ပျော်ရွှင်ခြင်းနိုင်ငံ

ကိုယ့်ဘဝမှာ စံနစ်တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့တယ် ဆိုရင် အဲ့ဒါ မဆလခေတ် ပညာရေးစံနစ်ရဲ့ သားကောင် လို့ ပြောရမှာပါပဲ။ ဘယ်တတ်နိုင်မလံ။ ဒီတိုင်းပြည်ထဲမှာ မွေးဖွားကြီးပြင်းပြီး ဒီကျောင်းတွေမှာ ပညာသင်ယူခဲ့ရတဲ့ လူငယ်တိုင်း ဒီလိုပဲ ဖြတ်သန်းကြရတာပဲဟာ။ အထင်သေးတဲ့ အပြစ်မြင်တဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းခဲ့ရပုံလေးပဲ ပြောပြမှာ။ ညံ့စရာရှိ ကိုယ်ညံ့လို့ပေါ့။ ကိုယ့်ဆရာတွေက အကုန်တော်တယ်။ အဲ့ဒီအမှန်တရား လက်ကိုင်ထားပြီးမှ ကျန်တာဆက်ဆွေးနွေးကြမယ်နော်။ နို့မို့ဆို ဆရာကာပြန် အာခေါင်လှံစူး ဖြစ်နေမယ်။ တကယ်တော့ ကိုယ်ပြောချင်တာ လူတွေကို ပြောမှာမှ မဟုတ်တာ။ စံနစ်ကိုပဲ ပြောချင်တာ။

အမ်းမှာနေတုန်းက အဲ့ဒီအကြောင်းကို “ပညာရေး။ ဝေးသည်။ မရှိ။” လို့ စာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အဲ့ဒီစာကို ကိုယ့်ဆရာကြီးတစ်ယောက်က ဖတ်မိတယ် ထင်ပါရဲ့။ စကားစပ်မိတဲ့တစ်ရက်မှာ သမားတော်ကြီးတစ်ယောက်အကြောင်း ပြောဖြစ်ကြတယ်။ အဲ့ဒီဆရာက ကိုယ်တို့ ဟောက်ဆာဂျင်ဆင်းတဲ့ Medical Ward မှာ FA လုပ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်တုန်းက FA တွေဆိုတာ အင်မတန်ရုန်းကန်ရတယ်။ ဂျူတီကများ၊ ဆေးခန်းကမထိုင်နိုင်၊ အင်္ဂလန်သွားနိုင်ဖို့၊ MRCP ဖြေနိုင်ဖို့ အသည်းအသန်ကြိုးစားရတာ လူရုပ်ကို မပေါ်ပါဘူး ဆိုစို့ကွယ်။ ဒီဆရာက အင်္ဂလိပ်စာအားနည်းလေတော့ IELTS ဖြေတဲ့အခါမှာ အခက်တွေ့တယ်။ အဲ့ဒါနဲ့ အားလပ်ရက်တွေမှာ ဆရာကြီးရဲ့မေမေဆီမှာ English Speaking တက်လေ့ရှိပါတယ်။ နှစ်ဦးစလုံးသိတဲ့သူတစ်ယောက်ကို ဆွေမျိုးစပ်ပြတာပါ။ ဇာတ်ပေါင်းသော် ထိုဆရာကား မြန်မာပြည်ရဲ့ ထိပ်တန်းသမားတော် Physician ကြီးတစ်ယောက် ဖြစ်လို့နေပါသဗျ။ ကိုယ့်ဆရာသမား ပြောချင်တာကတော့ မြန်မာပြည်ပညာရေးစံနစ်ကြီးက ချွတ်ခြုံကျနေတဲ့ ဗွတ်ကလုံမကြီးတော့ မဟုတ်သေးပါဘူး။ အဲ့ဒီဆရာလို ဖင်ထဲ ရွှံ့တစ်ခွဲသားဝင်တဲ့ လယ်သမားသားသမီး ဆရာဝန်လေးတစ်ယောက်ဟာလည်း အချိန်တစ်ခုရောက်တဲ့အခါ ကားအကောင်းစားကြီးစီး၊ ဂေါက်ကလေးရိုက်လိုက်၊ ဆေးခန်းတကာ ပတ်ထိုင်လိုက်နဲ့ သားသမီးတွေတောင် နိုင်ငံခြားမှာ ကျောင်းထားနိုင်တဲ့ သူတစ်ယောက် ဖြစ်သွားတာပဲလေ။ ဟုတ်ပါ့ဗျာ။ မငြင်းနိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် ကိုယ် မငြင်းတာက “အရင်တုန်းက ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန်၊ အချိန်တန်တော့လည်း ကြိုးစားမှုရဲ့ အသီးအပွင့်တွေ ခံစားရတာပေါ့။” ဆိုတဲ့ ဝိုင်းခြုံမ အကြော်သည်ဇာတ်လမ်းမျိုးကို မဟုတ်ပါဘူး။ အဆုံးသတ်က “သူ့သားသမီးတွေတောင် နိုင်ငံခြားမှာ ကျောင်းသွားထားတယ်” ဆိုတာပါ။ ဘာပဲဖြစ်ဖြစ်လေ။ ဆရာ နဲ့ တပည့် ဆိုတာ အငြင်းအခုန်လုပ်ရမယ့် အနေအထားမျိုးမှ မဟုတ်တာ။

