အခုလာမယ့် ဒီဇင်ဘာ ၂၀၂၅ ဆိုရင် ဆရာဝန်အဖြစ်နဲ့ အစိုးရအလုပ်ထဲဝင်တာ အနှစ် ၃၀ ပြည့်ပါပြီ။ ဒီဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲ လို့ အမျိုးအမည်ခွဲခြားမယ် ဆိုလို့ရှိရင် “ဆရာဝန်တစ်ယောက်ပါ။” လို့ ဖြေလိုက်ရင် ပြည့်စုံပါတယ်။ အဲ့ဒါကြောင့် ပရိုဖိုင်းမှာလည်း မိတ်ဆက်ရင် “A Doctor” လို့ပဲ မိတ်ဆက်ထားတယ်။ Digital Creator တို့၊ Social Influencer တို့ မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ သက်တမ်းတဝက်လောက်ကို ဆရာဝန်အဖြစ်နဲ့ ဆေးကုခဲ့တယ်။ အသက်မွေးတယ် လို့တော့ မပြောချင်ပါဘူး။ အိမ်ကထမင်းကျွေးမထားရင် အဲ့ဒီအသက်က ရှင်မှာ မဟုတ်ဘူး။ အသက်ထက်ဆုံး ဆေးကုနိုင်ဖို့အတွက် အိမ်က မပူမပင်၊ မကြောင့်မကျရအောင် ပံ့ပိုးပေးခဲ့တာ အမှန်တရားပဲ။ ကိုယ်ဆရာဝန်ဖြစ်ဖို့အတွက် အိမ်က အမေတွေ အဖွားတွေ ခါးချိအောင်ရုန်းခဲ့ကြရတယ်။ ကိုယ့်ညီတွေ၊ နှမတွေကလည်း “အကြီးဆုံးအသီးကို အကိုကြီးပေးပါ” ဆိုပြီး အနစ်နာခံခဲ့ကြတယ်။ ဆွေထဲမျိုးထဲမှာ ပထမဦးဆုံး ဆရာဝန်ဖြစ်တဲ့သူတစ်ယောက်အနေနဲ့ ဘယ်သူ့အတွက်မှ ဂုဏ်မငယ်ရအောင်၊ အထင်သေးစရာမဖြစ်အောင် အပြစ်အနာအဆာကင်းကင်း လမ်းဖြောင့်ဖြောင့် လျှောက်ပြခဲ့တယ်။ အပတ်တကုပ် အားထုတ်လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေ အများကြီး ရှိသလို၊ လုံးဝမလုပ်ဘူးဆိုပြီး ခေါင်းမာမာနဲ့ စောင့်ထိန်းလာခဲ့တဲ့ အလုပ်တွေလည်း အများကြီး ရှိတယ်။ ဘာတွေကို လုပ်ခဲ့ပြီး ဘာတွေကို ရှောင်ခဲ့သလဲဆိုတာ ဒီကနေ့ ကိုယ့်ရဲ့ ဆရာဝန်ရုပ်သွင်ကိုကြည့်ရင် အထင်းသား မြင်နိုင်လိမ့်မယ်။ ကိုယ့်မိဘဘိုးဘွားကျေနပ်လောက်သော ဆရာဝန်တစ်ယောက် ဖြစ်ဖို့ကြိုးစားတယ်။ လူနာတွေအနေနဲ့ သေသွားခဲ့ရင်တောင် ကိုယ့်လက်ထဲမှာ ကျေကျေနပ်နပ် အသက်ကုန်ရတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ဖို့ကြိုးစားတယ်။ ကိုယ့်ဆရာသမားတွေ ဘက်ကကြည့်ရင် “ဒီကောင့်ကို သင်ပေးရတာ အလဟဿတော့ မဖြစ်ဘူးပဲ။” လို့ ကျေနပ်လောက်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။ ဆန္ဒ နဲ့ ဘဝ ထပ်တူ ကျ မကျတော့ အဲ့ဒီလူတွေကို မေးမှသိရမှာပဲ။
