အကြံဉာဏ်တောင်းခြင်း သည်းခံပါ

“ခုနေများ ရှိများရှိရင်

လှိုင်ထိပ်ခေါင်တင် သခင်မကြီးထံတော်

အရောက်သွားလို့ ဘုရားကျမရဲ့ အဖြစ်တွေကို သိကြတဲ့သူတွေနဲ့

သူလည်းသိလေအောင်

စိန်ခြူးရယ်တဲ့ကြာညောင်

ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့

အကြံကလေးများ ပေးသနားပါလို့

တင်ရသော် တော်မလားနော်။”

မဟော်သထာမှာ ဖွားဘက်တစ်ထောင် ရှိတယ်ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ ကိုယ်တို့ မြန်မာပြည်မှာဆို ဘာလေးလုပ်လိုက် လုပ်လိုက်၊ အကြံပေးတစ်ထောင်လောက်တော့ ကြံဖန်ထွက်လာတာပဲ။ အလုပ်လုပ်မယ့်သူ၊ အင်အားဖြည့်တင်းမယ့်သူသာ မလုံမလောက် ရှိချင်ရှိမယ်။ အကြံပေးပုဂ္ဂိုလ်တွေများ ပေါမှပေါ။ အကြံတွေကို အဲ့လောက်ပေါပေါများများ ပေးမိတော့ ကိုယ်ပေးတဲ့အကြံတွေက တန်ဖိုးမရှိတော့ဘူးလေ။ “ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ်” ဆိုသလို ပေါပေါပဲပဲ အကြံဉာဏ်တွေ ဖြစ်ကုန်တာပေါ့။ အကြံဉာဏ်ကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့အခါကျတော့ တကယ့် professional စစ်စစ်တွေရဲ့ အကြံဉာဏ်တွေကို အလကားလိုချင်တဲ့ အကျင့်ဖြစ်လာတယ်။ “ချောင်းဆိုးနေတာ တစ်လလောက် ရှိပြီ ဆရာ။ ဘာဆေးသောက်ရင် ကောင်းမလဲ။” “ငါ့ကျောင်းက စောင်းရုံကလေး စောင်းသွားတာပါကွာ။ ဘာလို့ဖြိုချရမှာလဲ။ ပီဆာမျှော်စင်တောင် ဒီအတိုင်းထားသေးတာ။ ဒီဘက်က ဒေါက်ပြန်ထောက်ပေးလိုက်ရင် ပြီးရော မဟုတ်လား။ မင်းက ဘယ်လိုထင်သလဲ။ ငါ့ အကြံပေးစမ်း။” “သူတို့ကို ငှါးတုန်းက အိမ်အသစ်ကြီး ငှါးထားတာလေ။ သူတို့လက်ထဲမှာ ငလျင်လှုပ်တာ ကိုယ့်တာဝန် မဟုတ်ဘူး။ စာချုပ်ထဲမှာ မူလအခြေအနေအတိုင်း ပြန်အပ်ရမယ် လို့ ပါတယ်။ အဲ့ဒါ တရားစွဲလို့ရလား။ ဘာပုဒ်မနဲ့ အမှုတိုင်ရမလဲ။” အဲ့သလိုမျိုးတွေ အများကြီး ကြုံရပါတယ်။ ကိုယ်တို့တွေက ကိုယ်တတ်တဲ့ပညာနဲ့ ဝေဖန်သုံးသပ်ပြီး လူတဘက်သားကို အကြံဉာဏ်ပေးရတဲ့ အလုပ်ကို လုပ်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအကြံဉာဏ်တွေက အလကားမရဘူး။ ပိုက်ဆံလိုချင်လို့ အိုက်တင်ခံတာ မဟုတ်ပေမယ့် အလကားပေးလို့ တန်ကြေးမရှိဘူး လို့တော့ အထင်မခံနိုင်ဘူး။ ဒါကြောင့် အလကားနေရင်း မြင်မြင်သမျှကိုတော့ ထင်မြင်ချက် အကြံဉာဏ်တွေ ပေးလေ့မရှိဘူး။ expert’s opinion ဆိုတာ on request လောက်တော့ ရှိသင့်တာပေါ့။

