ချန်ဂင်တို့စခန်း (၂၈)

အလုပ်နဲ့ပါတ်သက်လို့တော့ တော်တော်ကို စိတ်ချမ်းသာရတယ် လို့ ပြောရမှာပါပဲ။ လေးလဆိုတဲ့ ကာလအတောအတွင်းမှာ အရာရာဟာ ကိုယ်စီမံတဲ့အတိုင်း ဖြစ်စေချင်တဲ့အတိုင်း အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်နိုင်ပါတယ်။ ခွဲခန်းထဲက ပစ္စည်းကိရိယာ တန်ဆာပလာတွေလည်း စုံလင်လာပြီ။ သင်ကြားပြသပေးထားတဲ့ ကလေးတွေလည်း အမှားအယွင်း အထစ်အငေါ့မရှိ လုပ်နိုင်ကိုင်နိုင်နေပြီ။ ဒီကနေ့ဆို မမျှော်လင့်ပဲရောက်လာတဲ့ Ectopic Pregnancy နဲ့ shock ရနေတဲ့ လူနာကို နာရီဝက် တစ်နာရီအတွင်း ခွဲခန်းထဲပို့ ဓါးတင်နိုင်တယ်။ အမှားအယွင်းလည်း မရှိဘူး။ ပြာလောင်ခတ်နေတာလည်း မတွေ့ရဘူး။ ရန်ကုန်က အပြင်ဆေးရုံတွေမှာဆိုရင်တောင် Ultrasound ရိုက်ဖို့ တန်းစီနေတုန်း ရှိဦးမှာ။ ဒီမှာတော့ ကလေးအငယ်လေးက ၈ လ ပဲ ရှိသေးတယ် ဆိုလည်း ရှိရှိ။၊ ၃ လခံ Depo ထိုးထားပါတယ်ဆိုလည်း ထိုးထိုး။ “ငါထင်တာက ငါထင်တာပါအေ” ဆို ကျားကျားမီးယပ် လုပ်ပြီး ခွဲခန်းအရင်ပြင်နှင့်တယ်။ နှာနှပ်ရင်း ဆီးပိုက်ထည့်လို့ နှစ်ကြောင်းလည်းပေါ်ရော သွေးလှူရှင်အရှာလွှတ်ပြီး ခွဲခန်းထဲတန်းသွင်းတာ။

ဒီကိုရောက်လာတဲ့လူနာတွေက ရွာခံ နဲ့ ရွာနီးချုပ်စပ်ကလူတွေချည့်ပဲ မဟုတ်ပါဘူး။ တဖြေးဖြေးနဲ့ လူသိလာလို့ ပတ်ဝန်းကျင် မလှမ်းမကမ်းက လူတွေလည်း လာကြပါတယ်။ EAOs ထဲက တိုင်းရင်းသားတွေ၊ PDF တွေ နဲ့ ရပ်ရွာမီးရှို့ခံရတဲ့ စစ်ပြေးဒုက္ခသည်တွေပါ အစုံပါပါတယ်။ မွေးလူနာတွေ အများကြီး လာကြပါလား၊ သွားလူနာတွေအများကြီး လာပြကြပါလား၊ ဆို မီးယပ်သားဖွား ဆရာဝန်တစ်ယောက်၊ သွားဆရာဝန်တစ်ယောက် ရအောင် အားဖြည့်ထားတာ တော်တော်မှန်တယ် လို့ ပြောရမယ်။ လချုပ်စာရင်းတွေ လုပ်လိုက်ရင် သူတို့လူနာတွေကကို မနည်းဘူး။ အစောကြီးကတည်က ပြောခဲ့သလို ကိုယ် ဘယ်လောက်တတ်တတ်၊ သူတို့တတ်တာကိုတော့ မမီနိုင်ဘူး မဟုတ်လား။

