ပဲရစ်မြို့ကို အကြွေးနဲ့ဝယ်မယ်

ဆေး(၂) မှာ ကျောင်းဆရာလုပ်တဲ့ကာလဟာ အင်မတန်မှကို သာတောင့်သာယာကလေး လို့ ထင်ရပေမယ့် လက်တွေ့မှာ အဲ့သလို မဟုတ်ပါဘူး။ ကိုယ့်ရဲ့ personal life မှာ အခက်အခဲ၊ ပြဿနာတွေ ရှိပါတယ်။ ဆရာဝန်လခ ၁၅၇၅ ကျပ်ဟာ ကျောင်းကိုလာရတဲ့ ဓါတ်ဆီဖိုးတောင် မကာမိလို့ ဖယ်ရီစီးတဲ့အခါ စီးလိုက်၊ လိုင်းကားစီးတဲ့အခါ စီးလိုက်ပေါ့။ တနေ့ ၂ နာရီလောက်က လမ်းမှာတင် အချိန်ကုန်သွားတယ်။ မြောက်ဥက္ကလာက ဘယ်သူထိုင်ထိုင် GP ကောင်းပါတယ်။ သူများတွေ မြို့ထဲကတောင် လာထိုင်နေကြသေးတာ။ဒါပေမယ့် ကိုယ့်မှာ မနက် ၇ ခွဲလောက်က အိမ်ကထွက်ပြီး ည ၉ နာရီကျော်မှ အိမ်ပြန်ရောက်လို့လည်း မဖြစ်သေးဘူး။ ဆေးကျောင်းတစ်ခေါက် ဆေးခန်းတစ်ခေါက် တစ်နေ့ ၂ ကြောင်းဆွဲရင်လည်း သေရချည်ရဲ့။ ဆေးခန်းတွေမှာ relieving MO လုပ်တဲ့အလုပ်ကလည်း အကြောင်းအရာတစ်ခုကြောင့် အဆင်မပြေဘူး။ အိမ်ပြန်၊ ရေမိုးချိုး၊ ထမင်းစားပြီးရင် ဒလဘက်ကူးလို့ လခစားနဲ့ ဆေးခန်းထိုင်ဖြစ်တယ်။ ဒါလည်း အဆင်မပြေပါဘူး။ ကလေးတစ်ယောက်ကလည်း ရလာပြီ။ မိသားစုအတွက် ပိုက်ဆံတစ်ပြားမှ ရှာပေးစရာ မလိုဘူး ဆိုပေမယ့် အဲ့လို ပိုက်ဆံတစ်ပြားမှ ရှာမပေးနိုင်တဲ့ ယောက်ကျားတစ်ယောက်ရဲ့အဖြစ်ဟာ ကိုယ့်အတွက်မှာတော့ အဆင်မပြေဘူး။

အဲ့လို အဆင်မပြေခြင်းများစွာနဲ့ ဘူနေတဲ့အခိုက်အတန့်မှာ ဌာနက ကေခိုင်မြင့် ဆိုတဲ့ ဆရာမလေးတစ်ယောက်က “အင့်” ဆို မဂ္ဂဇင်းစာအုပ်တစ်ထပ်လာပေးတယ်။ အရုပ်လေးတွေက လှလိုက်တာ။ ကြည့်လို့ကို မဝဘူး။ စာကတော့ တစ်လုံးမှ မဖတ်တတ်တာ။ ပြင်သစ်လို ရေးထားတာမို့လို့။ “ဖတ်တတ်ချင်လိုက်တာ။ သင်ပေးမလား။” လို့ ပြောတော့ “တတ်ချင် ရတယ်လေ။ UFL မှာ အတန်းသစ်ဖွင့်တော့မှာ။ ညကျောင်း။ အဲ့မှာ သွားတက်ချေ။” တဲ့။ သူ့အမေက အဲ့ကျောင်းမှာ တရုတ်ဘာသာ ဌာနမှူး။ သူကပဲ လျှောက်လွှာတွေ ယူလာပေး၊ ဖြည့်ပြီး ပြန်ပို့ပေးနဲ့ နောက်ဆုံးတော့ ညအရေးမကောင်းတကောင်း လကလေးမစောင်းတစောင်းမှာ ခကွေးကျောင်းလေး တက်ဖြစ်သွားပါတယ်။

