ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ဆုံးသွားပါတယ်။ ဒေါက်တာထွဋ်ကျော်ဝင်း တဲ့။ အရမ်းကြီးခင်တဲ့အထဲမှာ မပါပါဘူး။ ကျောင်းတုန်းကတော့ မကြာခဏ ငြင်းခုန်ထေ့ငေါ့လေ့ ရှိသူချင်းပါ။ သို့သော်လည်း သူရောကိုယ်ရော တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြပါဘူး။ အယူအဆမတူလို့ စကားနိုင်လုကြတာလေ။ အမုန်းပွားစရာ အကြောင်းမှမရှိပဲ။ အယူအဆကတော့ တူစရာ အကြောင်း မရှိပါဘူး။ ဆေးကျောင်းတစ်ကျောင်းတည်း အတူတက်ကြပေမယ့် ရောက်လာတဲ့ နောက်ခံအသိုင်းအဝိုင်းချင်းက အင်မတန် ကွာခြားပါတယ်။ ယွမ်မွမ်း လို့ အခု ကလေးတွေ ခေါ်ကြတဲ့ ဆေးတက္ကသိုလ် (၁)မှာ ကျောင်းသားတွေဟာ အုန်းနို့ကျောက်ကျော အလွှာအထပ်ကလေးတွေလို တစ်လွှာနဲ့တစ်လွှာ မရောပဲ သီးသန့်ကလေးတွေ နေကြပါတယ်။ သူက အပေါ်ဆုံးအလွှာမှာ ရှိပြီး ကိုယ်ကတော့ အောက်ဆုံးအလွှာမှာ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ သူတို့က နှိမ့်ချဆက်ဆံတာ မဟုတ်သလို ကိုယ့်ဘက်က အငုံ့စိတ်နဲ့ အားငယ်နေတာလည်း မဟုတ်ပါဘူး။ လူချင်းတူပေမယ့် အဆင့်အတန်းချင်း မတူဘူးဆိုတာ ကိုယ့်ဘာသာကိုယ် သဘောပေါက်ထားလို့ပါ။ တတ်နိုင်တာချင်း မတူဘူး။ လက်လှမ်းမီတာချင်း မတူဘူး။ ရည်မှန်းချက် အလားအလာချင်းလည်း မတူပါဘူး။
လူကြီးသားဖြစ်ရတာကို အားမကျခဲ့ပေမယ့် သူစာတော်တာကိုတော့ အထင်ကြီးပါတယ်။ သူ့ဘက်ကလည်း ကိုယ့်ကိုအထင်သေးစရာ အကြောင်းမရှိတာက ကိုယ်က မြန်မာစာအရေးအသား မခေဘူး။ သရော်တဲ့ ကလိတဲ့နေရာမှာ လက်စွမ်းထက်တယ် လို့တော့ သူသိပါတယ်။ မြန်မာစာတျူတိုရီယယ်တွေမှာ ကိုယ်ရေးတဲ့ ပေါက်တတ်ကရ စာစီစာကုံးတွေကို ဆရာမက အတန်းထဲမှာ ဖတ်ပြလေ့ရှိတာကိုး။ အဲ့ဒါကြောင့် သူ ပျင်းနေရင် ကိုယ့်ဆီကို စကားရည်လုပွဲ လာလာကစားသလား မသိပါဘူး။ ငြင်းခုန်ဖြစ်ကြတယ်။ တခါတော့ ကိုယ်က ဟာသပုံပြင်တစ်ခုကို ပြောနေတယ်။ (အဲ့ဒီတုန်းက မောင်ကောင်းထိုက် မပေါ်သေးဘူးဗျ။) “ကမ္ဘာကြီးက စစ်ပွဲတွေ များလွန်းလှတယ်။ အဲ့ဒါ ဘုရားသခင်တွေမှာ တာဝန်မကင်းဘူး။ သုံးဆူသော ဘုရားရှင်တို့က ကိုယ့်သားတပည့်တွေ ကိုယ်ပြန်ဆုံးမရင်ကောင်းမယ် လို့ တွေးကြသတဲ့။ ပထမဆုံး ယေရှုဘုရားသခင်က ဂေါ်ဘာချော့ကြီးကို ခေါ်ပြီး ဆုံးမတရားတွေ ဟောကြားလိုက်တဲ့အခါ တစ်နာရီလောက်ကြာတော့ ဂေါ်လာချော့ကြီးက သူမှားပါပြီ ဆိုပြီး ငိုကာယိုကာနဲ့ ပြန်သွားသတဲ့။ တယ်ဟုတ်ပါလားပေါ့။ ဒီတစ်ခါတော့ အလ္လာအရှင်မြတ်ကလည်း သူ့အလှည့်ရောက်ပြီဆိုပြီးဆက်ဒမ်ဟူစိန်ကို ခေါ်ဆုံးမတာ တစ်နာရီလောက်နဲ့ အကျွတ်တရားရပြီး ငိုကာယိုကာပြန်သွားပါသတဲ့။ ကိုင်း မဖြစ်ချေဘူး။ ဂေါတမဘုရားရှင်လည်း ခေါ်ယူဆုံးမမှ ဖြစ်တော့မယ်။ ကမ္ဘာကြီး ငြိမ်းချမ်းရေး မဟုတ်လား။ ဒါနဲ့ ရှင်တော်ဂေါတမလည်း မြန်မာစစ်ဗိုလ်ချုပ်တွေကို ရွှေတိဂုံဘုရားပေါ် လာခဲ့ကြဆို တရားရေအေး အမြှိုက်ဆေးတွေ တိုက်ကျွေးပါလေရော။ တစ်နာရီနဲ့လည်း ပြန်ဆင်းမလာ။ နှစ်နာရီနဲ့လည်း ပြန်ဆင်းမလာဆိုတော့ ဘုရားသခင်နှစ်ပါးက စိတ်တွေပူတာပေါ့။ အကုသိုလ်များတဲ့ကောင်တွေဆိုတော့ လွယ်လွယ်ချေချွတ်လို့ ဘယ်ရမလဲကွယ်။ တော်တော်ကြီးကြာမှ အရှေ့ဘက်စောင်းတန်းကနေ ခေါင်းငိုက်စိုက်နဲ့ မျက်ရည်လည်ရွဲ ပြန်ဆင်းလာတာ ဘယ်သူများလဲ မှတ်တယ်။ ဂေါတမဗုဒ္ၑရယ်ဗျား။ ဒီကောင်တွေ တော်တော်ဆိုးတဲ့ကောင်တွေလို့ ပြောသွားသတဲ့။” ပုံပြင်ရဲ့အဆုံးမှာတော့ သူက “အဓိပ္ပါယ် မရှိတာကွာ။ ဂေါတမဘုရားရှင်က ပရိနိဗ္ဗာန်စံတော်မူသွားပြီ။ မင်းက အဲ့ဒါကို မယုံဘူးလား။” တဲ့။ “ငါက ယုံပါတယ်။ မင်းကရော ဘုရားရှိတယ်ဆိုတာ ယုံသလား။ ဘုရားဟောတဲ့တရားတွေကို ယုံသလား။ ကုသိုလ် နဲ့ အကုသိုလ်တွေကို ယုံသလား၊” လို့ ပြန်မေးလိုက်ပါတယ်။ သူက စိတ်မဆိုးပါဘူး။ ရယ်ပြီးထွက်သွားတယ်။ ကိုယ်လည်း စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးလေ။ ကလေးဆိုတာ သည်လိုပဲ စကားနိုင်လုတတ်ကြတာပဲ။
ဆေးကျောင်းသားဘဝမှာ ကိုယ်က ပင်ပန်းကြီးစွာ အားထုတ်တာတောင် မရနိုင်တဲ့ အခြေအနေ အခွင့်အလမ်းတွေကို သူက လွယ်လင့်တကူ မပင်မပန်း ရနိုင်ပါတယ်။ သူနဲ့ကိုယ်နဲ့ သွားရတဲ့ခရီးချင်းတူရင်တောင် “သမင်ဆယ်လှမ်း ကျားတစ်လှမ်း” ဆိုတာမျိုး ခရီးရောက်တာချင်း မတူပါဘူး။ အဲ့ဒီအတွက် မနာလိုတာလည်း မရှိ၊ အားကျတာလည်း မရှိ၊ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ။ ဝိတ်တန်းချင်းမှမတူတာ။ သူခုန်တဲ့တန်းက စာမေးပွဲဖြေရင် ဘယ်နှစ် ဘာသာ ဂုဏ်ထူးထွက်နိုင်မလဲ ဆိုတဲ့တန်းနဲ့ဖြေတာ။ ကိုယ်ခုန်တဲ့တန်းက ဘယ်ဘာသာမှ ဆပ်ပလီမထိပဲ လွတ်လွတ်ကျွတ်ကျွတ် အောင်ရမယ် ဆိုတဲ့ စိတ်နဲ့ ဖြေတာ။ နှစ်ယောက်စလုံး ကိုယ့်တာကိုယ် လုံခဲ့ကြသားပဲ။ ဒါပေမယ့် Final Part II ဖြေတဲ့အချိန်မှာ မြင်းကောင်းခွာလိပ်တဲ့အဖြစ်နဲ့ ကြုံပါတယ်။ သူ့အခြေအနေ အဆင့်အတန်းကြောင့် ပိုးစိုးပက်စက် ဖြစ်စရာမရှိဘူး လို့တော့ ကိုယ်သိပြီးသားပါ။ သူ့နေရာမှာ သူမဟုတ်ခဲ့ရင် ဒီအဖြေမျိုး မထွက်ဘူးဆိုတာ ကလေးပေမယ့် နားလည်ပါတယ်။ မတော်တဆ ယာဉ်တိုက်မှုဖြစ်တယ်။ ထောင်ထဲဝင်တယ်။ ဦးနေဝင်း နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကလာတာပဲဟာ။ လူစားထိုးပြီး ထောင်ထဲထည့်လို့ရမှန်း မသိစရာအကြောင်းတော့ မရှိပါဘူး။ ဒါပေမယ့် အဲ့သလောက်အထိတော့ သရဲဘောမနည်းခဲ့ဘူး။ ဒီအဖြစ်အပျက်ကြောင့် စာမေးပွဲရလပ်ဟာ သူမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာနိုင်ခဲ့ပေမယ့် သူ့ခေါင်းထဲကစာတွေကိုတော့ ဘယ်သူမှ ထုတ်ပစ်လို့ မရဘူးလေ။
