ချန်ဂင်တို့စခန်း (၃၃၇)

ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေ၊ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်ကို ဗုံးကျဲတယ်ဆိုတာ မင်းအောင်လှိုင်စစ်တပ်က ကိုယ့်တိုင်းပြည်ကိုယ် ဗုံးပြန်ကျဲတာလောက်ကို ဘယ်မီနိုင်ပါ့မလဲ။ ကမ္ဘာပေါ်မှာလည်း ကိုယ့်ပြည်သူကိုယ် ရက်ရက်စက်စက် သတ်ဖြတ်၊ လုယက်၊ မုဒိန်းကျင့်တဲ့ စစ်ဗိုလ်စစ်သားတွေဆိုတာ သူတို့ကလွဲလို့ မရှိနိုင်ဘူး။ ယုံတောင်မယုံနိုင်ကြဘူး မဟုတ်လား။ ကမ္ဘာ့စစ်သမိုင်းပြတိုက်မှာ နောင်လာနောက်သားတွေကို နမူနာလေးပြရအောင် အထောက်အထား သက်သေလေးဘာလေး မလိုချင်ဘူးလား။ ဒါမျိုးစစ်တပ်က တခြား ဘယ်နိုင်ငံမှာမှ မရှိဘူးလေ။ လားရှိုးမြို့ကို ပြန်လိုချင်လို့ တရုတ်ကြီးကို မအေပေး၊ နှမပေးပေးပြီး ကိုးကန့်တစ်ဘက်၊ ဝတစ်ဘက် ဘယ်ညာရံလျက် တရုတ်အလံတင်ပြီး မြို့ထဲဝင်ရတယ် ဆိုတဲ့အဖြစ်ဟာလည်း မြန်မာစစ်သားသတ္တိ ကမ္ဘာကသိအောင် အထုပ်ဖြည်ပြသလိုပါပဲ။ “အနှစ် ၈၀ သက်တမ်းရှိတဲ့ ကြည်းရေလေ တပ်မတော်ကြီးဟာ PDF တွေကို နိုင်အောင်မတိုက်နိုင်ပဲကိုး။” လို့ officially ဝန်ခံလိုက်ရာလည်း ရောက်ပါတယ်။ ဒါနဲ့များ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ စစ်ဗိုလ်ချုပ်တွေအကြားမှာ ဘယ်လိုလုပ် မျက်နှာပြနိုင်ပါလိမ့်။ စိတ်ဓါတ်နဲ့ သိက္ခာက ဟိုးအောက်ဆုံးမှာ။ ရှက်တတ်ဖို့ဆိုတာကလည်း ရှက်ရကောင်းမှန်းသိတဲ့ ဉာဏ်ရည်မပါပဲ မဖြစ်နိုင်ဘူးလေ။

လားရှိုးမှာ နမခပြန်ထိုင်ဖို့ တိုင်းမှူးဟာ မူဆယ်က လာတယ် ဆိုလို့ရှိရင် မူဆယ်မှာ ဘယ်သူဆက်ထိုင်မှာလဲ ဆိုတဲ့ ပြဿနာ ရှိပါတယ်။ တကယ်တော့ မူဆယ်က လားရှိုးထက်အရင် ကျသင့်တဲ့ မြို့ဖြစ်ပေမယ့် အဲ့ဒီအချိန်မှာကတည်းက တရုတ်က အကာအကွယ်ပေးထားလို့ အသိမ်းမခံရတာပါ။ လက်နက်ကိုင်အဖွဲ့တွေကလည်း KIA ရော၊ TNLA ရော၊ UWSA ရော၊ MNDAA ပါ အကုန်လုံးကြီးစိုးထားတဲ့ နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက် ဖြစ်နေတာ။ ရမခကို မူဆယ်က လားရှိုးရွှေ့တယ်ဆိုတာ ၂ နေရာခွဲ စီမံနိုင်တဲ့ အင်အားရှိဖို့လည်း အရေးကြီးတာပေါ့။ ဟိုတဝက်သည်တဝက်ခွဲအုပ်ချုပ်ရင်တော့ ၂ နေရာစလုံး လက်လွှတ်လိုက်ရဖို့ ကြမ္မာငင်တာလည်း ဖြစ်နိုင်ပါတယ်။ ပါသွားတုန်းကလည်း လူသူလက်နက်တွေ အတော်လေး ပြုန်းကုန်တာ။ နောက်တစ်ခေါက် ပြန်ဝင်လို့ အထိုင်မကျသေးခင် အတိုက်ခံရရင် ခုခံနိုင်တဲ့အင်အားလည်း ရှိမှာမဟုတ်။ နောင်ချို၊ ကျောက်မဲ၊ သီပေါကလည်း သူ့လက်ထဲ မဟုတ်။ သိန္နီ၊ ကွတ်ခိုင်၊ နန့်ခမ်းကလည်း သူ့အပိုင်ထဲမှာ မရှိ။ “ပါပါးပေးတဲ့အသက်ပဲ ရှိပါတယ်။ ပါပါးစိတ်ကြိုက်သာ စီမံပါတော့။” ဆို သက်လုံးပုံထားရတဲ့ သဘောပါပဲ။

ငလျင်လှုပ်ပြီးတဲ့နောက်မှ လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လာနေတာဟာ နိုင်ငံတကာကအလှူငွေတွေကို လေယာဉ်စားရိတ်၊ လက်နက်စားရိတ်အဖြစ် သုံးနေတယ်ဆိုတာ အငြင်းပွါးဖွယ်ရာ မရှိလောက်အောင်ကို သိသာထင်ရှားနေပါတယ်။ လူစုလူဝေးရှိတဲ့နေရာတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားနေတာလည်း အမြဲလိုလိုမို့ ကိုယ်တို့ဆေးရုံကိုလည်း ရောက်လာမှာပဲ လို့ လင်းနို့တာယာလုပ်ထားတာ ကြာလှပေါ့။ အင်းတော်ကြီးတဝိုက်ကို လေယာဉ်တွေဝဲနေတာလည်း မကြာခဏလေ။ ပြီးခဲ့တဲ့ ၄ ရက်လောက်တုန်းက ရွှေလက်ပံမှာ ပွဲကသွားသေးတယ်။ ဒီနေ့ညနေကျတော့ လေယာဉ် ၃ ခါလာပြီး နနွင်းကုန်း၊ အင်းသာရွာတွေကို ဗုံးကျဲသွားတော့ ကိုယ်တို့လည်း ထမင်းစောစောစားပြီး လူနာလာမှာကို စောင့်နေကြတာပေါ့။ လူနာ ၃ ယောက်လာတာမှာ ၂ ယောက်က shock နဲ့။ သွေးသွင်း၊ ဓါတ်မှန်ရိုက်ပြီး ခွဲခန်းတန်းဝင်ကြပါတယ်။ ဒီညတော့ ဒီ ၃ ယောက်နဲ့တင် မိုးလင်းမှာပဲ လို့ ထင်ခဲ့တယ်။ ညနေ လေယာဉ်လာသွားကတည်းက စတားလင့်ခ်ပိတ်ထားလိုက်ပြီး ရှိသမျှလူကုန် ဆေးရုံမှာ အလုပ်တွေ ရှုပ်နေကြတုန်းရယ်။

ပထမလူနာက နောက်ကျောမှာ သွေးမတိတ်သေးတဲ့ အပေါက်အကြီးကြီးရှိတယ်။ ခါးရိုးထဲထုံဆေးထိုးလို့ မရနိုင်ဘူး။ ခါးဆစ်ရိုးလေးတွေလည်း ပဲ့ရွဲ့ထွက်နေတယ်။ GA ပေးပြီး ခွဲမှ ရမယ်။ ဒါပေမယ့် လူနာက ill ဖြစ်တော့ အသက်ရှူစက်နဲ့ မခွဲချင်ဘူး။ ပြန်မနိုးမှာ ကြောက်တယ်။ အဲ့ဒါနဲ့ ET tube ထည့် လူနာကို သူ့ဘာသာ အသက်ပေးရှုပြီး ဘေးတစောင်းလေး ထားခွဲလိုက်တယ်။ ခွဲလို့စိတ်လို့ပြီးတော့ လူနာကိုပက်လက်ပြန်လှန်ပြီး လက်မောင်းက ဒဏ်ရာကို