ကိုယ့်ရဲ့ ဆရာဝန်ဘဝ ပထမဦးဆုံး လုပ်ငန်းခွင်ကတော့ JICA လို့ ခေါ်ကြတဲ့ New YGH ပါ။ Surgical Ward ကို ရောက်သွားပြီး Professor က ဆရာကြီး ဦးရဲမြင့်၊ FA က ဆရာဦးခင်မောင်ကြည်ပါ။ ကျောင်းသားဘဝတုန်းက ဘာမှ မလုပ်တတ် မကိုင်တတ်၊ ကလေးလို နေခဲ့တဲ့ကိုယ်ဟာ လုပ်ငန်းခွင်ထဲမှာ မြင်မြင်သမျှ သင်စရာ တတ်စရာချည့်ပါပဲ။ ကိုယ့်ရဲ့စီနီယာ အကိုအမတွေကလည်း အကုန်သင်ပေးပြပေးကြတယ်။ အလုပ်ထဲမှာ ဖိအားမရှိဘူး။ အင်မတန် ပျော်စရာကောင်းတာပဲ။ ဆေးရုံမှာ Professor round တာ ၈ နာရီခွဲ။ ကိုယ်တို့ AS တွေက ၈ နာရီ ရောက်ရမယ်။ အိမ်က ဆေးရုံကို ကားမောင်းတာ ၁၀ မိနစ် (အဲ့တုန်းက လမ်းပေါ် ဘာကားမှ မရှိဘူး) မနက်စာစားတာ ၁၀ မိနစ်၊ ရေချိုး အဝတ်အစားလဲ ၁၀ မိနစ် လို့ တွက်ပြီးရင် ကိုယ်က ၇ နာရီ မခွဲမချင်း အိပ်ယာက မထဘူး။ နိုးလည်း ဆက်အိပ်နေတယ်။ နာရီနှိုးစက်မြည်မှ ဝုန်းကနံထပြီး လုပ်စရာရှိတာ ထလုပ်တာ။ အဲ့ဒါကို ဆရာဦးခင်မောင်ကြည်က မနက်ဆို ၇ နာရီမထိုးခင် အိမ်မှာ ဝင်ဝင်နှိုးတာပဲ။ သူက အဲ့ချိန်ဆို ဆရာကြီးဦးကြည်စိုးနဲ့ ပါရဂူမှာ case တွေ ဝင်ရတာကိုး။ ကိုယ်ကလည်း “ဟုတ် ဟုတ် ဆရာ” ဆို သူ ကားထွက်သွားတာနဲ့ ပြန်အိပ်တာပဲ။ ဆေးရုံကို အစောကြီး ရောက်သွားလည်း အလုပ်သမားတွေတောင် ကြမ်းတိုက်တုန်းရှိမှာ။ မသွားပါဘူး။ ရုံးတက်ချိန်က ၉ နာရီလေ။ အခု ဆရာဝန်မို့လို့ တစ်နာရီတောင် စောလာပေးထားတယ်။ တော်ရောပေါ့။ ဝါဒ်ထဲက လူနာတွေကတော့ PG တွေလို မ round ခင် chart လှန်ဖတ်မှ သိရတာ မဟုတ်ဘူး။ changes တွေအကုန် ကိုယ်ပဲ လုပ်ရတာ။ အကုန်သိတယ်။
အဲ့ဒီအချိန်တုန်းက ဆရာဝန်ဖူးသစ်စ အရွယ်မို့လို့ တတ်သိနားလည်စရာ အောက်ခြေသိမ်းအလုပ်တွေ အကုန်လုံးဒိုင်ခံလုပ်ခဲ့တယ်။ လုပ်ငန်းခွင်အတွေ့အကြုံဆိုတာ လိုတာကိုး။ ငွေရေးကြေးရေးကတော့ ခြေသလုံးမွှေးလို့ ပြောရမယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း သုံးလို့တောင် မလောက်။ အိမ်ကဆင်ထားကြွေးထားလို့သာ ။ ၁၅၇၅ ကျပ် ဆိုတဲ့လခဟာ တကယ်ကို မုန့်ဖိုးပဲဖိုးပဲ ရှိတယ်။ မုန့်တောင်မှ လမ်းဘေးကမုန့်ပဲ စားနိုင်တာ။ ဒါပေမယ့် တခါမှ စိတ်မပျက်ပါဘူး။ ဆရာဝန်တိုင်း ဒီလိုပဲ ဖြတ်သန်းရတဲ့ဥစ္စာ။ ပိုက်ဆံပေါပေါသုံးချင် ညနေဘက် ဆေးရုံကပြန်တဲ့အခါ GP ထိုင်ပေါ့။ ဒါနဲ့ ကိုယ်လည်းပဲ ဖဆပလရပ်ကွက်ထဲမှာ GP လေးတစ်ခု စဖြစ်တယ်။ လူမလာပါဘူး။ ကန်တော်လေးထဲမှာ မုန့်တွေလျှောက်စားပြီး ပြန်တာများတယ်။ ဆေးရုံကလည်း တစ်ပါတ်မှာ ၂ ရက်လောက် night duty ဆင်းရတော့ ဆေးခန်းက ခဏခဏ ပိတ်ရတာကိုး။ ဒီအချိန်က ပိုက်ဆံရှာရမယ့်အချိန် မဟုတ်ဘူးလေ။ ပညာရှာရမယ့်အချိန်။ ပညာရှာ ပမာသူဖုန်းစားတဲ့။ ဆရာဝန်ပေမယ့် သူတောင်းစားလေးလို ချိုးနှိမ်ပြီး နေရတာပေါ့။ အလုပ်ထဲမှာ ကိုယ့်ထက်ငယ်တဲ့သူမှ မရှိတဲ့ဟာကို။
အဲ့လိုနေရင်းနဲ့မှ သူငယ်ချင်းထဲက ဝင်းနိုင်ရှိန် နဲ့ သင်းသင်းညွန့်တို့ က မင်္ဂလာဆောင်ကြမယ်လို့တဲ့။ သူတို့က UHC ဆေးရုံမှာ MO လုပ်နေတာလေ။ ခွင့်တစ်လလောက် ယူဖို့အရေး relieving ဆင်းပေးမယ့်သူ ရှာနေတာ။ ကိုယ်က ဆေးရုံအလုပ်တဘက်နဲ့မို့ night duty ချည့်ပဲ ဆင်းလို့ရရင် ကူပေးမယ် လို့ ပြောလိုက်တယ်။ ကျန်တဲ့သူကလည်း ရဲထွန်းဦး နဲ့ မြတ်မြတ်တို့ သူငယ်ချင်းစုံတွဲဆိုတော့ အဆင်ပြေပါတယ်။ ဆေးရုံမှာ night duty ကျတဲ့ရက်ဆို ဆေးခန်းက off ယူလိုက်တယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့အလုပ်ချိန်တွေဟာ နေ့တိုင်းနေ့တိုင်း ၂၄ နာရီ ဖြစ်လာတယ်။ night duty တိုင်းဟာ တညလုံး ငုတ်တုတ်မိုးလင်းရတာချည့်တော့ မဟုတ်ဘူးလေ။ လုပ်စရာရှိတာလုပ်ပြီးရင် ကြက်အိပ်ကြက်နိုးကလေးတော့ အိပ်ခွင့်ရတယ်။ ကိုယ့်အတွက်တော့ အပြင်က Polyclinic ကြီးတွေမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံရလိုက်တယ်။ ဆေးရုံမှာ လုပ်တာထက် ဆယ်ဆမက ပိုက်ဆံရပါတယ်။ ဒါပေမယ့် ဆေးရုံမှာထက် ဆယ်ဆမက ကျိုးကျိုးနွံနွံ ဆက်ဆံရတယ်။
အဲ့ဒီကပြီးတဲ့အခါကျတော့ ဆရာဦးကျော်စွာလှိုင်ရဲ့ အမျိုးသမီး အမကြူကြူသွင်က သူလည်း သျှင်ပါကူဆေးရုံမှာ ခွင့်ယူချင်လို့ လူစားခေါ်ပြန်ရော။ သူပြီးတော့ ဆရာဦးချစ်စိုး အမျိုးသမီး အမခင်မြလွင် ခွင့်ဆက်ယူ။ ဆရာကြီးဦးဘာချွန်သား ဦးကိုကိုဇော်က ခွင့်ဆက်ယူ။ အဲ့ဒီကစပြီး ကိုယ့်မှာ relieving MO လေးအဖြစ်နဲ့ ဆေးရုံတလှည့်၊ ဆေးခန်းတလှည့် ကျင်လည်ရပါတော့တယ်။ အေးလေ။ စင်္ကာပူမှာ ထွက်အလုပ်လုပ်တဲ့သူ၊ ဂျပန်မှာ ထွက်အလုပ်လုပ်တဲ့သူတွေလည်း ဒီလိုပဲ အလုပ် ၂ ခု၊ ၃ ခု လုပ်ပြီး အသက်ရှင်ရပ်တည်ရတာပဲ မှလား။ အချိန်တွေ ကုန်သွားတယ်။ ပိုက်ဆံတွေ ရလာတယ်။ ဘာမှတော့ ဖြစ်မလာဘူးပေါ့။ အိမ်ကို ပိုက်ဆံပြန်ပေးစရာ မလိုပေမယ့် luxury လေးတွေ စုမိလာတာပေါ့လေ။ ပန်ကာလေး၊ ရေခဲသေတ္တာလေး၊ ကက်ဆက်လေး၊ တီဗီလေး၊ အောက်စက်လေး။ အရင်တုန်းက မရှိခဲ့တဲ့ပစ္စည်းတွေနဲ့ တင့်တောင့်တင့်တယ် ဖြစ်လာတယ်။ ပင်ပန်းတယ် လို့ သဘောမထားပါဘူး။ လုပ်အား နဲ့ အတွေ့အကြုံနဲ့ လဲယူတယ် လို့ပဲ အောင့်မေ့တယ်။ ဒါပေမယ့် အချိန်တွေ ဒီအတိုင်း ကုန်လာလို့တော့ မဖြစ်သေးဘူး လို့ တွေးမိတယ်။ တသက်လုံး MO လုပ်သွားမယ်၊ တသက်လုံး GP ထိုင်သွားမယ် လို့တော့ ယောင်လို့တောင် စိတ်မကူးဘူး။
တခုခုတော့ ဖြစ်အောင်လုပ်ရမှာပေါ့လေ။ ဘာလုပ်ရရင် ကောင်းမလဲ။ လုပ်ကြပါဦး။ ဘာမှလည်း မလုပ်ချင်ဘူး။ မေ့ဆေးက ကိုယ့်အမကြီး ဒေါ်ကြည်ကြည်စန်းကတော့ သူ့တပည့်ကျော် ပဲလှော်ကို မေ့ဆေးပဲ ဖြေစေချင်တယ်။ မေ့ဆေးလုပ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အပြင်မှာ case ခေါ်ဖို့ ဆရာကြီးတွေကို “ဟီးဟီးဟီးဟီး” လုပ်ပြရတာ မကြိုက်ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ Private Clinic Sector မှာ မေ့ဆေးဆရာဝန်တွေက ၃၅ လမ်းမှာ daily ကြေးနဲ့ အခေါ်စောင့်နေရတဲ့ ဇာတ်ပို့ဇာတ်ရံများလို ဖြစ်နေတယ်။ ပညာကို မလေးစားလို့ မဟုတ်ဘူး။ လုပ်ငန်းခွင် အနေအထားကို မကြိုက်တာ။ ဒါကြောင့် မေ့ဆေး မဖြေဖြစ်ဘူး။ ဒါတောင် JICA မှာ ၂ နှစ် နေခဲ့တာ ၁၁ လ က မေ့ဆေးဌာနမှာ။