ဟောက်ဆာဂျင်ဆင်းတဲ့အချိန်မှာ သူနဲ့ပြန်တွေ့ကြပေမယ့် သူ့စိတ်အခြေအနေဟာ အနာတရဖြစ်ခဲ့ပုံရပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်မပြေတာများတယ်။ PG ကျောင်းသားတွေနဲ့ အငြင်းအခုန်လိုက်လုပ်တယ်။ လူတော်မှန်းသိပေမယ့် လူချစ်လူခင် လျော့လာတယ်။ ဟောက်ဆာဂျင်မပြီးခင်မှာ စာရွက်ကြီးတစ်ရွက်ကိုင်ပြီး ကိုယ့်ဆီရောက်လာတယ်။ Petition တင်မလို့တဲ့။ ကျောင်းပြီးရင် အစိုးရအလုပ်ထဲ မဝင်မနေရ။ ၃ နှစ် လုပ်ပေးရမယ် လို့ ဥပဒေထွက်လာတယ်လေ။ “မင်း စဉ်းစားကြည့်။ ငါတို့မှာ အရေးအခင်း ၃ နှစ်ပိတ်လိုံ့ ကျောင်းက ဆယ်နှစ်တောင်တက်ရတယ်။ ကျောင်းပြီးတော့လည်း နောက်ထပ် ၃ နှစ်တောင် အလုပ်လုပ်ပေးရဦးမယ်။ ဘယ်အချိန်ကျမှ consultant ဖြစ်တော့မှာလဲ။ အခုတောင် အသက်က ၂၇ ရှိပြီ။” တဲ့။ သူတို့က ဟောက်ဆာဂျင်လည်း ပြီးအောင်မဆင်းကြဘူးလေ။ ဘွဲ့က ရပြီးသွားပြီ။ ဟောက်စ်ပြီးသွားရင် အလုပ်ခန့်စာထုတ်လိုက်တဲ့အခါ မဝင်တာနဲ့ black list ဖြစ်ပြီး နိုင်ငံခြားထွက်ခွင့်မရ ဖြစ်သွားမယ်တဲ့။ “ဟောဗျာ။ ငါက ဘာဖြစ်လို့ အဲ့ဒါကြီး လက်မှတ်ထိုးရမှာတုန်း။ ဘာဥပဒေမှ မထွက်ရင်တောင် အစိုးရအလုပ်ထဲဝင်ချင်လွန်းလို့ ဆေးကျောင်းတက်တာလေ။ နိုင်ငံခြားမပြောနဲ့။ ဆိပ်ကြီး ခနောင်တိုတောင် ကူးစရာ မရှိဘူး။ တစ်ကျောင်းတည်း ဆင်းပေမယ့် မင်းတို့က Export Quality၊ ငါက Local made ။ တူမှမတူပဲနဲ့။” လို့ ပြောပြလိုက်ပါတယ်။ ဒီကျောင်းကပဲ ထွက်တယ်။ ဒီစာတွေပဲ သင်ကြတယ်။ ဒါပေမယ့် သူတတ်တဲ့ level နဲ့ ကိုယ်တတ်တဲ့ level မတူဘူး။ တစ်အိုးထဲကဟင်းဖြစ်သော်ငြား သူက ရေပေါ်မှာဝေ့တဲ့အဆီ၊ ကိုယ်က အိုးဖင်မှာကပ်တဲ့ချိုး။ သူက ပျံသန်းခွင့်ရတယ်၊ ကိုယ်က အနည်ထိုင်ခွင့်ရတယ်။ နှစ်တွေအကြာကြီး ကွဲကွာသွားကြတယ်။
သိပ်မကြာသေးခင် နှစ်များအတွင်းမှာ သူမြန်မာပြည်ကို ပြန်လာပါတယ်။ သူ့ဝသီအတိုင်း အလွန် အငြင်းပွားဖွယ် ပွဲဆူခြင်းများနဲ့ပါ။ သူဖြစ်ချင်တဲ့အတိုင်း အမေရိကားမှာ Cardiologist ကြီး ဖြစ်လို့ နေပါပြီ။ ခိုင်မာသောပိုင်ဆိုင်မှုများစွာ၊ ဘဝရဲ့ အောင်မြင်မှုများစွာနဲ့ပေါ့။ သို့ပေမယ့် ဒဏ်ရာဒဏ်ချက်များစွာလည်း ပါလာခဲ့ပုံရပါတယ်။ သူ့ဘဝမှာ သူလိုချင်တာတွေကို ပိုင်ဆိုင်ရဖို့ အသည်းအသန် ကြိုးစားခဲ့သလို ရလည်းရခဲ့ပါတယ်။ ဘယ်အရာမဆိုပေါ့။ ဒါပေမယ့် သူပျော်မနေပါဘူး။ စိတ်က တက်လိုက်ကျလိုက်နဲ့ပါ။ Bipolar လို့ ပြောတာ မဟုတ်ဘူးနော်။ သူ့ကိုကြည့်ရတာ ကျားနာတစ်ကောင်ကို မြင်ရသလိုပဲ။ ကိုယ့်အနေနဲ့ in service ဘဝမှာ လောကဓံကို အလူးအလဲ ခံရသလို သူလည်းပဲ နတ်ပြည်ခြောက်ထပ်က နတ်လောကဓံတွေ ဘယ်လောက်တောင် ခံခဲ့ရတယ် မသိ။ စိတ်ထဲမှာ သနားမိတယ်။ လှိုင်သာယာမှာ ဗူးပလုံးကောက်တဲ့သူက ဦးတေဇကြီးကို လှမ်းသနားသလိုဖြစ်နေပါပြီ။ ဘဝဆိုတာလေ။ ဆေးကျောင်းပြီး၊ PLAB ဖြေ၊ အလုပ်ရ၊ Consultant ဖြစ်၊ အိမ်အကြီးကြီးဝယ်၊ လိုလေသေးမရှိ ပြည့်စုံသွားတယ်ဆိုတိုင်းလည်း စိတ်ဆင်းရဲစရာ ကင်းမဲ့သွားတာမှ မဟုတ်တာ။ မစားရတဲ့ စပျစ်သီးမို့ ချဉ်တာ မဟုတ်ပါဘူး။ ဒုက္ခသစ္စာဆိုတာ ဘယ်နေရာမှာမဆို ရှိတယ်။ ကိုယ့်ဘဝရဲ့ ဒုက္ခ နဲ့ သူ့ဘဝရဲ့ ဒုက္ခဟာ ပိန်မသာလိန်မသာပါပဲ။ သူ့အောင်မြင်မှုက ကိုယ့်ထက်အများကြီး ကြီးသလို သူ့ဒုက္ခကလည်း ကိုယ့်ထက်ကြီးမယ့်ပုံပေါက်ပါတယ်။
သူ နဲ့ ကိုယ် နဲ့ ကြားမှာ အငြင်းမပွားပဲ လေပေးဖြောင့်တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ Beatles သီချင်းတွေအကြောင်းပြောတဲ့အခါ၊ အဲ့ဒီသီချင်းတွေ ဆိုတဲ့အခါ ပါ။ “In the town where I was born, lived a man who sailed the sea.” ဆို “Yellow Submarine” ထဲရောက်သွားရော။ “Jo Jo was a man who thought he was a woman but he was another man.” ဆိုရင် “မင်း ဂျိုဂျိုက အခြောက်ကြီးပါကွာ။ ပြန်ခေါ်မနေပါနဲ့။” ဖြစ်သွားရော။ Yearbook ထဲမှာ Auto ရေးရင်လည်း Beatles သီချင်းစာသားတွေနဲ့ပဲ ရေးကြတယ်။ အဲ့ဒီအချိန်ကလွဲရင် သိပ်ပြီးရောရောနှောနှောမနေ၊ သူလည်းသပ်သပ် ကိုယ်လည်းသပ်သပ်ပါပဲ။ သူ့ကို လူကြီးသားမို့လို့ မျက်နှာချိုသွေးပြီး မပေါင်းခဲ့သလို၊ အမြင်ကပ်တဲ့စိတ်နဲ့ ခပ်ခွာခွာဆက်ဆံတာလည်း မဟုတ်ပါဘူး။ ဒီအတိုင်းပဲ သူ့ဟာသူနေ၊ ကိုယ့်ဟာကိုယ်နေပါ။ ကိုယ်တို့ကျောထောက်နောက်ခံ ပေးထားချက်တွေက တမင်တကာ ရွေးချယ်ထားတာမှ မဟုတ်တာ။ ကျောင်းနေဘက် သူငယ်ချင်း။ Nothing more or nothing less. ပါ။ အခုလို တော်လှန်ရေးကာလအတွင်းမှာ SP လုပ်ရမယ့်သူ မဟုတ်ဘူးလား လို့ မေးစရာ ရှိပါတယ်။ အဲ့ဒါဆိုရင် ကိုယ်က “ဘာဆိုင်လို့လဲ။” လို့ ပြန်ပြောရမှာပေါ့။ အခု ကိုယ်က သူနဲ့ ပါတ်သက်နေတာ မဟုတ်ဘူး။ အလုပ်အတူ လုပ်နေတာ မဟုတ်ဘူး။ အကျိုးစီးပွားချင်း ဆက်စပ်နေတာ မဟုတ်ဘူး။ သူနဲ့ကိုယ် ကျောင်းနေဘက်ဆိုတဲ့ အချက်ကို ဘယ်လိုပြန်ပြင်လို့ရမှာလဲ။ သူ့မိဘအရှိန်အဝါကြီးမားတုန်းက ပူးပူးကပ်ကပ်ပေါင်းသင်းပြီး အခုကျမှ တစိမ်းတွေလို အတင်းတုပ်မယ့်သူလည်း မဟုတ်ပါဘူး။ အစတုန်းကလည်း ဒီတိုင်းပဲ။ အခုလည်း ဒီတိုင်းပဲ။ “မခေါ်ပဲနဲ့ စားတော်ပဲ။ ပဲကြီးလှော်နဲ့လဲ။’ ဆိုတာ ကလေးတွေလုပ်တဲ့အလုပ်။
ဒါပေမယ့် Facebook ပေါ် unfriend/ unfollow ထားတဲ့ စစ်တပ်အသိုင်းအဝိုင်းထဲမှာ သူလည်းပါတယ်။ ဘာဖြစ်လို့လုပ်တာလဲဆိုတော့ ကိုယ်လည်း အာရုံမနောက်ချင်ဘူး။ သူလည်း အာရုံမနောက်စေချင်ဘူး။ အကုသိုလ်ကင်းအောင်လို့။ ကိုယ့်စာတွေ သူဖတ်ချင်သပဆို တကူးတက ဝင်ဖတ်ပလေ့စေ။ ဖတ်တာတော့ ဖတ်တယ်ဗျ။ ဖတ်ရုံတင်မကဘူး။ သူသဘောကျလို့ရှိရင် အမေရိကားကနေ ဖုန်းအကြာကြီးခေါ်ပြီး စကားပြောတာ။ ပြီးရင် သူ့အတွေး သူ့အမြင်တွေ ဝင်ဆွေးနွေးတယ်။ သူလည်း စာရေးနေတယ် ဆို သူရေးထားတဲ့စာတွေ ဖတ်ပြတယ်။ ဦးနေဝင်းလက်စွဲသမားတော်ကြီးရဲ့သား၊ ဆေးတပ်ကဗိုလ်ချုပ်သား၊ ဆေးကျောင်းရဲ့ ရေပေါ်ဆီ Elite တစ်ယောက်ရဲ့ ကိုယ်ရေးတဲ့စာတွေအပေါ်ပေးတဲ့မှတ်ချက်ဟာ ရုရှားပြန်ဆေးဗိုလ်လေးတွေ လာလာဆဲနေကြတာနဲ့တော့ တော်တော်ကွာတာပဲ။ ခေါင်းထဲက ဦးနှောက်က အသံမြည်တာ ထင်ပါရဲ့။ သူ့ဆီကနေ ဒေါ်စုကြည် လို့ ခေါ်တဲ့အသံ ကိုယ် မကြားခဲ့ဖူးဘူး။ အနီတွေကတို့၊ မင်းတို့ဝန်ကြီးကတို့ ဆိုတဲ့ ပုတ်ခတ်သံတွေ မကြားရဘူး။ အကြောင်းအရာကိုပဲ ငြင်းခုန်ဆွေးနွေးတယ်။ စကားမနှိုက်ဘူး။ အမှန်အတိုင်းပြောရရင် မြန်မာပြည်နိုင်ငံရေးကို သူသိပ်စိတ်ဝင်စားတဲ့ပုံမရပါဘူး။ ဒါပေမယ့် စစ်အစိုးရရဲ့ အုပ်ချုပ်မှုကိုတော့ ထောက်ခံတဲ့ပုံ မရှိဘူး။ ဦးနေဝင်းအသိုင်းအဝိုင်းကလူဆိုတော့ ဦးသန်းရွှေလက်ထက်မှာကတည်းက နိုင်ငံရေးနယ်ပယ်မှာ အရာကျသွားခဲ့သလို ဖြစ်နေမှာပါ။ ကိုယ်တို့က ဆရာဝန်ဆိုတော့ လူနာတွေအကြောင်း ဆွေးနွေးတယ်။ စာအရေးအသား အဖွဲ့အနွဲ့နဲ့ သီချင်းတွေအကြောင်း ကဗျာတွေအကြောင်း ပြောတယ်။ နိုင်ငံရေးမပါဘူး။ ကိုယ့်ရှေ့မို့လို့ တမင်ရှောင်ပြောနေတာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ကိုယ့်ကို ဒီကောင် ငပေါပါကွာ လို့ ပြန်ပြောတာမျိုးလည်း မကြားရဘူး။ ကောင်းသားပဲ။ အဲ့ဒါ Neutral လေ။ ဒါမျိုး မိမိ လက်ခံစကားပြောပါတယ်။ ရှေ့တင်ချိုပြီး ကွယ်ရာမှာ စောင်းပြောမြောင်းပြော ပြောတဲ့သူမှ မဟုတ်တာ။
နောက်ဆုံး သူနဲ့ စကားအကြာကြီး ပြောဖြစ်တာက ကိုယ်က “In the valley of lost footsteps” ဆိုပြီး ဆေးရုံက ခြေထောက်ဖြတ်ထားတဲ့ ကလေးလေးရဲ့ ဗီဒီယိုဖိုင် တင်လိုက်တဲ့အခါ။ ခေါင်းစဉ်က ကိုသန့်မြင့်ဦးရေးတဲ့ ခြေရာပျောက်မြစ်နဲ့ဆင်တူပေမယ့် အထဲက ကဗျာက Kipling ရဲ့ “On the road to Mandalay” rhymes တွေကို ယူထားတာပါ။ အဲ့ဒီ post က viewers လည်း သိပ်မရသလို ဘာပြောချင်မှန်းလည်း သိပ်မသိကြဘူး နဲ့ တူပါတယ်။ ကိုမြတ် ရဲ့ Art Creation က နည်းနည်းမြင့်သွားတာဖြစ်မယ် လို့ ပြောနေကြရင်း သူ့ဆီက ဖုန်းလာတယ်။ Kipling ကဗျာရဲ့ inspiration မှန်း သူသိတယ်။ အဲ့ဒီကနေ Kipling အကြောင်းရောက်၊ အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်က မော်လမြိုင်ကုန်းမြင့်ပေါ်ကနေ ရေးတဲ့ အဲ့ဒီကဗျာမှာ ကိုယ်နားမလည်တာက မန္တလေးကို သွားတဲ့လမ်းမှာ တရုတ်ပြည်ကတက်လာတဲ့ရောင်နီတွေ ပင်လယ်အော်ထဲမှာ တဖြတ်ဖြတ်မြင်လိုက်ရတယ်ဆိုတာပါ။ ဘယ်လိုဟာကြီးမှန်းမသိဘူး။ မန္တလေးနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ကလည်း အဝေးကြီးရယ်။ အဲ့ဒါ Mandalay Bay ကို