ဒါပေမယ့်လည်း တိုင်းရေးပြည်ရေး၊ နိုင်ငံရဲ့အရေးဆိုတော့ ပွေးပုန်းပေါင်မှာ မနေသာတော့ဘူး ထင်ပါရဲ့။ ဆွေးနွေး သုံးသပ် အကြံပြုချက်တွေ အလျှိုအလျှို ထွက်ပေါ်လာကြတာ မနည်းလိုက်ဖတ်ယူရတယ်။ သူ့ကျတော့ လူတကာကို ဆရာကြီးလုပ်နေပြီး သူများတကာက ဝေဖန် အကြံပြုတာကို လက်မခံနိုင်ဘူးလား လို့ အပြောခံရမှာစိုးလို့ ပေးသမျှအကြံတွေ အကုန်ယူပါတယ်။ ပိုက်ဆံပေးရတာမှ မဟုတ်တာ။ ယူတယ်ကွာ။ ဘာဖြစ်သေးတုန်း။ ပထမဦးဆုံး လုပ်တဲ့အလုပ်ကတော့ သူက ဘာပြောချင်တာတုန်း။ ဘာဖြစ်စေချင်တာတုန်း။ သူပြောတဲ့အတိုင်း လိုက်လုပ်ရင် ဘာတွေဖြစ်နိုင်ပြီး ဘာတွေက မဖြစ်နိုင်စရာ ရှိသလဲ လိုက် ချင့်ချိန်ပါတယ်။ ချွန်တွန်းလုပ်တယ်၊ ကျပ်ပေးတယ် ဆိုတာ ကိုယ်တွေ ဆယ်ကျော်သက်ကတည်းက မနူးမနပ် သူငယ်ချင်းတွေကို ချောက်ချနေကျ။ ဒီအရွယ်ကြီးကျမှတော့ သူများမြှောက်ပေးတိုင်း ဂွေးတက်အောင် မကတော့ဘူး။ က ချင် ကိုယ့်ဆိုင်းနဲ့ကိုယ် က မယ်။ ဒီဂျေသံကြားတိုင်း တစ်မတ်စေ့ ဖနောင့်နဲ့ ပွတ်ချင်တာ ငယ်ငယ်တုန်းက။

သူတို့ပြောတာ မဟုတ်ဘူး ဟုတ်တယ် တခါတည်း အငြင်းအခုန် လုပ်ဖို့တော့ ခက်တယ်ဗျ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါပေသိ သေချာပေါက် လို့တော့ တတ်အပ်မစွဲပါဘူး။ ၈၈ တုန်းက ခရစ်တော်၌ အိပ်ပျော်သွားတဲ့သူကို အနှစ် ၄၀ ကြာခါမှ စေတလုံးမောင်ဖုန်း ဇာတ်လမ်းတွဲ လာရိုက်တော့ “ဟုတ်တာ မဟုတ်တာ အပထား။ ညည်းက ခုမှ ဘာဖြစ်ချင်လို့တုန်း။” လို့ ပြန်မေးရမှာပ။ နင်တို့တွေ အဲ့ဒါခက်တာပဲ။ ကိုယ် ဉာဏ်မမီလို့ နားမလည်တဲ့ကိစ္စကို သိတဲ့တတ်တဲ့ လူက အလင်းပြတော့လည်း လက်မခံနိုင်ဘူး။ တစ်ဘက်ပိတ်တွေ။ မယုံနေပေါ့။ ယုံတဲ့သူတွေ ရှဲလိုက်ကြတာ ဖေ့စ်ဘုတ်တခုလုံး ပွထနေတာပဲ။ ရှဲကြဟေ့ ရှဲကြ။ ငါတော့ မရှဲနိုင်ဘူး။ ယူတို့အတွက် ကျော်ကျော်ဌေးလွင် ကို မန်းရှင်းခေါ်ပခဲ့မယ်။ “နေရာတကာ ဗုံးတွေ ဒီလောက်ကျဲနေတဲ့အချိန်မှာ ဘားလမ်းအိမ် ကုတင်အောက်ကအင်းချပ်က ဘာစောင်ရေးကြီးသလဲ။ ပြော။” ဆို အအော်ခံရလိမ့်မယ်။ ဒီလို အချိန်မျိုးမှာ ဒီလိုသတင်းမျိုးတွေ တက်လာရင် သူတို့တွေ ဘာဖြစ်ချင်နေမှန်း နည်းနည်းလေးမှ သဘောမပေါက်ဘူးလား။ လိမ်စရာ ခြူးတစ်ပြားမှ မရှိလို့သာတော်တော့တယ်။ နို့မို့ ကုန်မှာ။ သူတို့လက်ထဲမှာလေ ဆယ်လီတကာရဲ့ အပုပ်အစပ် အယုတ်အပတ်တွေ တော်ကီဖိုင်နဲ့ လိုချင်သလား။ HD လေးရော မရချင်ဘူးလား။ အကုန်ရှိတယ် သိမ်းထားတာ။ လိုလျှင်ရစေ ကြိုးနွယ်ခွေ။ ဘယ်သတင်းလေး ချလိုက်ရင် ဘယ်အရွယ်ကြီးတွေ တုန်ဆင်းလာမလဲ ဆိုတာလည်း သိတယ်။ ဒါပဲ လုပ်စားလာတာ ဘယ်နှစ်ခါ ရှိပလဲ။ ဘယ်တုန်းကမှလည်း အမှတ်မရှိကြဘူး။

