မြင့်မိုရ်မို့လား

မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ဗုံးလိုက်ကျဲနေတယ် ဆိုတာ တကမ္ဘာလုံးက သိတဲ့ အမှန်တရားပါ။ နေ့စဉ်နဲ့အမျှ နေရာအနှံ့အပြားမှာဆိုတော့ ဖုံးဖိလိမ်ညာ ဘူးကွယ် လို့လည်း မရနိုင်ပါဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း အဲ့သလောက်တောင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်တဲ့စစ်တပ်ဆိုတာ ကမ္ဘာ့သမိုင်းမှာတောင် မကြားဖူးဘူး။ တရုတ်၊ ရုရှားဆီကို တိုင်းပြည်ထိုးအပ်ပြီးတော့ကို ပြည်သူတွေကို သတ်ဖြတ်နှိမ်နှင်းနေတာ။ သူ ဘာဖြစ်လို့ ကျောင်းသားတွေ၊ ဆရာတွေ၊ လူနာတွေ၊ ဆရာဝန်တွေကို အငြှိုးတကြီး ချေမှုန်းနေသလဲဆိုတော့ လွတ်မြောက်နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေး ပြည်သူ့ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေလို့ ဖျက်လိုဖျက်စီး လိုက်လုပ်တာပါ။ အဲ့ဒါကြောင့်လည်း သူတို့သားမြေးတွေ၊ ပညာမတတ်၊ ကျန်းမာရေးမကောင်း၊ ဆေးသမား၊ ဘိန်းစားဖြစ်၊ အိမ်ထောင် ၁၈ ခါလောက်ကွဲရတဲ့ အမ်းစိန်မကြီးတွေ ဖြစ်နေတာပါ။ ပိုက်ဆံရှိ အထက်တန်းလွှာဖြစ်သော်ငြား အင်မတန် ရွံစရာကောင်းတဲ့ စရိုက်သဘာဝတွေနဲ့ ။

သူတို့ဘက်က အဲ့သလောက်တောင် စဉ်ဆက်မပြတ် သတ်ဖြတ်နေတာ NUG / PDF တွေက ဘာမှ ပြန်မလုပ်နိုင််ဘူးလား ဆိုတာက ရန်သူ့ဘက်ကသုံးတဲ့ ရန်တိုက်သွေးခွဲရေးဗျူဟာပါ။ “နင်တို့ဘက်မှာ ငှက်ကင် ရှိတယ်ဆို။ ဘယ်မှာလဲ။ ပစ်လိုက်လေ။ ပစ်စမ်းပါ။ ရှိလည်းမရှိပဲနဲ့။” ဆို မခံချင်အောင်ဆွပေးပြီးမှ ပစ်လိုက်တာနဲ့ ပစ်တဲ့နေရာကို Ambush လုပ်မလို့ စောင့်နေတာလည်း ရှိတာပဲ။ တကယ်တော့ လိုင်းပေါ်ကလူတွေသာ အ ချင် အ မယ်။ မြေပြင်ကလူတွေကတော့ အဲ့လောက် မပိန်းတော့ပါဘူး။ ခံရပေါင်းများလို့ နပ်နေပါပြီ။ အဲ့သလောက်တောင် နေ့စဉ်ရက်ဆက် ကြည်းရော၊ ရေရော၊ လေရော စုံအောင် တိုက်စစ်ဆင်နေတာတောင် ဘယ်စစ်မျက်နှာမှာမှ ရှေ့တိုးလို့မရပဲ အမြီးနှုတ်၊ ခေါင်းနှုတ်၊ အနှုတ်ခံနေရတာ MOD နဲ့ PDF တပ်တွေ အလုပ်မလုပ်ပဲ ထိုင်နေတာ ဟုတ်ပါ့မလား။ ဖားကန့်ကို လိုချင်လို့ လမ်းပေါင်းစုံက စစ်ကြောင်းထိုးနေတာ ကြာကြာလှပြီ။ ဘယ်ဘက်ကမှ ဝင်မရဘူး။ လူတွေဖြည့်လိုက်၊ လက်နက်တွေဖြည့်လိုက်၊ လေကြောင်းပစ်ကူတွေ လာလိုက်။ ပြီးရင် သူတို့ပဲ လန်လန်ကျပြီး ပြန်ဆုတ်သွားလိုက်။ နှစ်တောင် ပေါက်လုပြီ။ စိုးဝင်းကြီးကိုယ်တိုင် ဦးဆောင်တဲ့ အောင်ဇေယျစစ်ဆင်ရေးကြီး ဒေါနတောင်ပေါ် တခါမှ မတက်နိုင်သလိုပဲ။ တနိုင်ငံလုံးက စစ်ဆင်ရေးတွေ ဘယ်ဟာမှ အလုပ်မဖြစ်ပါဘူး။ တရုတ်က ဆွဲခေါ်သွားတဲ့ လားရှိုးအုပ်ချုပ်ရေးတောင် အသက်မဝင်ဘူး။ တရုတ်နဲ့ပေါင်းတိုက်တာတောင် တောင်ခမ်းရော၊ ဗန်းမော်ရော ပြန်မအုပ်စီးနိုင်ဘူး။ အလကားနေ လေယာဉ်နဲ့ ဗုံးကျဲတာပဲ တတ်နိုင်တယ်။ အဲ့ဒါကို တော်လှန်ရေးအင်အားစုတွေ အလုပ်ကောင်းကောင်း မလုပ်ဘူး လို့ ပြောတာ မြေပြင် ဘယ်နေရာမှာမှ အလုပ်လုပ်မနေတဲ့သူတွေမို့ ပြောထွက်တာ။ သူတို့လိုလူတွေချည့်ပဲဆို မိုးလင်းတာနဲ့ “သမ္မတကြီးမင်းအောင်လှိုင် ကျန်းမာပါစေ။” ထအော်နေရတာ ကြာပြီ။ ဒီအခြေအနေမှာ ဒီလိုဆက်ရပ်တည်နိုင်ဖို့ အသက်တွေအများကြီး စတေးထားရတယ် ဆိုတာ နားလည်စေချင်တယ်။ ဒီ့ထက်ပိုပြီး အသာစီးရချင်တယ် ဆိုရင် ဒီ့ထက်ပိုတဲ့ ပေးဆပ်ရင်းနှီးမှာတွေ စိုက်ထုတ်ရလိမ့်မယ်။

SNA နဲ့ စကစတွေ နန့်မွန်းမှာ အထိုင်ချတာ မနှစ်ကတုန်းက ကိုယ်တို့ကားကို သေနတ်နဲ့တားပြီး လမ်းပေါ်မှာ မှောက်လျက်အိပ်ခိုင်းကတည်းကပါ။ အဲ့ဒီနောက်ပိုင်းမှာ ကိုယ်တို့ဘက်က ဆယ်ဇင်း၊ တာမခန် တကြောရော၊ ညောင်ပင်၊ ညောင်ထောက်၊ ဝှေခါတကြောရော သိမ်းပစ်လိုက်တာ ဖားကန့်က ချောင်ပိတ်မိနေရော။ အဲ့ဒါနဲ့ ရှဒူဇွပ်ဘက်က ပသစ နဲ့ပေါင်းပြီး လဝါးလမ်းက လှည့်ဝင်ပြန်တယ်။ ကြာလှပြီ။ မရောက်ဘူး။ ပြန်ပြန်ဆုတ်ရတာ။ ဒီဘက်က မရရင် ညောင်ပင်ကို ပြန်သိမ်းမယ်ဆို နနွင်းကုန်း၊ အင်းသာဘက်မှာ လေယာဉ်နဲ့အမှုန့်ချေပြီး တက်လာလည်း မရတာက မရတာပဲ။ အခု နမ့်ယား၊ ကပ်မှော်ဘက်မှာ အမျိုးမျိုးကြိုးစားပြီး စစ်ကြောင်းထိုးနေတယ်။ မရဘူး။ ဘယ်စစ်ပွဲမှ မနိုင်တဲ့အတွက် အရပ်သားတွေကို သတ်ဖြတ်ပြီး ဒေါသတွေကို ပုံချနေတာ။ ကိုယ်တို့ဘက်က ပွဲပြတ်အောင် မသိမ်းနိုင်တာက တရုတ်နဲ့ တိုက်နေရသလို ဖြစ်နေလို့ မနိုင်တာပါ။ သူ့ချည့်သာဆို ကြာလှပြီ။ သူတို့မှာသာ တရုတ်ဝင်တိုက်ပေးနေလျက် ကိုယ်တို့ကို အသာစီး မရတာ။

