန်းလန်းနဲ့ လူနာကိုတော့ ဘာအကြောင်းနဲ့မှ ပစ်ထားခဲ့ဖို့ စိတ်ကူးမရှိဘူး။ ward ထဲက လူနာတွေတော့ အရေးအကြောင်းဆို ရွာထဲအပ်ခဲ့မှာပါ။ လုံခြုံရာမှာ ရှိဖို့ပေါ့။ အန္တရာယ်စက်ကွင်းက ကိုယ့်ဆီမှာဆိုရင် ပြောတာပါ။
ဒီအသက်ဒီအရွယ် ရောက်ပြီဗျာ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ အကောင်းအဆိုး အကျိုးအပြစ် အကုန်လုံးကို တွက်ချက်ပါတယ်။ အခြေအနေရော အချိန်အခါရော အလားအလာကိုပါ ကြိုတွေးပါတယ်။ ရမလားလို့ အာဏာကောက်သိမ်းပြီး တိုင်းပြည်ရော စစ်တပ်ပါ အလုံးစုံပျက်သုဉ်းတော့မှ တရုတ်ဆီပြေးရနိုး ရုရှားဆီပြေးရနိုး သွေးပျက်ခြောက်ခြားနေတဲ့ စောင်ရူးဦးနှောက်မျိုးမှ မဟုတ်တာ။ ဒီစခန်းကို သိမ်းချင်နေသလား။ ကြိတ်ချင်နေသလား။ ကိုပေါက်ကြီး ပြောသလို “ရတယ်။ လူကိုပါသိမ်း။” လို့ ဘယ်သူကမှ မပြောဘူး။ သူတို့ဘက်က ထိုက်သင့်တဲ့ လက်နက်အင်အား လူအင်အား မပါပဲနဲ့ အလကားတော့ မရ။ ရသွားခဲ့သည်ဆိုဦး။ အဲ့ဒီအဆောက်အဦ တန်းလျားဟောင်း အိမ်ဟောင်းတွေက အလုပ်လုပ်နေတာလား။ နောက်ပိတ်ဆုံး လူကိုဖမ်းမိသည်ရှိရင်တောင် စိတ်ဓါတ်ကိုတော့ ဘယ်သောအခါမှ ရိုက်ချိုးဖျက်စီးလို့ ရမှာ မဟုတ်ဘူး။
တကယ်တော့ လူတစ်ယောက်စီ တစ်ယောက်စီတိုင်းမှာ ကိုယ့်ကံတရားနဲ့ကိုယ် ကိုယ်ပိုင်ပါလာပြီးသားပဲ။ “ကမ္မဒါယာဒေါ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည် ဖြစ်၏။” တဲ့။ ကိုယ့်ရဲ့ ကံတရား ကိုယ့်ဘဝရဲ့ အနာဂတ်ဆိုတာကို မအလကြီးရဲ့ သေခြင်းရှင်ခြင်းနဲ့ ချိတ်ဆက်ချည်နှောင် မထားပါဘူး။ သူသေမှ ကြီးပွါးချမ်းသာရမယ့်သူ မဟုတ်သလို သူမသေမချင်း ဆင်းရဲတွင်းက မတက်နိုင်မယ့်သူ မဟုတ်တာ သေချာတယ်။ ကိုယ့်ဘဝရဲ့ကောင်းခြင်းဆိုးခြင်း ကံတရားတွေကို ကိုယ့်ရဲ့ စိတ်စေတနာက ဦးဆောင်သော ပြုပြီးပြုဆဲ အားထုတ်လုပ်ကိုင်မှုတွေကသာ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပါပဲ။ သူလည်း သူ့အကုသိုလ်နဲ့သူ၊ ကိုယ်လည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်။ သံသရာခရီးသည်ချင်းတူပေမယ့် လားရာမတူဘူး။ ကိုယ့်အထုပ်နဲ့ကိုယ်။ ကိုယ်နဲ့ရေစက်ဆုံမယ့် အသင်းအပင်း မိတ်ဆွေ အပေါင်းအဖော်တွေကလည်း ကိုယ်နဲ့ စိတ်တူသဘောတူ လားရာတူတဲ့သူတွေပဲ ရှိလိမ့်မယ်။ သူ့နောက်ကို ဝန်းရံလိုက်ပါ ပို့ဆောင်မယ့်သူတွေကလည်း သူနဲ့လားရာတူရူဆီမှာသာ ရှိမှာပေါ့။ သွားကြပါစေ။
ဘယ်လိုပဲတွေးတွေးပါလေ။ ကိုယ့်ဘဝမှာ “ငါ့ကို ဘယ်အချိန်မှာ စစ်တပ်က လာဖမ်းမှာပါလိမ့်။” လို့ တထိတ်ထိတ် တလန့်လန့်နဲ့ ကျီးလန့်စာစား ထွက်ပြေးပုန်းရှောင် နေထိုင်နေတာ မဟုတ်ပါဘူး။ ကြောက်ကြောက်နဲ့ နှုတ်ဆိတ်ငြိမ်သက်ပြီး လည်စင်းခံနေတာလည်း မဟုတ်ဘူး။ ဘယ်ခြောက်လို့ ညာလှမ်းရင် သမင်ကလေး ခုန်ထွက်သွားသလို ပွတ်ကာသီကာကလေး ဘေးလွတ်အောင် ရှောင်တိမ်းရင်းနဲ့ ကိုယ့်လမ်းကိုယ် ဖြောင့်အောင်လျှောက်ခဲ့တာပါ။ ကိုယ့်စိတ်ကိုယ့်သဘောထဲမှာ မှို နဲ့ မျှစ်ကိုမှ ချိုးလိုပါတယ် ဆိုရင် ကျဉ်တုပ်ခံဝံ့ မခံဝံ့ဆိုတာ ခေါင်းထဲထည့် စဉ်းစားနေမယ့် အစား မဟုတ်ဘူး။ မဖြစ်ဖြစ်အောင် လုပ်ရမယ့်ကိစ္စမို့လို့ စွန့်စရာရှိလည်း စွန့်လိုက်မှာပဲ။ နာစရာရှိလည်း အံခဲထားမှာပဲ။ တကယ်လို့များ ကိုယ်သေသွားခဲ့သည် ရှိလျှင်တောင်မှ ဒီလမ်းပေါ် နောက်လူတွေ ဆက်လျှောက်နိုင်အောင် အရိုးကို လမ်းခင်းပစ်ခဲ့မှာပဲ။ “တစ်ကိုယ်ကောင်း” ဆိုတဲ့စိတ်ကို ခေါင်းထဲမှာ လုံးလုံးမထားတာ ကြာပါပြီ။ အားလုံးကောင်းသွားတဲ့တစ်နေ့ ကိုယ်လည်းအလိုလိုကောင်းဖို့ဖြစ်လာမယ်ဆိုတာ သေချာနေပြီပဲဟာကို။
လက်တွေ့ဘဝဟာ ပြဇာတ်လို ကန့်လန့်ကာချမှ ဇာတ်မသိမ်းဘူး။ အပြေးပြိုင်ပွဲလို ပန်းဝင်သူကိုမှ နံပါတ်စဉ်မတပ်ဘူး။ မယ်ဇလီစား ခါးမှာပဲ။ ထန်းလျက်မျိုတော့ ချိုမှာပဲ။ ထိတွေ့ဓါတ်ပြုမှု ပြီးကတည်းက တခါတည်း အဖြေတန်းထွက်တဲ့ ကိစ္စတွေ ရှိပါတယ်။ မယုံဘူးလား။ မိအောင်လှိုင်က မယ်အိမ်လုံးလေ။ သေချာတယ်။ ငါတို့ နိုင်မှာ။ မဟုတ်သေးပါဘူး။ နိုင်နေပြီးသား။ ကိုယ့်အရှုံးကိုယ် မသိလို့ မသေမချင်းဆက်ကစားနေကြတာ။ ဗွားလား။ ရှင်းပြီနော်။