ပြောတာနေမယ်တဲ့။ Mandalay Bay ဆိုတာ Las Vegas မှာ ရှိတဲ့ ကမ္ဘာကျော်လောင်းကစားရုံကြီး မဟုတ်လား။ Myanmar လို့ ပြောလိုက်ရင်သာ ဘယ်သူမှ မသိတာ။ Mandalay Bay လို့ ပြောလိုက်ရင် လူတိုင်းသိတယ်။ “On the road to Mandalay” ကလည်း Frank Sinatra ကတောင် သီချင်းလုပ်ပြီးဆိုဖူးတယ်။ Mandalay နဲ့ Bay နဲ့ ဘာဆိုင်လို့ Mandalay Bay ဆိုပြီး ကမ္ဘာကျော်နေတာလဲ။ အဲ့ဒီခါကျ သူက ကဗျာထဲမှာပါတဲ့ China ဆိုတာ တရုတ်ပြည်ကို ပြောတာ မဟုတ်လောက်ဘူးတဲ့။ Kipling ရေးတဲ့အချိန်က Burma ဆိုတာ ရတနာပုံနေပြည်တော်ပဲ ရှိဦးမှာ။ ရှမ်းကုန်းမြေမြင့်ကြီးကို သူတို့က တရုတ်ပြည်လို့ပဲ သတ်မှတ်ကြလိမ့်မယ်တဲ့။ ရှမ်းကုန်းမြေမြင့်က ဆင်းလာရင် မန္တလေး မရောက်ခင် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သဲစပ်သောင်ပြင်ကြီးတစ်ခုခု (သူတို့ပြောသလို Bay လို့ ခေါ်လို့ရမယ့် နေရာတခုခု) ရှိမယ် ထင်တယ် တဲ့။ အဲ့ဒီအခါ ကိုယ်သွားသတိရလိုက်တာက ယမုံနာ ကိုပါ။ “ယမုံနာ သီတာသောင်ခြေဦးမှာလလေး…။” တဲ့။ မြန်မာသီချင်းကြီးထဲမှာ ယမုံနာနံမည်နဲ့ ၃-၄ ပုဒ်မက ရှိတယ်။ အဲ့ဒီယမုံနာကို အိန္ဒိယမှာ ရှိတဲ့ ယမုံနာမြစ်ကြီးမှတ်လို့ ကိုယ့်မှာ ဒေလီရောက်တုန်းက နေပူကြီးထဲ တကူးတကကို အခေါက်ခေါက် အခါခါ သွားကြည့်ဖူးတယ်။ လေပါတီမမြရင် ရဲ့ ယမုနာ ထဲမှာတော့ ယမုံနာသောင်ဦးမှာ သူ့ချစ်သူကိုစောင့်နေရင်း ပေါ်မလာတာကြောင့် သဲထဲမှာ လက်သန်းကလေးနဲ့ စာရေးထားခဲ့ပါတယ်တဲ့။ ဒီအတိုင်းဆိုရင် အဲ့ဒီခေတ်ကာလတုန်းက မန္တလေးဝန်းကျင်မှာ ယမုံနာသောင်ပြင်တစ်ခု (သူတို့ခေါ်တော့ Mandalay Bay ဆိုတာ) လှလှပပ ရှိခဲ့ဖူးမယ် ထင်ပါတယ်။ အခုတော့ ရှိချင်မှ ရှိလိမ့်မယ်။ “အောင်မြေသာစံ သောင်ယံသဲက ပုလဲလိုလို ခင်းသာတယ်ကို” ဆိုတာကလည်း အခုဆို ကုန်းခေါင်ခေါင် ခြောက်သယောင်းနေတဲ့ လူနေရပ်ကွက် ဖြစ်နေပြီ မဟုတ်လား။ ကိုယ်က မန္တလေးသား မဟုတ်တော့ တို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို က ပထဝီဝင်တွေကို မကျွမ်းဘူးလေ။ သူပြောတာတော့ မြစ်ငယ်တဝိုက်မှာ ဖြစ်နိုင်တယ်တဲ့။ ဘာရယ် မဟုတ်ပါဘူး။ သူနဲ့ မကြာခဏ စကားအကြာကြီး ပြောဖြစ်ကြတယ်ဆိုတာပါ။ နှစ်ဦးနှစ်ဘက် အငြင်းအခုန် ဝိဝါဒကွဲပြားဖွယ် မရှိတဲ့ Neutral conversation ဆိုတာ ဘယ်လိုဟာမျိုးလဲ ပြောပြတာ။ တကယ်ဆိုရင် သူ ဘာလဲ၊ ကိုယ် ဘာလဲ၊ အချင်းချင်း သိနေမှပဲဟာ။ သူ့စိတ်ထဲ ဘာရှိမလဲ ကိုယ့်စိတ်ထဲ ဘာရှိမလဲ ရှင်းပြစရာ မလိုပါဘူး။ သို့သော်လည်း အချင်းချင်း ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး စိတ်ထဲမပါတဲ့စကားတွေ ပြောနေတာတော့ မဟုတ်ဘူး။ စိတ်ရင်းအတိုင်းပဲ ပြောကြတာ။ ဒါပေမယ့် conflict ဖြစ်မယ့် topics တွေတော့ ရှောင်တယ်။
