မိစ္ဆာလေတပ် သေခန်းဖြတ်

ဒီကောင်တွေ လက်အောက်မှာ လေးနှစ်လောက် ရှောင်ပုန်းပြီး ဆေးကုနေတဲ့သူအဖို့ လေယာဉ်နဲ့ ဗုံးကျဲခံရတယ် ဆိုတာ အဆန်း မဟုတ်ပါဘူး။ ဒီဆေးရုံကို ဒီမှာ စတည်ဖို့ စိတ်ကူးရတာကိုက လေယာဉ်နဲ့ ဗုံးကျဲတဲ့ဆီက စခဲ့တာပဲလေ။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်နေတုန်း တောထဲကလူနာကုဖို့ KIA က လာခေါ်တယ်။ အဲ့ဒီတုန်းကတော့ ဘယ်နေရာမှန်းတောင် မသိခဲ့ပါဘူး။ တောထဲက စခန်းဟောင်းတစ်ခုကို ရုပ်ရှင်ထဲကအတိုင်း တိတ်တဆိတ် လာခေါ်သွားတာ။ ညတုန်းက လေယာဉ်နဲ့ ဗုံးလာကျဲသွားလို့ ဒဏ်ရာရတဲ့ လူနာ ၃ ယောက်ကို ချုပ်လုပ်ဆေးထည့်ပြီး လည်ပင်းအတွင်းထဲကို အနက်ကြီးဝင်သွားတဲ့တစ်ယောက်ကိုတော့ လွှဲခိုင်းတယ်။ ဓါတ်မှန်ရိုက်ဖို့လိုတယ်လေ။ အစာမြိုပြွန်ကို ထိသွားပုံရတယ်။ အစက အထဲမှာပဲ ရှိဦးမှာ။ ဒီဘက်မှာ ဒါမျိုးဖြစ်ရင် အရမ်းဒုက္ခရောက်တာပဲ လို့ သိသွားတယ်။ ကိုယ်ရောက်နေတာ ဗုံးကျတဲ့နေရာတော့ မဟုတ်ဘူး။ လူမနေတဲ့ စခန်းဟောင်းတစ်ခု။ အဲ့ဒီမှာ PDF တပ်သားတချို့တော့ စတည်းချကြတယ်။ ရွာနဲ့မလှမ်းမကမ်း သစ်ပင်ခြုံနွယ် ထူထူထပ်ထပ်မို့ လူမမြင်တဲ့ဆေးရုံကလေး ဆောက်လို့ရတယ်။ အလှူရှင်က ဆယ်ဇင်းမှာ ဆေးရုံဆောက်လှူမယ် ပြောပေမယ့် ကိုယ်ကတော့ ရဲရော၊ စကစရော ရှိနေတဲ့အတွက် အဲ့ဒီနေရာကို မယုံဘူး။ ဘယ်လိုပင် လည်ပင်းဖက်ပေါင်းသော်ငြား အထက်အမိန့်အရပါဆိုရင် ညှာတာမယ့်ကောင်တွေမှ မဟုတ်တာ။ ကိုယ်ထွက်သွားပြီး သိပ်မကြာဘူး။ ရွာပါပျက်သွားတာပဲလေ။ ကိုယ်တို့မှာ လွတ်တယ်ဆိုရုံကလေးရယ်။

တောထဲမှာ ဆေးရုံအထိုင်ချတဲ့အခါ ကိုယ်တို့တွေ သစ်ပင်လည်း မခုတ်ဘူး။ ခြုံတွေလည်း မရှင်းဘူး။ မြွေတွေထွက်ထွက်လာလည်း ဒီအတိုင်းပဲ နေကြတာ။ လေယာဉ်က ဘယ်ချိန်လာမယ်မှန်း မသိဘူးလေ။ ဗုံးခိုကျင်းတွေ တူးထားပြီး လေယာဉ်တက်တယ်ဆို ကျင်းထဲဆင်းနေတယ်။ ဒရုံးတွေလည်း လာလာဝဲလို့ ကိုယ်တို့မှာ ညဘက်ဆို အိုတီမရှိပဲ မီးမထွန်းတော့ဘူး။ မှောင်ထဲပဲနေကြတယ်။ ဒါပေမယ့် အရင်တခါ လေယာဉ်လာသွားတဲ့နေရာမှာတော့ ဆိုလာမီးလေးအထွန်းပြ၊ အဝတ်တွေ လှမ်းပြ၊ လူနေတဲ့ပုံစံကလေး လုပ်ပြထားတယ်။ အဲ့ဒါကြောင့်မို့ တစ်နှစ်လောက်အကြာမှာ လေယာဉ်က အဲ့ဒီနေရာကိုပဲ ကိုယ်တို့ဆေးရုံအမှတ်နဲ့ နောက်တစ်ခေါက် ပြန်ချသွားတယ်။ ဘယ်သူမှ မထိခိုက်ဘူး။ အိမ်လေးတွေ ကြေမွသွားတယ်။ သူတို့တွေ နေရာမသိသေးဘူး။ ကိုယ်တို့လည်း အသံမထွက်ပဲ တိတ်တိတ်လေး နေကြတယ်။

မနှစ်တုန်းကတော့ သူတို့တွေ နေရာသိသွားလို့ တည့်တည့်ကြီးလာချတယ်။ ဒါပေမယ့် တစ်လုံးက ရွာထဲကျတယ်။ မကွဲဘူး။ နောက်တစ်လုံးက အိပ်ဆောင်ပေါ် ကျတယ်။ လူတွေက အပြင်မှာရောက်နေလို့ အထိအခိုက် မရှိဘူး။ လေယာဉ်ပေါ်က 0.5 နဲ့ လိုက်ပစ်တယ်။ လူကို မထိဘူး။ တရွာလုံးထွက်ပြေးကုန်ကြတယ်။ ကိုယ်တို့တတွေလည်း နေရာရွှေ့ရတယ်။ location က ပေါက်သွားပြီ။ မလုံခြုံတော့မှန်း သိပေမယ့် သတိနဲ့နေပြီး အလုပ်လုပ်ကြတယ်။ လူလည်း တစုတည်းမနေဘူး။ ဆေးလည်း တနေရာတည်း မထားဘူး။ လူနာလည်း ရုံပြည့်အောင် မတင်တော့ဘူး။ တနေရာစီ ခွဲထားတယ်။ ညအိပ်ရင်လည်း ရှောင်အိပ်တယ်။ လေယာဉ်လာရင် အကုန်ကျင်းထဲဆင်းလေ။ ဘယ်အချိန်ဖြစ်ဖြစ်။ ကိုယ်တို့နားကလည်း ပါးလိုက်တာမှ။ အိပ်ပျော်နေလည်း နိုးတယ်။ ခွဲခန်းထဲမှာ ခွဲနေတုန်းတန်းလန်း မမိသမျှ စိတ်ပူစရာ မရှိဘူး လို့ ကိုယ်ကတွက်တယ်။ ဒါပေမယ့် စစ်ပွဲရှိရင် ကိုယ်တို့အဖွဲ့ ခွဲခန်းထဲမှာ နေရတဲ့နာရီက ပိုများများလာတယ်။

တချိန်မဟုတ် တချိန်တော့ ရောက်လာတော့မှာပဲ။ သင်တန်းကျောင်းလည်း ဖွင့်ထားသေးတော့ အဲ့ဒီသင်တန်းကျောင်းပေါ် ဗုံးလာကျဲမှာလည်း အမြဲသတိထားနေရတယ်။ အရေးအကြောင်းဆို ကိုယ်တို့မှာ ပုန်းရှောင်ဆုတ်ခွါစရာ နေရာစခန်းတစ်ခုနဲ့ အရေးပေါ်ခွဲခန်းလေးတစ်ခု ရှိမှဖြစ်မယ် ဆိုပြီး ရွာနဲ့အလှမ်းဝေးတဲ့ တနေရာမှာ အပေါ်ကမမြင်နိုင်တဲ့ အနေအထားနဲ့ base တစ်ခုပြင်ရတယ်။ အဲ့ဒီမှာ ကိုယ်တို့ အပြင်လူနာ လက်မခံဘူး။ ခွဲပြီးသား စစ်သားလူနာပဲ ထားတာ။ ဒီဘက်က အုပ်ချုပ်ရေးအဖွဲ့ကတော့ ဆေးရုံမှာ လူတရုံးရုံးနဲ့ စည်ကားနေတကို