သူနာပြုဆရာမလေးကလည်း တစ်ယောက်တည်း ရှိတာမို့ OT ရော Ward ထဲရော သူ့တစ်ယောက်တည်း ဘယ်လိုမှ အပါတ်မလည်နိုင်ပါဘူး။ ဒါကြောင့်မို့ ကိုယ်တို့ဆရာဝန်တွေလည်း အကုန်ဝိုင်းကူရတယ်။ volunteer လုပ်တဲ့ကလေးတွေ ရွာထဲက ကလေးတွေကိုလည်း သင်ရပြရတယ်။ ခွဲခန်းရှိပြီဆိုရင် ဆေးရုံက လူကုန် ပြင်တာဆင်တာ ခွဲတာစိတ်တာကနေ ဆေးကြော သိမ်းဆည်းတာအထိ အားလုံးဝိုင်းလုပ်ကြတယ်။ ထမင်းစားမှ လူတစ်ဒါဇင်ပြည့်တာ မဟုတ်ဘူး။ ခွဲခန်းဝင်လည်း တစ်ဒါဇင် အပြည့်။ ရွာထဲ အလှူသွားစားလည်း လူတစ်ဒါဇင်အပြည့်။ ဆေးရုံကို ဧည့်သည်လာလို့ “ဆရာ။ မိသားစုပါ ပါလာလား။” လို့ မေးရင် “ဒီမှာရှိတာ အကုန် ကျွန်တော့ မိသားစုပဲ။” လို့ ဖြေပလိုက်တယ်။

စိတ်ချမ်းသာစရာအကောင်းဆုံးကတော့ ဒီဆေးရုံမှာ အရာအားလုံးဟာ စေတနာအရင်းခံတယ်။ ဆန်ပေးလို့ ဆေးရတယ်ဆိုတာ မရှိဘူး။ ဆေးရုံမှာ အောက်ခြေသိမ်းလုပ်ပေးနေတဲ့ ကလေးတွေကို လက်ဘက်ရည်ဖိုး မုန့်ဖိုးပေးစရာ မလိုဘူး။ သူတို့ကို လခပေးတယ်။ (သိပ်အများကြီးတော့ မဟုတ်ဘူး။) ပညာသင်ပေးတယ်။ ကိုယ်တို့စားသလို စားရတယ်။ ကိုယ်တို့နေသလို နေရတယ်။ မိသားစုလိုထားတာ။ ဆေးရုံမှာ အလုပ်သမား လာလုပ်ရလို့ ဂုဏ်မငယ်ရဘူး။ သူတို့ မိဘဆွေမျိုးတွေကိုက “တို့အိမ်ကကလေး ဆေးရုံမှာ အလုပ်လုပ်နေတာလေ။” လို့ ကြွားရတာမျိုး။ ရွာထဲကနေ ဆေးရုံမှာလာအလုပ်လုပ်ချင်တဲ့ ကလေးတွေ တားတောင်ယူရတယ်။ လူလိုရင်ခေါ်ပါ့မယ် ဆိုပြီး။ ကိုယ်ဆရာဝန်ဖြစ်ကတည်းက ဆေးရုံမှာ ပိုက်ဆံအတောင်းကြမ်းတယ်ဆိုတဲ့ အလုပ်သမားထိန်းရတဲ့ ပြဿနာဟာ ဒီရောက်မှ ပြေလည်သွားတယ်။

လောက်ကိုင်ဆေးရုံမှာတုန်းက ဆာဂျင်က အလကားခွဲပေးတဲ့ ကိုရင်လေးကို အလုပ်သမားတွေက အဝတ်လျှော်ခ ယွမ် ၂၀၀ တောင်းသွားလို့ ဆေးရုံအုပ်ကို တိုင်တဲ့အခါ “ချဉ်ပေါင် နဲ့ ဝက်သား လဲရဲရင် လဲလိုက်ပေါ့။” လို့ အကြိမ်းခံရဖူးတယ်။ အမ်းဆေးရုံမှာတုန်းက လူနာတွေ အုန်းအုန်းထအောင် ခွဲပေးနေရတုန်း ပိုက်ဆံအရနည်းလို့ မကျေနပ်တဲ့ အလုပ်သမားတစ်ယောက်က လူနာကိုလက်မှတ်ထိုးခိုင်းပြီး တိုင်လို့ တစ်ဆေးရုံလုံး DE / PE စစ်ဆေးခံထိရတယ်။ ဒပ်ဖရင်မှာ သမီးကိုမွေးတုန်းက ကိုယ်တိုင်ဆရာဝန် ကိုယ်တိုင်ဝန်ထမ်း ဖြစ်လျက်သားနဲ့ ခွဲခန်းထဲကို trolley တွန်းခ ၂၀၀၀၀ ပေးခဲ့ရတယ်။(ဆရာဝန်လစာထက် များတယ််။) ဒီဒဏ်တွေကို တသက်လုံး ခံလာရတာ။ ဘယ့်နှယ်မှ လုပ်မရဘူး။ အခုမှသာ ကိုယ့်တိုင်းပြည်ထဲမှာ corruption မရှိတဲ့ လုပ်ငန်းခွင် အဝန်းအဝိုင်းတစ်ခု အုတ်မြစ်ချနိုင်လို့ အရမ်းကို စိတ်ချမ်းသာတယ်။