သူတို့က မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာတော့ မဟုတ်ဘူး။ ငါးမျှားရင် ငါးစာမတပ်ပဲ ရမလား။ မှန်တာလေးတွေ တချို့တဝက်တော့ ပါတာပေါ့။ ဒါပေမယ့် အဲ့ဒီအမှန်တဝက်လေးကနေ သူတို့လိုချင်တဲ့ အချက်အလက်ကို ခေါင်းထဲအရောက်ပို့သွားတယ်။ ဟိတ် ဟိုမှာကြည့်စမ်း။ “တကိုင်းတည်း နားတဲ့ ငှက်ကလေးတွေ သိပ်ပျော်မှာပဲလေ။” ဆို အကောင်လိုက် အရင်ပြပြီးတော့မှ “ပျော်မှာပေါ့။ မော်မှာပေါ့။ ချစ်သူနဲ့ပဲလေ။” ဆို သူလိုချင်သလို ကောက်ချက်ဆွဲခိုင်းတာ။ “နင်တို့ NUG က PDF တပ်ဖွဲ့တွေအတွက် ဒေါ်လာသန်းပေါင်း ဘယ်လောက်တောင် အကုန်အကျခံတယ် ဆို။” လို့ သတင်းတင်ပြီးမှ “AA မှာ စစ်ထဲဝင်တဲ့ကလေးလေး အစာငတ်သေသွားတယ်။” တို့၊ “ဘယ်အဖွဲ့က PDF ကလေးတွေတော့ဖြင့် ဘာမှမရလို့ ဘာတွေပြုသွားတယ် ဆိုတဲ့သတင်းတွေ လိုက်ကပ်ပေးတာ။ ရှေ့က “ဗေဒင်” လို့ အော်သွားတဲ့နောက်က “မှန်ဘောင်” လိုက်ရောင်းတဲ့သူလိုမျိုးပဲ။ အဲ့ဒါလည်း အမှတ်မရှိတဲ့သူတွေ အများကြီးပါပဲ။