သဘောမကျဘူး။ အန္တရာယ်များတယ် လို့ မြင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ရွက်ပုန်းသီးလုပ်တယ်ဆိုတာ အငုံအကင်းအဖူး ဘဝမှာပဲ ရမှာပေါ့။ အမှည့်တဝင်းဝင်း ဖြစ်လာရင် လူတကာမြင်မှာပဲ ဥစ္စာ။ ကိုယ်တို့ခွဲပေး၊ မွေးပေးတဲ့ လူနာတွေထဲမှာ SNA ရဲ့ မိန်းမတွေ၊ အမျိုးတွေလည်း ပါတာပဲ။ ဒီဆေးရုံ မရှိတော့ရင် သူတို့လည်း ဒုက္ခရောက်ကြမှာလေ။ အဲ့လောက်တော့ သိမယ် ထင်တာပဲ။ ကိုယ်ကတော့ ကိုယ့်လူနာတွေက၊ ကိုယ်စာသင်ပေးထားတဲ့ သင်တန်းသားတွေက ကိုယ့်အသက်ကို ထိခိုက်တဲ့အထိ မလုပ်ကြံဘူးလို့ သေသေချာချာ ယုံကြည်ပါတယ်။

လေယာဉ်လာတယ် ဆိုရင် ကိုယ်တို့က ကောင်းကင်ကိုသာ တမော့မော့နဲ့ ချောင်းနေတာ။ တကယ်တမ်းကျတော့ အဲ့ဒီလေယာဉ် ကိုယ်တို့ဆီကို တန်းတန်းမတ်မတ် ချနိုင်ဖို့ မြေပြင်က သတင်းပေးတဲ့သူ လိုကိုလိုတယ်။ အခု အဲ့လိုလူတစ်ယောက်ယောက် ကိုယ့်ဆေးရုံမှာ ရှိနေပြီလေ။ တစ်ခါ မဟုတ်ဘူး။ နှစ်ခါတောင်။ တနေရာတည်း မဟုတ်။ နှစ်နေရာတောင်။ နေရာပဲ သိတာ မဟုတ်။ ခွဲခန်းထဲကို ရောက်နေမယ့် အချိန်ကိုပါ သိနေတာ။ လူနာသယ်လာတဲ့ ကားသမားတွေကလည်း ကိုယ်သိတဲ့သူ မဟုတ်။ အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ။ မသင်္ကာတဲ့သူအားလုံးကို ထိပ်တုံးခြောက်ပေါက်ထဲထည့်ပြီး တရုတ်ကား၊ ကိုရီးယားကားထဲကလို လှော်တက်ကြီးနဲ့ တဗုံးဗုံး ရိုက်ပြီး စစ်ကြမလား။ လက်သည်ပေါ်သွားရင်ကော ပါကျောင်မှာလို ဒလန်ရှင်းပွဲကြီး လုပ်ကြမှာလား။ အဓိပ္ပါယ်မှ မရှိတာ။

ကိုယ့်လိုပဲ အခါခါ ဗုံးကျဲခံရလို့ အတွေ့အကြုံများတဲ့ ဆရာဝန်တွေကတော့ ရွာသားတွေကို ဆေးကုရင် လုံခြုံရေးက ပေါက်တာပဲ။ အရပ်သားဆေးမကုတဲ့ ဆေးရုံလုပ်မှ လုံခြုံမယ်တဲ့။ အဲ့ဒါ ဒီဘက်ကလူတွေ ကိုယ်တို့ဆေးရုံကို ဖြစ်စေချင်နေတဲ့ ပုံစံလေ။ လာ လိုက်ခဲ့။ ပစ္စည်းတွေ အကုန်ယူခဲ့။ တောထဲသွားမယ်။ စစ်သားတွေပဲ ကုတော့။ အရပ်သား မကုနဲ့။ စိန်တွေနဲ့၊ ရွှေတွေနဲ့၊ လူတွေနဲ့ ဝေးရာနေရာ အိုး ဆန်းဆန်းပြားပြား။ အဲ့လောက် ကြောက်တတ်မှဖြင့် ဒီမှာတောင် မနေဘူး။ တောထဲက စစ်ဆေးရုံတွေ ဗုံးမကျဘူး လို့ ဘယ်သူက ပြောလဲ။ ကိုယ့်ဆေးရုံမှာ Priority က စစ်ပွဲလူနာကို ဦးစားပေးတာ မှန်တယ်။ ဒါပေမယ့် Majority က အရပ်သားလူနာတွေကို အခမဲ့ ဆေးကုနေတာ။ ဘယ်အဖွဲ့အစည်းရဲ့ လက်ကိုင်တုတ်မှ မလုပ်ဘူး။ ကိုယ်တို့အသက်အန္တရာယ် လုံခြုံရေးအတွက် ဘယ်လိုမှ စိတ်မချရတော့ဘူး ဆိုတဲ့အချိန်မှာ ကိုယ်တို့ပေးနေတဲ့ services တွေကို terminate လုပ်တယ်။ စိတ်တော့ မကောင်းဘူး။ ဒါပေမယ့် ကိုယ့်တစ်သက်တည်းမှ မဟုတ်တာ၊ တဖွဲ့လုံးရဲ့ အသက်တွေနဲ့။ ဘာလို့ စတေးရမှာလဲ။ မရ မကုပဲနေမှာပေါ့။ နေမကောင်းတဲ့သူက ကိုယ်မှ မဟုတ်တာ။

အခု ဆေးရုံမရှိတော့ သူတို့ပဲ ဒုက္ခရောက်ကြတယ်လေ။ ကိုယ်တို့မှာ ရောက်လေရာအရပ် “ကြုံတုန်းလေး ကြည့်ပေးသွားပါ။” ဆိုပြီး လူနာအပြခံရတယ်။ အားမနာတမ်းငြင်းပါတယ်။ ကျနော်တို့ ရေမန်းနဲ့ကုတဲ့ဆရာ မဟုတ်ဘူး။ “ငှက်ဖျားပြန်ထနေလို့ ဆေးတွေ ဘယ်နားထားခဲ့တုန်း။” ဆိုတဲ့လူလည်း ရှိတယ်။ အရင်တုန်းက အလွယ်တကူနဲ့ အခမဲ့ရနေသမျှ ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုလုံး ပျက်စီးသွားတယ်။ ဘယ်လိုပြန်ပြီး အဖတ်ဆည်ကြမလဲ။ နောက်တနေရာ ထပ်ရွှေ့ပေါ့။ ဒါ မခဲယဉ်းပါဘူး။ အဲ့ဒီနောက်တနေရာကရော ဘယ်လောက်ကြာကြာ လုံခြုံမှာလဲ။ လောက်ကိုင်မှာလို တရုတ်က ကာကွယ်ပေးထားတဲ့ နယ်စပ်အောက်မှာ အထပ်မြင့် Modular OT ကြီး ဆောက်ကြမလား။ ပြဿနာက အဲ့ဒါ မဟုတ်ဘူး။ ကိုယ်တို့အဖွဲ့သွားမယ်ဆိုရင် ဘယ်ကမဆို ခေါ်ချင်လွန်းလို့။ ဒါပေသိ ကိုယ့်မှော်က အောင်ထားတဲ့ကျောက်ကို တခြားလူလက်ထဲ အလွယ်တကူ ထည့်ပေးလိုက်တဲ့ လောပန်ဆိုတာ ရှိလို့လား။ ဟိုရောက်သွားပြီး ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ ဆိုတာလည်း စဉ်းစားကြတာပေါ့။ ဒါပေမယ့်လည်း ဆရာစိုးဆိုတာ သူ့ဆေးရုံ သူ့ခွဲခန်းနဲ့ ရှိမနေရင် ထမင်းအလကား တင်ကျွေးထားရတဲ့ လူပိုသက်သက်ပဲဆိုတာ နောက်တော့လည်း သိလာမှာပါ။