ကိုယ်တို့အတွက် လိုအပ်တဲ့ စားစရိတ် သောက်စရိတ် ဝန်ထမ်းစရိတ်တွေရယ် လူနာတွေအတွက် အဆက်မပြတ် လိုအပ်လာတဲ့ ဆေးစရိတ်တွေရယ်ကိုတော့ လစဉ်လစဉ် အလှူရှင်များက ဖြည့်ဆည်းပေးပါတယ်။ ဘယ်သူ့ဆီမှ စာရေး အသံပေး လက်ဝါးဖြန့်ပြီး လိုက်တောင်းစရာ မလိုဘူး။ ဘယ်သူဘယ်လောက် လှူတယ် လို့တောင် မှတ်မထားတော့ဘူး။ ဖုန်းထဲကျန်နေရင် သူတို့ပါ ဆွဲစိခံနေရမှာစိုးလို့။ မသိတဲ့ မယုံတဲ့သူဆို လက်တောင်မခံဘူး။ နောက်ကလိုက်လာမှာစိုးလို့။ ကိုယ်နဲ့သိတဲ့သူ ကိုယ့်ကိုယုံတယ်ဆိုတဲ့သူနဲ့ပဲ အလုပ်လုပ်တာ ဇယားလည်း မရှုပ်ဘူး။ စကားလည်း မရှုပ်ဘူး။ အေးရော။ လူရော ပညာရော အလကားပေးထားပြီးမှ သူများလှူတဲ့ပိုက်ဆံတွေနဲ့ ငရဲမယူပါဘူး။

တောထဲတောင်ထဲမှာ ဘာမဆို လိုတိုင်းတ ရစေနိုင်ဖို့ ပဒေသာပင် မြေကအလိုလိုပေါက်လာတာ မဟုတ်ပေမယ့် အဲ့ဒီအပင်ကလေးကို စိတ်ရှည်လက်ရှည် မျှော်မျှော်မြင်မြင်နဲ့ ပျိုးယူခဲ့တာ ရေလောင်းပေါင်းသင်ခဲ့ရတာ အမှန်ပါပဲ။ အခုအချိန်ဟာ အသီးတွေအပွင့်တွေ ရင့်မှည့်လို့ ခူးဆွတ်စားသုံးနိုင်တဲ့ အချိန်အခါ လို့ ပြောရမှာပေါ့။ ဒါပေမယ်လို့ ကိုယ့်မှာ ကျေနပ်အားရသွားတယ်လို့တော့ မရှိသေးပါဘူး။ ဆေးကုမ္ပဏီက လူတွေလိုပေါ့လေ။ ဒီ product က market မှာ ပေါက်သွားပြီ။ လစဉ်လစဉ် လိုချင်တဲ့ target လည်း ထိပြီ။ ဘာဆက်လုပ်စရာ ရှိမလဲ။ ဒီ့ထက်မြင့်တဲ့ အရောင်း target ကို set လုပ်ရင်လုပ်။ မလုပ်ရင်လည်း နောက်ထပ် product အသစ်တစ်ခုပေါက်အောင် launch လုပ်ရဦးမှာပေါ့။ ဟုတ်တယ် မဟုတ်လား။ လှထုံတို့ရွာကနေ ချန်ဂင်တို့စခန်း ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားခဲ့တယ်။ အခု အဲ့ဒီ စခန်းလေးက ကောင်းကောင်းကြီး လည်ပတ်လုပ်ကိုင်နေပြီ။ ဒါပြီးရင် ဘာဆက်လုပ်မှာလဲ။ အရင်တခါလိုပဲ “အိမ်ပြန်မှာပေါ့” လို့ ဖြေရင် မေးတဲ့လူကလည်း အဲ့ဒီအချိန်တုန်းကအတိုင်း “ရလို့လား ဆရာရဲ့။” လို့ ပြန်မေးလိမ့်ဦးမယ် ထင်ပါတယ်။

