ချန်ဂင်တို့စခန်း (၃၃၀)

စစ်ပွဲတွေ အေးသွားတာ တစ်လလောက်တော့ ရှိပြီ။ လက်ကျန်လူနာတွေလည်း ရှင်းထားတာ ကုန်သလောက်ရှိပြီ။ တော်လှန်ရေးက မပြီးသေးတော့ နောက်ပွဲတွေအတွက် ဆက်ပြင်ထားရသေးတာပေါ့။ ဆေးဝါး၊ ရိက္ခာ၊ လက်နက်၊ လူအင်အား၊ စိတ်ဓါတ်အင်အားအပြင် ငွေကြေးလည်း ပါရပါတယ်။ စစ်တိုက်တယ်ဆိုတာ ပိုက်ဆံရှိမှ တိုက်လို့ရတာကိုး။ ဆေးကုတဲ့အခါမှာလည်း ပိုက်ဆံရှိမှ ကုလို့ရတာပဲ။ ချန်ဂင်လည်း ပိုက်ဆံရှာရတယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ ဆေးရုံအတွက်။ တော်လှန်ရေးအတွက်။ ဟိုကြက်သတုံးကောင် ပြန်လာရင် ပထွေးကပေးတဲ့ လက်နက်တွေနဲ့ ပြည်သူကို နှိပ်စက်ဦးမှာ မှလား။ လာပလေ့စေ။ ငါတို့လည်း ဘယ်မှထွက်မပြေးဘူး။ ရိုးပြာမြေဝယ် မြေ့စေတော့။

ပထဝီမြေပုံနဲ့ကြည့်ရင် ဒီဘက်စစ်မျက်နှာဟာ ဥရုမြစ်ရိုးတလျှောက်မှာ တွေ့ရမယ်။ ခန္တီး၊ ဖားကန့်က ဆင်းလာရင် တာမခန်၊ ဆယ်ဇင်း၊ ရေပေါ်မီး၊ နောင်ပိုအောင်၊ ဟုမ္မလင်းကျမှ ချင်းတွင်းမြစ်ထဲ စီးဝင်တာ။ အခု အဲ့ဒီတကြောကို ရှင်းထားတာ ရေပေါ်မီး တဘက်ကမ်း သဲဇလောက်နားထိ ရောက်ပြီ။ ဆယ်ဇင်း နဲ့ တာမခန်မှာ စကစရော၊ ရှမ်းနီရော မရှိတော့ဘူး။ ဖားကန့်ကိုတက်တဲ့ လမ်းအားလုံးက KIA လက်ထဲမှာ။ စကစ က ဗျူဟာကုန်းထဲ ပိတ်မိနေတယ်။ ဆိုင်းတောင်၊ ဝှေခါ တောင် ထွက်လို့မရ။ ကာမိုင်းလမ်းကလည်း ဝင်မရ။ လေယာဉ်လေးအားကိုးနဲ့ အသက်ရှူချောင်နေတာ။ ဒီဘက်မှာ တောတွေတောင်တွေထူတော့ အညာလွင်ပြင်မှာလို ဒရုန်းတွေ ပါရာမိုတာတွေ အသုံးမဝင်ဘူး။ ကိုယ့်ဘက်က ဒရုံးကို ကြောက်လို့သာ ဂျန်မာအထပ်ထပ်နဲ့ နေကြတာ။ SNA လက်ထဲက ဒရုန်းက အဝေးကြီး မပျံနိုင်။ လက်နက်ကြီးပစ်ကူမယ့်တပ်ကတော့ နန့်မွန်းတောင်ထိပ်မှာရှိတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ရှိတယ်။ မျက်စိစုံမှိတ်ပြီး ရမ်းသမ်းပစ်နေသလား မသိပါဘူး။ တော်ရုံနဲ့ ထိခဲတယ်။ ထိလည်း ရွာထဲက အိမ်တွေပေါ်တင်။ ဒါပေမယ့် ပြီးခဲ့တဲ့လထဲမှာ သူတို့ဘက်က chemical weapons သုံးခဲ့တဲ့နေရာတွေ ရှိတယ်။ ဗုံးကျတဲ့နေရာက လူတွေ ဒဏ်ရာမရှိပဲ အငွေ့ရှူပြီး သတိလစ်သွားတာ။ ကိုယ့်ဆီမှာ မဟုတ်လို့ အသေးစိတ် သက်သေမတင်တော့ပါဘူး။ ဒီကောင်တွေက လုံးဝ မညှာတတ်ဘူးဆိုတာ Geneva Convention ဆိုတဲ့ အသံကြားတိုင်း သတိရနေစေဖို့ပါ။

