ယောမြို့ကပြန်ခဲ့တယ်။ ဆေးဝါးတော့ သူနားမလည်

ကိုယ်တို့ဆေးရုံကို ဗုံးကျဲပြီးတဲ့နောက်မှာ အလားတူ စစ်မြေပြင်ဆေးရုံတွေ အားလုံးလိုလို တမင်တကာ ပစ်မှတ်ထား ရွေးချယ်ပြီး လေယာဉ်နဲ့ ဗုံးလိုက်ကျဲတာ နေရာအနှံ့ပါပဲ။ လူနာတွေအကြောင်း ဝိုင်းဖွဲ့ဆွေးနွေးတဲ့ clinical meeting တွေမှာတောင်မှပဲ ဒီနေ့တော့ဖြင့် ဘယ်သူ့ဆီကဆေးရုံ ဗုံးအကျဲခံရပြီ ဆိုတာကို အမြဲလိုလို update လုပ်ပြီး သတင်းစကား ပါးနေရတယ်။ ဆရာဝန်တွေ တော်တော် အကြောမာကြတာပဲ။ တပ်ရင်းမှူး၊ တပ်မမှူးတွေသာ အလံဖြူထောင်ပြီး လက်နက်ချရင် ချမယ်။ ဆရာဝန်တွေများဖြင့် “မကုတော့ဘူး။ ပြန်မယ်။” ဆို အရှုံးပေးသွားတာ တစ်ယောက်မှ မရှိကြပါလား။ ပိုပြီးတော့တောင် သန်မာလာကြသေးတယ်။ ဆရာဝန်မလင် ညှိကွပ်ဗခကြီးကိုယ်တိုင် “ဘယ်ဆေးရုံမှ မကျန်စေနဲ့။” ဆို အထူးစစ်ဆင်ရေးအဖြစ်နဲ့ တိုက်စစ်ကစားတာနေမှာပါ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ဘယ်လိုသတ်သတ် သေမှမသေတဲ့ဥစ္စာ။ ပွဲကမပြီးဘူးပေါ့။ ကိုယ်သာ မသေတာ။ ဒင်းအောက်ကကောင်တွေဖြင့် အတုံးအရုံးပဲ။ တော်လှန်ရေးတပ်သားတွေအတွက် ဘယ်နေရာမှာမှ ရှုံးပွဲ မရှိပါဘူး။ သူ့ဘာသူ confidence level so high ဖြစ်ပြီး ဟိုလူနဲ့ ဓါတ်ပုံရိုက်၊ ဒီလူနဲ့ ဓါတ်ပုံရိုက်လုပ်နေတာ။ တရုတ်ပစ္စည်းလုံခြုံရေးကို သူ့စစ်တပ်နဲ့ ကာကွယ်ပေးဖို့နေနေသာသာ သူ့စစ်တပ်လုံခြုံရေးတောင် တရုတ်က ယူပေးထားရတဲ့အဖြစ်။ တယ်လီကွန်းတာဝါတိုင်တောင် လုံအောင် မစောင့်နိုင်ပဲနဲ့ အနုမြူဓါတ်ပေါင်းဖိုကလည်း တည်ချင်သေးတာ။ ဒီကောင်နဲ့ပတ်သက်မိတာ ကွန်မြူနစ်ကမ္ဘာမှာ မိုးကြိုးတွေပစ်ဖို့ ဖြစ်လာတာပဲ။ ငနီပါလို့ တစ်လှေလုံးမှောက်တော့မယ်။

ရုရှားတို့၊ တရုတ်တို့ဟာ သူတို့ဘာသာသူတို့တောင် ကစားကွက်ကြမ်းလာတဲ့ အမေရိကန် နဲ့ EU နိုင်ငံတွေကို တန်ပြန် ကစားဖို့ ခေါင်းမီးတောက်နေတုန်းမှာ ကက်ရှ်မီးယား ပြဿနာက စစ်မီးတွေတောက်လာတယ်။ ယူကရိန်းစစ်ပွဲကလည်း ပြီးသေးတာ မဟုတ်။ ဒီလိုအခြေအနေမျိုးမှာ နောက်ဆုံးခုံ မှောင်ရိပ်ထဲ ပေါင်ကြားလက်နှိုက်နေတဲ့ ကြင်စိုးဆီ အရေးအဖက်လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ သူသွားနေတုန်းမှာကို ဒီမှာ တပ်ရင်းတပ်စခန်းတွေကျတာ သုံးလေးခု ရှိတယ်။ အခုဟာ နိုင်မြင်း၊ ရှုံးမြင်း ရွေးလောင်းရမယ့် ကိစ္စ မဟုတ်ဘူး။ ပါးလျက်နားလျက် လုပ်ထားတဲ့ခွေးရူးက ပတ်ရမ်းရင် ကိုယ်ပါဆေးမမီတဲ့အဖြစ် ရောက်မှာ။

