ချန်ဂင်တို့စခန်း (၃၃၄)

ငလျင်လှုပ်တာ တစ်ပါတ်ရှိသွားပေမယ့် aftershock wave တွေက မငြိမ်သေးဘူး။ လှုပ်စိလှုပ်စိနဲ့ နေ့တိုင်းလိုလို ငလျင်ဒဏ်ခံနေရတယ်။ ကိုယ်တို့စိတ်ထဲမှာလည်း မတည်ငြိမ်နိုင်သေးပါဘူး။ ရင်ထဲမှာ ဝမ်းနည်းနာကျည်းနေရတယ်။ ဒီကမ္ဘာကြီးဟာ နေချင်စရာ မကောင်းပါဘူး။ မင်းအောင်လှိုင် တစ်ယောက်တည်းကမှ ကောက်ကျစ်ယုတ်မာတတ်တာ မဟုတ်ဘူး။ သူ့အောက်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေကအစ အောက်ခြေစစ်သားကလေးတွေရော၊ စစ်သားမယား၊ စစ်ဆွေစစ်မျိုးတွေပါ စကြာသွားရာ ဗိုလ်ခြေပါ ဆိုသလိုပဲ ထပ်တူထပ်မျှ ယုတ်မာနိုင်ကြတယ်။ ဒါဆို အရပ်သားတွေက လွတ်ကရောလား။ No ပါ။ သူတို့လက်အောက်မှာ ခိုင်းသမျှလုပ်နေတဲ့ ရဲတွေ၊ ထွေအုပ်တွေ၊ လဝကတွေ၊ အကုန်အတူတူပဲလေ။ ချန်မထားနဲ့ ။ ကမအဝကြီးနှင့်တကွ များစွာသောင်းပြောင်း ဆရာဝန်အပေါင်းတို့လည်း ပါတယ်။ ကုန်ရော။ အေးလေ။ အဆုံးသတ်တော့လည်း တလောကလုံး ကိုယ်ကလွဲရင် တစ်ယောက်မှ ကောင်းတဲ့သူ မရှိဘူး လို့ ပြောလိုက်ရုံသာ ရှိတာပေါ့။ မထူးပါဘူး။ ကိုယ်ကိုယ်တိုင်လည်း မကောင်းဘူး လို့သာ သဘောထားလိုက်ပါတယ်။ ဒီလောက် လူအများကြီး မကောင်းတဲ့အထဲမှာ ကိုယ်တစ်ယောက်တည်း ကောင်းနေလို့ ဘာမှ အကျိုးမထူးဘူး။ စိတ်ပုတ်စိတ်ယုတ် မွေးကြည့်တာပေါ့။ အစိအဆံ အနှံအရစ် အပွင့်အခက် ပါပါ မပါပါ သူတို့အသိုင်းအဝိုင်းက ပေါ်သမျှနာရေးတိုင်းကို ဝမ်းမြောက်နုမော် သာဓုခေါ်ဖို့ အသင့်ရှိတယ်။ မအလကြီးနဲ့ ပလူးပလဲလုပ်ရင် ပေထုံတန်လည်း ပြုတ်ကျပါစေ။ ပူတင်ကြီးလည်း စစ်ရှုံးပါစေ။ CCP ကြီးလည်း ပြိုကွဲပါစေ။ ဆုတောင်း မေတ္တာတွေ ပို့သလိုက်ရတာ။ အင်မတန်မှကို ပေါ်လီယာနား ဆန်လာတော့တယ်။

ဟုတ်တယ်လေ။ ဒီလောက်အတန်တန် ကန့်ကွက်နေတဲ့ကြားထဲက ကျက်သတုံးကောင်ကြီးကို ပါးလျက်နားလျက် လုပ်လား လုပ်ရဲ့။ စစ်မှုထမ်းအပို့ခံရမယ်မှန်းသိသိနဲ့ ထောင်နဲ့ချီတဲ့ မြန်မာလူငယ်တွေကို ပြန်ပို့လားပို့ရဲ့။ ဒင်းက ဘာဖြစ်ချင်နေတာတုန်း။ သူ့တိုင်းပြည်ကလူတွေ ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြကြလို့ ပြုတ်ကျသွားမယ်ဆိုရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲ။ အဲ့ဒါ အလိုရှိအပ် တောင့်တအပ်သောဆုထဲမှာ ပါတယ်။ နောက်ဆို ဘယ်သူကမှ ချေးထုပ်ကြီး ထမင်းစားပွဲပေါ် မတင်တော့ဘူး။ မှတ်သွားမှာ။ “မှားတာ မှန်တာ။ တရားတာ မတရားတာ အရေးမကြီးဘူး။ ကိုယ့်ဘက်က အကျိုးအမြတ်ရဖို့သာ လိုတယ်။” လို့ တွေးမယ်ဆိုရင် ကိုယ့်အနေနဲ့လည်း အဲ့သလိုပဲ အတွေးရှိလို့ အခုလိုမျိုး ဆုတောင်းမေတ္တာ ပို့သရပါတယ် ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။ ကဲ “အရှေ့အရပ်၌ရှိသော ….” တော့ ပြီးသွားပြီ။ မြောက်အရပ်ကို မေတ္တာဆက်ပို့ကြပါစို့။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာထက် ကျော်လွန်ပြီး ကျူးကျော်အုပ်ချုပ်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဖုန်တာ့ရွှင်ကိုဖမ်းဆီးအကြပ်ကိုင်ပြီး ကိုးကန့်တပ်တွေကို လားရှိုးကနေ ဆုတ်ခွါဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စေခိုင်းတာ ကြိမ်ဖန်များစွာပါပဲ။ သို့သော်လည်း MNDAA လားရှိုးက ဆုတ်ခွါပေးရုံနဲ့ လားရှိုးကို စစ်ကောင်စီက ပြန်အုပ်ချုပ်ဖို့ဆိုတာ အဲ့ဒီကောင်တွေက အဖြစ်ရှိရှိ စစ်မတိုက်နိုင်တဲ့အတွက် မဖြစ်နိုင်ပြန်ဘူး။ မြန်မာတွေ မဏိပူရမှာ ချော်ဂျစ်ဆင်၊ မာဂျစ်ဆင်ကို နန်းတင်ခဲ့သလိုပဲ။ လားရှိုးမှာ စကစတပ်တွေကို ရမခထဲအထိ တရုတ်စစ်တပ် အကာအကွယ်နဲ့ ပို့ပေးခဲ့ပြီး သူပြန်သွားတာနဲ့ နောက်တစ်ခါ ပြန်အသိမ်းခံရမှာစိုးလို့ သူကိုယ်တိုင် လားရှိုးမှာ တရုတ် ကောင်စစ်ဝန်ထားပြီး ပူးတွဲအုပ်ချုပ်မလို့တဲ့။ အင်မတန်မှကို ရိုင်းပျစော်ကားတဲ့ ကျူးကျော်စွက်ဖက်မှု မဟုတ်ဘူးလား။ တကမ္ဘာလုံးက တွေ့နိုင်မြင်နိုင်ပါတယ်။ စကစဟာ သူ့အစွမ်းအစနဲ့ လားရှိုးကို ပြန်မသိမ်းနိုင်တဲ့အခါ တရုတ်ကြီးလက်ထဲကို ထိုးကျွေးပြီး အိမ်စောင့်ခိုင်းရင်း ရွေးကောက်ပွဲကို အဖြစ်လုပ်ပြမှာ။ နေပြည်တော်ကိုပဲ အုပ်ချုပ်တော့မယ် လို့ ကြံနေပုံပါပဲ။ မိုးကုတ် နဲ့ ဖားကန့်ကိုလည်း ရုရှားတွေဆီ ထိုးအပ်ဖို့ ကြံနေတာပဲလေ။ သူ့အာဏာမြဲဖို့အတွက်ဆိုရင် ဘာပဲပေးရပေးရ ပေးမယ့်သူပေါ့။ မြန်မာတွေ မဏိပူရ၊ ကချာနယ်မှာ ဝင်စွက်ဖက်တုန်းက အင်္ဂလိပ်နဲ့ စစ် ၃ စစ် ဖြစ်ဖို့ စလာသလိုပဲ။ တရုတ်အစိုးရ ရှမ်းမြောက်ကို ကျူးကျော်စွက်ဖက်တာဟာ အမေရိကန်တွေနဲ့ ထိပ်တိုက်တွေ့ဖို့လည်း စလာနိုင်ပါတယ်။ မေ့နေမှာစိုးလို့ သတိပေးရရင် ကိုးကန့်ဆိုပြီး မြန်မာပြည်မြေပုံထဲ ကျွံဝင်နေတဲ့ တရုတ်လူမျိုးတွေဟာ ကွန်မြူနစ်ဘက် မယိမ်းတဲ့ ကူမင်တန် အကြွင်းအကျန်တွေ ဖြစ်တယ် ဆိုတာပါပဲ။ ကိုးကန့်တွေပြောတဲ့ တရုတ်စကားဟာ ထိုင်ဝမ်စကားဖြစ်သလို ကိုးကန့်မှာပြတဲ့ တီဗီချန်နယ်တွေကလည်း ထိုင်ဝမ်ချန်နယ်တွေ ဖြစ်ပါတယ်။ မြန်မာပြည်နယ်နိမိတ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ မီးစတစ်ဘက် ရေမှုတ်တစ်ဘက်နဲ့ အလမ္ပါယ် လာကစားရင် သူ့ပါးစပ်ဖျားက မချတဲ့ “One China Policy” မှာ အခက်အခဲတွေတွေ့ပြီး ဝဋ်လည်ပါလိမ့်မယ်။ ဒါ့ထက်ပိုပြီး စိတ်နာအောင် လာလုပ်ရင်တော့ မြန်မာပြည်တွင်းက တရုတ်အကျိုးစီးပွါးတွေ ဘယ်သူကမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။ မီးခြစ်ဆံတစ်ချောင်း ကြံတစ်သောင်းတဲ့။ ခြိမ်းခြောက်တာ မဟုတ်ဘူးနော်။ မြောက်အရပ်မှာနေ ဝေနေယျသတ္တဝါတွေအတွက် ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောတာ။

တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ မြန်မာပြည်မှာ သူ့ဩဇာနာခံမယ့်သူ၊ စိတ်ချရမယ့်သူ မွေးမယ်ဆို မွေးလို့ရပါတယ်။ ထိုင်းမှာ၊ ဗီယက်နမ်မှာလည်း ဒီလိုပဲ မွေးထားတာပဲဟာ။ ဒါပေမယ့် ရွေးစရာရှားလို့ ဒီကျက်သတုံးကိုမှ မဖြစ်မနေ မွေးတော့မယ် လို့ ကြံနေရင် အဲ့ဒါ ကြမ္မာငင်ခြင်းရဲ့အစပဲဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုုယ်တို့ မြန်မာနိုင်ငံသားတွေကလည်း ဆုတောင်းမေတ္တာ ပို့သပါတယ်။ ပေထုံကျဲကျဲလည်း ဟောင်ဟောင်ကျင်ချာနိုင်ပါစေ။ ဝမ်ယိပါပါးတို့၊ ရှီအမ်းကုန်းတို့လည်း သေသေချာချာ လူရွေးမှန်ကြပါစေ။ မြန်မာပြည်က ချေးထုပ်ကြီးကို မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ဘဝက ကျွတ်လွတ်ပါစေ။ “မြန်မာနိုင်ငံမှာ စစ်တပ်ကို နိုင်ငံရေးထဲကဖယ်ထုတ်လို့ ဘယ်တော့မှ ရမှာမဟုတ်ဘူး။” ဆိုတဲ့ အယူအဆမှားကြီးကို လက်ကိုင်ထားနေလို့ရှိရင် ကိုယ်တို့ဘက်က ဘယ်လိုအရင်းအနှီးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ရှိတယ် လို့ သိစေချင်ပါတယ်။ မြန်မာပြည်ကြီးက ဒီအတိုင်းလည်း စစ်ဖြစ်နေပြီးသား။ နောက်ထပ် proxy war ပဲ ထပ်ဖြစ်ဖြစ်၊ ကမ္ဘာစစ်ကြီးထဲပဲ ဝင်ပါပါ။ ခုထက်တော့ ပိုမဆိုးတော့ဘူး။ သေရမှာ မကြောက်ဘူး။ မလွတ်မြောက်မှာကိုပဲ ကြောက်တာ။ ဘာလာလာ ရင်ဆိုင်မယ်။

အခု လက်ငင်းကိုပဲ ကိုယ်တို့မှာ “စကစနဲ့ စစ်တိုက်နေတာ မဟုတ်ဘူး။ တရုတ်နဲ့ စစ်တိုက်နေရတာ။” လို့ ခံစားနေရတယ်။ တရုတ်ကြီးသာ ဝင်မရှုပ်ရင် မန္တလေးက သိမ်းပြီးတာ ကြာလှပြီ။ တရုတ်ဒရုံးတွေသာ စကစကို နင်းကန်ထောက်ပံ့မထားရင် ဗန်းမော်ကိုလည်း သိမ်းထားတာ ကြာလှပြီ။ သူတို့အနေနဲ့ ဘယ်လောက် တောင် ထဲထဲဝင်ဝင် ကာကွယ်ထောက်ပံ့ထားရသလဲ သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပဲ။ နှစ်တုံးနဲ့တစ်ပိုင်း ကုန်လို့လည်း ကိုယ်စားနေတာ ဘာမှန်းမသိ။ နိုင်မြင်း နိုင်မြင်း နဲ့ ရှိသမျှပုံအောမနေနဲ့။ ကိုယ်စီးနေတာ လားကြီးမှန်းလည်း သိဦး။ လောင်ရဲတို့ ဝင်ဝင်ပလေးတာ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ ဘယ်တုန်းကများ ပွဲပြီးမီးသေ ရှိဖူးခဲ့လို့လဲ။ သခွပ်ပင်က မီးတကျီကျီ ထိုင်ရှို့နေမှာ။ စိတ်သာချ။

စစ်ကိုင်းငလျင်ကြောကြီးနဲ့ ပြတ်ရွေ့ပြီး မြန်မာပြည်ကြီး ထက်ခြမ်းကွဲချင် ကွဲသွားလိမ့်မယ်။ ကိစ္စမရှိဘူး။ ကိုယ်တို့ရင်ထဲမှာလည်း စစ်တပ်၊ အရပ်သား။ နှစ်ခြမ်းကွဲပြီးသား။ ဘယ်တော့မှ မပူးပေါင်းနိုင်တော့ဘူး။ တရုတ်ပြည်ကြီးက စစ်အစိုးရဘက်ကို ကျောထောက် နောက်ခံပေးတယ် ဆိုလို့ရှိရင် မြန်မာပြည်သားတွေကလည်း တရုတ်နဲ့ ဆန့်ကျင်ဘက်အရပ်ဆီမှာ အားကိုးရာ ရှာရလိမ့်မယ်။ ဒီအတိုင်းတော့ ငြိမ်ခံမနေဘူး။ ရှင်းရှင်းလေးပဲ။ မြန်မာပြည်ကို အနောက်အုပ်စုနဲ့ နီးစပ်သွားမှာ ကြောက်လို့ စစ်အစိုးရကို လက်သပ်မွေးနေတယ်ဆိုလို့ရှိရင် အဲ့ဒီလုပ်ရပ်ကြောင့်ပဲ မြန်မာပြည်ကို အနောက်နိုင်ငံတွေဘက် အရောက်တွန်းပို့သလို ဖြစ်လိမ့်မယ်။ တခြားမှ ရွေးစရာလမ်းမရှိတာ။ စစ်အစိုးရကို တော်လှန်နေပါတယ်ဆိုမှ သူ့ဘက်က ဘယ်သူပါပါ။ ပါတဲ့သူတွေကိုပါ ဆက်တော်လှန်ရုံပဲ ရှိတော့တယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသလို ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဘက်၊ ဝီဂါတွေ ပဲ့ထွက်ကုန်မှ ဟုတ်ပေ့ ဖြစ်နေမယ်။ ဪ ကဲ။ မေတ္တာတွေက ပို့မိပြန်ပြီ။ သွေးပုချိ သွေးပုချိ။

စကစဟာ သူ့ဘက်ကစစ်ရှုံးတဲ့နယ်မြေတွေကို ပြည်ပနိုင်ငံတွေဆီ ထိုးအပ်ပြီး မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ ကြံပါတယ်။ ရခိုင်မှာ စစ်တွေက မခုခံနိုင်တော့တဲ့အခါ ဘင်္ဂလားက ရိုဟင်ဂျာ တစ်သိန်းရှစ်သောင်း ပြန်လက်ခံပါမယ် ဆိုပြီး အေအေဆီကို ထိုးထည့်နေတယ်။ ခေါ်ချင်သပဆို ရန်ကုန်အပို့ခိုင်းလိုက်ပေါ့။ ဘယ့်နှယ် ရခိုင်မြေမှာ ရခိုင့်သဘောမပါပဲ ဝင်စီမံရအောင် သူ့လက်အောက်မှာ ရှိတော့တာလည်း မဟုတ်။ ကိုယ့်စစ်သားတွေကိုယ် ထမင်းမငတ်အောင် အရင်ကျွေးပါဦး။ လွှတ်တော်မရှိ၊ ဖွဲ့စည်းပုံအကျိုးအပဲ့နဲ့ အာဏာသိမ်းစစ်တပ်ဆီက ကတိကဝတ်တွေဟာ နောင်တချိန်မှာ တစ်ခုမှ အကြုံးဝင်မှာ မဟုတ်ဘူး။ မြန်မာပြည်သူတွေကလည်း အသိအမှတ် မပြုဘူး။ သူခိုးဈေးနဲ့ အချောင်နှိုက်လည်း စိတ်ချရတဲ့ကောင်မှ မဟုတ်တာ။ ငလျင်လှုပ်လို့ မသာဧည့်မေး မေးရင်တောင် စပီကာဖွင့်ပြီး “ဦးလား။ သမီးပါ။ မူယာဖြူပြာ သွက်သွက်ခါလေ။” ဆို ဦးမန်းဝင်းကြီးအသံနဲ့ မြဝတီသတင်းလုပ်ပြတာ မြင်ပြီ မဟုတ်လား။ ဒါထက် စကားမစပ် ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယလက်အောက် ပြန်လွှဲပေးဖို့ တောင်းဆိုတဲ့ လွှတ်တော်အမတ်ကို ပြောချင်တာက အာသံ၊ မဏိပူရ နဲ့ စစ်တကောင်း နယ်တွေဟာလည်း မြန်မာပြည်လက်အောက်ကို ရောက်ခဲ့ဖူးတဲ့ သမိုင်းရှိတယ် လို့ ရာဇဝင်တွေ ပြန်နွှေးပေးလိုက်ပါတယ်။ အဲ့ဒါသင်တဲ့အတန်းထိ ကျောင်းနေခဲ့ရတယ် ဆိုရင်ပေါ့။ အိမ်း ငါ့မလည်း ကြင်စိုးတစ်ကောင်နဲ့ သေခန်းဖြတ်ရတာ ရှိသမျှ အိမ်နီးနားချင်းတွေနဲ့ ပတ်ရန်ဖြစ်နေရသလိုပဲ။ အရပ်လေးမျက်နှာကို စုံရော။ ဒါလေးက အနောက်အရပ်သို့ မေတ္တာပို့ခြင်းခင်ဗျ။

