ဆရာဝန်လုပ်သက် ၂ နှစ်ပြည့်ကာနီးတဲ့အခါ နယ်ပြောင်းရမှာ ကြောက်တဲ့အတွက် သင်ကြားရေးဘက်ကို ပြောင်းပါရစေဆိုပြီး လျှောက်လွှာတင်လိုက်လို့ ဆေး (၂) က ရောဂါဗေဒဌာနကို ရောက်သွားပါတယ်။ စာသင်ရတာ ဝါသနာပါလှတယ် မဟုတ်ပေမယ့် ရန်ကုန်မှာနေ၊ ကြော့ကြော့မော့မော့လေး ဝတ်စားပြီး စတိုင်လေးနဲ့ မလိုင်လေးနဲ့ လူလုံးပြတဲ့အလုပ်ကျတော့ ဝါသနာပါသည်လေ။ ကိုယ်တို့ခေတ်မှာ ဟိုးအရင်တုန်းကလို ဆရာဝန်အလုပ်ရဖို့ PSC မှာ အခါခါတန်းစီဖြေရတဲ့ဘဝမျိုး မဟုတ်တော့ဘူး။ အလုပ်ထဲမှာ ဆရာဝန်တွေရှားပါးလွန်းလို့ တစ်ခန်းနှစ်ခန်း လွတ်တောင် အလုပ်ထဲရောက်မှ ဆေးကုယူမယ်ဆိုပြီး ရသမျှ အကုန်ဆွဲခန့်နေရတဲ့အချိန်ပါ။ အရေးအခင်း ၃ နှစ် ကျောင်းပိတ်လိုက်ရတော့ ၃ နှစ်စာ ဆရာဝန်တွေ ပြတ်လပ်သွားပြီး မလည်ပတ်နိုင် ဖြစ်နေတာကိုး။
Patho Dept ကို ရောက်တဲ့အခါ ကိုယ်နဲ့ level တူ demonstrator တစ်ယောက်မှတောင် ရှိမနေပါဘူး။ တစ်ယောက်တည်းရှိတဲ့ ဆရာကိုကျော်ရွှေက ဝင်ခွင့်အောင်လို့ PG ကျောင်းသား ဖြစ်သွားပြီ။ အခု ဆေး (၁) မှာပါ/ချုပ်ဖြစ်နေတာ သူပါ။ တော်ပါသေးရဲ့။ အဲ့ဒီချိန်မှာလည်း ကလေးတွေဆန္ဒပြလို့ ကျောင်းတွေ အကြာကြီး ပိတ်ထားတာ။ ကိုယ်တို့ခေတ် ပညာရေးက ဒီလိုပဲ ဆန့်ငင်ဆန့်ငင် ကျောင်းပြီးရတာ။ ကိုယ်ဆိုသည်မှာလည်း ဆေးကျောင်းနဲ့ကင်းကွာသွားတဲ့အတွင်း သူတို့တွေ ဘာဖြစ်လို့ ကျောင်းတွေပိတ်သွားမှန်းတောင် မမှတ်မိလိုက်ဘူး။ အချိန်ကတော့ ၁၉၉၈ နှစ်သစ်ကူးလောက်မှာ။ ဆေး (၂) ကို မင်္ဂလာဒုံကနေ မြောက်ဥက္ကလာ အပြီးရွှေ့လာခဲ့တဲ့ကာလပေါ့။
စာသင်စရာ ကျောင်းသား မရှိပေမယ့်လည်း ပါ/ချုပ်ဖြစ်တဲ့ ဆရာဦးသာလှရွှေက သင်ကြားရေးတွေ အဆက်ပြတ် မသွားအောင် ဆရာ/ ဆရာမတွေကို သင်တန်းပေးပါတယ်။ အင်္ဂလိပ်စာဌာနကနေ English Language သင်ပေးတယ်။ ကွန်ပြူတာဌာနကနေ ကွန်ပြူတာအခြေခံ သင်ပေးတယ်။ အဲ့ဒါတွေက ကိုယ့်အတွက် တော်တော်အကျိုးရှိပါတယ်။ ကိုယ်က ကွန်ပြူတာဆို ခလုပ်ဘယ်နားက ဖွင့်ရမှန်းတောင် သိတာ မဟုတ်။ သင်ပေးရှာပါတယ်။ နောက်ပိုင်းမှာ Research Methodology တို့ ဘာတို့လည်း သွားတက်ရတယ်။ အရိုင်းကလေးဆိုတော့ တတ်အောင်သင်မှ ခိုင်းလို့ရမယ် မဟုတ်လား။ သင်ကြားရေး ဆရာဝန်ဆိုတာ ကုသရေးနဲ့ အတော်ခြားနားပါတယ်။ သဘောသဘာဝချင်း မတူပါဘူး။ ပညာရပ်ဝန်း၊ ပညာရပ်နယ်ပယ် လို့ ဆိုရမယ်။ ဆရာတွေ ပြောစကားအရ ဆေးပညာနယ်ပယ်မှာ ဒေါက်တိုင်ကြီး ၃ ခု တောင့်တင်းမှ ခိုင်ခိုင်မာမာ ရပ်တည်လို့ ရမယ်။ ကုသရေး၊ သင်ကြားရေး နဲ့ သုတေသန တဲ့။ ကိုယ့်မှာတော့ သုတေသန မလုပ်တတ်လို့ ငါ့အကြောင်းငါရေးပြီး ငါ့တေသန ပေပါတွေပဲ ထုတ်နေရတယ်။ ဒါပေမယ့် ပညာတတ်ပီပီသသ နေတတ်ဖို့၊ ပုံစံကလေးကျသွားဖို့ကို ဆရာကြီး ဦးသာလှရွှေနဲ့ မမအန်း (ပါမောက္ခဒေါ်အေးအေးမြင့်) က အများကြီး ပျိုးထောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ဆေးကျောင်းကို ကိုယ်က ကျောင်းသားတက်ပဲ တက်ခဲ့တာလေ။ အခုတစ်ခါကျတော့ ဆရာတက် ပြန်တက်ရတာပေါ့။ ၄ နှစ်တောင် ကြာခဲ့ပါတယ်။
သင်ကြားရေးရဲ့ သဘောသဘာဝကိုက အဲ့လို လူမွေးပြီး လေ့ကျင့်ယူတဲ့အလုပ်ကို မဖြစ်မနေ လုပ်ရပါတယ်။ ဒီနေရာမှာ လူမွေးတယ် ဆိုတာက တပည့်မွေး၊ ဆရာမွေး ဂိုဏ်းဖွဲ့တာမျိုး ကို ပြောတာ မဟုတ်ပါဘူး။ အလားအလာရှိတဲ့သူ တစ်ယောက်ယောက်ကို ပညာတတ်ဖြစ်တဲ့အထိ ပျိုးထောင်ယူရတာပါ။ နောင်ကျ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ရလာစေဖို့၊ သူကမှ အဲ့ဒီပညာရပ်တွေ သင်ကြားပို့ချနိုင်ဖို့ပါ။ အဲ့လိုမမွေးရင် မျိုးဆက်ပြတ်သွားမှာလေ။ မမအန်းတို့ မျိုးဆက်က ကိုလံဘိုမျိုးဆက်ပါ။ ကိုလံဘိုစီမံကိန်းက အထောက်အပံ့နဲ့ အင်္ဂလန်မှာ PhD သွားတက်ကြတယ်။ ပြန်လာတဲ့အခါ အကုန်လုံး ဂရိတ်ဦးဖိုးစိန်တွေ ဖြစ်ကုန်တယ်။ မမအန်းက Hematologist၊ မမနန်စီက Histopathologist၊ မမခရစ်က Microbiologist၊ အဲ့လိုမျိုး သူ့နယ်ပယ်နဲ့သူမှာ ပြိုင်ဘက်ကင်း။ ဒီရောက်တော့ သူတို့တွေမှာ ကလေးတွေကို စာသင်ရုံသက်သက် မဟုတ်ပဲ သူတို့ရဲ့ ပညာရပ်နယ်ပယ်ကို ကျယ်ဝန်းအောင် စောစောကပြောသလိုပဲ လူမွေးလေ့ကျင့်ပျိုးထောင်ပေးတဲ့အလုပ်ကို လုပ်ရပြန်တယ်။