ဆက်ခွဲနေတုန်းမှာ လေယာဉ်လာတယ် လို့ အော်သံကြားလို့ ခွဲခန်းအဝက ထွက်ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ရွှီကနဲ အသံကြားလိုက်ပြီး ဆေးတပ်သားလေး ပါးဟယ်က “ဆရာကြီး ဝပ်ချလိုက်၊ ဝပ်ချလိုက်” လို့ လှမ်းအော်တာနဲ့တပြိုင်နက် ကိုယ်လည်းပဲ ဒိုင်ဗင်လေးထိုးပြီး ဝမ်းလျားထိုးလိုက်ပါတယ်။ ချက်ချင်းဆိုသလို အုန်းကနဲ အစအနတွေလွင့်စင်ကြလာရော။ ကလေးတစ်ယောက်က မီးစက်ကို ပြေးပိတ်လိုက်တော့ တစ်ဆေးရုံလုံး မှောင်အတိကျပြီး ဘာကိုမှ မမြင်ရတော့ဘူး။ ဘယ်ဘက်ကို ပြေးရမှန်းလည်း မသိဘူး။ လွင့်လာတဲ့အစတွေက ဓါတ်မှန်ဆောင်ဘက်ကလာတာမို့ ခွဲခန်းထဲမှာ ဘာမှ မဖြစ်လောက်ဘူး လို့ ထင်ခဲ့တယ်။ ကိုမြတ်က အိမ်မှာကျန်ခဲ့တာဆိုတော့ သူ့ကို ထိလား မထိလား မသိဘူး။ မှောင်ကြီးမည်းကြီးထဲမှာ အိမ်ရှိရာဘက်ကို စမ်းတဝါးဝါးလျှောက်တော့ မမြင်မစမ်းနဲ့ ဘယ်တွေရောက်နေမှန်းမသိဘူး။ ခြုံပုတ်တွေနဲ့ ယမ်းငွေ့တွေနဲ့၊ လမ်းပျောက်နေရော။ နောက်တော့ ဗုံးခိုကျင်းထဲ ခဏဆင်းပြီး လေယာဉ်ပြန်လာမလား နားထောင်နေတယ်။ ဘာသံမှမကြားတော့ အိမ်ဘက်ရောက်အောင်လာပြီး ကိုမြတ်ကို ရှာတယ်။ သူ ဘာမှ မဖြစ်မှန်းသိတော့ ခွဲခန်းထဲကို ပြန်သွားရပြန်ရော။ လူနာက မေ့ဆေးပြယ်လောက်ပြီ။ Tube က မ out ရသေးဘူး။ တော်ပါသေးရဲ့။ muscle relaxant ထိုးပြီး အသက်ရှူစက် တပ်မထားတာ ဘုရားမတာပဲ။ လူလည်း ကောင်းကောင်းနိုးပြီမို့ ဆရာလေးတွေက tube out ပြီး ထရော်လီကြီးနဲ့ ဗုံးခိုကျင်းထဲ ပို့ထားတယ်။ ဆေးရုံကလူနာတွေ ဘာဖြစ်သေးသလဲမေးတော့ ကျွမ်းကျင်လုပ်သား ကလေးတစ်ယောက် ဒူးခေါင်းကို ထိသွားတယ်။ မခွဲရသေးတဲ့လူနာတွေတော့ တပ်ခွဲလို့ မရတော့ဘူး။ လူတွေမထိခိုက်ပေမယ့် ခွဲခန်းက ပျက်စီးသွားပြီ။ ကိုယ်သာ ဒိုင်ဗင်အထိုးနောက်ကျရင်လည်း တာ့တာပြသွားမှာ။ ကိုယ်ရပ်နေတဲ့နောက်ကျောဘက်က ခွဲခန်းမျက်နှာစာကြီးက အကုန်ပွင့်ထွက်သွားတာ။ ပစ္စည်းတွေက ဘာမှ အရေးမကြီးပါဘူး။ လူစုံအောင်စစ်ပြီး အားလုံးဘေးကင်းတယ်ဆို အလုံးကြီးကျသွားပြီ။