တချို့ကျတော့လည်း မှန်တာ မမှန်တာက အရေးမကြီးပါဘူး။ ကိုယ်ကြားချင်တာလေး ကြားရဖို့က အဓိကပါ။ တခါတလေမှာ မဟုတ်မှန်းသိပေမယ့် ကြားရတာစိတ်ချမ်းသာလွန်းလို့ “ပြန်ပြောပါဦး။ ပြန်ပြောပါဦး။” တောင်းရတဲ့ စကားတွေလည်း ရှိတာပဲ။ “မင်းအောင်လှိုင် သေပြီ။ စိုးဝင်း သေပြီ။” သတင်းတွေဟာ ဘယ်အချိန် ကြာရကြားရ၊ ဘယ်နှစ်ခါ ကြားရကြားရ၊ နားဝင်ချိုတယ်။ “ဒီတစ်ခါတော့ တကယ်ကြီးပဲ ဖြစ်လိုက်ပါတော့။” ဆို မျှော်လင့်မိတယ်။ ထီပေါက်စဉ်မှာ ရှေ့ဂဏန်းလေးတွေ တူလာတဲ့ ခံစားချက်မျိုးပေါ့။ အခုတက်တက်လာတဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။ ကိုကိုကပြောတယ်။ အငယ်ချောရယ် တဲ့။ အင်း တဲ့။ ဂန္ဓာလရာဇ် ကို ဘန္ဂလာဒစ်ရှ်နဲ့ စစ်တိုက်ကြတော့မယ်တဲ့။ ဟဲ့ ဟဲ့။ ဘလို ဘလို။ အာဟာ ဟုတ်လည်း ဟုတ်ပဲနဲ့။ ဘယ့်နှယ့် မဟုတ်ရမှာလဲ။ ဟိုမှာ ကွန်တိန်နာကြီးတွေနဲ့ လက်နက်တွေတောင် ရောက်နေပြီ။ ဒရုန်းတွေလည်း ပါတယ်တဲ့။ ကော့ဘဇားလေဆိပ်ကြီးတောင် အမေရိကန်လေယာဉ်တွေဆိုက်ဖို့ အကြီးစားပြင်ဆင်နေတဲ့ဟာကို။ ယုံချင်ယုံ။ မယုံချင်နေ။ မအလ ကတောင် ကန့်ကွက်စာပို့ပြီး တားဆီးတာကို ဘကုံးအစိုးရက “ဘုတ် ဘုတ် ဘုတ်” ဆို ပုတ်ပြလိုက်တယ်တဲ့။ ဟင် သုံးချက်ကြီးတောင်လား။

နေဦး နေဦး။ ဟုတ်တာ မဟုတ်တာ။ ယုံတာ မယုံတာ။ နောက်မှစဉ်းစား။ အခု ဘေးဖယ်ဦး။ ဟိုမှာ လာပြီ။ ဆရာ့ဆရာကြီးတွေချည့်ပဲ။ လက်အုပ်ကလေးချီပြီး မှတ်သားနာယူဖို့သာ အသင့်ပြင်ထား။ မောင်ရင်လေးတို့က အခုမှ တအံ့တဩဖြစ်နေတာလား။ မအံ့ဩနဲ့။ အဘဆရာကြီးတို့က သိထားတာ ကြာလှပြီ။ သတင်းပေါက်ကြားမှာစိုးလို့ မပြောသေးတာ။ အဲ့ဒါ ဂျိုးဘိုင်ဒန်လက်ထက် ကတည်းက လှုပ်ရှားနေတာလကွာ။ အခု ဒေါ်နွယ်ထွမ့်လက်ထက်မှာလည်း ဖြစ်အောင်ဆက်လုပ်ရတာပေါ့ကွ။ သူတို့ချင်းက မတည့်သာမတည့်တာ အချိတ်အဆက် က ရှိပြီးသား။ အမယ် မသိရင် ဘဲဥပုံ စားပွဲဝိုင်းကြီးဘေးက ပြောနေတဲ့အတိုင်း။ မင်းလည်း သိပါတယ်။ “Burma Act” က ဘာဖြစ်တယ်။ ညာဖြစ်တယ်။ စုံလို့ပါဗျာ။ ကိုယ် မကြားဖူး မသိဖူးတာနဲ့ မဟုတ်ဘူး ပြောလို့ ရမလား။ တောကျီးကန်းမျက်စိနဲ့ လင်းယုန်မျက်လုံးဆိုတာ resolution ချင်းက မယှဉ်နိုင်အောင်ကွာတယ်။ ဘေဂျင်းက မစောကြည်ကြီးကတောင် ပြောဖူးသေး။ “ငါတို့ ကြည့်ချင်သပဆို နင်တို့ရှေ့တန်းမှာ စစ်တိုက်နေတဲ့ PDF ကလေးတွေရဲ့မျက်နှာလေးတွေကို တစ်ယောက်ချင်းလိုက်ကြည့်ပြီး ဖွာလို့ရတယ် သပ်လား။” တဲ့။ ငါ့ကောင်တို့ ရှူးလေးဘာလေး ပေါက်ရင် သတိထားကွယ်။ တွစ်တာထဲ ရောက်ကုန်ပါဦးမယ်။ ကဲ ယုံတယ် အဘရေ။ ယုံတယ်။ ဆက်ဖော။ အဲ့လေ ဆက်ပြော။