အခုလောလောဆယ်မှာ ပိုးတုံးလုံးလေးလို အိပ်လိုက်၊ စားလိုက်၊ စာရေးလိုက်ပဲ လုပ်နေပေမယ့် မကြာခင်မှာ လိပ်ပြာကလေးလို အတောင်ပံလှလှနဲ့ ပျံသန်းလာဦးမှာပါ။ အပြောင်းအလဲတစ်ခုအတွက် ပြင်ဆင်နေတယ်။ “ချန်ဂင်ဆေးရုံကို ငါတို့ဖျက်စီးလိုက်နိုင်ပြီ။” လို့ ထင်မနေနဲ့။ ပြန်လာတဲ့အခါ ကြည့်လိုက်။ ဒီလိုဖြစ်လာနိုင်တယ် လို့ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်တဲ့အတွက် ဖြစ်လာရင် ဘာလုပ်မလဲ ကိုယ့်ဘာသာ စဉ်းစားထားပြီးသား ရှိပါတယ်။ သို့သော်လည်း စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်တဲ့အခါ လိုအပ်တာတွေရှိလို့ အချိန်ယူနေရတာပေါ့။ ခုချိန်မှာ ကိုယ်တို့ဆေးရုံပြန်ဖွင့်လို့ ရပါတယ်။ ဖွင့်လိုက်တာနဲ့ ဒီကောင်တွေ ဗုံးလာကျဲမှာလည်း သေချာတယ်။ လူနာတွေလည်း ဘယ်လာရဲမလဲ။ ဆေးရုံမရှိတော့တာတောင် ရွာကို ဗုံးဆက်ကျဲနေလို့ အကုန်လုံးထွက်ပြေးနေကြရတုန်း။ မိုးကုတ်တို့ ဗန်းမော်တို့ကိုလည်း တစ်မြို့လုံး ပြာပုံဖြစ်အောင် ဗုံးလိုက်ကျဲနေတာပဲ။

အခုမနက် ဒီပဲယင်းမှာ ကလေးတွေစာမေးပွဲဖြေနေတုန်း ဗုံးကျဲသွားတာ ကျောင်းသားကလေးငယ်တွေချည့် သေကုန်တယ်။ ဒီလုပ်ရပ်တွေကို ဘယ်သူမှ တားဆီးကန့်ကွက်ပေးမယ့်သူ မရှိတာ၊ မရှိသလို မသိသလို နေနိုင်တာဟာလည်း အင်မတန်ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ “နင်တို့ NUG က ဘာဖြစ်လို့ စာသင်ကျောင်းတွေ ဖွင့်ရသလဲ။ ကလေးတွေက သေကုန်ပြီ။” လို့ အပြစ်တင်တဲ့ ဦးနှောက်တွေကိုလည်း ပိုအံ့ဩရတယ်။ ကိုယ်တို့အသက်ပေးပြီး စွန့်စားနေတာ အဲ့လိုလူတွေအတွက်တော့ မပါဘူး။ ထားပစ်ခဲ့မှာ။ ကိုယ့်ဘာသာကိုယ် အလွတ်ရုန်းကြ။

ဧပြီလ ၂၂ ရက်ကစပြီး ကိုယ်ရေးသမျှစာတွေထဲမှာ နာရေးတစ်ပုဒ်ကလွဲရင် မြန်မာပြည်မှာ ဖြစ်နေသမျှ Airstrike Attacks တွေအကြောင်းကို တကမ္ဘာလုံးအနှံ့ သတင်းပျံ့အောင် မနားမနေ ရေးသားလာခဲ့တာ ကြောက်လို့အော်နေတာ မဟုတ်ပါဘူး။ နောင်ဖြစ်လာသမျှကိစ္စတွေမှာ ဘယ်သူ့အလွန်ဆိုတာ လူတကာသိအောင်မြင်အောင်ပြထားတာပါ။ ကိုယ့်ဘက်ကသဘောထားက