လူတစ်ယောက်ရဲ့ တိုးတက်ကြီးပွါးခြင်းမှာ ပညာရေးက ဘယ်လောက်အတိုင်းအတာထိ ပါဝင်သလဲ။ လူတစ်ယောက်ရဲ့ အသိအလိမ်မာ ဉာဏ်ပညာမှာရော ပညာရေးက ဘယ်လောက်အထိ တည်ဆောက်ပေးနိုင်သလဲ။ လူတစ်ယောက်ရဲ့ အတွေးအခေါ် နဲ့ အမူအကျင့်တွေကိုရော ပညာရေးက ဘယ်လောက်ထိ ပြောင်းလဲ ပေးနိုင်သလဲ။ အကုန်လုံးကတော့ “Yes” လို့ ဖြေရမှာပါပဲ။ ပြီးရင်တော့ နောက်ကလိုက်ပြီး “To certain extent.” လို့ ရှင်းလင်းချက်ပေးရလိမ့်မယ်။ အတိုင်းအတာတစ်ခုအထိ ဆိုကြပါစို့။ အဲ့ဒီအတိုင်းအတာကို ဘာနဲ့တိုင်းမှာလဲ။ အောင်စာရင်းနဲ့လား။ ဘွဲ့လက်မှတ်နဲ့လား။ လစာဝင်ငွေနဲ့လား။ ကိုင်း မေးစမ်းပါရစေ။ ကြင်နာသူ ဘယ်လိုလဲ။ ဘယ်လောက်ထိ ချစ်မလဲ ပြော။