အခု အိန္ဒိယ နဲ့ ပါကစ္စတန်တို့ ကက်ရှမီးယားမှာ စစ်ဖြစ်နေတာ တွေ့တယ် မှလား။ အားပါး။ တွေ့ပြီကော အဘရယ်။ လေယာဉ်ပစ်အမြောက်ကြီးတွေ ဝင်းကနဲ ဝင်းကနဲ နေတာပဲ။ လေယာဉ်ပျံကို လေယာဉ်ပျံနဲ့ နောက်ကလိုက်ပစ်တာလည်း ဂိမ်းကစားနေတဲ့အတိုင်းပဲ။ အဲ့ဒါကြီးတွေ လိုချင်လိုက်တာ အဘရယ်။ ကလေးလေးတစ်ယောက်လို လိုချင်တာကို လူးလှိမ့်လို့တောင်းလိုက်မယ်။ တောင်းလိုက်မယ် ပေးနော်။ ပေးနော်။ ဪ ခက်ပြီ။ အရူး အမဲသား ပြမိပြန်သကိုး။ ပေးမှာ။ ပေးဦးမှာ။ နောင်ကျတော့ အဲ့ဒီ ကွန်တိန်နာကြီးတွေထဲမှာ တစ်ခုပြီးတစ်ခု ပါလာမှာ။ အောင်မယ်လေး။ ကြားရတာ နားဝမှာ ချိုလို့။ ဒါမျိုးတော့ ယုံမှာပဲ။ ဘာမှ လာမပြောနဲ့။ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံမှာ။ ကိုင်း ပြောနေကြာတယ်။ ရှဲပြီကွာ။

သိပ်လည်း ပျော်မနေနဲ့ဦး။ အချစ်ဟာ ကြိုခင်းထားတဲ့ ပန်းတစ်ခင်း မဟုတ်ဘူး။ တို့မျက်ရည်တွေကိုမြင်ရင် မင်း သိသင့်ပါတယ်။ ဟိုမှာကြည့်စမ်း။ ယူကရိန်းမှာ စစ်ဖြစ်နေတာ မြင်လား။ အဲ့ဒါ ပရုပ်ဆီစစ်ပွဲ proxy war ခေါ်တယ်။ အဲ့လိုမျိုးပဲ။ တရုတ် နဲ့ အမေရိကန်တို့ မြန်မာ့မြေပေါ်မှာ ဟိုဘက်သည်ဘက် လက်နက်တွေပေးပြီး မြန်မာ – မြန်မာချင်း အသေအကြေ ဆော်ခိုင်းမှာ။ မင်း တရုတ်ကြီးကို လျှော့မတွက်နဲ့။ အခု မော်စကိုမှာ ပူတင် နဲ့ ကျင့်ဖျင်နဲ့ လက်ချင်းချိတ်ပြီး “ဒီကမ္ဘာကြီး အဆုံးထိကို တို့သွားမယ်။” လို့ သစ္စာတွေ တိုင်နေကြပြီ။ တတိယကမ္ဘာစစ်ကြီးဖြစ်ရင် တသားတည်းဖြစ်ဖို့ ပူးထားတဲ့ ခွေးဖင်ကို မမှီမကမ်းနဲ့ ခုန်ခုန်ပြီးလျက်ချင်တဲ့ ငါတို့အိမ်က ခွေးပုကလည်း တစ်မျိုး။ အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေ စစ်ဖြစ်ရင် နင်ပုန်းနေတဲ့ ဗုံးခိုကျင်းက လုံမယ် လို့ ထင်နေတာလား။ တိုင်းပြည် မနစ်နာစေချင်လို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်တာကမှ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်း ပီသတာ။ မြန်မာ့မြေပေါ်မှာ ပရုပ်ဆီစစ်ပွဲဖြစ်ရင် ဖြူဖြူထွေး ကြော်ငြာတဲ့ မယ်တော်ဟောင်စု လိမ်းလို့လည်း မပျောက်ဘူး။ အနီတွေရော၊ အစိမ်းတွေရော၊ မဘသတွေရော ရဟဂျတွေရော အကုန် ပြောင်သလင်းခါသွားမှာ။