ကိုယ့်ရဲ့ ပြင်သစ်ဘာသာ လက်ဦးဆရာများဟာ UFL က ဆရာ/ဆရာမများပါ။ အေဘီစီဒီကြီး မြင်နေလျက်နဲ့ အာဘေဆေဒေ အသံထွက်တတ်အောင် သူတို့ပဲ ကျင့်ယူခဲ့တယ်။ စိတ်လည်း ရှည်ကြပါတယ်။ သူတို့က သီချင်းတွေလည်း ဖွင့်ဖွင့်ပြတယ်။ အဲ့တုန်းကတော့ ဘာမှန်းမသိသေးဘူး။ နောင်ကျတော့မှ ပြင်သစ်ကမ္ဘာမှာ သိကိုသိရမယ့် သီချင်းလေးတွေပါလား လို့ သဘောပေါက်သွားတာ။ “Les Feuilles Mortes” နဲ့ “Non, Rien de Rien” ဆိုတဲ့ သီချင်း။ သူတို့ရဲ့ teaching method က သိပ်ကောင်းတာပဲ။ သူ့အဆင့်နဲ့သူ ဒါ ဒါ ဒါ ဒါ တတ်ကိုတတ်ရမယ် ဆို မတတ်တတ်အောင်သင်တယ်။ Basic 1 မှာ လူ ၁၅၀ လောက် ရှိတယ်။ Basic 2 ကျတော့ လူ ၃-၄၀ လောက်ပဲ ရှိတော့တယ်။ လူ ၂၀ မပြည့်ရင် Inter 1,2 ဆက်ဖွင့်လို့ မရဘူးလေ။ တိုးလို့တန်းလန်းကြီး ရွာလည်နေတုန်းမှာ တပည့်ဖြစ်တဲ့ ချိုသဲ က “ဆရာက ဘာလို့ Alliance မှာ မတက်တာလဲ။” ဆို ပို့ပေးလိုက်တဲ့အခါ ပြည်လမ်းပေါ်က “Alliance Française” ကို ရောက်သွားပြီး အဲ့ဒီမှာ ဆက်တက်ဖြစ်ပါတယ်။

UFL မှာ သင်တာနဲ့ Alliance မှာ သင်တာချင်းက နည်းနည်းတော့ ကွာပါတယ်။ ဟိုမှာက နည်းနာနိဿယျ ကို အခြေပြုတယ်။ ဒီမှာကတော့ ရောနှောကျွမ်းဝင်ခြင်း (Integration) ကို အခြေပြုတယ်။ နှစ်ဘက်စလုံးမှာ ဆရာကောင်းသမားကောင်းနဲ့ တွေ့ခဲ့တော့ ကိုယ့်အဖို့မှာ အတတ်မြန်ပါတယ်။ သူများတွေက ပြင်သစ်စာသင်ရင် တတ်ပြီးသား အင်္ဂလိပ်စာတွေ ပျက်ကုန်လိမ့်မယ် လို့ ဆိုပေမယ့်ကိုယ်ကတော့ ပြင်သစ်က အခြေခံလာတဲ့ အင်္ဂလိပ်စကားလုံးတွေကို ပိုသဘောပေါက်လာပါတယ်။ ဆေးပညာမှာလည်း “Cul de sac” တို့ “Peau d’orange” တို့ကို ပြင်သစ်စကားလုံးအတိုင်း သင်ရတာပဲ။ “déjas vu” “jamais vu” တွေကို ဘာသာမပြန်ပဲ တန်းနားလည်တာပေါ့။ ကိုယ်ကျင်လည်ရာ အဝန်းအဝိုင်းဟာ အိမ် နဲ့ ဆေးကျောင်း အပြင် ပြင်သစ်ကျောင်း ဆိုတာတစ်ခု ထပ်တိုးလာပါတယ်။