ကိုယ်တို့ရဲ့အထက်တန်းပညာရေးစံနစ်က သူငယ်တန်း ၁ နှစ်။ ၁၀ တန်းအထိ၊ ပေါင်း ၁၁ နှစ်ကျောင်းတက်ရတယ်။ မူကြိုကို မတွက်ဘူး။ မူကြိုက ကျောင်းပျော်အောင် ကလေးထိန်းတဲ့ သဘောပဲ ရှိတယ်။ ၅ နှစ်မှာ ကျောင်းစ နေရင် ၁၆ နှစ် ဆယ်တန်းအောင်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆိုပြီး ခွဲထားလိုက်တယ်။ အခုခေတ်မှာလို Grade 1-12 မဟုတ်ဘူး။ ကိုယ်က ၈ လပိုင်း အကုန်မှာမွေးတဲ့သူဆိုတော့ ကျောင်းက လက်မခံဘူး။ စာရွက်စာတမ်းတွေမှာ အသက်လိမ်တာကျတော့လည်း အိမ်က မလုပ်ချင်ဘူး။ အဲ့ဒါကြောင့် အညာမှာ ကျောင်းပျော်အောင် တစ်နှစ်သွားနေတာ။ ပျော်ရင် တက်တယ်။ မပျော်ရင် “သား ဒီနေ့ နေမကောင်းဘူး။” ဆို လိုက်မသွားတော့ဘူး။ လူတကာနဲ့ပေါင်း၊ လူတကာနဲ့ဆော့၊ နေရာတကာ လိုက်စပ်စုတဲ့အခါကျတော့ ရန်ကုန်မှာ ကျောင်းပြန်နေတဲ့အခါ သူငယ်တန်း နဲ့ အိမ်ကို တိုင်စာရောက်တာပဲ။ “မောင်စိုးမင်း သည် စကားအလွန်များပါသည်။ စာလည်း ပြီးအောင် မရေးပါ။”ဆိုပြီး မိဘအခေါ်ခံရတယ်။ အဲ့ဒီကတည်းက အားနည်းချက်ကတော့ ခုထက်ထိ လက်ရေးညံ့တုန်း။ မူလတန်းအရွယ်မှာ ကျောင်းစာကို စိတ်မဝင်စားပါဘူး။ မြင်မြင်သမျှစာတွေ လိုက်ဖတ်ဖို့ပဲ သိတယ်။ ဗယာကြော်ထုပ်တဲ့ သတင်းစာစက္ကူတောင် မချန်ဘူး။ နားရည်ဝတာကတော့ အဲ့ဒီအရွယ်မှာ အဖွားနဲ့ တရားပွဲတွေ လိုက်လိုက်နာရတာကြောင့် ဇာတကတွေ၊ ပုံတိုပတ်စတွေ အကုန်သိတယ်။ ဒီအရွယ်ကလေးတွေကို “ဆရာဝန်ဖြစ်ဖို့ ကျနော်ကျိုးစားမည်။ လူရည်ချွန်ဖြစ်ဖို့ ကျနော်ကြိုးစားမည်။” ဆိုတာက ဂျင်းပဲ။ ဘယ်သူမှ ဘာမှ မဖြစ်ချင်ဘူး။ စားမယ်။ ဆော့မယ်။ အိပ်မယ်။ ဒါပဲ သိတာ။

၅ တန်းနှစ်မှာ ကိုရင်ဝတ်ပြီးတဲ့နောက် သူများကလေးတွေလို ထွားမလာပဲ ပိုပြီး ပိန်ကျစ်သေးညှက်လာတယ်။ အကြောင်းကတော့ တစ်ယောက်တည်း အိမ်တွင်းပုန်းပြီး တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ အကျင့်ရလာလို့။ အိမ်က ဘယ်လောက်ဆူဆူ ဝတ္ထုတွေ၊ ကာတွန်းတွေ ခိုးဖတ်တတ်လာပြီ။ ပန်းချီဆွဲတာ ဝါသနာပါလို့ ကျောင်းပိတ်ရက်တိုင်း ပန်းချီသင်တန်းတက်တယ်။ အားနေရင် ပုံပဲဆွဲနေတာ။ ရှစ်တန်းအောင်တော့ ပန်းချီကျောင်း တက်ချင်တယ် ပူဆာတယ်။ အဖေက ခွင့်မပြုဘူး။ ပန်းချီဆွဲတာပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ သန်မာထွားကြိုင်းဖို့ အထောက်အကူမပြုတာတော့ အတူတူပဲလေ။ အဖေက သိုင်းသင်တန်းတွေ အတင်းပို့ပေးလည်း ကိုယ်ဝါသနာပါတာ မဟုတ်လို့ မဖြစ်ထွန်းပါဘူး။ ဒါပေမယ့် ကျောင်းစာမှာတော့ တော်လာတယ်။ အိမ်ကတိုက်တွန်းလို့၊ ဆရာမက ဆူလို့ မဟုတ်ပါဘူး။ မခံချင်စိတ်ကြောင့်ပါ။ စာတော်တဲ့ကလေးကို ဆရာမတွေက ပစားပေးတာမြင်ရင် “ငါလည်း အဲ့သလောက်တော့ တတ်နိုင်ပါတယ်။” ဆိုပြီး စာတွေ တွန်းကျက်လို့။ ၇ တန်းနှစ်လောက်ကစပြီး ညဉ့်နက်သန်းခေါင်အထိ စာကျက်တဲ့အကျင့်ရသွားတယ်။ အချင်းချင်းလည်း အကျောမခံဘူး။ စာပြိုင်တယ်။