စတက်လာကတည်းက ယူကရိန်းစစ်ပွဲကို သူရပ်ပြမယ် ဆိုပြီး ပူတင် နဲ့ ဇလန်စကီးကြားမှာ ပလာတာဝင်ရိုက်တဲ့ orange man ကြီးဟာ အခုတစ်ခါမှာတော့ “အိန္ဒိယရော၊ ပါကစ္စတန်ရော၊ ငါ ရပ်ခိုင်းလိုက်ပြီ။ ဟောသမှာကြည့်။” ဆို တစ်ကွက်ပြလိုက်ပါတယ်။ ဒါဆိုရင် “ငါလည်း မြန်မာစစ်ပွဲကို ရပ်ပြလိုက်တယ်ကွာ။” ဆိုတာ နှစ်ဘက်စလုံးရဲ့ ဂုဏ်သိက္ခာအတွက် အမှတ်တွေ အများကြီး တက်သွားမယ့် ကစားကွက် ဆိုတာ မမြင်ပဲ မနေပါဘူး။ မြန်မာပြည်က စစ်ပွဲကို တကယ်ရပ်စေချင်ရင် ဘယ်သူ့ကို ဘယ်လိုလုပ်ရတယ် ဆိုပြီး ချဉ်းကပ်တဲ့အခါ တရုတ်ကြီးနဲ့ ဆန့်ကျင်ဘက်နည်းလမ်းနဲ့ ကစားမယ် ဆိုတာလည်း အသေအချာပါပဲ။ သူများတွေက proxy war ပဲ တွေးကြောက်နေချိန်မှာ သူတို့ ၂ ယောက်က proxy peace ရော ကစားလို့ မရပဲ နေမှာလား။ ခုတစ်ကွက်ပါ ထပ်နိုင်ရင် “စစ်ဆိုတာ နောက်ကွယ်ကနေ လက်နက်ရောင်းပြီး ရပ်ခိုင်းလို့ မရဘူးကွ။” လို့ တရုတ်ကြီးကို မာမာထန်ထန်ပြောပြီး အလဲထိုးလို့ ရပါမယ်။ ဒါက ပထဝီနိုင်ကံရေးရဲ့ အားသာချက် မဟုတ်ဘူး။ သမိုင်းနိုင်ငံရေးကစားကွက်။ အခန့်မသင့်ရင် နိုဘယ်ငြိမ်းချမ်းရေးဆုတွေဘာတွေတောင် ရသွားဦးမယ်။ ရွှေကျည်ဆန်၊ ငွေကျည်ဆန် မဟုတ်ပဲ ငြိမ်းချမ်းရေးကျည်ဆန်နဲ့ ချက်ကောင်းထိအောင် ဘယ်သူပစ်နိုင်မလဲ။ ကြည့်ကြသေးတာပေါ့။ ဒီလူကြီး ကစားကွက်ဟာ သူများနဲ့မတူတာတော့ သေချာတယ်လေ။ မန်ယူဖန်တော့ ဟုတ်ပုံမရ။

အရင်တုန်းက မဖုတ်လောက် မသုပ်လောက် လို့ လွှတ်ပေးထားတဲ့ကောင်က မော်စကိုမှာ ဘောသွားမတော့ မျက်စိ စပါးမွှေးမစူးပဲ မနေပါဘူး။ အဲ့ဒီစောင်ရူးလက်ထဲကို ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ မထည့်ဖို့ ဆိုတာလည်း ဦးနှောက်ကျပ်ပြည့်တဲ့သူတိုင်း စဉ်းစားမိတဲ့အရာ။ အခုတောင် ထိုင်းကရော၊ KNU ကရော၊ ကန့်ကွက်နေပြီ မဟုတ်လား။ သူ့လူမျိုး အကျိုးစီးပွါး မပါရင် လာမပါတ်သက်တတ်တဲ့လူကြီးကို ဒီတစ်ကောင် ရိုက်ချလိုက်ရင် တရုတ်ကြီးရော၊ ရုရှားကြီးရော ပျားတုပ်သွားမယ် လို့ မြင်သာအောင် ပြနေသလိုပါပဲ။ Diplomacy ရအောင်ယူခဲ့တာလား၊ ငှက်နှစ်ကောင်ပစ်လို့ရမယ့် ခဲတစ်လုံးလား ဆိုတာ အဖြေပေါ်လာပြီလေ။ ဗေဒင်ဟောနေတာ မဟုတ်ဘူး။ ဘောလုံးပွဲကြည့်နေတာ။ ဘယ်ဘက်ကို ဝင်သွားတဲ့ ဂိုးလဲ အရင် မြင်အောင်ကြည့်ကြ။