တော်လှန်ရေးနဲ့ ပါတ်သက်လို့ သူပြောတဲ့စကားအရတော့ ကိုယ်လုပ်နေတဲ့အလုပ်တွေကို သူထောက်ခံတယ်။ သူတတ်နိုင်သလောက်လည်း ထောက်ပို့အလုပ်တွေ လုပ်နေတယ် လို့ ပြောတယ်။ သူလှူတဲ့နေရာတွေပြောတော့ပြောတယ်။ ကိုယ် မမှတ်မိဘူး။ ကိုယ့်ဆေးရုံအတွက်လည်း သူ လှူချင်တယ် လို့ ပြောပေမယ့် “No. Thank you.” လို့ပဲ အကြောင်းပြန်ခဲ့တယ်။ “ကိုယ့်ဆီမှာ ပြည့်စုံပါတယ်။ တခြားနေရာတွေမှာ လှူလိုက်ပါ” ပေါ့။ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး သူ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အကြိမ်ကြိမ်ဖြစ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးဘူး။ သူမသေခင် သူ့ပိုင်ဆိုင်မှုတွေကို Cardiac Lab တစ်ခု ထူထောင်ပြီး လှူခဲ့ချင်တယ်တဲ့။ ကန်သာယာဆေးရုံကို လှူလိုက်ရင် ဘွဲ့ထူးဂုဏ်ထူးတွေရမှာ သေချာပေမယ့် သူ ဘာလို့ အဲ့လိုမလုပ်သလဲ မသိဘူး။ ကိုယ်လည်း မေးမကြည့်ဘူး။ စစ်တပ်အသိုင်းအဝိုင်းကလာလို့ စစ်တပ်အပေါ်မှာ သံယောဇဉ်ရှိတာတော့ မှန်တယ်။ သို့သော် တပ်ထောက်ခံသူတစ်ဦးတော့ မဟုတ်ဘူး။ တကယ်တော့ စစ်တပ်ဟာ ကိုယ်တို့မျက်စိထဲမှာ အနှစ် ၇၀-၈၀ သူတို့ချည့် အုပ်ချုပ်နေတယ် လို့ မြင်ပေမယ့် လက်တွေ့မှာကျတော့ တစ်ယောက်နဲ့ တစ်ယောက် အာဏာလုကြ၊ လုပ်ကြံသတ်ဖြတ်ကြနဲ့ အမြီးလည်း ကျက်အောင်မစောင့်၊ ခေါင်းလည်း ကျက်အောင်မစောင့်၊ အစိမ်းလိုက်ဝါးစားတဲ့သူတွေ မဟုတ်လား။ အဲ့ဒီတော့ အရင်ခေတ်တုန်းက လူကြီးသားသမီးတွေဆိုတာ Pro လည်းမဟုတ်၊ Anti လည်းမဟုတ် နဲ့ ခွကျကျကြီးတွေ ဖြစ်ကုန်တာပေါ့လေ။ ကိုနေစိုးမောင်ကြီးလိုပေါ့။
သူနဲ့ကျတော့ အဲ့လောက်လေပေးဖြောင့်နေရင် ဆရာစိုးက SP ကို မလိုတစ်မျိုးလိုတစ်မျိုး Double standard နဲ့ လုပ်နေတာလား လို့ ပြောစရာ ရှိပါတယ်။ Standard ၂ ခု ထားတာ မဟုတ်ပါဘူး။ Condition ၂ ခု မတူတာပါ။ တကယ်လို့များ သူက လူကြီးသားအထာနဲ့ ဆောင့်ကြွားကြွား ဖြစ်နေမယ်ဆိုရင်တော့ ပြောစရာမလိုဘူးလေ။ SP ထဲထည့်မှာပေါ့။ လက်ရှိအချိန်မှာ စစ်တပ်ကပေးအပ်သော တာဝန်များကို ဦးလည်မသုန်ထမ်းရွက်နေပြီး စစ်ကောင်စီသက်ဆိုးရှည်စေဖို့ ကျားကန်ပေးနေတဲ့သူတွေဆိုလည်း ကိုယ် မဆက်ဆံပါဘူး။ ကိုယ့်ကျောင်းနေဘက်သူငယ်ချင်းထဲမှာ ဗိုလ်ချုပ်ကတော် ၊ ဗိုလ်ချုပ်ကြီးကတော်ဖြစ်နေတဲ့သူတွေလည်း ပါတာပဲ။ သူတို့နဲ့ဆို အကုန် unfriend လုပ်ပစ်ပြီး မရှိသလို မသိသလို နေပါတယ်။ ငယ်ငယ်ကတည်းက လည်ပင်းဖက်ကြီးလာခဲ့တဲ့ သူငယ်ချင်းအရင်းကြီးလည်း “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ” ဆိုရင် ဆောရီးပါ။ တာ့တာပဲ။ သူတို့နဲ့ တစ်သက်လုံး ပြန်မခေါ်တော့ဘူးလား ဆိုရင် အဲ့သလိုတော့ မဟုတ်ပါဘူး။ သူတို့လင်တွေသေလို့ မုဆိုးမဘဝနဲ့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းဖြစ်နေရင်၊သူတို့ပါပါးကြီးက သူတို့ကို သုံးစားမရတဲ့ အလကားကောင်တွေဆိုပြီး ကန်ထုတ်ပစ်လိုက်ရင် သူငယ်ချင်းကောင်းပီသစွာ အားပေးနှစ်သိမ့်နိုင်ပါတယ်။ သူတို့ဘဝ အရမ်းမြင့်မားနေတယ် လို့ ထင်ကြတဲ့အချိန်မှာ သွားအောက်မကြို့နိုင်ပေမယ့် သူတို့နိမ့်ပါးသွားတဲ့အချိန်ကျရင် မြေနိမ့်ရာ လှံမစိုက်ပဲ ခင်မို့မို့အေးအပြုံးလေးနဲ့ စာနာပေးရတာ ဘာခဲယဉ်းသလဲ။ အဲ့ဒါက အရသာပိုရှိတယ်လေ။ SP လုပ်တယ်ဆိုတာ သူတို့ကို ရန်သူစာရင်းထဲ သွင်းတာပါ။ ရန်သူဆိုတာ ကိုယ်ကအနိုင်ယူရမယ့်သူဖြစ်တာမို့ ကိုယ့်ဘက်ကမနိုင်မချင်း သူတို့ကို ငယ်စာရင်းဖျက်ထားပါတယ်။ ကိုယ်နိုင်သွားရင်တော့ သူတို့ကို အပေါ်စီးကနေ စိတ်သဘောထားပြည့်ဝကြောင်း ပြဖို့ ဝန်မလေးပါဘူး။ သို့သော် ကျူးလွန်ခဲ့တဲ့အပြစ်တွေကတော့ ကိုယ့်တာဝန်ကိုယ်ယူရုံပဲ။ ပွဲပြီးသွားတဲ့အခါ အနိုင်ရတဲ့သူက ရှုံးတဲ့သူကို လက်ဆွဲနှုတ်ဆက်ရတာဟာ အခင်မင်မပျက်ဘူး ဆိုတာပြတဲ့သဘော။ ဒါမှပဲ Scores တွေအကုန်လုံး“The winner takes it all” ဖြစ်တော့မပေါ့။
ဟိုးအရင် ဆေးကျောင်းသားဘဝမှာကတည်းက သူက ထူးခြားဆန်းပြားသော ရောဂါဝေဒနာများကို နက်နက်နဲနဲ စိတ်ဝင်စားတယ်။ အခု သူ့မှာဖြစ်တော့လည်း သူများနည်းတူ လွယ်ကူရိုးရှင်းသော ရောဂါမဟုတ်ခဲ့ဘူး။ “Multiple Myeloma” ဆိုတာ Crown Education က ကိုယ့်ရဲ့မိတ်ဆွေ ကိုအောင်ကျော်ဆန်းကြီး ဆုံးသွားတဲ့ရောဂါပါ။ သူလည်းပဲ မရှေးမနှောင်းမှာ အဲ့ဒီရောဂါဖြစ်တယ်။ အမေရိကားမှာရှိတဲ့ အကောင်းဆုံးဆေးရုံက နောက်ဆုံးပေါ်ဆေးဝါးများနဲ့ အကောင်းဆုံးကုသမှုကို ရခဲ့တယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ။ ဇရာ၊ ဗျာဓိ၊ မရဏတွေကို ဘယ်သူလွန်ဆန်လို့ရတာကျလို့။ သူဆုံးပြီးမှ Facebook ပေါ်မှာ သူ့ဓါတ်ပုံကြီးတွေနဲ့ ပွဲပြန်ဖြစ်လာတာ ကိုယ်ကတော့ စိတ်မသက်သာပါဘူး။ ကိုယ့်နံမည်နဲ့ပါ တွဲတွဲပါလာပြန်တော့ ကိုယ့်ဘက်ကတော့ အဲ့သလိုသဘောမထားပါဘူးဆိုတဲ့အကြောင်း ရှင်းပြတာပါ။ တင်ရှိသွားတဲ့ အကြွေးတွေကို မဆပ်ပဲ ထွက်ပြေးသွားတဲ့သူတော့ မဟုတ်ဘူး။ သူလည်းပဲ ယူထားသမျှ ချိုမြိန်မှုတွေကို ခါးသည်းစွာ ပြန်ပေးဆပ်ခဲ့ရတယ် လို့ ပြောချင်တာ။ အသုဘကမ္မဌာန်းမှာ ဆည်းဖြန်းနေကျ အဘိဏှသုတ်ကလေးအတိုင်းပါပဲ။ စကားတွေအများကြီး ပြောတတ်တဲ့ သူငယ်ချင်းဟာ စကားလုံးတွေ ပြောစရာမလိုပဲ သံဝေဂရစေမယ့် အဖြစ်အပျက်တွေကို မျက်စိအောက်မှာ ချပြသွားခဲ့တယ်။ သူနဲ့ဆိုနေကျ သီချင်းလေးတစ်ပုဒ်တော့ ရှိတယ်။
“Hey Jude!
Don’t make it bad.
Take a sad song
And make it better.
Remember to let her into your heart
Then you can start
To make it better.”