ဆယ်တန်းနှစ်မှာ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုကတော့ လူတကာက မေးလာကြတဲ့ MC , RIT ဝင်နိုင်ပါ့မလား ဆိုတာပါ။ အဲ့ဒီခေတ်တုန်းက ဆေးကျောင်းကို Medical College (MC) လို့ ခေါ်ကြတယ်။ ဆယ်တန်းမှာ အမှတ်အများဆုံးနဲ့အောင်တဲ့ ကျောင်းသားတွေသာ အဲ့ဒီကျောင်းတွေ တက်ခွင့်ရတယ်။ လူဦးရေကန့်သတ်ထားလို့။ ကိုယ့်သဘောအတိုင်းဆိုရင်တော့ ဆရာဝန်လည်း မလုပ်ချင်ပါဘူး။ ဆေးကျောင်းလည်း မတက်ချင်ဘူး။ တချိန်လုံး စာကျက်နေရမယ့် ဘဝမို့လို့။ ကိုယ့်အနေအထားနဲ့ ဖြစ်နိုင်မယ် လို့လည်း မထင်ပါဘူး။ ကိုယ့်ရှေ့က အမတွေတောင် မအောင်သေးဘူး။ သူတို့ပြောတာ “ဆယ်တန်းဆိုတာ နတ်ကြီးတယ်။” တဲ့။ ဒီလိုနေရင်း ဆယ်တန်းနှစ်မှာ အဖေဆုံးသွားတယ်။ လေဖြတ်သွားတဲ့ လူမမာကို မလုပ်တတ်မကိုင်တတ်နဲ့ တစ်ညလုံး ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ဘဝကို စိတ်နာတယ်။ ဒါကြောင့်မို့ ဆရာဝန်ဖြစ်အောင်လုပ်မယ် လို့တော့ ဆုံးဖြတ်လိုက်တယ်။ တကယ်ဖြစ်မဖြစ်တော့ ဘယ်သိဦးမှာလဲ။