အရင်ကထက် ပြတ်သားပါတယ်။ ဒီအချိန် ဒီနေရာမှာ ရောက်နေတာကိုက အဲ့ဒီကောင်တွေကို သမရင် ကိုယ့်လက်ရာ မပါလိုက်ရမှာစိုးလို့ ထိပ်ကလာစောင့်နေတာ။ ကိုယ့်အမျိုးထဲမှာ လေယာဉ်မှူးတစ်ယောက် ရှိဖူးတယ်။ အခု မရှိတော့ဘူး သေပြီ လို့ ပြောခဲ့တယ်။ ကိုယ်တို့ ငယ်ငယ်ကတည်းက သေတာ။ ခင်ဗျားတို့အမျိုးထဲမှာရော လေတပ်က စစ်ဗိုလ်တွေ မရှိကြဘူးလား။ အခု ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ။ သိကြလား။ မသိရင်လည်း သိအောင်ပြောပြမယ်။ အဲ့ဒီကောင် ဗုံးတွေ လိုက်ကျဲနေတယ်ဗျ။ ဆေးရုံတွေ၊ စာသင်ကျောင်းတွေပေါ်ကို။ ကိုယ့်အမျိုးမို့လို့ လမ်းမှာတွေ့ရင် ပြုံးပြမှာလား။ “သူက သဘောကောင်းပါတယ် ဟယ်။ ဘုရားတရား အရမ်းလုပ်တာ။” ဆိုပြီး အဲ့ဒါတွေ သူမလုပ်လောက်ပါဘူး လို့ တွေးမှာလား။ “အရပ်သားပစ်မှတ်တွေကို မပစ်ကြပါနဲ့ဗျာ။” လို့ မင်းအောင်လှိုင်က အိန္ဒိယ နဲ့ ပါကစ္စတန် ကြား ဝင်တားနေတာကိုရော ယုံလား။ ဒီလူတွေကို SP လောက်မှ မလုပ်နိုင်ရင် အဲ့ဒီ မလုပ်နိုင်တဲ့သူတွေကိုပါ SP လုပ်တယ်။ ကွယ်ရာကျမှ “အမလေး မပြောချင်ဘူး။ မပြောချင်ဘူး။” ဆိုပြီး အတင်းလာမတုပ်နဲ့။ ရှေ့တင်ကျတော့ ချိုနေတယ်မှလား။ သေနတ်ကိုင်ခိုင်းနေတာ မဟုတ်ဘူး။ တောခိုခိုင်းနေတာ မဟုတ်ဘူး။ အလှူခံနေတာတောင် မဟုတ်ဘူး။ ဒီ SP လေးမှ Sဖြစ်ရှိရှိ မလုပ်နိုင်ရင် လာမပါတ်သက်နဲ့။ အလကား စကားရောင်း စကားဝယ်။ ဟိုဘက်ကို အားနာသပဆို တို့ဘက်ကို အားမနာနဲ့။ ပြတ်လိုက်။ ရတယ်။ အဲ့ဒါကတော့ ဒီနေ့ လေယာဉ်ဗုံးကျဲအပြီးမှာ ကိုယ့်ဘက်က တစ်ရစ်ထပ်တင်းလိုက်တဲ့ SP ပါ။ သူတို့ဘက်က အရေးလုပ်လုပ် မလုပ် ကိုယ့်ဘက်က မပျက်မကွက် ပြစ်ဒဏ်ပေးပါတယ်။ လက်တုန့်ပြန်နိုင်ဖို့လည်း မမေ့မလျော့ မှတ်သားထားပါတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ခွင့်မလွှတ်နိုင်ပါ။ ပိုင်းလော့တွေ မိသားစုလိုက် အသတ်ခံရတဲ့သတင်းတွေ တက်လာရင်တော့ အခုကတည်းက ဟဟ ပေးထားနှင့်ပါတယ်။ ရှင်းပြီနော်။ အဲ့ထက်ရှင်းအောင် မပြောတတ်တော့ဘူး