Surgery ဖြေဖို့တော့ အစက စိတ်ကူးမရှိဘူးဗျ။ ကိုယ်က ဘာမှမှ မတတ်တာ။ ကျောင်းတုန်းကလည်း ကျောင်းတွေ အရမ်းပြေးထားတာ။ နောက်ပြီး သိတဲ့အတိုင်း Surgical Ward မှာ ယောက်ကျားလေး AS ဆိုတာ “S ချိုးမပြေရင် ဇောက်ထိုးနေလိုက် ဟျောင့်။” ဆို ဝိုင်းပြီး လက်ဆင်ပေးကြတဲ့နေရာ။ သင်တာတော့ သင်မှာပါ။ ဒါပေသိ “မင်းတို့က ဝေးဝေးကသင်။ ကောင်မလေးတွေကို ရှေ့တက်ခွင့်ပေးလိုက်။” ဆိုတာမျိုး။ အေးလေ။ သဘာဝတရားဆိုတာ ဘယ်လွန်ဆန်လို့ ရမှာလဲ။ ကိုယ်တို့လည်း အိုဂျီဝါဒ် ရောက်ရင် “မောင်လေး စား။ မောင်လေး စား။ မောင်လေး အားရပါးရ စား။” နဲ့ နေတာပဲဟာကို။ အဲ့ဒီမဖြေချင်တဲ့ Surgery ကို ဖြေဖြစ်သွားအောင် လုပ်တာက ကိုယ့်သူငယ်ချင်း မျိုးခိုင် ပါ။ သူက စာအုပ်ဆိုင်တွေသွားပြီးရင် “စိုးမင်းရေ။ ငါ ဒီမှာ မင်းအတွက် ကူရှေးရီဖတ်စာအုပ်ကြီး ဝယ်ခဲ့တယ်။” တို့။ “MCQ စာအုပ် အသစ်ထွက်လို့ မင်းအတွက်ပါ ငါမှာထားတယ်။” တို့ လုပ်လုပ် လာပြီလေ။ ဟောဗျား။ ကျုပ်က အဲ့ဒီဟာကြီးတွေ ဘာလုပ်ရမှာတုန်း။ Part 2 တုန်းက တစ်ဘာသာလောက် Supple ထိရမယ်ဆို Surgery နဲ့ ထိမှာပဲ လို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားတာ။ ဒါပေမယ့် မျိုးခိုင်က တော်တယ်ဗျ။ စာတွေ အတင်းဖတ်ခိုင်း။ ကျူရှင်တွေပါ လိုက်အတက်ခိုင်း။ စာမေးပွဲတွေပါ လိုက်ဖြေခိုင်းနဲ့။ ကိုယ့်မှာ ဒရွတ်တိုက်ပါလာတာ။
JICA မှာ အလုပ်လုပ်နေတုန်း ကိုယ်သတိမထားမိတဲ့ အပြောင်းအလဲ ၂ ခု ဖြစ်ပါတယ်။ တစ်ခုကတော့ ဝန်ထမ်းတွေအားလုံး ၃၃ ချက် ဆိုလား မေးခွန်းတွေဖြေဆိုရမယ် ဆိုပြီး အစုံလိုက်ရောက်လာတယ်။ အဲ့ဒီအထဲမှာ မှတ်မိသလောက် ဘာတွေပါသလဲ ဆိုရင် “ဒေါ်အောင်ဆန်းစုကြည် ကို ယုံသလား။ သူ့ကို မဲပေးခဲ့သလား။ သူက အစိုးရလုပ်နိုင်လိမ့်မယ်လို့ သင်ထင်သလား။” အဲ့ဒါမျိုးတွေ ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မေ့ဆေးပါမောက္ခ ဒေါ်မြအေးကြူ က “ဟဲ့။ အဲ့ဒါတွေ ကလေးတွေ သွားမဖြည့်ခိုင်းနဲ့။ အကုန် အလုပ်ပြုတ်ကုန်လိမ့်မယ်။” ဆို သူ့ဘာသူဖြည့်ပြီး ပြန်ပို့လိုက်တယ်။ လူကြီးဆိုတော့ ကွက်ကျော်မြင်တတ်တာ အမှန်ပဲ။ နို့မို့ဆို ကိုယ်လည်း အလုပ်ပြုတ်ပြီး ဆရာဝန်တောင် ဖြစ်လာတော့မှာ မဟုတ်။ အဲ့ဒီစာရွက်ကတော့ ကိုယ်တောင် မမြင်လိုက်ရပဲ ကိစ္စပြတ်သွားတယ်။ အထဲမှာပါတာတွေက သူများတွေဆီမှာ တွေ့တာ။ အစိုးရဝန်ထမ်းတွေ အများကြီး အဲ့ဒီအဖြေလွှာနဲ့ အလုပ်တွေ ပြုတ်ကုန်တယ် ဆိုတာ ပုံပြင် မဟုတ်ဘူးဗျ။
နောက်ထပ် အမေးခံရတဲ့ဟာ တစ်ခုကတော့ “၃ နှစ်ပြည့်ရင် ထွက်မှာလား။ အစိုးရဝန်ထမ်း ဆက်လုပ်မှာလား။” ဆိုတာပါ။ အလုပ်ခန့်တုန်းက ဘာမပြော ညာမပြော ဆွဲခန့်ထားပြီး ကိုယ်တို့အပေါ်တန်းက ဆရာဝန်တွေက “လုပ်သက် ၃ နှစ်ပြည့်ပါပြီ။” ဆို အပြိုင်အဆိုင် ထွက်စာတွေ တင်ကြတဲ့အခါ လူကြီးတွေလည်း အဲ့ဒီတော့မှ သူတို့စကား သူတို့ ပြန်သတိရပြီး လစ်လပ်နေရာတွေ ဖြည့်စရာ လူမရှိ ဖြစ်ကုန်ပါတယ်။ ခုချိန်ကျမှ ကိုယ်တို့ကို အဲ့ဒါတွေ လာမေးတာဟာ အကုန်လုံးကို နယ်ပို့တော့မှာ မို့လို့ ဆိုတာ တန်းသဘောပေါက်ပါတယ်။ အဲ့ဒီတုန်းက မျိုးခိုင်က ဘာပြောလဲ ဆိုတော့ “စိုးမင်းရေ။ living with the villains ဆိုတာ သိသလား။ သူတို့နဲ့နေရင် မင်းမှာ ရွေးချယ်စရာ ၂ ခုပဲ ရှိတယ်။ သူတို့ရဲ့ enemies လုပ်ပြီး တိုက်ခိုက်နေမလား။ ဒါမှမဟုတ် one of them လုပ်ပြီး သူတို့နဲ့ အတူတူ ဆက်နေမလား။ ငါကတော့ အဲ့ဒီလူတွေနဲ့ တသက်လုံးလည်း တိုက်ခိုက်မနေချင်ဘူး။ one of them လည်း ဘယ်တော့မှ မဖြစ်ချင်ဘူး။ အဲ့ဒါကြောင့် အလုပ်ထွက်တာပဲ ကောင်းပါတယ်။” တဲ့။ ၃ နှစ် လို့ ဆန္ဒပြုတဲ့အတွက် သူ့ကို နမ့်ဆန်က တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်။ ကိုယ်ကတော့ Permanent လို့ အဆိုပြုလည်းပဲ နယ်ထုတ်တော့မှာက သေချာနေပြီမို့ သင်ကြားရေးဘက်ကို သွားပါမယ် လို့ ကိုယ့်ဘာသာ အပြောင်းအရွှေ့ လျှောက်လိုက်တယ်။