ကိုယ်တို့နှစ်ရဲ့ ဆယ်တန်းပညာရေးစံနစ်ကတော့ အလွတ်ကျက်ပြီးဖြေ။ အဖြေများများမှန်ရင် အမှတ်များများ ရမယ် ဆိုတဲ့ စံနစ်ပါ။ ဆရာတွေကလည်းဘယ်လိုမှတ်မိအောင် အလွတ်ကျက်ရမလဲ ဆိုတာပဲ နည်းပေးလမ်းပြတယ်။ သီချင်းကလေးတွေနဲ့ မှတ်မှာလား။ “ဒါတွေ့ရင် ဒါထည့်ရတယ်။” ဆိုတဲ့ ဖော်မြူလာတွေနဲ့ ဖြေမလား။ ခန့်မှန်းမေးခွန်းတွေ တည့်တည့်တိုးရင် အမှတ်အများကြီး ရပြီး မမြင်ဖူးတဲ့ unseen တွေလာရင် ဘယ်သူမှ မဖြေတတ်တဲ့ စာမေးပွဲများပါပဲ။ အမှတ်ပေးစည်းမျဉ်းတွေဟာလည်း အမေမှာတဲ့ ဆန်တစ်ခွဲ ဆိုရင် ၃ စိတ်နဲ့လည်း မလဲဘူး။ ၄ စိတ်နဲ့လည်း မလဲဘူး။ အတိအကျ မှ အတိအကျ။ အထက်တန်းကျောင်းတွေအားလုံးမှာ ဆယ်တန်းကို ပထမအစမ်းစာမေးပွဲစစ်တဲ့ အောက်တိုဘာအထိပဲ ကျောင်းမှာသင်ကြတယ်။ အဲ့ဒီကပြီးရင် private study ပေးလိုက်ပြီ။ ကိုယ့်ဘာသာ အိမ်မှာပြန်ပြီး စာကျက်ကြ။ ကျူရှင်တက်ချေကြ။ ကျူရှင်မှာတောင်မှ အတန်းတစ်တန်း လူ ၁၀၀-၂၀၀ အပြည့်နဲ့ လပြတ်သင်တဲ့ကျူရှင်၊ အိမ်မှာ ၅ ယောက်တစ်ဖွဲ့၊ ဆယ်ယောက်တစ်ဖွဲ့ စုပြီးသင်တဲ့ ဝိုင်းကျူရှင် ဆိုတာတွေ ရှိတယ်။ ဈေးက ဆယ်ဆမကတော့ ကွာတယ်။ အချိန်အကန့်အသတ်အရ ဘယ်ကျူရှင်မှ သင်ရိုးကျွတ်အောင် မသင်နိုင်တဲ့အခါ စာမေးပွဲမှာ သင်ထားတဲ့အထဲက များများပါရင် အမှတ်များများရမယ် ဆိုပြီး တားဂက်ထားကြတယ်။ စာမေးပွဲပြီးတာနဲ့ ကျူရှင်ရှေ့ ဆိုင်းဘုတ်ပိုစတာကြီးထောင်ပြီး ဘယ်နှစ်မှတ်ဖိုး အပြတ်တိုးတဲ့ ကျူရှင်ပါ ဆိုပြီး ကြော်ငြာတယ်။