အာဏာသိမ်းတာပဲ ၄ နှစ် ရှိနေပြီ။ ချင်း နဲ့ ကရင်နီကိုတောင် ဘယ်တုန်းကမှ သေသေဝပ်ဝပ် မအုပ်ချုပ်နိုင်ပဲ တရုတ်ကြီးအားကိုးနဲ့ “ငါတို့လားရှိုး ငါတို့ပြန်ပေး” လုပ်လိုက်ရင် ငြိမ်းချမ်းရေးကြီး ရသွားမှာလား။ စုထားသမျှ တပ်သားသစ်တွေ အလင်းဝင်တာနဲ့ ကုန်မှာပဲ။ ဒီတစ်ခါတော့ လက်နက်ချလည်း အရှင်ပြန်လွှတ်တော့မှာ မဟုတ်ဘူး။ ကချင်မှာလည်း အပစ်မရပ်ပဲ ထိုးစစ်တွေဆင်နေပြန်ပြီ။ စားပွဲတခြမ်းအောက် ဝင်ခိုရတဲ့သူက ငလျင်လွတ်တဲ့စစ်တပ်ကို ပုဝါမကူ ရေမရှူ တိုက်ချင်တော့လည်း ကောင်းတာပေါ့။ ကိုယ်ကတိုက်တော့ ကိုယ့်အဆိုးဖြစ်တယ်။ အခု သူက လာတိုက်တာလေ။ လာခဲ့စမ်းပါ။ ဘယ်ဘက်ကစူးစူး ညာဘက်ကစူးစူး။ မင်းတို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဗုံးကြဲကြဲ။ ဘယ်ဆရာဝန်မှ အရှုံးမပေးဘူး။ ဆေးကုနေတဲ့သူတွေချည့်ပဲ။ ဆရာဝန်ထဲကဘောမတဲ့ကောင်တွေဆိုလည်း သူ့ဘက်က ဘောမတော့မယ် လို့ ဆုံးဖြတ်ပြီးရင် ဘယ်သူဘာပြောပြော၊ ဘယ်လောက်ဆဲဆဲ၊ အကြောမာမာ မျက်နှာပြောင်ပြောင်နဲ့ မဆုတ်မနစ် ဘောမတာ။ မသလိုလို မမသလိုလို မတ်မတ်ဆောင်း မလုပ်ဘူး။ ကိုယ်လို အိုကြီးအိုမ ဆရာဝန် မပြောနဲ့။ အေငြိမ်းတို့လို ဆရာဝန်အငယ်တွေတောင် ဒီတစ်ရုံဗုံးမှန်၊ နောက်တစ်ရုံ အသစ်ထက်ဆောက်လို့ တောင့်ခံထားကြတယ်။

ကိုယ်တို့ကို ဘယ်သူမှ လာကယ်စရာ မလိုဘူး။ ဘယ်နိုင်ငံကမှ စစ်ကူပေးစရာလည်း မလိုဘူး။ ကိုယ့်ဘာကိုယ် နိုင်အောင် တိုက်နိုင်တယ်။ တရုတ် နဲ့ ရုရှားသာ ဝင်မရှုပ်ရင် ဒီတော်လှန်ရေးက အဆုံးသတ်တာ ကြာလှပြီ။ မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းစေချင်ရင် ကိုယ်တို့ဘက်က ဝင်ကူစရာ မလိုပါဘူး။ စကစဘက်ကသာ ဝင်မကူပါနဲ့။ သူ့ဟာနဲ့သူ ပွဲပြီးသွားလိမ့်မယ်။ ပြောမရလို့ ကူချင်သပ ဆိုလည်း ကူလေ။ ကမ္ဘာတည်သ၍ စစ်ဆက်တိုက်ကြတာပေါ့။ အရှေ့အလယ်ပိုင်းမှာလို။ သိထားဖို့က ဖမာ့ပြည်မှာ ငလျင်လှုပ်ရင် ဘန်ကောက်မှာလည်း တိုက်ပြိုတယ်နော်။ ဘေးအိမ်ပြိုရင် ကိုယ့်အိမ်လည်းပိမှာပဲ။ အခုတောင် ဆန္ဒပြခံနေရပြီ မဟုတ်လား။ သတိသာထား။