တရုတ်အစိုးရ၊ ရုရှားအစိုးရတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်တွေ ရခဲ့တယ် ဆိုပြီး မိုးမမြင်လေမမြင်ဖြစ်နေတဲ့ အချိန်မှာ ဘင်္ဂလားဒက်ရှ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတွေက NUG နဲ့ ဆွေးနွေးညှိနှိုင်းလာတယ် လို့ ပြောရင် ယုံမှာ မဟုတ်ပါဘူး။ မယုံနဲ့ပေါ့။ မယုံလေ ကောင်းလေ။ အခု နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံး သူ့လက်ထဲမှာ မရှိတော့ဘူး။ ကပစတွေလည်း လုံးပါးပါးလို့ ရွှေဖီဦးလက်ဘက်ရည်တောင် မထုတ်နိုင်တော့ဘူး။ ငလျင်ကရတဲ့ ဘီစကစ်တွေပဲ ဝေနေရတဲ့ဘဝ။ ကျည်ဆန်တွေကတော့ ပြည်သူ့စစ်တွေဆီကတောင် ပြန်လိုက်တောင်းနေရတယ်။ ရှေ့တန်းထွက်တဲ့ကောင်တွေ “A4 စက္ကူ မယူရ၊ အောက်ခံဘောင်းဘီအဖြူ မဝတ်ရ။” ဆိုတဲ့ ဂမ္ဘီရအမိန့်ဆန်းကြီးတွေ ထွက်ပေါ်လာပြီ။ “မော်တော်ဆိုင်ကယ် ၂ ယောက် မစီးရ။ တွေ့ရှိက သေဒဏ်။” တဲ့။ ဒီကောင်တွေ ညည အိပ်လို့မှ ပျော်ပါ့မလား မသိ။ အာဏာသိမ်းထားတာ နင်တို့အဘနော်။ မေ့လည်းနေကြဦးမယ်။ ရန်ကုန်မှာ ရောင်နီသီချင်းကို အကျယ်ကြီးဖွင့်နေတာ UG တွေ မဟုတ်ဘူး။ စစ်သားစုဆောင်းတဲ့ကောင်တွေ။ “မိအောင်လှိုင် မယ်အိမ်လုံး” လို့ အော်အော်ပြီး ဆဲနေတာလည်း စစ်တပ်ထောက်ခံတဲ့သူတွေချည့်ပဲ။ ဖြစ်ရတယ်။ ငါ့မယ်။ မျက်စိများကို လည်လို့။

အရှေ့တောင်အာရှမှာ ရုရှားစစ်တပ် အကူအညီနဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံတည်မယ် ဆိုတဲ့ကိစ္စဟာ ဒေသတွင်းလုံခြုံရေးရော၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက်ပါ အကြီးအကျယ်ခြိမ်းခြောက်နေတာမို့လို့ ဘာတစ်ခွန်းမှ မပြောပဲ ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့တော့ မထင်ပါဘူး။ အရင်တုန်းက တရုတ်ကချည့် ဝင်ဝင်ပလေးတဲ့ မြန်မာနိုင်ငံအရေးဟာ အခုကစလို့ ပလေယာပေါင်းစုံ ပါဝင်ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ PDF ကလေးတွေတောင် နိုင်အောင်မတိုက်နိုင်လို့ တနိုင်ငံလုံး ဗုံးပတ်ကျဲနေရတဲ့ကောင်တွေ သေဖို့သာပြင်ပေတော့ကွာ။ မင်းတို့အဘက မြန်မာနိုင်ငံက လူငယ်တွေအတွက် လှပတဲ့ အနာဂတ်ကြီးကို တကယ်သယ်ဆောင် လာခဲ့တာပဲ။ မင်းတို့အတွက်တော့ မပါဘူးကွ။ သူ့အတွက်တောင် မပါဘူး။ တိုင်းပြည်အတွက် အသက်ပေးသွားမယ့် စစ်သားကောင်းကြီးနော်။ ပြည်သူ့ရင်ပြင်က အိမ်သာမှာ အမှတ်တရ ငုတ်တိုင် စိုက်ထူပေးမယ်။ သေးပန်းရအောင်လို့။