လိုင်းပေါ်မှာ သတင်းတွေလိုက်ဖတ်ပြီး စစ်ရေးအခြေအနေ သုံးသပ်ချက်တွေ ရေးရတာ လွယ်တယ်။ မြေပြင်မှာ ရက်လရှည်ကြာ တောင့်ခံပြီး စစ်ဆက်တိုက်နိုင်ဖို့က အသက်နဲ့ ရင်းရတာ။ မုံရွာမှာ ထိုင်အာနေတဲ့ ကျော်စိုးဦး၊ သဇင်ဦးတို့ကို ရေဦး၊ တန့်ဆည်၊ ကန့်ဘလူလောက်ပဲ သတင်းယူခိုင်းလိုက်။ အသံနဲ့တင် အသက်ထွက်သွားမယ်။ ကိိုယ်တို့ဘက်ကကလေးတွေဟာ လိုင်းပေါ်က စဆရကတွေလို ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့်၊ ဘာအကြောင်းပြချက်ကိုမှ ရိုးမယ်မဖွဲ့ပဲ စစ်တိုက်နေကြတုန်းပဲ ဆိုတာ သေချာပါတယ်။ ဦးဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ကိုတေဇာစန်း၊ စိုးသူရဇောါ။ ခင်ဗျားတို့သိတဲ့ တော်လှန်ရေးဇာတ်ကောင်တွေလည်းပဲ အားလုံး မြေပြင်မှာ။ အကုန် သက်ရှိထင်ရှား ရှိပါတယ်။ တစ်ယောက်မှ သတ်ဖြတ်နှိမ်နှင်းလို့ မရသေးပါဘူး။ ကိုယ့်တော်လှန်ရေးဘက်က သူတို့ဆီမှာ လက်နက်ချ အညံ့ခံသွားတယ် ဆိုတာ တစ်ယောက်မှတောင် မရှိသေးဘူး။ သူတို့ဘာသူတို့ အတင်းဇာတ်လမ်းဆင် ရိုက်ယူရတာ။ တနေ့ထက်တနေ့ အဖြူအမည်း သဲကွဲလာတဲ့ ရလပ်အပေါ်မှာ ဘယ်လို လိမ်ညာလှည့်ဖျား ဖုံးကွယ်လို့ ရမှာလဲ။

တကယ်တော့ တော်လှန်ရေးမအောင်မြင်တာ တရုတ်က လက်နက်အင်အား၊ နည်းပညာ၊ လူအင်အားပါ စကစဘက်က ကူနေလို့ မအောင်မြင်သေးတာ။ ဒါပေမယ့် သူတို့ဘက်က အဲ့လောက်စွက်ဖက်နေတာတောင်မှ ကိုယ်တို့ဘက်က အရေးနိမ့်မသွားဘူး။ ကြံ့ကြံ့ခံနေဆဲပဲ။ စစ်ပွဲက ရပ်နေတာ မဟုတ်ဘူးလေ။ လေကြောင်းကို အကာအကွယ်ယူပြီး စစ်ကြောင်းပြန်ပြန်ထိုးနေတာ တစ်လလောက်ရှိပြီ။ တက်မရလို့ ဆုတ်ပြန်ရတာ။ သူ့ဘက်ကတော့ လူဘယ်နှစ်ယောက်ကျကျ၊ စုဆောင်းရေးခေါ်ထားတဲ့သူ၊ ပေါ်တာဆွဲထားတဲ့သူတွေမို့ သေစာရင်းတောင် ပြစရာမလိုဘူး။ သူတို့စိတ်ထဲမှာ လူအများမျက်မှောက် ရက်ရက်စက်စက် သတ်ပြထားမှ လူတွေက အကြောက်တရားနဲ့ ဝပ်စင်းသွားမှာ လို့ ခံယူတယ်။ ကြောက်ကြောက်နဲ့ ဘေးကိုရှဲသွားမှ သူတို့အတွက် ထွက်ပေါက်ရမှာလို့ မြင်တယ်။ ဒါကြောင့် အကြမ်းတမ်းအရက်စက်ဆုံးနည်းတွေနဲ့ လက်နက်မဲ့ပြည်သူတွေကို လူ့ရှေ့သူ့ရှေ့သတ်ပြနေတာ။ ကျောင်းသားတွေ၊ ကလေးတွေကို ဗုံးကျဲပြီးတော့ပဲသတ်သတ်၊ သေနတ်နဲ့ပစ်လို့ပဲသတ်သတ်။ ဘာမှ ပြန်လုပ်နိုင်တာမှ မဟုတ်တာ။ ရှေ့တန်းမှာ PDF တွေနဲ့တွေ့ရင်တော့ အဲ့ဒီကောင်တွေ ဘယ်လောက် ကြောက်ချေးပန်းသလဲ ပြောရင် ယုံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မြေပြင်ကို လာကြည့်စမ်းပါ လို့ ပြချင်တာ။ မြေပြင်အခြေအနေက လိုင်းပေါ်မှာ သုံးသပ်နေသလို မဟုတ်ဘူး။ လေယာဉ်တွေ၊ ဒရုံးတွေ၊ ဓါတုလက်နက်တွေ ဒလဟော သုံးနေတာတောင် သူတို့ဘက်က အသာစီးမရနိုင်တာ မြေပြင်စစ်ပွဲတွေကြောင့်ပဲ။ မြေပြင်မှာ ခြေလက်အင်္ဂါ ဆုံးရှုံးထားတာတောင် အရှုံးမပေးပဲ နိုင်ရာတာဝန်ထမ်းပြီး စစ်ဆက်တိုက်နေတဲ့ PDF ကလေးတွေ ရှိတယ်။ ခါးရိုးထိသွားလို့ ဝှီးချဲလေးနဲ့နေရတဲ့ကလေးတွေလည်း သူ့ဘဝရှေ့ရေး သူမစဉ်းစားနိုင်ဘူး။ တော်လှန်ရေးအတွက် ထောက်ပို့လုပ်ပြီး ဆက်ရုန်းနေတယ်။ PDF ဆိုတာ သေရင်တောင် အရှုံးမပေးဘူး။ “တော်လှန်ရေးမပြီးမချင်း ငါ့ အမျှမဝေနဲ့။” လို့ အချင်းချင်း မှာထားကြတာ။ ပိတ်ဖြူတွေ မင်းတို့စစ်တပ်ကကောင်တွေပဲ ဆောင်ထားကြပါ။ တို့ဘက်မှာ ဒါတွေ မလို။

အဲ့ဒါတောင်မှ တော်လှန်ရေးက အပြီးမသတ်ပဲ ကြန့်ကြာနေတာ ဘာကြောင့်လဲ။ ဒါလည်း အကြောင်းတွေ အများကြီး ရှိပါတယ်။ မရှိတာ မဟုတ်ဘူး။ မသိတာ မဟုတ်ဘူး။ မပြောချင်တာ။ ပြောကို မပြောချင်ဘူး ဆိုတာမျိုး။ ဒီအလုပ်တွေ ဒီလောက်အထိ ထဲထဲဝင်ဝင် လုပ်ပြီးမှတော့ တချို့အကြောင်းတွေ မသိရ မမြင်ရအောင် ကိုယ်လည်းပဲ သောက်အကြီး မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အပြော၊ ကိုယ့်အရေးအသားတစ်ခုကြောင့် တော်လှန်ရေးမှာ အနှုတ်လက္ခဏာ ပြသွားမှာတော့ အဖြစ်မခံနိုင်ဘူး။ အစောကြီးကတည်းက ပြောခဲ့ပါတယ်။ ကိုယ်က တော်လှန်ရေးကို ပဲ့ပြင်ထိန်းကျောင်းသူ၊ ဦးဆောင်လမ်းညွှန်သူ၊ ကွပ်ကဲအုပ်ချုပ်သူထဲမှာ မပါဝင်ပါဘူး လို့။ ဒါပေမယ့် ကိုယ့်မှာရှိသမျှ စွမ်းရည်တွေ၊ ကြိုးစားအားထုတ်မှုတွေ အားလုံးကို တော်လှန်ရေးအတွက် အသုံးချသွားချင်တာ။ နေသာသလို နေတယ်ဆိုတာ မြို့ပေါ်ကမှ မဟုတ်ဘူး။ တောထဲမှာလည်း ရှိတယ်။ ဘယ်နေရာမှာမဆို ရှိတယ်။ အဲ့ဒါတွေကို လိုက်ပြီး ပြစ်တင်ဝေဖန်နေလို့လည်း အလုပ်ဖင့်ရုံပဲ ရှိမယ်။ ခရီးမတွင်ဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်တယ်။ သူများတွေကို ခေါင််းထဲ မထားဘူး။

ဆေးရုံမရှိတော့တဲ့အခါ မွေးလူနာတွေက သူတို့ ဘယ်ကိုလိုက်ခဲ့ရမလဲ မေးကြတယ်။ ဘယ်ကိုမှ လိုက်ခဲ့လို့ မရဘူးလေ။ လိုက််လာရင် ဗုံးမှန်မှာပေါ့။ “တခြားမှာ သွားမွေး” လို့ပဲ ပြောလိုက်တယ်။ ဒါတော့ သိတာပေါ့။ တခြားမှာမွေးရင် ပိုက်ဆံကုန်မှာမို့လို့ မေးကြည့်တာတဲ့။ ဟောဗျာ။ ကိုယ်တို့ကလည်း ကိုယ့်ဆေးရုံမဟုတ်ပဲ သူများဆီသွားမွေးမယ့်ကိစ္စကို မွေးထုပ်၊ မွေးစားရိတ်တွေ လိုက်ထောက်ပံ့ရအောင် NGO တွေလို fund တွေရထားတယ် မှတ်လို့လား။ အဲ့လိုပဲဗျာ။ မိုင်းထိတဲ့ ဗုံးမှန်တဲ့လူနာတွေ

ကိုယ်တို့ဆေးရုံက လုပ်မပေးနိုင်တော့လို့ တခြားဆေးခန်းကို လွှဲရင်လည်း “ပိုက်ဆံက ဘယ်သူပေးမှာတုန်း။” လို့ ကိုယ်တို့ဆီ ပြန်မေးတယ်ဗျ။ ဖြစ်မှဖြစ်ရလေ။ ကိုယ်တို့ဒီမှာ အလကားလုပ်ပေးနေတယ်ဆိုတာ “တနေရာရာက budget အများကြီးရထားလို့။” လို့ သူတို့က အပိုင်တွက်ထားပုံပဲ။ အံ့ဩပါရဲ့။ ဒီအရပ်မှာ ဘာ့ကြောင့်ခွဲခွဲ ခွဲခန်းဝင်ရင် သိန်းလေးငါးဆယ် မပါပဲ မဖြစ်ဘူး ဆိုတာ အစကတည်းက ကိုယ်သိသားပဲ။ သိလို့ ကိုယ့်ဆေးရုံကိုယ်ထောင်ပြီး အလကားခွဲပေးနိုင်အောင် လုပ်တာလေ။ အခုက အဲ့ဒီခွဲခန်းတွေကို တကောက်ကောက် ဗုံးလိုက်ကျဲနေတာ။ ဘယ်လိုလုပ်ဆက်ခွဲပေးမလဲ။ မခွဲနိုင်လို့ လွှဲတဲ့ကိစ္စ ပိုက်ဆံပါလိုက်ပေးရအောင် လူကို ဘာထင်နေလို့လဲ။ ကိုယ်တို့အလကားခွဲပေးနေတာ မယုံလို့ရှိရင် ဘယ်လူနာမေးမေး။ မေးလို့ရပါတယ်။ အစောကြီးကတည်းက ပြောခဲ့တယ်။ မရှိတဲ့အခါကျမှ တန်ဖိုးသိလိမ့်မယ် လို့။ ဒီလိုမဖြစ်စေချင်ရင် အစတည်းက ကာကွယ်စောင့်ရှောက်လေ။ ရွာထဲမှာ ငှက်ဖျားလူနာတွေ အရမ်းများလာပြီ ဆရာတဲ့။ ငှက်ဖျားဆေးလေးတွေ တောင်းလို့ရဦးမလား ဆိိုတာလည်း လာတယ်။ အံ့ဩမဆုံး နန့်တောကုန်း။