တကယ်တော့ ကိုယ်လုပ်ခဲ့သမျှ အလုပ်တွေဟာ ဘာလုပ်ရမှန်း မသိလို့ တစ်ခုခု လုပ်မိလုပ်ရာကို အကြံကုန် ဂဠုန်ဆားချက် လုပ်နေတာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ဘာတွေလိုအပ်သလဲဆိုတာလည်း သိတယ်။ အဲ့ဒီမှာ ကိုယ်ဘာလုပ်ပေးနိုင်သလဲဆိုတာလည်း သိပြီး လုပ်လည်း လုပ်ပေးတယ်။ ကိုယ် ဘာလိုချင်သလဲ ဘာဖြစ်ချင်သလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိထားပြီးမှ မရရအောင် မဖြစ်ဖြစ်အောင် ရုန်းကန်ကြိုးစားပြီး အလုပ်လုပ်နေတာပါ။

ကိုင်း ဒါဖြင့် ဒဲ့ပဲပြောမယ်။ ရှေ့ဆက်ပြီး ဘာဖြစ်ချင်နေတာလဲ။ မြန်မြန်ဖြေ။ တော်ကြာ ကိုကိုကြီးလို “လင်လိုချင်နေတာလား။” အမေးခံနေရမယ်။ ဘာဖြစ်ချင်စရာ ရှိရမှာလဲ။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရမယ်လေ။ ဒါမှ မပြီးသေးတာ။ ပြီးအောင်လုပ်ရမှာပေါ့။ ဆေးရုံမှာ တစ်နေ့ လူတစ်ဒါဇင် ထိုင်ခွဲနေလို့ရော မိအောင်လှိုင် မယ်အိမ်လုံး ကျက်သတုံးကြီး မသေနိုင်သေးသ၍ မြန်မာတပြည်လုံး သီရိကျက်သရေ ဖြိုးဖြိုးဝေစရာမှ မရှိတာ။ အဲ့ဒီတော့ ကိုယ့်ဘက်က တိုက်ပွဲအရှိန်အဟုန်မြှင့်ပြီး ခွေးရိုက်တုတ်သိုင်းကွက်တွေ ထုတ်သုံးရတော့မှာပေါ့။

မကြာခင်မှာ လွတ်မြောက်နယ်မြေကနေ NUG အစိုးရရဲ့ စိုးမိုးနယ်မြေတွေ ပေါ်လာခဲ့ရင် ကိုယ့်အရပ် ကိုယ့်ဒေသဟာ ထိပ်ဆုံးက ပါမယ့်သဘော ရှိတယ်။ နန်းမြို့ရိုးက သူရဲပြေး သူရဲခိုတွေပေါ်တောင် သဲအိပ်လူတစ်ရပ်လောက်ကာပြီးမှ ငုတ်တုတ်ထိုင်ရဲတဲ့ မြန်မာစစ်သားတွေဟာ သူတို့မစိုးမိုးတဲ့နယ်မြေထဲကို အလောင်းတောင် ဝင်မကောက်ရဲတော့ဘူး။ သူတို့နိုင်စားလို့ရတဲ့ မြို့ပြကျေးလက်က ပြည်သူလူထုအပေါ်ပဲ အငြှိုးနဲ့ ရမ်းကားနှိပ်စက်ကြတော့မယ်။

အဲ့ဒီအခါကျတော့ အသေအပျောက် အဖမ်းအဆီး အနှိပ်အစက်တွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တဝိုက်မှာချည့်ပဲ ဒင်းကြမ်း တရစပ် ဖြစ်ကုန်တော့မှာ။ အဲ့ဒီမြို့ရွာက အရပ်သားပြည်သူတွေကိုလည်း ဓါးစာခံ သုံ့ပန်းပမာ နှိပ်စက်ညှင်းပန်းကြတော့မယ်။ ဒဏ်ရာအနာတရနဲ့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့ အလိုအပ်ဆုံးဟာ နယ်စပ်ဒေသမှာ၊ ပြည်နယ်ကျေးလက်တွေမှာ မဟုတ်တော့ပဲ သူတို့ခြေကုပ်ယူထားတဲ့ မြို့ကြီးပြကြီးတွေမှာပဲ ဖြစ်စရာ ရှိတော့တယ်။ မင်းအောင်လှိုင် ကို သူ့အောက်ကလူတွေက သတ်မပစ်သေးသ၍ ဒီဘူတာကလွဲပြီး တခြားဆိုက်စရာ မရှိဘူး။