ကိုယ်ကတော့ နှစ်စကတည်းက ဂျင်းမိတယ် ပြောရမှာပဲ။ ကိုယ်တို့ရှေ့နှစ်က ဆေးကျောင်းဝင်တဲ့ ကျောင်းသားတွေကို ကျူရှင်က ပရိုမိုးရှင်းဆင်းပြီး “အားကျစေချင်လွန်းလို့” လုပ်တဲ့အခါမှာ နောင်တော်ကြီးက “ဆယ်တန်းကျောင်းသား ဆိုတာ တစ်ညကို ၅ နာရီပဲ အိပ်ရပါတယ် ငါးကောင်တို့။ လူတစ်ယောက်မှာ တစ်နေ့အိပ်ချိန် ၅ နာရီဆို လုံလောက်ပါတယ်။” တဲ့။ ဘယ်သူတွေ ယုံတယ် မယုံတယ်တော့ မသိပါဘူး။ ကိုယ့်မှာတော့ အဟုတ်ကြီးမှတ်ပြီး သန်းခေါင်ကျော်မှ အိပ်ယာဝင်လည်းပဲ နောက် ၅ နာရီအကြာကို နှိုးစက်ပေးပြီး အိပ်ရပါတယ်။ စာမေးပွဲဖြေတဲ့ရက်တွေဆို ညအိပ်ရင်လည်း အိပ်လို့မပျော်တော့ဘူး။ မျက်လုံးကြီး ကြောင်နေတာ။ အိပ်ပျော်သွားပြန်တော့လည်း “ငါတော့ သေပါပြီ။” ဆို နောင်တများစွာနဲ့ နိုးထလာရတဲ့ဘဝ။ စာတွေက ကျက်ပင်ကျက်ငြားသော်လည်း ဘယ်လိုလုပ်ပြီး ခေါင်းထဲဝင်တော့မှာလဲ။ ဒါတောင် ကိုယ်က မှတ်ဉာဏ် အလွန်ကောင်းတဲ့အထဲမှာပါပါတယ်။ ကိုယ်ကိုယ်တိုင် စိတ်ဝင်စားရင်ပေါ့။ စာစီစာကုံးတစ်ပုဒ် အစအဆုံးဖတ်ပြလို့ ကိုယ်ကြိုက်တယ် ဆိုရင် တစ်လုံးမကျန် ပြန်ရေးပြနိုင်တယ်။ ဒါပေမယ့် ခိုင်းလို့လုပ်ရတယ်ဆိုရင် စိတ်ကိုမပါဘူး။ ကိုယ်ဘယ်လောက်ကျက်ကျက် ကိုယ့်မှာ ကျက်စာတွေ အကုန်အားနည်းပါတယ်။ ခေါင်းထဲမှာ အရောရော အထွေးထွေးနဲ့ အထားအသို မကျလို့။ ကိုယ့်ကို အမှတ်တွေ သယ်သွားပေးတာက မြန်မာစာ နဲ့ အင်္ဂလိပ်စာ ဆိုတဲ့ language skills တွေ။ အဲ့ဒါ အလယ်တန်းကသင်ပေးတဲ့ ကိုယ့်ဆရာတွေ အိမ်စာအပေးကောင်းလို့ပဲ။ အင်္ဂလိပ်သဒ္ဒါရော၊ မြန်မာသဒ္ဒါရော အမှားအယွင်း မရှိအောင် အိမ်စာတွေပေးတာ။ တစ်ပါတ်မှ အားမနေရဘူး။ ဆရာကြီးဦးသိန်းနိုင် ကျူရှင်ကလည်း တစ်ပါတ်ကိုတစ်ပုဒ် စာစီစာကုံးတွေ ပုံမှန်ရေးခိုင်းတာ။ မမြရတနာစိုး တို့ မညိုမီခိုင်သန်းလှိုင်တို့ဆိုတာ တို့ကျောင်းသား စာစီစာကုံးပြိုင်ပွဲမှာ အမြဲဆုရနေကျ ကိုယ့်ရဲ့ အိုင်ဒေါကြီးတွေပေါ့။ ကိုယ်ကဖြင့် ဘာဆုမှ မချိတ်ဖူးပါဘူး။ ဒါပေသိ ရေးတာတော့ မပြတ်ရေးတယ်။ နောက်ဆုံးတော့ အဲ့သလို အလေ့အကျင့်၊ အထုံပါလာတဲ့ ဘာသာရပ်တွေကပဲ အမှတ်တွေကောင်းပြီး ကျက်စာတွေက ရှေ့ရောက် နောက်မေ့ရယ်။ ၁၆ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့တော့ ဆယ်တန်းစာမေးပွဲကို torture တစ်ခုအနေနဲ့ ခံစားရပါတယ်။