ကိုယ်တို့က အကုန်လုံးကို ထားခဲ့ပြီး အိမ်ပြန်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်အခုချိန် ရွာထဲကလူတွေတောင် အိမ်ပြန်မနေရဲသေးဘူး။ ကိုယ်တို့ဆေးရုံကို ပြန်ဝင်လာရင်လည်း “ရောက်နေပြီ။ ရောက်နေပြီ။ လေယာဉ်လာ။ လေယာဉ်လာ။” လို့ လှမ်းခေါ်နေဦးမယ်။ ဒီနေရာမှာ ဆေးရုံပြန်ဖွင့်လို့ကတော့ နောက်တစ်ခါလာရင် ချိန်စရာမလိုဘူး။ မျက်စိမှိတ် ခလုပ်နှိပ်ရုံပဲ။ သူများက ကိုယ့်အတွက် မစဉ်းစားချင်နေ။ ကိုယ့်အတွက်ကိုယ် စဉ်းစားရလိမ့်မယ်။ ဆေးရုံပြန်ဆောက်မယ့်နေရာတွေ သူတို့လာပြပါတယ်။ ဆောက်လည်း ဆောက်ပေးမှာပါ။ ဒါပေမယ့် လူနာလာရင် location က ပေါက်ဦးမှာပဲ။ အခုလက်ရှိိဆေးရုံလောက်တောင် လုံခြုံအောင် စီမံမထားပဲ တခြားဘယ်ဆေးရုံသွားသွား ဟိုကောင်တွေက လိုက်ကျဲဦးမှာ။ စဉ်းစားကြည့်လေ။ ဒီဘက်မှာ KIA က တိုက်နယ်ရုံးတွေ၊ မြို့နယ်ရုံးတွေ၊ ခရိုင်ရုံးတွေ၊ တရားရုံးတွေ မွစာတက်နေအောင် ရှိလျက်သားနဲ့ ဘယ်ရုံးပေါ်မှ ဗုံးမကျဘူး။ နေရာမသိလို့ မဟုတ်ဘူး။ ကိုယ်တို့ ဆယ်ဇင်းမှာကတည်းက သူတို့ အဲ့ဒီနေရာတွေမှာပဲ နေနေကြတာ။ ဘယ်သူကမှ လက်ထောက်ချတယ် မကြားဖူးဘူး။ ဗုံးလည်းမကျ၊ လက်နက်ကြီးလည်း မခ။ ငုံးမင်းမြိုင်တောအလား။ ကိုယ်တို့ဆေးရုံကျမှ ၂ ရုံရှိ ၂ ရုံစလုံး ခွဲခန်းချည့်ပဲ လိုက်ကျဲတယ်ဆိုတာ တော်ရုံတန်ရုံ မေတ္တာထားတာ မဟုတ်ဘူး။ အခုလည်း ဘယ်နားကပေါ်လာမလဲ။ ပေါ်တဲ့နေရာ လိုက်ကျဲဖို့ စောင့်နေမှာ။ အဲ့ဒါကြောင့် မပိုင်ပဲနဲ့ မရိုက်ဘူး။ ပိုင်မှ ရိုက်မယ်။ အချိုလည်း လာမသပ်နဲ့။ အချဉ်လည်း လာမဖမ်းနဲ့။ ဒီက ရင်တုန်ကင်းဝေး ဆိမ့်သက်လေး။