ဘာသာစကား သင်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ UFL မှာဆို ဝတ်ရည်ခိုင်မင်းရှိန် လို မော်ဒယ်မင်းသမီးလေးတွေနဲ့ တစ်ခန်းတည်းသင်ရတယ်။ Alliance ရောက်တော့။ အားပါး ပြောလို့တောင် မကုန်နိုင်ဘူး။ လေယာဉ်မယ်လေးတွေရှိတယ်။ တိုးရစ်စ်ဂိုက်လေးတွေရှိတယ်။ Cat walk လျှောက်တဲ့ အရပ်မြင့်မြင့် မော်ဒယ်လေးတွေ ရှိတယ်။ ငယ်ငယ် တို့ သဉ္ဇာမိုးဝင်းတိုလို ဖူးငုံသစ်စ နုနုရွရွလေးတွေ ရှိတယ်။ နှာဘူးကျဖို့ ပြောတာ မဟုတ်ပါဘူး။ သာယာတဲ့ ပတ်ဝန်းကျင်လေး ဆိုတာ မြင်အောင်ပြတာ။ ကိုယ်တွေငယ်ငယ်က စနေ ပေးဒေး ဗိုလ်ချုပ်ဈေးမှာ ပတ်ရှိုးသလောက်က Alliance မှာ ပျင်းတောင်ပျင်းသေးတယ်။ ဟင် ငါပြောတဲ့ထဲမှာ ယောက်ကျားလေးလည်း တစ်ယောက်မှ မပါဘူး။ အေးလေ။ ဟုတ်ပါရဲ့။ ငါကလည်း အဲ့ကောင်တွေကျတော့ မှတ်ကိုမမှတ်မိတော့တာပဲ။ Pardon. Pardon. ခွင့်လွှတ်ကြပါ ဘော်ဒါတို့။

Alliance ကို ရောက်တဲ့အခါ တစ်ပါတ်ကို ၃ ရက် စာသင်ပါတယ်။ အဲ့ဒါနဲ့ မလုံလောက်သေးပဲ စနေနေ့တစ်ရက်ကိုတော့ မင်းသားလေးစာကြည့်တိုက်မှာ ပြင်သစ်ကမ္ဘာငယ်ကလေး တည်ဆောက်ဖို့ ချိန်းဆိုခေါ်ယူပါတယ်။ club တွေ အများကြီး ဖွဲ့တယ်။ “club chanson” ဆို တီချယ်မြတ်စန္ဒာ၊ တီချယ်ဘေဘီတို့က ပြင်သစ်သီချင်းတွေ သင်တာ။ စာသားတွေနားထောင်တယ်။ အဓိပ္ပါယ်တွေ ရှင်းပြတယ်။ အဆိုတော်အကြောင်း အတင်းတုပ်မယ်။ ပြီးရင် တစ်တန်းလုံး ကက်ဆက်ဖွင့်ပြီး လိုက်ဆိုကြရတယ်။ “club barvardage” က တော်ကီပွါးတာလေ။ ကြိုက်သလိုပွါး၊ ကြိုက်တဲ့အကြောင်း ပွါး။ ဒါပေမယ့် ပြင်သစ်လိုတော့ ဖြစ်ရမယ်။ “ဟဲ့ ပလုတ်တုတ်” မယောင်ရဘူး။ “Merde!” လို့ အော်ရမယ်။ “ကယ်ကြပါဦးရှင်” မလုပ်နဲ့ ။ “Au secours!” ပြန်အော်စမ်း။ “Au secours!” “Club de cuisine” ကတော့ ရသအမြောက်ဆုံးပါပဲ ခင်ဗျာ။ ပြင်သစ်ဟင်းလျာတွေ ချက်စားကြတယ်။ ပိုက်ဆံနည်းနည်းစီတော့ စိုက်ရတာပေါ့။ ဒါပေမယ့် သူတို့က ပြင်သစ်အဆာပလာတွေ စိုက်ပါတယ်။ အာလူးအချောင်းကြော်ကို လူတကာ ကြော်နေပေမယ့်လည်း ပြင်သစ်က ကြော်မှ French Fries အရသာထွက်တာ။ မတူဘူးဗျ။ စနေတစ်ရက်ကို canteen က သူတို့မီးဖိုချောင် သုံးစွဲခွင့်ပေးတယ်။ စတိုးဆိုင်တွေမှာရောင်းတဲ့နွားခေါင်းတံဆိပ်နဲ့ Cheese အပြားတွေကို ပြင်သစ်တွေက အတော်ရွံတာ။ သူတို့ဆီမှာ ပြည်တွင်းဖြစ်ချည့်ပဲ cheese အမျိုးပေါင်း ၃၅၀ ကျော် ရှိပါသတဲ့။ ပုတ်စော်နံလိုက်တာဆိုပြီးလည်း