အဲ့ဒီကတည်းက သူနဲ့ကိုယ်နဲ့ ကွဲကွာသွားလိုက်တာ။ နှစ်ယောက်စလုံး Surgeon တော့ ဖြစ်လာကြသားပဲ။ သူက UK မှာ GI Surgeon ဖြစ်နေတယ်။ ကိုယ်ကတော့ အခု ဒီမှာ ခွေးတစီစီနဲ့ မြန်မာပြည်က Surgeon ဖြစ်နေတယ်လေ။ ကိုယ့်အတန်းထဲမှာ Surgeon ဖြစ်တဲ့သူ တော်တော်နည်းပါတယ်။ ဒီလမ်းကို လျှောက်ကြပေမယ့် အဆုံးထိ မရောက်ကြဘူး။ နောက်ဆုံးမှာ ကျော်ဇင် နဲ့ ကိုယ်နဲ့ နှစ်ယောက်ပဲ ကျန်တယ်။ ကိုယ်ကတော်လွန်းလို့ အဆုံးထိတောင့်ခံနိုင်တာ မဟုတ်ဘူး။ ခေါင်းမာလွန်းလို့ လို့ ပြောရင်တော့ ရတယ်။ လျှောက်ခဲ့တဲ့ခရီးလမ်းမှာ အခက်အခဲ အတိုက်အခိုက်တွေ၊ ဖိနှိပ်ခွဲခြားမှုတွေ အများကြီး ကြုံတွေ့ခဲ့ရလည်း အရေထူလာခဲ့တယ်။ “ဒီကောင် ဘာကောင်မှ မဟုတ်ပါဘူးကွာ။” လို့ အထင်သေး ကဲ့ရဲ့ခြင်းတွေကိုလည်း လှစ်လျူရှုထားနိုင်ခဲ့တယ်။ လေယာဉ်ပျံနဲ့ အကြိမ်ကြိမ် ဗုံးလိုက်ကျဲလည်း ခုထက်ထိတော့ still surgeon ပါပဲ။ အနှစ် ၃၀ ပဲ ပြည့်တော့မယ်။ သက်ပြည့်ပင်စင်ယူရင် ရနေပြီနော်။ သို့ပေမယ့် လက်ရှိအခြေအနေက အလုပ်ဝင်ကာစတုန်းက အခြေအနေနဲ့ အတူတူပါပဲ။ ကိုယ့်မှာ ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိပါဘူး။ အလုပ်ဝင်ကာစက ၁၅၇၅ ကျပ် ရပေမယ့် အခုလက်ရှိအချိန်မှာ ကိုယ့်အတွက် လစာဝင်ငွေ ဆိုပြီး ယူငင်စုဆောင်းထားတာ မရှိပါဘူး။ ကိုယ်လက်လှမ်းမီသမျှ resources တွေဟာ လူနာတွေအတွက်၊ ဆေးရုံအဖွဲ့သားတွေအတွက်၊ တော်လှန်ရေးအတွက်ပဲ ဖူလုံလောက်ငှအောင် စုဆောင်းတယ်။ ဘယ်လူနာဆီကမှ ပိုက်ဆံတစ်ပြားတစ်ချပ်တောင် မတောင်းဘူး။ ခရီးလမ်းတစ်ခုကို အဆုံးထိရောက်အောင် လျှောက်ခဲ့တယ် လို့ပဲ ပြောကြပါစို့။ living with the villains တော့ မှန်ပါတယ်။ ဒါပေမယ့် one of them တော့ ဖြစ်မသွားခဲ့ဘူး မဟုတ်လား။ ဘယ်ဖြစ်မလဲကွာ။ မင်းတို့သူငယ်ချင်းက ရုပ်ချောတာကိုး။ အတင်းပြောတဲ့သူတွေက မနာလိုလို့ ပြောတယ်လို့ မှတ်လိုက်။ ကဲ ကြည့်။ ဒါလည်း အရင်အတိုင်းပဲ မှလား။