ဟား။ အဲ့သလိုဆိုတော့လည်း အေးသပ မောင်ရာ။ ခုအတိုင်းလည်း စစ်ခွေးတွေ ဗုံးလိုက်ကျဲနေလို့ ငါတို့ချည့် သေနေရတဲ့ဥစ္စာ။ စစ်အကြီးကြီးဖြစ်၊ လူအများကြီးသေ၊ ဘယ်သူမှ မနေရတော့ရော ဘာဖြစ်သေးတုန်း။ ကိုယ့်မှာ သေစရာက ဒီတစ်သက်ရှိတာ။ ကုလားကားတွေထဲကလို သီချင်းတစ်ပုဒ် မဆုံးမချင်း တွန့်လိမ်ပြီး “အာ ဟား ဟာ အာ ဟား ဟာ” နဲ့ သေပလိုက်မယ်။ ကိုယ်သေလို့ ဝမ်းမနည်းဘူး။ ဟိုကောင်တွေ သေလို့ ဝမ်းသာမှာ။ မီးကလည်း မလာ၊ စားစရာက မရှိ၊ ပူလောင်အိုက်စပ်နေတဲ့ တိုင်းပြည်ကြီးမှာ စစ်သားတွေ အနိုင်ကျင့်သမျှ ခံနေရတဲ့ဘဝကြီး ဘာမက်စရာ ရှိလို့လဲ။ သေပလေ့စေ။ သူတို့ပါ အများကြီးခေါ်သွားမှာ နိုင်သလောက်။ ကေကျုရာ။ ခများ အသက်ကြီးမှ မီးမရပြီး ခေါင်းမွှေးလည်း ပြောင်နေပါပြီ။ ဘာတွေတွေးကြောက်နေတာတုန်း။

တို့ ငယ်ငယ်တုန်းက အမျိုးတစ်ယောက် ရှိတယ်။ မျက်ရည်တွေထွက်အောင် အားရပါးရ ရယ်နေတဲ့ သူ့မြေးကို “ဘာတွေ ဒီလောက်တောင် သဘောကျနေတုန်း။” လို့ မေးတော့ “အောင်မယ်လေး အဖွားရေ။ အမေရယ် ဘာဆိုလား မသိဘူးပြောတာ။ မသံက ဘာဆိုလား မသိ ပြန်ပြောတော့ ကျွန်မဖြင့် ရယ်လိုက်ရတာ အူတွေကို နာပါရော။” လို့ ဆိုသဗျ။ အေး အခု လိုင်းပေါ်မှာ ဘယ်သူက ဘာဆိုလဲ မသိဘူး ပြောတာဗျာ။ ငါ့မယ် ဘယ်နားသွားပုန်းရမှန်းတောင် မသိဘူး။ ကြောက်လက်ထှာ။ အဲ့တော့ ဘာမှန်းမသိတဲ့ သတင်းတွေလာရင် “မင့် ဘယ်မအေပေးက ပြောသလဲမောင်” ဆို source ကို အရင် check လုပ်ရတာပေါ့။ ဂိုရှလ်လေးလောက်နဲ့ဆိုရင်တော့ ဟဟပဲ ရမယ်။ မြန်မာသတင်းထူးသတင်းဦးများ တို့၊ တက္ကသိုလ်ဘုန်းနိုင်တို့၊ မေဆွိတို့ ဆိုရင်လည်း သိတယ်။ ခဏခဏ လာလာ ဂျင်းထည့်တဲ့ လူရီးတွေ။ အမယ်။ တခါတလေ ဂျင်းမိတဲ့အထဲ ကိုယ်တောင် ပါသေးသဗျ။ ကံ့ကော်မြေ (နှစ်တစ်ရာပြည့်တက္ကသိုလ်) ဆိုလို့ join ထားမိတာ။ စစ်လော်ဘီ ဆိုက်ဝါးဆောင်းပါးတွေ တက််တက်လာလို့ ထွက်ခဲ့ရတယ်။ တော်တော့ တော်တော့။ နောက်လည်း မလာနဲ့။ လာလည်း မနောက်နဲ့။ အကြောင်းတခုခုနဲ့ လူစည်အောင် စုထားပြီးတော့မှ ဝါဒဖြန့်တာလေ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ် ဆိုတာမျိုး။