လွှင့်မပစ်နဲ့။ မှိုတွေတက်နေပြီဆိုပြီးလည်း လွှင့်မပစ်နဲ့။ အဲ့လို ပုတ်စော်နံသော၊ မှိုတက်သော cheese အမျိုးအစားများရှိပြီး အင်မတန်မှလည်း ဈေးကြီးပါသတဲ့။ Cheese အကြောင်းနဲ့တင် ပြောလို့ မကုန်တာ ဝိုင်ဆိုရင်တော့ မိုးလင်းသွားလိမ့်မယ်။ red label လေး၊ black label လေး သောက်နေတဲ့ ကိုယ်တို့ကို ပြင်သစ်တွေက လူမဖြစ်သေးဘူး လို့ မြင်တာခင်ဗျ။

“Club litérature” ဆိုတာကတော့ စာကောင်းပေမွန်ကဏ္ဍပါ။ ပြင်သစ်စာရေးဆရာတွေနဲ့ သူတို့ရဲ့ ဂန္တဝင်စာပေတွေကို သူ့ level နဲ့သူ ရှင်းရှင်းလင်းလင်း ပြန်ရေးထားတဲ့ စာအုပ်တွေရှိတယ်။ မူရင်းအတိုင်းဖတ်ရင် ဉာဏ်မမီဘူးလေ။ နားမလည်သေးရင် အိမ်ယူဖတ်လည်းရတယ်။ ပြင်သစ်ဟာသတွေက ပြင်သစ်တွေပဲ ဝါးလုံးကွဲရယ်တာ။ သူများတွေဖတ်ရင် ဘာပြောမှန်း မသိဘူး။ အဲ့ဒါတွေ နားလည်ဖို့ ဆိုတာလည်း ပြင်သစ်နိုင်ငံရဲ့ ပထဝီ နဲ့ သမိုင်းကြောင်းကို နည်းနည်းပါးပါး တီးမိခေါက်မိဖို့ လိုတယ်။ မေရီအန်တွိုင်းနက် ဟာ “ပေါင်မုန့် မရှိလည်း ကိတ်မုန့်စားပါလား။” လို့ ပြောခဲ့တယ်တဲ့။ အမှန်တော့ သူပြောတာ “Qu’ils mangent de la brioche!” လို့ ပြောတာ။ brioche ဆိုတာ ပြင်သစ်ပြည်က ပေါင်မုန့်အမျိုးအစားထဲက တစ်ခုပါ။ “Let them eat cake.”!လို့ ဘာသာပြန်တာက နည်းနည်းတော့ တွန်းပို့နေသလိုဖြစ်တယ်။ “ပေါင်မုန့်ပေးပါ ပေါင်မုန့်ပေးပါ” လာတောင်းနေတော့ “ဟဲ့ ငါတို့ဆီမှာ brioche လေးဘာလေး မကျန်တော့ဘူးလား။ စားကြပါစေဟယ်။” လို့ မီးဖိုချောင်ကို လှမ်းမေးတာလည်း ဖြစ်နိုင်တာပဲ။ club danse မှာ အကသင်တယ်ဗျ။ “1, 2, cha cha cha” ကနေ နောက်ဆုံးတော့ “ဟေ့ ကောင်တွေ။ ငါတို့က ဘာလဲ။ Rapper တွေ” ဖြစ်ကုန်တဲ့အထိ သင်တယ်။ အဲ့တုန်းက ကတဲ့ကလေးတစ်ယောက် ဘန်ကောက်မှာ ကလပ်မီးလောင်လို့ ဆုံးသွားတာစိတ်မကောင်းဘူး။ နေ့လည် ၂ နာရီထိုးရင်တော့ club activity တွေကို ပြင်သစ်ရုပ်ရှင် တစ်ကားပြပြီး အဆုံးသတ်ပါတယ်။