စာမေးပွဲပြီးပြီးချင်း ကိုယ်လုပ်တဲ့အလုပ်ကတော့ ဆယ်တန်းရောက်ကတည်းက သိမ်းထားရတဲ့ ပန်းချီဆွဲတဲ့ ပစ္စည်းတွေ ထုတ်ပြီး နောက်တစ်နေ့မှာ ဆရာဦးသောင်းဟန်ဆီကို ပန်းချီသင်တန်း ပြေးတက်တာပါပဲ။ ပန်းချီဆွဲတယ်။ စာအုပ်ဖတ်တယ်။ နေ့ရှိသ၍ အဲ့ဒါပဲ လုပ်တယ်။ ကျန်တာ ဘာမှ မလုပ်ဘူး။ သူများက စာမေးပွဲ ဖြေနိုင်သလား မေးရင် “မသိဘူး။ ဖြေတော့ ဖြေလိုက်တယ်။” ပဲ။ အမေက စိတ်ပူတယ် လို့ ပြောရင် ဘုရားတွေပါတ်ပြီး အဓိဌာန်ပုတီးစိတ်ပေးလိုက်တယ်။ ဒါပဲ။ ကိုယ့်တာဝန်က ကျေပြီ။ ကျန်တာ ဘုရား သိကြား မဖို့ပဲ ကျန်တော့တယ်။ ကိုယ့်ဘဝမှာ ကျောင်းနေပျော်သလား လို့ မေးရင် မပျော်ပါဘူး။ စာတွေ အသည်းအသန် ကျက်မှတ်နေခဲ့ရလို့။ ဝါသနာပါတာတွေလည်း မလုပ်နိုင်။ သူငယ်ချင်း အပေါင်းအသင်းကလည်း များများစားစား မရှိ။ ရှိတဲ့သူနဲ့လည်း သိပ်အဆင်မပြေလှဘူး။ အရိပ်အကဲ နားမလည်ဘူး။ သူများပြောရင် ပြောတိုင်းယုံတယ်။ ကိုယ့်စိတ် ကိုယ့်ခံစားချက်ပဲ သိတယ်။ တဖက်လူက ကိုယ့်အပေါ် ဘယ်လိုသဘောထားသလဲ အကဲမခတ်တတ်ဘူး။ ဆေးကျောင်းဝင်ဖို့ ဆေးစစ်တဲ့အချိန်မှာ အရပ်က ၅’၂”၊ အလေးချိန်က ၈၄ ပေါင်။ ဥမမယ် စာမမြောက် ဘဝပဲ ရှိသေးတယ်။ အခု Netflix ဆီးရီးတွေပေါ်လာတော့ သူများနိုင်ငံက ကျောင်းသားဇာတ်လမ်းတွေ ကြည့်ရတဲ့အခါ ငါငယ်ငယ်က ကျောင်းတက်ရတာ အဲ့လိုလည်း ပျော်စရာမကောင်းပါလား လို့ တွေးမိတယ်။ စာကလွဲရင် ဘာမှလည်း မသင်ကြဘူးလေ။ မသင်တာတော့ မဟုတ်ပါဘူး။ ဆရာတွေက တခါတခါ သင်ပါတယ်။ ပညာရေးစံနစ်က အဲ့ဒီအလုပ်တွေကို အားမပေးတာ။ အရာရာကို အမှတ်နဲ့ တိုင်းတာတယ်လေ။ လူရည်ချွန်ဖြေမယ်ဆိုရင်တောင် ဖွံ့ဖြိုးရေးက ဘယ်နှစ်မှတ်၊ အားကစားက ဘယ်နှစ်မှတ်၊ အထွေထွေ ဗဟုသုတက ဘယ်နှစ်မှတ်လို့ တိုင်းတာတာ။ ဟိုးအပေါ်မှာ ပြောခဲ့တဲ့ “To certain extent “ (အတိုင်းအတာတစ်ခုအထိ) ဆိုတဲ့နေရာမှာ သူတို့က အမှတ်ပေးစံနစ် (Summative assessment) နဲ့ပဲသွားတယ်။

ဒေလီကို သွားတုန်းက ကြုံခဲ့ဖူးတယ်။ India မှာ Master တက်နေတဲ့ ဆာဂျင်တစ်ယောက်ကို သူ့တက္ကသိုလ်က တစ်နှစ်တစ်ခါ assessment လုပ်တဲ့အခါ အရင်ဆုံး မေးတဲ့ မေးခွန်းက “မင်း အဆင်ပြေရဲ့လား။ ပျော်ရဲ့လား။” တဲ့။ ကိုယ် M.Sc တက်နေတုန်းကလည်း Royal College က Surgeon တွေ မြန်မာပြည်မှာလာပြီး assessment လုပ်ကြတယ်။ သူတို့မေးချင်တာတွေ အားလုံးမေးပြီးတဲ့နောက် သူတို့က ကိုယ့်ကို နောက်ဆုံးမေးခွန်းမေးတာ “Are you happy?” တဲ့။ ကိုယ်က “Of course” တစ်လုံးတည်းဖြေတော့ သူတို့က “Very diplomatic“ လို့ မှတ်ချက်ပေးပြီး လက်ဆွဲနှုတ်ဆက်တယ်။ သူများနိုင်ငံတွေမှာ ကျောင်းနေပျော်ဖို့က ပထမလေ။ စာတော်တာ မတော်တာ နောက်ကိစ္စ။

ကိုယ်တို့ခေတ်တုန်းက ပညာရေးကို ဆိုးလှတယ် မထင်ပါနဲ့ကွယ်။ ခုကလေးတွေရဲ့ဘဝကတော့ “ကျောင်းနေ ရှင်မှ စာသင်ရမည်” ဖြစ်နေပြီ။ ကျောင်းလွယ်အိပ်ကလေးတွေ၊ စာအုပ်၊ ဘောပင်ကလေးတွေ အသားတစ်တွေကြားမှာ သွေးအိုင်ထဲမှာ မမြင်ဝံ့ မမြင်ရက်စရာတွေ နေရာတကာမှာ တွေ့နေရတယ်။ တခါနှစ်ခါဖြစ်တဲ့ မတော်တဆလည်း မဟုတ်။ ရက်စက်လိုက်တာ။ ဖွဲ့နွဲ့စရာ စကားလုံးတောင် စဉ်းစားလို့မရ။ စစ်သားတွေက ကလေးမမွေးတတ်တဲ့ အမြုံမို့လို့ ကိုယ်ချင်းမစာတတ်တာလား။ အောင်ပြည့်စုံတို့၊ ခင်သီရိသက်မွန်တို့မှာရော ကလေးတွေ မရှိကြလို့လား။ မဟုတ်ပါဘူး ဗြောင်လိမ်နေတဲ့ ကျောက်ဆည်က ထမင်းသုပ်သည်မကရော မျိုးဥအိမ်နှစ်ဘက်စလုံး ဖြတ်ထုတ်ထားလို့လား။ ဒီအရွယ် ကလေးငယ်လေးတွေကို အဲ့သလောက်ထိ ရက်ရက်စက်စက် သတ်တဲ့ လေသူရဲတွေကို မေးချင်တယ်။ ခင်ဗျားတို့ အဲ့လိုလုပ်ရတာ ပျော်သလား။ ဝမ်းသာနေသလား။ ငါကွ ငါကွ နဲ့ ဝမ်းမြောက်ဂုဏ်ယူနေသလား။ မမေးရဲပါဘူးဗျာ။ ခင်ဗျားတို့လည်း “Of course” လို့ ဖြေမှာကို သိလို့ပါ။ ဟုတ်ကဲ့။ ကျွန်တော်တို့လည်း ပျော်ပါတယ် ခင်ဗျ။ ပိုးစိုးပက်စက်ကို ပျော်ပါတယ်။ ခင်ဗျားတို့ လေယာဉ်ပျက်ကျလို့ မီးကျွမ်းအလောင်းတွေ ပုံနေတဲ့အခါမှာလေ။ စစ်သည်ငါးသိန်း မကုန်မချင်း “ဒါပဲလား။ ကျန်သေးလား။ လုပ်ပါဦး။ ဝမ်းစမိုး” နဲ့ မိုးမမြင်လေမမြင် ပျော်လို့ ရပါတယ် ခင်ဗျာ။ ပါစေချင်တဲ့ မျက်ခွက်ကြီးတွေ ပါလာလို့ကတော့ ကျွမ်း ၃ ပါတ်ထိုးပြီး ထကဖို့တောင် စိတ်ကူးပါသဗျ။ ကိုယ်တို့မြန်မာတွေ ဒီလို ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် မနေရတာတောင် တော်တော်ကြာသွားပြီ မဟုတ်လား။

“အရင်ကဆိို ပျော်ပျော်ရွှင်ရွှင်

ချစ်ချစ်ခင်ခင် တို့တတွေမယ်

ပြေးလွှား ဆော့ကစားလို့ရယ်

အပူအပင် ကင်းကြလေတယ်။

ဘဝဆိုတာလည်း နားမလည်

အသိတရားတွေကမကြွယ်။

အခုများဖြင့် …………..။”