ကိုင်း အရပ်ရှစ်မျက်နှာမှာ မေတ္တာတွေလည်း ပွါးများလွှမ်းခြုံပြီးပါပြီ။ ကိုယ့်အလုပ်ကလေးကိုယ် ပြန်လုပ်ဦးမှပါ။ မအားပါဘူး။ တော်တော်ကို မအားပါဘူး။ လူနာတွေက မိုးလင်းမိုးချုပ် အဝင်အထွက် အတက်အဆင်း မပြတ်ဘူး။ တစ်လတစ်လ ငှက်ဖျားလူနာ ထောင်ကျော်ရှိတယ်။ ခွဲခန်းလည်း နေ့တိုင်းရှိတယ်။ မွေးလူနာလည်း မပြတ်ပါဘူး။ ဆေးမှာတဲ့အလုပ်ကလည်း အဆက်မပြတ်ကို လုပ်နေရတဲ့သဘော ရှိတယ်။ မနှစ်ကထက် တိုးတက်ပြောင်းလဲလာတာကတော့ ဒီဆေးရုံက သင်ကြားရေးဆေးရုံဖြစ်လာတာပါ။ အစစအရာရာ သူတို့ကို ကုခိုင်းခွဲခိုင်းပြီး ကိုယ်က ကြည့်ကြပ်ပေးရုံ၊ ဆုံးဖြတ်ပေးရုံပဲ လုပ်တယ်။ ကိုယ်မပါလည်း ဆေးရုံကို သူတို့နဲ့ run နိုင်အောင် လေ့ကျင့်နေတယ်။ ဆရာဝန်အသစ်နှစ်ယောက် ရောက်လာတယ်။ နောက်ထပ်လည်း ရောက်လာသမျှကို လက်ခံသင်ကြားပေးသွားဦးမယ်။ နောက်တန်းမှာ အငယ်တွေနဲ့ စိတ်ချလက်ချထားနိုင်ရင် ကိုယ်ကိုယ်တိုင် ရှေ့တန်းတက်ခွဲမယ်။ ငလျင်ကူတဲ့ဆေးတပ်ဖွဲ့တွေလိုပဲ မြေပြင်ရှေ့တန်းမှာ ရွက်ဖျင်တဲနဲ့ ခွဲခန်းပြင်ချင််လို့ အဲ့လို tent မျိုးလေးတွေ ရှာပေးမယ့်သူ၊ လှူမယ့်သူ ရှိရင် လိုချင်တယ်။ လားရှိုးဆေးရုံက ဆင်းပေးလိုက်ရလို့ CDM ဆရာဝန်တွေ တရုတ်မယားဖြစ်ကုန်မယ် လို့ ပြောတာ စစ်သားလူထွက်ဦးနှောက်နဲ့မို့ ပြောထွက်တာလေ။ စစ်သားဆိုတာ စစ်ရှုံးဖို့မြင်ရင် ဘယ်သူ့ဖင်ပေးပေါင်းရမလဲပဲ လိုက်ရှာတာ။ ကာချုပ်က အစပေါ့။ ငါတို့ဆရာဝန်တွေက ဘယ်လက်နက်ကိုင်အောက်မှာမှ လေးဘက်မထောက်ဘူး။ ကိုယ့်ပညာနဲ့ကိုယ်နေတာ။ CDM ဆရာဝန်တွေဟာ ဟောဒီ ၄ နှစ်ကာလအတွင်း ကရင်ကိုလည်းရောက်ဖူးတယ်။ ရှမ်းမြောက်ကိုလည်း ရောက်ဖူးတယ်။ ကချင်မှာ၊ စစ်ကိုင်းမှာလည်း နေဖူးတယ်။ တနိုင်ငံလုံး ပတ်သွားနေကြတုန်း။ စစ်ခွေးတွေအောက်ပဲ ပြန်မဝင်တာ။ လားရှိုးမှာ အဆင်မပြေရင် ချန်ဂင်ဆီ အရောက်လာခဲ့။ ဆေးရုံအသစ်ထောင်ပြီး လက်ထဲအပ်ပေးမယ်။ ဘယ်သူ့ဖိအားကြောင့်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးကြီး အပြီးမသတ်ပဲ နှစ်အကန့်အသတ်မရှိ အဓွန့်ရှည်သွားမယ်ဆိုရင်တောင် အသက်ထက်ဆုံးတိုက်ပွဲဝင်သွားမယ်။ ရှင်းတယ်နော်။ အဲ့ဒါ စကားအကုန်ပဲ။ အဖြေကို ပိတ်ကားပေါ်မှာ စောင့်ကြည့်။