ပြင်သစ်ကျောင်းက အတန်းမြင့်လာတဲ့အခါ ဘာသာစကား သင်တာ မဟုတ်တော့ပဲ သူတို့နိုင်ငံရဲ့ ပထဝီ၊ သမိုင်း၊ ယဉ်ကျေးမှု နဲ့ အတွေးအခေါ်ပိုင်းကို သိသိသာသာရောက်သွားပါတယ်။ ပြင်သစ်ပြည်ကို မရောက်ဖူးပေမယ့် ပြင်သစ်တွေရဲ့ ဓလေ့စရိုက်နဲ့ ရင်းနှီးလာတယ်။ ဘယ်ကိစ္စကိုမဆို ကိုယ့်ဘက်တဘက်တည်းကို မကြည့်တော့ဘူး။ ဟိုဘက်ကဆိုရင်ကော ဘယ်လိုမြင်မှာလဲ ဆို ဆန့်ကျင်ဘက်အမြင်နဲ့ ပြန်ကြည့်တတ်လာတယ်။ Xenophobic မဖြစ်တော့ဘူး။ နိုင်ငံခြားသားဆို အလကားနေရင်း အထင်ကြီးနေတာလည်း မရှိတော့ဘူး။ လူကြားသူကြားထဲမှာ မရဲတရဲနဲ့ ရှက်ရွံ့သိမ်ငယ်နေတဲ့အကျင့် ပျောက်သွားတယ်။ ဟိုးအရင်တုန်းက “Homo ဆိုတာ ယွကျား ၆ လ၊ မိန်းမ ၆ လ လို့ မှတ်သားလာခဲ့ရာကနေ ပြင်သစ်ကျောင်းလည်း တက်ပြီးရော “လောကကြီးမှာ homo ဆိုတာလည်း မရှိတော့ဘူး။ hetero ဆိုတာလည်း မရှိတော့ဘူး။ တကယ်ဆိုရင် အချစ်ပဲ လိုတယ်။” လို့ လစ်ဘရယ် ကောင်ဇိုးလေး ဖြစ်သွားပါတယ်။

ပြင်သစ်ကျောင်းမှာ ဆည်းပူးခဲ့တဲ့ နောက် အတတ်ပညာတစ်ခုကတော့ ပြဇာတ်ကခြင်း အနုပညာပါပဲ။ နှစ်ကုန်ရင် “Bal des étudiants” ဆို ကပွဲသဘင် ကျင်းပကြပြီး ပြင်သစ်ပြဇာတ်တစ်ပုဒ်လည်း စင်တင်ကပြလေ့ ရှိပါတယ်။ ကိုယ် အဲ့ဒီမှာ ၄ နှစ်တောင် ကခဲ့တယ်။ နားမလည်ပါးမလည်နဲ့ ဝင်ကရင်းကနေ သူတို့သင်သလိုပြသလို အကုန်လိုက်လုပ်ရာက တဖြေးဖြေး သဘောပေါက် လာပါတယ်။ ပြဇာတ်ကတယ်ဆိုတာ သူတို့ရှင်ဘုရင်တွေ လက်ထက်ကတည်းက ရိုးရာယဉ်ကျေးမှု တစ်ရပ်ပဲ။ ကိုယ်တို့ဆီက ကလေးတွေကျောင်းကပွဲနဲ့ မတူပါဘူး။ စင်ပေါ်မှာ လုပ်ချင်ရာ လုပ်ပြခိုင်းတာလည်း မဟုတ်ဘူး။ အကုန်လုံး သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။ ပြင်သစ်တွေက အဓိပ္ပါယ်မရှိတဲ့အလုပ်ကို လုပ်လေ့မရှိပါဘူး။ ကျောင်းတုန်းကတော့ ကိုယ် နားမလည်ခဲ့ဘူး။ အခုမှပြန်တွေးရင်း သဘောပေါက်တာ။ ကိုယ်က အဲ့ချိန်တုန်းက တော်တော်လေး အ သေး န သေးတာပဲ။ ဆေးကျောင်းမှာ ကလေးတွေကို ပြဇာတ်ကခိုင်းတော့မှ ဘယ်နားလေးမှာ သူဘယ်လိုလုပ်ခိုင်းတာ ဘာကြောင့်လဲ ဆို ကိုယ့်ဘာသာ သဘောပေါက်တာ။