ကိုယ့်အနေနဲ့ တောထဲကို ရောက်နေရလို့ပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခံရလို့ပဲဖြစ်ဖြစ်၊ နောင်တရစရာ၊ ဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီလိုလုပ်ရင် ဒီလိုအကျိုးဆက်မျိုး ရှိလာနိုင်တယ် ဆိုတာ မလုပ်ခင်ကတည်းက ကြိုတင်တွက်ဆပြီး ခံနိုင်ရည်ရှိလို့၊ သတ္တိရှိလို့ လုပ်တာလေ။ ဘယ်သူကမှ ကျေးဇူးတင်စရာလည်း မလိုဘူး။ သနားဂရုဏာသက်စရာလည်း မလိုဘူး။ ကိုယ့်စိတ် ကိုယ့်သဘော၊ ကိုယ့်ဓါတ်ခံနဲ့ကိုယ် တုန့်ပြန်တာ။ ပြည်သူလူထုအပေါ် ဗုံးကျဲနေတဲ့သူတွေ၊ အမိန့်ပေး စေခိုင်းနေတဲ့သူတွေ၊ နောက်ကွယ်က ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူတွေလည်းပဲ ကိုယ့်အကျိုးဆက််ကိုယ် ရင်ဆိုင်နိုင်တဲ့ သတ္တိရှိပါစေ လို့ပဲ ပြောချင်တယ်။ ဒီကိစ္စက မင်းအောင်လှိုင်၊ စိုးဝင်း၊ ကျော်စွာလင်း တို့ကို ကြိုးစင်တင်ရုံနဲ့ ပြီးသွားမယ့်အရာ မဟုတ်ဘူး။ နောင်လာနောက်သား မျိုးဆက်များစွာတိုင်အောင် ဒီကောင်ကြီးတွေ ဒီလောက်တောင် ယုတ်မာရက်စက်ကြတယ် ဆိုတဲ့အကြောင်း သမိုင်းမှတ်တမ်းတင်သွားပြီ။ SP အလုပ်ခံရလို့ တစ်ကျောင်းလုံးက မြန်မာတွေကို တိုင်ပြီး ဂျပန်ကပြန်လာရတဲ့ သူတို့ကလေးရဲ့ဘဝဟာ မြန်မာနိုင်ငံမှာဆက်နေသ၍ ကုန်းသွား ကုန်းကလူတွေ ကျိန်ဆဲ၊ ရေသွား ရေကလူတွေ ကျိန်ဆဲ။ မြန်မာအချင်းချင်း ဘယ်သူ့ကိုမှ မျက်လုံးချင်းဆိုင်မကြည့်ရဲတဲ့ဘဝကို ရောက်မှာ။ အဖေနံမည်ပြောင်းပြီး နိုင်ငံခြားမှာ ဇာတ်မြှုတ်နေရတော့မယ့်ဘဝ။ ဆက်ပြီး ရင်ဆိုင်နိုင်ဖို့ အားမွေးထားကြပါလေ။ အောင်ပြည့်စုံတို့၊ ခင်သီရိသက်မွန်တို့လည်း အတူတူပဲ။ ဦးခင်ညွန့်သားတွေ၊ ဦးရွှေမန်းသားတွေတုန်းကလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် အစိခံရတာပဲ မဟုတ်လား။ ဒါတွေက ငါတို့ ရှုံးမှ ဖြစ်လာမယ့်အရာတွေပါ လို့ မတွက်နဲ့။ အခု မင်းတို့ ရှုံးပြီ။ ဘယ်ပြေးမလဲ။ ပြေးစမ်း။

လည်လို့ပတ်လို့ဝပြီ။ အိမ်လည်း ပြန်ရောက်ပြီဆိုတော့ မြေပြင်က စစ်ပွဲအခြေအနေလေးတွေ သတ္တိရှိရှိ နားထောင်လိုက်ဦး။ စိတ်ကို ခိုင်ခိုင်ထားနော်။ ဘာဆက်လုပ်မလဲ။ ဘယ်လောက် ကြာကြာ တောင့်ခံနိုင်ဦးမလဲ။ စဉ်းစားထားရမယ့် အချိန်ရောက်ပြီ။ Exit Strategy မှ မရှိတာ။ ချောင်ပိတ်မိပြီး စမုံတုံးတော့မယ်။ လူဆိုတာ ယဉ်ကျေးမှု ရှိရတယ်။ ခေါ်လာမိတဲ့ ကြူကြူတို့တသိုက်ရဲ့ မျက်နှာတွေကိုကြည့်။ ညှိုးနွမ်းညစ်ပုပ်နေတာ ပြုံးတောင် မပြုံးနိုင်တော့ဘူး။ မင်းပြောတော့ ရယူခြင်းဟာ အချစ် မဟုတ်ဘူးဆို။ သူပျော်တာလေးပဲတွေ့ရင် ကျေနပ်တယ်ဆို။ သွားပြီ။ မင်းတို့တော့ သွားပြီ။ စုတေခါနီးလို့ လက်ကတီးကြားက ချွေးယိုနေတဲ့ ဇွတ် ဖတ်စ်လေဒီကြီး။ သိပ်တောင် မကြာလောက်တော့ဘူး ထင်ပါရဲ့။ အတိတ်တွေရော၊ နိမိတ်တွေရော၊ အင်္ဂရုပ်တွေရော၊ ဘယ်ဟာမှ မကောင်းတော့ဘူး။

This is not the end, NTQ.

It’s just a beginning.

Best of luck par.