လေယာဉ်က နောက်တစ်ခါ လာနိုင်သေးတယ်။ သူမလာခင် ဒဏ်ရာရတဲ့ကလေးနဲ့ ဆေးရုံက လူနာတွေကို ဘေးလွတ်ရာဆီ ရွှေ့မှဖြစ်မယ်။ ဆက်နေလို့လည်း မရတော့ဘူး။ အဆောက်အဦးတွေက ပွင့်ထွက်ကုန်ပြီ။ မီးမလောင်တာ တော်သေး။ ချက်ချင်းကိုပဲ လူနာတွေသယ်၊ ဆေးတွေသယ်ပြီး လစ်ကြတာပေါ့။ တစ်ခေါက်နဲ့မဆန့်ရင် အခေါက်ခေါက် အခါခါသယ်ပြီး ဟိုဘက်မှာ ခွဲခန်းစနိုင်အောင် ပြင်ဆင်ပါတယ်။ ငလျင်လှုပ်တဲ့ မန်းလေးဆေးရုံကြီးဟာ ညသန်းခေါင်ကျော်မှ ခွဲခန်းစနိုင်တယ် ဆိုပေမယ့် ချန်ဂင်ဆေးရုံကလေးကတော့ နောက်တစ်နာရီအကြာမှာ ဒဏ်ရာရတဲ့ကလေးကို Spinal ထိုးပြီး ခွဲခန်းပြန်စပါတယ်။ ဖြစ်လာခဲ့ရင် back up ရှိအောင် အစကတည်းက ပြင်ထားပြီးသားပါလို့ ပြောတယ် မဟုတ်လား။ အပျက်အစီးတွေတော့ မကြည့်သေးဘူး။ မနက်ကျမှ သိမယ်။ ခွဲခန်းရှေ့တစ်ခြမ်း၊ ဓါတ်မှန်ဆောင် တစ်ဆောင်လုံး၊ သူနာပြုနေတဲ့အဆောင်၊ ကိုယ်တို့နေတဲ့အိမ် အကုန်ထိခိုက်သွားတယ်။ ပေါင် ၅၀၀ ဗုံး ၂ လုံးကျတယ် လို့ ပြောတယ်။ လူအသေအပျောက် မရှိတာ ဘုရားမတာပဲ။ ပစ္စည်းကတော့ ဘယ်ပစ္စည်းမှ မတွယ်တာပေါင်ဗျာ။

ကြောက်တာတော့ မကြောက်ဘူးဗျ။

နန့်မွန်းမှာ သေနတ်နဲ့ချိန်ထားတုန်းကလည်း မကြောက်ဘူး။ အခုလည်း မကြောက်ဘူး။ ခွဲခန်းမျက်နှာစာပွင့်ထွက်သွားတာတောင်မှ ခွဲခန်းဝက အပြင်ကိုထွက်ကြည့်တဲ့ ကိုယ့်ဆီကို ဘာမှ လာမမှန်တာ တော်ရုံတန်ရုံ ကုသိုလ်ထူးတာ မှတ်လို့။ ကွီးနေထူးနိုင် ကားတွေထဲကလိုပဲ။ ကိုယ်နဲ့မျက်နှာချင်းဆိုင် မွေးလူနာဆောင်ဘေးကနေ ဗုံးခိုကျင်းထဲ ခုန်ဆင်းတဲ့ကလေးကိုတော့ ဒူးခေါင်းအောက်က ဖောက်ထွက်သွားတယ်။ Joint involvement ရှိတဲ့ Open Fracture ဆိုတော့ Orthopedic Emergency မို့ ညတွင်းချင်း ခွဲခန်းဝင်မှ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ်တို့လည်း သူ့ကို လေယာဉ်လာပြီး တစ်နာရီကျော်အကြာမှာ ခွဲခန်းဝင်နိုင်အောင် ဖုတ်ပူမီးတိုက် နေရာရွှေ့ရတာ။ သွေးတစ်လုံးလည်း ရှာရတယ်။ သူလည်း ကလေးသာသာဆိုပေမယ့် ကြောက်တော့ကြောက်မနေပါဘူး။ “ဆရာ။ အဆင်ပြေမှာပါနော်။” လို့တော့ မေးတယ်။ ဒါမျိုးတွေ သူတွေ့နေမြင်နေကျ ဖြစ်နေပြီလေ။ ခါတိုင်းဆို သူချည့်ပဲ သွေးလှူလှူပေးရတာ ဆယ်ခါလောက်ရှိပေါ့။