အခုရက်ပိုင်းမှာကိုပဲ ကိုယ့်ဆီကို ရန်ကုန်က မန္တလေးက သေနတ်ဒဏ်ရာရလာတဲ့ ကလေးတွေ ဘယ်ကိုပို့ရပါမလဲ လွှတ်ရပါမလဲနဲ့ လာလာမေးနေတဲ့သူတွေ ရှိပါတယ်။ ခက်ပဲခက်ရချည့်။ အရင်က ဒီမှာမခွဲနိုင်ရင် သူတို့ဆီ လွှဲရတဲ့ဟာတွေကို။ ဆေးရုံပေါ်မှာ non တွေ ရှိတယ်လေ။ သူတို့လည်း ဆရာဝန်တွေပဲဟာ။ ပစ်တော့ မထားလောက်ပါဘူး။ ဒီလိုနဲ့ ကိုယ်လည်း မနေနိုင်ပါဘူး။ ဆရာဝန်အချင်းချင်းပဲ။ အရေးကြီးရင် သွေးနီးပါတယ်။ “လုပ်ပါဦး။ ကယ်ပါဦး။ ပို့ချင်လို့။” ဆက်သွယ်စုံစမ်းရပါတယ်။ ကုတင် ၂၅၀၀ ဆန့် ရန်ကုန်ဆေးရုံကြီးဟာ အနုတ်စုတ်ဂုတ်စုတ် ဆရာဝန်ငကြောင်ကလေးတစ်ကောင် မရှိတာနဲ့ပဲ ကုသရေး ယန္တရားတွေ ရပ်တန့်သွားစရာလား။ ဆေးရုံက သူ့အလုပ်သူလုပ်တယ်။ နင်သာ ရှိရှိ မရှိရှိ သိတောင်သိစရာ မလိုတာ။ သေနတ်ဒဏ်ရာမကလို့ အမြောက်ဒဏ်ရာပဲလာလာ ဆေးရုံရောက်လို့ရှိရင် ကုပေးပါတယ်တဲ့။ သို့သော်လည်း အဆိုပါလူနာအမျိုးအစားဆိုသည်မှာ မဖြစ်မနေ သတင်းပို့အကြောင်းကြားရသော ဝတ္တရား ရှိပါသဖြင့် မြခြေကျင်းမငွေမြိုင်လာလုပ်ပြီးလျှင် စစ်ကြောရေးသို့ပင့်ဆောင်ပါသတဲ့။ “အပြင်ဆေးခန်းတနေရာရာမှာ တိုးတိုးတိတ်တိတ် လုပ်ပေးလို့ မရဘူးလား။” လို့ တောင်းဆိုပြန်တော့ “တစ်သက်လုံးရှာထားသမျှ ပိုင်ဆိုင်မှုတွေ တမနက်တည်းနဲ့ ကုန်သွားချင်သလား။ လုပ်ကြည့်လိုက်လေ။” လို့ ပွင့်ပွင့်လင်းလင်း စိန်ခေါ် ဆွေးနွေးထားပါသတဲ့။

ကြိုက်ပြီလေ။ တွေ့ကြသေးတာပေါ့။ အဲ့သလောက်ဆိုရင် စာဖတ်ပရိသတ်များအနေနဲ့ ဆရာချန်ဂင်ကလေး ဘယ်ကိုသွားပြီး ဘာဆက်လုပ်မယ်ဆိုတာ ခန့်မှန်းလို့ ရလောက်ပြီ ထင်ပါတယ်။ ဟွန့်။ ဆယ်ကိုယ်များခွဲလို့ရရင် ဆယ်ပွဲလောက် ကစားပြလိုက်ချင်သေးတယ်။ နေနှင့်ဦး။ ဒီတမိုးတွင်းလုံး ဂူအောင်းသိုင်း ကျင့်စဉ်ကြီးကို ကျင့်လိုက်ဦးမယ် သိလား။ နင်တို့တော့လား။ သီတင်းကျွတ်မှ ပုလင်းသွပ်ပစ်မယ်။ ပြည်တော်ဝင် စနေမောင်မောင်နဲ့ တွေ့ကြသေးတာပေါ့ကွာ။