ပြင်သစ်ကျောင်းရဲ့ နောက်ဆုံးနှစ်မှာ ကိုယ်က နောက်ထပ် ဒီပလိုမာ အတန်းတစ်တန်းတက်ပါတယ်။ Culture and Interculture Diploma တဲ့။ စာတွေဖတ်ရတယ်။ သိစရာတွေ မေးရမြန်းရတယ်။ အဆုံးသတ်မှာ စာတမ်းတစ်စောင်ရေးပြီး အဲ့ဒီစာတမ်းကို defend လုပ်ရတယ်။ ရှေ့က ဘာသာရပ်အတန်းတွေက A1-A2, B1-B2, C1-C2 နဲ့ ၆ နှစ်တက်ရတယ်။ အဲ့ဒီကအောင်ရင် ဘယ်ပြင်သစ်စကားပြောနိုင်ငံမှာမဆို ဘာသာစကားအတွက် အတားအဆီး မရှိတော့ဘူး။ အခု ဒီပလိုမာတန်းကတော့ ကိုယ်တို့ဆီက မာစတာသီးစစ်တင်သလိုပဲ ခေါင်းစဉ်ရှာ၊ Protocol board တင်၊ data ကောက်၊ analysis လုပ်၊ စာတမ်းရေး၊ ဘုတ်အဖွဲ့နဲ့ အခိုင်အမာ ဆွေးနွေးငြင်းခုန်ရပါတယ်။ နှစ်ကုန်ခါနီးမှာပဲ လောက်ကိုင် ကို transfer ထွက်တော့ ကိုယ့်မှာ C2 ကို ပြီးအောင်ဖြေပြီးမှ လောက်ကိုင်သွားရပါတယ်။ တစ်လလောက် နောက်ကျသွားလို့ ဆေးရုံအုပ်က စာတောင်ပို့တော့မလို့။ လောက်ကိုင်မှာ ၃-၄ လ နေပြီးတော့မှ ခွင့်ယူပြီး ရန်ကုန်မှာ Thesis defend ပြန်ဖြေရပါတယ်။

ခက်ခဲတဲ့ကာလအတွင်းမှာပဲ MSc (Surgery) ရော၊ ပြင်သစ်ဘာသာ ဒီပလိုမာ ၂ ခုရော ရအောင်တော့ ယူခဲ့တာပဲ။ ယူပြီး ဘာလုပ်ဖို့လဲ ဆိုရင်ဘာမှတော့ မလုပ်ပါဘူး။ ပြင်သစ်ဘာသာနဲ့ ဧည့်လမ်းညွှန်လိုင်စင်ရထားတာလည်း မလုပ်ဖြစ်လို့ သက်တမ်းမတိုးတော့ဘူး။ ဒါနဲ့များ အချိန်ကုန်၊ ငွေကုန်ခံလို့ အကျိုးမရှိလိုက်တာ လို့ မထင်နဲ့။ အကျိုးရှိတာပေါ့။ အများကြီးကို အကျိုးရှိတာ။ နံပါတ်တစ်ကတော့ မျက်စိတွေ နားတွေ ပွင့်သွားတယ်ပဲ ထားလိုက်ပါ။ အဲ့ဒီနောက်မှာတော့ အရသာခံတတ်တဲ့ စွမ်းရည်တွေ ထူးခြားလာပါတယ်။ ချဉ်စုတ်စုတ်အရည်လေးသောက်လိုက်ရင် Wine မှန်း Vinegar မှန်း မခွဲခြားတတ်တဲ့သူ မဟုတ်တော့ဘူး။ Opera ကြည့်တတ်တယ်။ Classical နားထောင်တတ်တယ်။ Monet ရဲ့ ပန်းချီကားတွေကို ငုတ်တုတ်မေ့အောင် ကြည့်တတ်လာတယ်။ မန္တလေး ရတနာပုံနေပြည်ကြီးကို အံ့ချီးမကုန်ရာကနေ ဗာဆိုင်းနန်းတော်ကြီးရဲ့ အလှအပတွေကို ရင်သပ်ရှုမော ဖြစ်လာတယ်။ နောက်တစ်ခုကတော့ အတွေးအခေါ်ပေါ့နော်။ ကိုယ်ပြုစုခဲ့တဲ့စာတမ်းရဲ့ အကြောင်းအရာက အင်္ဂလိပ်လိုဆို “The concept of Happiness in Myanmar Society” တဲ့။ ပျော်ရွှင်ခြင်း နဲ့ ပါတ်သက်ပြီး မြန်မာတွေက ဘယ်လို သဘောထားသလဲ။ အဲ့ဒါ သိဖို့ဆိုရင် သူတို့ ပြင်သစ်တွေက ဘယ်လိုသဘောထားသလဲလည်း အရင် လိုက်ရှာဖတ်ရတာပေါ့။ ပြင်သစ်မှာ Philosophers တွေ အများကြီးပဲလေ။ “Je pense donc je suis.” ဆိုတာ ပြင်သစ်စကား။ အဲ့ဒါတွေဖတ်ပြီးတော့ ကိုယ်က မြန်မာတွေကြားထဲမှာ အင်တာဗျူးတွေလိုက်လုပ်ရတယ်။ နယ်ပယ်အစုံ လူအစုံပဲ။ ရွာသာကြီးက လူနာတွေပါ လိုက်မေးတာ။ လိုချင်သလောက် sample size ရတော့မှ ပြန်လည်သုံးသပ်ဆွေးနွေးတယ်ကွယ်။ ထားလိုက်ပါ။ ဒီဟာ သီအိုရီတွေ။ လက်တွေ့ဘဝမှာ ကိုယ်က ပြင်သစ်စာ မသင်ခင်မှာ တော်တော်ညစ်နေတယ် လို့ ပြောခဲ့ဖူးတယ်နော်။ ပြင်သစ်စာ သင်ပြီးတဲ့နောက်မှာတော့ အရမ်းကြီးကို မြူးတူးပေါ့ပါးသွားတာလား။ အဲ့သလိုတော့ မဟုတ်ဘူးဗျ။ ကိုယ့်အခြေအနေက ထူးမခြားနားပါပဲ။ အရင်ကလည်း ရေရှား၊ အခုလည်း ရေရှား။ လောကဓံကတော့ လောကဓံအတိုင်းပဲလေ။ စိတ်ဆင်းရဲစရာတွေက ဘယ်အချိန်မှာမဆို ရှိပါတယ်။ သို့သော်လည်း ကျော်ဖြတ်လာနိုင်ခဲ့တယ်ဗျ။ ပျော်ရွှင်မှုဆိုတာတဲ့။ မြည်းတစ်ကောင်ရဲ့ရှေ့မှာ မုန်လာဥနီကလေးကို ကြိုးနဲ့ တွဲလောင်းလေး ဆွဲချထားသလိုပဲတဲ့။ နောက်ကတကောက်ကောက် လိုက်ရင်း နဲ့ လိုက်လေဝေးလေ။ ပြေးနေတာမျိုးပဲတဲ့။ တချို့ကလည်း သဲကန္တာရထဲမှာ တံလျှပ်ကို ရေထင်သလို တကယ်မရှိတဲ့ အချင်းအရာ တစ်ခုပဲတဲ့။ ဟုတ်လို့လား။ ကိုယ်ကတော့ အဲ့ဒီစာသားတွေမြင်ရင် သီချင်းသံလေးပါ ကြားယောင်လာပြီး “Salamaya Salama. Nagé Nagé Salama” ဆို ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ ထကမိတော့တာပဲ။ ဘဝမှာ ပေးထားချက်တွေက ပြောင်းလဲလို့ မရဘူးဆိုပေမယ့် အဲ့ဒီအပေါ်မှာ ရှိတဲ့ စိတ်ခံစားချက်တွေက ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုခြင်း၊ ရယ်ခြင်းတွေဟာ ဘယ်အရာမှ ထာဝရမမြဲဘူးမို့လား။ နေစမ်းပါဦးကွယ်။ အဲ့ဒါ ပြင်သစ်က ကိုယ့်ကို သင်တာလား။ ပြင်သစ်တွေကို ကိုယ်က တရားဟောနေတာလားတောင် မသဲကွဲတော့ဘူး။ ပိုက်ဆံများ ရှိလို့ကတော့ ပဲရစ်မြို့ကြီးကို အကြွေးနဲ့ ဝယ်ချင်ပါသေးတယ်။ အောင်မယ်။ မျက်နှာလာမပြောင်နဲ့။ ချဲပေါက်မှ ခေါ်တီးမယ့်ထဲမှာ ယူမပါဘူး။ မု မု။