မမအန်းတို့နောက်မှာက မွန်ဘူးရှူးမျိုးဆက်ရှိပါတယ်။ သူကတော့ ဂျပန်မှာ PhD ၅ နှစ် သွားတက်ရတာပါ။ အဲ့ဒါကတော့ ပြန်လာတဲ့သူ နည်းလို့ နောက်ပိုင်း ထပ်မပို့တော့ပါဘူး။ Patho က ဆိုရင်တော့ အမရီရီမြင့် ရှိပြီး နောက်ပိုင်း အငယ်တချို့ပို့တာတော့ မသိတော့ပါဘူး။ ကြားထဲမှာ ကြိုကြားကြိုကြား စင်္ကာပူ ထရိန်နင်လေးတွေ နည်းနည်းပါးပါး ရှိပါတယ်။ ဆိုလိုတာက သင်ကြားရေးမှာ နေမယ်ဆိုရင် မြန်မာပြည်က အောက်ဆီဂျင်နဲ့တော့ ငွါးငွါးစွင့်စွင့် မပွင့်ဘူး။ နန်နန်ဂျားက နေခြည်ဖြာမှ ပိုက်စွပ်ချွတ်လိုက်တဲ့ နှင်းဆီငုံကလေးလိို ကားကနဲပွင့်ထွက်လာမှာပေါ့။ အထဲ နဲ့ အပြင်က ရှုပုံမြင်ပုံ perspective ချင်းကိုက မတူတာလေ။ ဘယ်လိုပဲစဉ်းစားစဉ်းစားပါလေ။ မြန်မာပြည်က ဆေးတက္ကသိုလ်တစ်ခုခုမှာ ပါမောက္ခ/ ဌာနမှူး လုပ်တော့မယ် ဆိုတဲ့သူဟာ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံထားတဲ့ တက္ကသိုလ်ကြီးကြီးမားမားတစ်ခုခုကနေ ပညာသင်ဘွဲ့ရခဲ့တဲ့ အရည်အချင်းတစ်ခုတော့ လိုတယ်မှလား။ သူ့မှ မလေးစားရင် သူသင်တဲ့တပည့်တွေကိုလည်း ဘယ်သူမှ မလေးစားတော့ဘူးလေ။
ဒါပေမယ့် သင်ကြားရေးက လူမွေးတဲ့အလုပ်တွေကို အမြဲ ကဖျက်ယဖျက် လုပ်တာက ဝန်ကြီးဌာနကပါ။ သူတို့က ရေဗူးပေါက်တာ မလိုချင်ဘူး ဆိုတဲ့သူတွေလေ။ ဆရာဝန်တစ်ယောက်ကို လစာပေးပြီး ၅ နှစ်လောက် နိုင်ငံခြားကို လွှတ်ထားရတာ တိုင်းပြည်အတွက် နစ်နာတယ်။ လုပ်အားတွေ ဆုံးရှုံးတယ်။ နင်တို့ ဒီထဲမှာပဲ တတ်အောင် မသင်နိုင်ကြဘူးလား။ သူတို့ပေးတဲ့ ဘွဲ့တွေ ကိုယ့်ဘာသာကိုယ် ပေးလို့ မရလို့လား။ ဘာလို့ မရရမှာလဲ။ ဦးခင်ရွှေတို့၊ နေဇင်လတ်တို့တောင် ဒေါက်တာဘွဲ့တွေ ရကုန်မှဟာ။ ပေးချင်သပဆိုလည်း ပေးပေါ့ကွယ်။ FRCS, MRCP ဆိုတာ သီရိသုဓမ္မသိင်္ဂီလို စလွယ်သိုင်းလိုက်ရုံနဲ့ ပညာတွေတတ်သွားတာမှတ်လို့။ ဒါတွေ သူတို့နားမလည်ပါဘူး။ ဟိုမှာကျောင်းတက်နေတဲ့ တို့လို့တန်းလန်း PhD တွေကို ဗီဇာသက်တမ်း တိုးမပေးတော့ဘူး။ “အခု ပြန်လာရင်လာ။ မလာရင် အလုပ်ထုတ်တယ်။” ဆို စာတွေပို့ရော။ ဘယ်သူကပြန်လာမှာလဲ။ ဦးနှောက်ရှိရင် စဉ်းစားကြည့်ပေါ့ကွယ်။ အရပ်သား ဆရာဝန်တွေက မယုံကြည်ရဘူး။ မျိုးချစ်စိတ်မရှိကြဘူး။ နန်နန်ဓျားလွှတ်ရင် ပြန်ကို မလာကြဘူး။ အဲ့ဒါကြောင့် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ရှိတဲ့ တပ်မတော်သားချာဝင်တွေကိုပဲ ရုရှားပြည် ပညာတော်သင် လွှတ်ကြမယ်။ အိုကေပါဗျာ။ အခုဆို အသီးတွေတောင် တော်တော်တင်နေမှပဲဟာ။ ချိုတယ်ထင်ရင် စိုက်လိုက်ပါဦး။
အရင်ခေတ်ကမွေးထုတ်ထားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေမှာ ဇရာဆိုတာ ရှိတယ်။ အခုဆို သူတို့အကုန် ပင်စင်သွားကုန်ပြီ။ သူတို့ သင်ကြားလေ့ကျင့်ပေးထားတဲ့ တပည့်တပန်းတွေ အားမကိုးလောက်တာတော့ မဟုတ်ဘူး။ ဆေးပညာဆိုတာ ရပ်တန့်နေတဲ့ကိစ္စမှ မဟုတ်တာ။ ကိုယ်တို့ ဆရာဝန်ဖြစ်ကာစကသုံးတဲ့ Adelphane, Reserpine. Persantin ဆိုတဲ့ ဆေးမျိုးတွေ ဒီနေ့ ဘယ်သူမှ မသုံးတော့ဘူး။ ရမ်းကုတွေတောင် မသုံးဘူး။ ဆရာဝန်တွေ ဆေးပညာနယ်ပယ်မှာ up to date ဖြစ်ဖို့ဆိုတာ exposure လိုတယ်။ တံခါးပိတ်ဝါဒနဲ့ အဆင်မပြေဘူး။ ဒီတိုင်းပြည်က ဆရာဝန်များများထွက်ချင်ရင်၊ ထွက်သမျှ ဆရာဝန်တွေ အရည်အသွေး မီချင်ရင် သူတို့ကို သင်ပေးတဲ့ သင်ကြားရေးဆရာဝန်တွေကို ပိတ်လှောင်ထားလို့ မရဘူး။ စစ်သားကမှ မျိုးချစ်စိတ်ပြင်းတယ်ထင်ရင် တရုတ်ဘော၊ ရုရှားဘော၊ ရှယ်ပလန်နဲ့ မ နေတဲ့ ကာချုပ်ကြီးကို မြင်အောင်သာကြည့်။ တခြား အဝေးကြီး သွားကြည့်မနေနဲ့။
ကိုယ်တို့ကျောင်းတက်တုန်းက ဒိတ်ဒိတ်ကြဲဆရာကြီးတွေ ရှိတယ်။ ဒေါက်တာမောင်မောင်ညိုတို့၊ ဒေါက်တာဦးညွန့်ဝေတို့၊ ဆရာကြီး ဦးဘာချွန်တို့။ အဲ့လို ဆရာကြီးတွေလည်း ဥကပေါက်တာ မဟုတ်ဘူး။ တကူးတက မွေးထုတ်ပျိုးထောင်ယူထားရတာ။ ဆေးကျောင်း ၃ နှစ်ပိတ်လိုက်တာတောင် ဆရာဝန်သစ်လွင် ၃ နှစ်စာ အဆက်ပြတ်သွားရင် သင်ကြားရေးမှာ လူသစ်မမွေးပဲ ရှိသလို ကြုံသလိုလေး လုပ်သွားရင် ဘာတွေဖြစ်သလဲ အခု သိပြီ မဟုတ်လား။ ကိုယ်တို့ဆီက လူမမွေးတော့ သူများဆီက ကောက်စားပါတယ်။ ကိုယ်စာသင်ပေးတဲ့ တပည့်တွေ သူများနိုင်ငံတွေမှာ PhD ရနေတဲ့သူတွေ ရှိပါ့။ သူများတိုင်းပြည်အတွက်ပဲ အလုပ်လုပ်တော့မှာလေ။ Cream of the crops က အထဲမှာ တစ်ယောက်မှ မကျန်ဘူး။ ကိုယ်လို ငဆွေးငပွေး ငဆားနူတွေပဲ ကျန်ခဲ့တာ။
ဆရာဝန် အရေအတွက် များများလိုလို့ ဆေးတက္ကသိုလ်တွေ တိုးချဲ့တာ လွယ်ပါတယ်။ ဘတ်ဂျက်တင်၊ အဆောက်အဦဆောက်၊ ကျောင်းသားတွေ ပို့လွှတ်လိုက် ဖဲကြိုးဖြတ်လို့ ရတာပေါ့။ အဲ့ဒီမှာ သင်မယ့်ဆရာကျတော့ မွေးမထုတ်ပဲနဲ့ ပရိုမိုးရှင်းလိုချင် ခဏလောက် သွားအုလိုက်ပါ ဆိုပြီး ကိုယ်သောက်ညင်ကပ်တဲ့ကောင်တွေ ကန်ထုတ်ဖို့ ထားတဲ့အခါ အဲ့ဒီကနေ ဘယ်လိုကလေးတွေ ထွက်လာမလဲ စဉ်းစားသာကြည့်။ ရှေးကလူတွေက ကိုယ်ပင်စင်ယူရင် ဘယ်သူ့ကို စိတ်ချလက်ချ ထားခဲ့နိုင်မလဲ။ အဲ့ဒီလူကို အရည်အချင်းပြည့်အောင် ပျိုးထောင်သင်ပြယူတာ။ အခုလူတွေက ပင်စင်ယူတဲ့အခါ နောက်ကွယ်က ကြိုးကိုင်လို့ရအောင် ဘာမှမတတ်တဲ့၊ မလှန်နိုင်တဲ့ တစ်ယောက်ကို မတန်မရာ နေရာပေးပြီး ရုပ်သေးမင်းသား တင်တာ။ ရာထူးကြီးလာရင် ကိုယ့် ဒုက္ခပေးမယ့်သူဟာ ကိုယ့်အောက်မှာပဲ ရှိတယ် ဆို အကုန်လုံးကိုဖိနှိပ်ထား၊ တက်မလာစေနဲ့ ဆိုတာမျိုး။ တစ်ယောက်အဆင်း၊ တစ်ယောက်အတက်မှာ သူ့လူ ငါ့လူခွဲပြီး ဖယ်ထုတ်ချောင်ထိုးထားတာမျိုးဟာ ကိုယ်တို့ဆေးလောက ပျက်စီးခြင်း အကြောင်းတရားပါပဲ။
မမအန်းဟာ သူ့ဌာနမှာ မွေးထုတ်ထားတာ အကြီးထဲကဆို ဒေါ်မြတ်မွန်၊ ဒေါ်တင်ဌေး၊ ဒေါ်အေးအေးသိုက် နဲ့ ဒေါ်မေအင်မရယ် ပါ။ ၂ ယောက်ကတော့ အခု နိုင်ငံခြားရောက်သွားပြီ။ အငယ်ထဲမှာဆိုရင်တော့ ကိုကျော်ရွှေ၊ မညိုမီ နဲ့ စောဝတ်မှုန်ပါ။ အကုန်လုံး ပါ/ချုပ်၊ ပါ/မှူးတွေ ဖြစ်ကုန်ပြီ။ ဒါက ကိုယ်နဲ့ ဆေး (၂) မှာ တစ်ဌာနတည်း အတူတူ လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ ရှိသေးတယ်။ တခြားတပည့်တပန်းတွေ သူ့မှာ အများကြီးပါ။ ကိုယ့်ကိုရော သူမွေးမထုတ်ခဲ့ဘူးလား ဆိုရင် Pathologist အနေနဲ့သာ မမွေးတာပါ။ Surgeon တစ်ယောက်ဖြစ်လာဖို့ သူ့အသင်အပြ အဆုံးအမနဲ့ မကင်းပါဘူး။ ပညာတတ်၊ ပညာရှင်ဆိုတာ ဘယ်လိုနေရထိုင်ရတယ်။ ဘယ်လိုစိတ်ဓါတ်ထားရတယ် ဆိုတာ သူသင်ပြလေ့ကျင့်ပေးတဲ့ အရာတွေပါ။ အဓိကကတော့ မဟုတ် တာတွေ မလုပ်ရဘူးဆိုတဲ့ ကျင့်ဝတ်သိက္ခာပိုင်းတွေကို ကိုယ့်အဖွားက ကိုယ့်ကို ဆုံးမသည့်အလား ကွပ်ညပ်သင်ပြပေးပါတယ်။ အရမ်းလည်း ကျေးဇူးတင်မိပါတယ်။ သူတို့မှာရှိတဲ့ ပညာမာန က ပိုက်ဆံ နဲ့ ပါဝါကို အောက်မကျို့ဘူး။ အဲ့ဒီတစ်ခုတော့ တအားသဘောကျတယ်။
ဒါကတော့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ၉၈၊ ၉၉၊ ၂၀၀၀၊ ၂၀၀၁ ကာလတွေက သင်ကြားရေးနယ်ပယ် ရပ်ဝန်းပါ။ Teaching ဘက် သွားရင် စာသင်ရုံတစ်ခုတည်းနဲ့ ကိစ္စမပြီးဘူး လို့ နားလည်ခဲ့ရပါတယ်။ ကိုယ် အဲ့ဒီမှာ ဌာနကထွက်သမျှ research paper တွေ ထိုင်ရိုက်ပေးခဲ့တယ်။ Scientific writing ဆိုတာ ဘယ်လိုမျိုးလဲ သိခဲ့တတ်ခဲ့တယ်။ Proposal တင်တာ၊ Grant လျှောက်တာ၊ Thesis defend လုပ်တာလည်း သိခဲ့မြင်ခဲ့တယ်။ ဌာနတစ်ခုဟာ Paper တစ်ခုမှ မထွက်ရင် ဘာအလုပ်မှ လုပ်မနေတာနဲ့ အတူတူပဲ ဆိုတာလည်း ကြားခဲ့ရတယ်။ အများကြီးပဲနော်။ သိစရာတတ်စရာတွေ။ ဆရာဆိုတာ ပညာကို လက်ဆင့်ကမ်းတဲ့သူလေ။ ပြိုင်စံမပေါ် နိုင်ငံကျော် တစ်ဆူကဝိ ပညာရှိဖြစ်ဖို့ လက်ဆုပ်မဖြေစတမ်း ချုပ်ကိုင်ထားရတဲ့ နေရာမှ မဟုတ်တာ။ teaching က ဆရာတွေဟာ clinical မှာလို အရမ်းချမ်းသာတဲ့၊ အရမ်းဝင်ငွေကောင်းတဲ့ တိုင်းသိပြည်သိ ဆရာဝန်ကြီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ တဘက်ကမ်းခတ် တတ်မြောက်တဲ့သူတွေချည့်ပါပဲ။ ဒီလိုလူတွေက အလေ့ကျမပေါက်ပါဘူး။ တကူးတက ပျိုးထောင်ယူရပါတယ်။ ဆရာဝန်တွေ နိုင်ငံခြားထွက်တာ Gucci, LV ဝယ်ဖို့ ပိုက်ဆံသွားရှာတာ မဟုတ်ဘူး လို့ သဘောပေါက်နိုင်ကြပါစေသော်။