မိအောင်လှိုင် အာဏာစသိမ်းကတည်းက ဒီအချိန်ထိအောင် အကြောမာမာ ရပ်တည်နေတာ သူတို့ထက် ဉာဏ်ရည်မသာပဲနဲ့ မရဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ လက်မြှောက်အရှုံးပေးပြီး နိုင်ငံခြားထွက်ပြေးမယ့်သူလည်း မဟုတ်ဘူး။ ဘာဆက်လုပ်မလဲ။ ဘာပြန်လုပ်မလဲ ဆိုတာ ကိုယ့်ဆီမှာ plan ရှိပါတယ်။ အမြဲတမ်း ဖြစ်အောင် လုပ်လာခဲ့တာ ဒီတစ်ခါကျမှ မဖြစ်ဘူး မရှိပါဘူး။ ကိုယ်တို့ခေတ် တော်လှန်ရေးကြီးဟာ ရှေးရှေးယခင်က စစ်ပွဲများလို လက်နက် နဲ့ ကားပါမစ် လဲပြီး ပြည်တွင်းမှာ ငွေကြေးခဝါချဖို့ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်၊ ဈေးညှိမယ့်သူတွေ မဟုတ်ပါဘူး။ “This is not a civil war. This is revolution.” ပါ။ လေနဲ့ဝမ်း မကွဲတဲ့ နန်နန်ဂျားတားတွေအတွက် တခါတည်း ဒဲ့ပြောပေးလိုက်တယ်။ တော်လှန်ရေးဆိုတာက ပြည်တွင်းစစ်လို အထဲမှာတင် ပြီးမသွားဘူးလေ။ ကိုယ်တို့တိုက်ပွဲဝင်နေတာ ကမ္ဘာ့သမိုင်း အပြောင်းအလဲတစ်ခု ဖြစ်မလာနိုင်ဘူး လို့ ဘယ်သူပြောသလဲ။

မင်းအောင်လှိုင်က စစ်သည်ငါးသိန်းလုံး သေချင်သေပစေ။ သူ့ကိုယ်ကျိုးအတွက် စတေးပစ်မှာ။ သားတွေမြေးတွေ ကိုယ်ပိုင်လေယာဉ်ကြီးနဲ့ ခေါ်တင်သွားပြီး ရုရှားမှာဝယ်ထားတဲ့ mansion ကြီးပေါ် တက်နေမလို့ စိတ်တိုင်းကျ ပြင်ဆင်မွန်းမံနေသတဲ့။ ကိုယ်တို့အားလုံးကတော့ ကိုယ့်အသက်ကိုယ် စတေးနိုင်တာ ကိုယ်ကျိုးစီးပွါး တစ်ပြားသားမှ မပါဘူး။ ဘယ်သူက ဘယ်သူ့ကို အနိုင်ရမှာလဲ။ အရှင်းကြီးပဲ။ သူ့အောက်က ဟိုမရောက်သည်မရောက် ငမြောက်ငခြောက်တွေတော့ စကားထဲထည့်မပြောတော့ဘူး။ ခေါင်ထိရင် အကုန်ရှောမှာ။ ဘယ်ကောင်မှ ဇမရှိလို့ တပ်လုံးမပြုတ်မချင်း တင်းခံနေတာ။ တကယ်သာ စစ်တပ်ကိုချစ်ရင် ဒီလို ဇာတ်သိမ်းစရာလား။ ကိုယ်တို့က ဘုမသိ ဘမသိ နဲ့ တော်လှန်ရေးထဲ ဝင်ပါလာပြီး ဘယ်ကိုရောက်လို့ ရောက်မှန်းမသိ၊ ပန်းတိုင်ရော လမ်းရောပျောက်နေတဲ့ ဒီပရက်ရှင်ကောင်ဇိုးလေးတွေ မှတ်မနေနဲ့။ လာရာကိုလည်း သိတယ်။ လားရာကိုလည်း သိတယ်။ ဝေဝါးထွေပြားအောင် အမျိုးမျိုး လှည့်စားနေတဲ့ မာယာတွေကိုလည်း သိတယ်။ စိတ်ပူစရာ မရှိပါဘူး။ အချိန်တန်တော့ အဖြေထွက်လာပါလိမ့်မယ်။

သည်တောင်ကို မောင်ဖြိုပါ့မယ်။ မြင့်မိုရ်မို့လား။