လုပ်တဲ့သူကတော့ သေသေချာချာ ချိန်ပြီးလုပ်တာဗျ။ လူနာတွေ ဆေးရုံရောက်အောင်စောင့်ပြီး ကိုယ်တို့ခွဲခန်းဝင်မယ့်အချိန်လောက်ကို မှန်းပြီး နေရာအတိအကျနဲ့ ဒဲ့ဆော်တာ။ ဒါပေမယ့် ကိုယ်တို့လည်း ကိုယ့်စေတနာ ကိုယ့်အကျိုးပေးလို့ အသက်မသေတာ။ အကုန်လုံးက ခွဲခန်းထဲရောက်နေလို့ လွတ်သွားတာ။ အိမ်မှာအိပ်နေရင် သေပြီ။ ည ၁၁ နာရီဆိုတာ အိပ်မောကျတဲ့ အချိန် မဟုတ်လား။ တံခါးချပ်တွေ မျက်နှာကျက်တွေ ပွင့်ထွက်သွားပေမယ့် လူတွေ ဘာမှ မဖြစ်ကြဘူး။ အပျက်အစီးများတဲ့ အဆောက်အဦတွေမှာလည်း လူမရှိကြဘူး။ ဆေးရုံရောက်နေလို့။ “ငါလည်းအိပ်ချင်ပြီ။ နင်လည်းအိပ်တော့လေ။” ဆိုတဲ့သူ တစ်ယောက်ယောက်ပါရင် ခုလောက်ရှိ Body Bag ထဲ ထည့်နေရလောက်ပြီ။ “ဆေးရုံ ဗုံးမှန်တာ ပျော်များနေသလားဟယ်။” လို့ မမေးပါနဲ့။ ပျော်တာပေါ့။ အရမ်းပျော်တာပေါ့။ ဒီကောင်တွေ ဒီလောက်ယုတ်မာတာတောင်မှ ကိုယ်တို့ဘက်က လူအသေအပျောက် မရှိတာ ဒီ့ထက်ဝမ်းသာစရာ ရှိဦးမလား။ ကိုယ်တင်မဟုတ်ပါဘူး။ Facebook ပေါ်မှာရှိကြတဲ့ ချစ်သူခင်သူအပေါင်းတို့ကလည်း ဒီစာကိုဖတ်လိုက်ရတာနဲ့ “မသေကောင်း မပျောက်ကောင်း ဆြာစိုးရယ်” ဆိုပြီး ဝမ်းသာအားရ ရှိကြမှာ မလွဲပါဘူး။

သေခြင်းတရားဟာ ကိုယ့်ဆီကို တုရူတည့်တည့် လာပြီးမှ တေ့လွဲကလေး လွဲသွားတာ ဒါပါနဲ့ဆို ၃ ခါ ရှိပြီလေ။ အဲ့သလို သေရွာကပြန်ပြန်လာပြီး ချစ်သူခင်သူတွေနဲ့ ပြန်တွေ့ရတာ ဝမ်းသာစရာကြီးပါ။ ဆေးရုံကို စတည်ကတည်းကိုက လေကြောင်းအန္တရာယ်ကို စဉ်းစားပြီး အတတ်နိုင်ဆုံး ပြင်ဆင်ထားတာမို့ လက်တွေ့ကြုံရတဲ့အခါမှာ တုန်လှုပ် ခြောက်ခြား ကြောက်လန့်မနေပဲ တည်တည်ငြိမ်ငြိမ်လေး ဖြတ်သန်းနိုင်ပါတယ်။ ဘဏ်တွေမှာ အာမခံမထားပေမယ့် အရေးရယ်အကြောင်းရယ်ဆို ပြန်လည်ထူထောင်နိုင်ဖို့လည်း အစကတည်းက ပြင်ဆင်ထားပြီးသား ရှိပါတယ်။ ဆေးရုံကို ဗုံးလာကျဲရင် ဘယ့်နှယ့်လုပ်မလဲဆိုတာက ကိုယ့်မှာ အဖြေရှိပြီးသားမို့ အစီအစဉ် (၂)အရ ဆိုပြီး Plan B ကို ဆက်သွားလိုက်ရုံပါပဲ။ ဘာမှ တွေဝေတုံ့ဆိုင်း မနေဘူး။

မနက်အလင်းရောင်လာတဲ့အခါ ညတုန်းက သည်အတိုင်းပစ်ထားခဲ့တဲ့ ဆေးရုံကို ပြန်ကြည့်ပါတယ်။ ကိုယ်တို့နေတဲ့အိမ်က သစ်သားရော၊ အုတ်ရော၊ သွပ်ရောထုတ်ချင်းပေါက်ထွက်သွားတာ အများကြီးပဲ။ မှန်တွေလည်းကွဲကုန်တယ်။ ဆရာမတွေနေတဲ့အဆောင်ကတော့ ထရံတွေအကုန်ကွာကျပြီး တိုင်ကလေးတွေချည့်ကျန်တယ်။ အမိုးတွေလန်၊ မျက်နှာကျက်တွေလည်းပြုတ်ကျလို့။ အပျက်အစီးအများဆုံးကတော့ ဓါတ်မှန်ဆောင်ပါ။ ကာထားတဲ့ပျဉ်ပြားတွေ တစ်ချပ်မှ မရှိတော့ဘူး။ ဗုံးက သူ့ရှေ့တည့်တည့် ပေါက်တာမို့လို့။ သူထဲမှာသိမ်းထားတဲ့ အောက်ဆီဂျင်ဆလင်ဒါတွေ တုံးလုံးပက်လက် လဲကုန်ပေမယ့် ကံကောင်းလို့ မီးမလောင်ခဲ့ဘူး။ ခွဲခန်းမျက်နှာကျက်နဲ့ အဲကွန်းတွေလည်း ပွင့်ထွက်သွားတယ်။ အဲ့ဒီပတ်ပတ်လည်က သစ်ပင်ကြီးတွေ ထက်ပိုင်းကျိုးကျပြီး ခြုံတွေမြက်တွေက မီးကျွမ်းသွားသလို မည်းနက်ကုန်တယ်။ လမ်းမပေါ်မှာ ခါးစောင်းလောက်နက်တဲ့ ကျင်းကြီးနှစ်ကျင်း ပေါ်လာပြီး ကိုယ်ဒိုင်ဗင်ပစ်လိုက်တဲ့နေရာနဲ့ ခြေလှမ်း ၁၀ လှမ်းတောင် မဝေးဘူး။ ဟိုးအဝေးကြီးက အုတ်နံရံတွေတောင် တိုးလျှိုပေါက်ပွင့်သွားပေမယ့် အဲ့ဒါတွေအားလုံး ကိုယ့်အပေါ်က နွေးကနဲဖြတ်သွားတာပဲ သိလိုက်တယ်။ လူကို မထိခိုက်ဘူး။ မီတာ ၁၀၀ လောက်အကွာမှာရှိတဲ့ရေစင်ပေါ်က တိုင်ကီအကြီးကြီး ၂ ခုကတော့ ဒေါင်လိုက် ထက်ခြမ်းကွဲသွားတယ်။ ရေစစ်အုတ်ကန်ကြီး ပွင့်ထွက်သွားတယ်။ အဲ့ဒီနောက်က မွေးခန်းကြီးလည်း အမိုးပွင့်ထွက်သွားတယ်။ အဲ့ဒီမွေးခန်းဘေးက ဗုံးခိုကျင်းထဲ ခုန်ဆင်းလိုက်တဲ့ကလေးက ကျင်းထဲမရောက်ခင် ဒူးခေါင်းပွင့်ထွက်သွားတာ။ ဆေးရုံပေါ်မှာရှိတဲ့ မှန်ဘီရိုတွေကွဲ၊ အထပ်သားတွေ ကွာကျ၊ ဆေးတွေအားလုံး ပြန့်ကျဲပြီး ဖုန်အလူးလူးနဲ့။

ဘယ်ကဘယ်လို စရှင်းရမှန်းတောင် မသိသေးဘူး။ ဘယ်သူမှ မရှိတဲ့ဆေးရုံထဲမှာ ဗိုက်ကြီးသည်တစ်ယောက်က အော်ဟစ်ပြီး စောင့်နေတယ်။ “ဟဲ့ ညက လေယာဉ်လာလို့ ဗုံးတွေကွဲတာ နင်မသိဘူးလား” ဆိုမှ “သိတော့ သိတယ်။ ဒါပေမယ့် လေယာဉ်ပြန်သွားမှ ဗိုက်က နာလာလို့။” တဲ့။ စမ်းကြည့်လိုက်တော့ သားအိမ်က 7cm ရှိနေပြီ။ ထွက်တော့မှာ။ ဘယ်ကိုမှ လွှဲလို့ မမီတော့ဘူး။ မွေးခန်းပျက်သွားလို့ ဆေးရုံမှာမွေးလို့လည်း အဆင်မပြေဘူး။ ရွာထဲက အိမ်တစ်အိမ်ခေါ်သွားပြီး ကိုယ့်အထုပ်နဲ့ကိုယ် Home delivery မွေးပေးခဲ့ရတယ်။ ဆရာတို့ ဘေးကင်းရဲ့လား။ အဆင်ပြေရဲ့လား။ တစ်ခွန်းမှ မေးဖော်မရပဲ အိမ်တိုင်ရာရောက် ဝမ်းဆွဲသည်က လုပ်ရသေးတယ်။ သူ့ချည့်ပဲ မဟုတ်ဘူးဗျ။ ဒီနေ့ခွဲဖို့ ရက်ချိန်းပေးထားတဲ့ previous one scar နဲ့ ဗိုက်ကြီးသည်ကလည်း အထုပ်တွေအပိုးတွေနဲ့ ရောက်လာရော။ “အိုဟိုး … ဟိုမှာကြည့်စမ်း ငါ့ရဲ့ကောင်းကင် ပြိုကျခဲ့ပြီ။” ဆို လက်ညှိုးထိုးပြလိုက်ရတယ်။ တစ်ရက်လောက် စောမွေးပေးလိုက်ရင်တောင် သိန်းလေးငါးဆယ် သက်သာမယ့်ဟာကိုကွာ။ Thyroglossal cyst နဲ့ ခွဲဖို့တက်နေတဲ့ ကလေးလေးကိုလည်း အိမ်ပြန်လွှတ်လိုက်တယ်။ ဆေးရုံမှာ နားခိုရာလုပ်နေတဲ့ အေကိုက်နေသူတွေကိုလည်း လေကိုက်ရင် ဆေးမမိဘူး လို့ ရှင်းပြပြီး နှုတ်ဆက်လိုက်ပါတယ်။ ကဲ အခု စစ်ပွဲလူနာပဲ ကုတော့မယ်။ အရင်လက်ကျန်တွေလည်း မကုန်နိုင်သလို နောက်ထပ်လာစရာတွေလည်း ရှိသေးလို့ပါ။ နာတာရှည်တွေကတော့ ဒုတိယဦးစားပေးထဲကို ပို့ရုံသာပ။

အလုပ်လုပ်စရာတွေ သိပ်များတဲ့အခါ အခုချက်ချင်း လုပ်မှရတဲ့ အရေးကြီးသော အလုပ်တွေကိုပဲ တစ်ခုပြီးတစ်ခု ရွေးလုပ်တယ်။ မနေ့ကလက်ကျန်လူနာတွေ အရင်ဖြတ်ပြီး ဆရာအော်သိုကို အရေးပေါ်ခေါ်ရပါတယ်။ အကျိုးအပဲ့ အပြတ်အတောက်တွေ များနေပြီကိုး။ လူနာတွေ ပေးဆင်းပြီး ဆေးရုံကို နေရာရွှေ့။ အပျက်အစီးတွေ စာရင်းကောက်၊ မှတ်တမ်းတင်။ ရေတွေမီးတွေ ပြန်ရဖို့၊ လူနေလို့ရအောင် ပြန်လုပ်ဖို့၊ လောလောဆယ် ဘေးကင်းလုံခြုံရာ တနေရာမှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ အစစအရာရာ ကိုယ့်ခေါင်းပေါ်မှာချည့်ပဲ။ အကုန်လုံး တာဝန်ကျေဖို့တော့ မတတ်နိုင်ဘူး။ ချက်ချင်း ရယ်၊ အလျင်အမြန်ရယ်၊ အရေးတကြီးရယ်၊ မပျက်မကွက်ရယ်၊ အလုပ်အမျိုးအစားခွဲပြီး ဦးစားပေးအစီအစဉ် ဆွဲထားရတယ်။ ဒီလိုနဲ့ အလုပ်တွေ တစ်ခုပြီးတစ်ခု ကုန်သွားရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်သွားမှာပဲ။ စိတ်လည်းမလောဘူး။ စိတ်လည်း မပူဘူး။ ကိုယ့်အရည်အချင်း ကိုယ့်အစွမ်းအစနဲ့ကိုယ် ရပ်တည်လာခဲ့သူမို့ ငလျင်လှုပ်လို့ အုတ်ပုံအောက်မှာပဲရောက်ရောက်၊ လေယာဉ်ဗုံးကျဲလို့ ပြာပုံထဲကပဲ ထထ၊ ပြန်လည်ရှင်သန်ထမြောက်ဖို့ မခက်ခဲပါဘူး။ ခွဲခန်းဝင်စရာရှိသေးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်။