တခါတခါတော့လည်း စဉ်းစားမိတယ်။ ဒီကောင်တွေ စစ်တိုက်စရာ လူမရှိဘူးဆိုပြီး ငလျင်လှုပ်လို့ တိုက်ပေါ်က ဆင်းပြေးတဲ့ကလေးတွေကို ဖမ်းခေါ်မယ့်အစား အဲ့ဒီကီးဘုတ်ဖိုက်တာတွေ ရှေ့တန်းပို့လိုက်ပါ့လား။ အများကြီးပဲ ဥစ္စာ။ သူတို့လည်း မြေပြင်အတွေ့အကြုံလေးတွေ ရေးကြပါစေလေ။ ရှေ့တန်းမှာလည်း စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း စစ်တိုက်၊ ဘယ်လောက်တွက်ချေကိုက်သလဲ။ ဟိုက်ရှားဘား။ ငါလည်းပဲ ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ်ထဲ ပါသွားပြီ ကြည့်စမ်း။ အလကားနေရင်း အကြံတွေ လိုက်လိုက်ပေးနေတဲ့ အလကားအကြံပေးကြီး။ “လူတိုင်း လူတိုင်းဟာတဲ့။ အသက်ရှည်ချင်၊ အဆင်းလှချင်၊ ဉာဏ်ပညာကြီးချင်၊ ဘုန်းတန်ခိုးကြီးချင်တဲ့ သူချည့်ပါပဲတဲ့။ ဒါပေမယ့် တချို့က ဖြစ်တယ်။ တချို့က မဖြစ်ဘူး။ အဲ့ဒါ ဘာ့ကြောင့်လဲ။” လို့ မြတ်စွာဘုရားဆီ မေးလျှောက်တဲ့အခါ “ချစ်သား အာနန္ဒာ။ အဲ့ဒါ ဣဿာ နဲ့ မစ္ဆရိယ နှစ်ပါးကြောင့် ဖြစ်ရတယ်။” လို့ ဖြေတော်မူသတဲ့။ ဘာဖြစ်လို့ ဣဿာ နဲ့ မစ္ဆရိယ ဖြစ်ရသလဲဆိုတာကတော့ ချစ်ခြင်း၊ မုန်းခြင်းကြောင့်တဲ့။ ဘာဖြစ်လို့ ချစ်ခြင်းမုန်းခြင်း ဖြစ်သလဲဆိုတာကျတော့ ဝိတက် နဲ့ ဝိစာရကြောင့်လို့ဆိုတယ်။ ကညနရုံးက ပေးတဲ့ ဝိတက်လိုင်စင်ကို ဦးဝိစာရအဝိုင်းမှာတားတဲ့ မော်တော်ပီကယ် ဆီ ပေးရတယ် လို့ ပြောတာ မဟုတ်ဘူးနော်။ ဝိတက်၊ ဝိစာရ ဆိုတာ တွေးစိတ် နဲ့ ကြံစိတ် ကို ပြောတာ။ အဲ့တော့ အလကားနေရင်း တွေးနေ၊ ကြံနေ၊ အကြံတွေပေးနေလို့ရှိရင် ကိုယ့်ရဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးကျော်ဇောခြင်းတွေ ထိခိုက်ကုန်လိမ့်မယ်။ ဘယ်သူ့ကိုမှ ဘာအကြံမှ မပေးတော့ဘူး။ ခင်ဝင့်ဝါလေးက မက်ဂါလာမှာ LV stocking လေး ဝတ်ရကောင်းမလား လို့လည်း လာမတိုင်ပင်နဲ့။ သဘော သဘော။ လုပ်ချင်တာတွေ လုပ်ကြ။ လုပ်ချင်သလိုတွေ လုပ်ကြ။ ပြီးရင် ကိုယ်ဖြစ် ကိုယ်ခံကြ။ အကုန်လုံးဖြစ်တော့လည်း အကုန်လုံး ခံကြ။ ပျော်စရာကြီးနော့။