တာမခန်မှာ သက်ပိုင်ထွန်းကို ပြန်လွှတ်ပေးလိုက်တာ ဆိုင်းတောင်မှာ lucky man ဟော်တယ်ထဲက မိန်းကလေးတွေ တညလုံး မုဒိန်းကျင့်ခံရပြီး ကိုယ့်ဘက်က အသေအပျောက် များစွာနဲ့ ပြန်တိုက်ယူခဲ့ရတယ် ဆိုတာလည်း ကချင်တွေရော၊ ကချင်မဟုတ်တဲ့ EAO တွေရော သင်ခန်းစာယူစေချင်တာပဲ။ ခွင့်လွှတ်ကျေအေးချင်သပဆိုရင် ပွဲပြီးတဲ့အထိတော့ စောင့်ရမှာ။ နို့မို့ဆို အနိုင်အရှုံး ရလဒ်က ပြောင်းသွားမယ်။ ကိုယ်မသတ်ချင် တနေရာမှာ စုပေးထားလိုက်။ ဟိုဘက်က သူ့ဘာသူ ဗုံးလာကျဲလိမ့်မယ်။ စစ်ဘေးဒုက္ခသည် ထမင်းမကျွေးနိုင်ပဲနဲ့ စစ်သုံ့ပန်းတွေ တင်ကျွေးထားရတာလည်း အဓိပ္ပါယ်မရှိဘူး။ စစ်ကြောရေးမှာ၊ ထောင်ထဲမှာ ကိုယ့်ဘက်ကလူတွေကို ဘယ်လိုထားသလဲ။ မေးကြည့်လိုက်ဦး။ ဒါဆိုရင် နင်ကျတော့ ရန်သူ့ဘက်ကလူတွေကို ဘာလို့ ဆေးကုပေးသလဲ။ ဒါကတော့ “လာရင် ကုပေးမယ်” လို့ပဲ ပြောတာလေ။ ဘယ်သူမှ ရောက်မလာဘူး။ အဲ့ဒါကြောင့် ကုမပေးဘူး။ ရှင်းတယ်နော်။ ကိုယ့်ဆီရောက်ဖို့၊ ကိုယ်နဲ့တွေ့ဖို့ဆိုတာ တော်ရုံကုသိုလ်နဲ့ ဖြစ်တာလိုက်လို့။ စစ်မြေပြင်က ဆရာဝန်ဆိုတာ ကိုယ့်ရဲဘော်တွေ အသက်အန္တရာယ်ကို စောင့်ရှောက်ဖို့ အရင်ဦးစားပေးတယ်။

စဖြစ်ကတည်းက ဒီကောင်တွေ ဘယ်သူ့ကိုမှ မညှာပါဘူး။ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းပါတယ်။ အဲ့ဒီကောင်တွေ ကိုယ်တို့လက်ခုပ်ထဲကရေ ဖြစ်လာတော့ ကိုယ်တို့ဘက်က အကြောင်းကြောင်းကိုငဲ့ပြီး ညှာလိုက်တယ်။ “ဒါမှပဲ သူတို့လည်း သူတို့အမှားသူတို့သိပြီး နောင်တတွေရ၊ မျက်ရည်တွေစီးကျ၊ ဘုန်းကြီးဝတ်၊ သီလရှင်ဝတ်သွားရော။” လို့ ထင်နေရင် ဗမာကားတွေ ကြည့်တာလျှော့။ တကယ့်လက်တွေ့မှာ ချက်ချင်း ကိုယ့်ပြန်သတ်မယ့်သူတွေချည့်ပဲ။ ကိုယ်နဲ့ရင်ဆိုင်ရတဲ့ရန်သူဟာ ဘယ်လိုစိတ်နေသဘောထား ရှိမှန်း မသိရင် ကိုယ်ပဲရှုံးမှာ။ “လုပ်ရက်လိုက်တာ။” ဆိုတဲ့စကား လာမပြောနဲ့။ သူတို့က အစကတည်းက လုပ်ရက်တယ်။ မသိဘူးလား။ ဒီလူတွေဟာ သူတို့အလှည့်ကျရင် ခြေသလုံးဖက်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင် ရှိခိုးဦးတင် တောင်းပန်တတ်ပေမယ့် ကျောခိုင်းတာနဲ့ ဓါးနဲ့ကောက်ထိုးကြတာ။ အင်မတန် မာယာများတယ်။

ရှမ်းမြောက်မှာ တရုတ်ကြီးကိုယ်တိုင်ဝင်ပြီး အတင်းအဓမ္မ အပစ်ရပ်ခိုင်းတာ မရပ်လား၊ ရပ်လား။ မြင်တဲ့အတိုင်းပဲနော်။ ကိုယ့်ဘက်က ရပ်ပေးလိုက်တာနဲ့ စကစကကောင်တွေ တရစပ်ပစ်ခတ်ပြီး တက်လာတာ တောင်ခမ်းတောင် ပါမလိုလို မဟုတ်လား။ စစ်ကောင်စီ နိဂုံးမချုပ်မချင်း ငြိမ်းချမ်းရေးရဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျားဖြန့်တွေ အမြစ်ပြတ် နှိမ်နှင်းဖို့လည်း မဖြစ်နိုင်ဘူး။ မူးယစ်ဆေးဝါးလည်း မပပျောက်ဘူး။ ဗိုလ်ချုပ်တွေဖြုတ်ပြတာတောင် ကိုင်းဖျားကိုင်းနား ထင်းခွေသလောက်ပဲ ရှိသေးတယ်။ မဖြစ်မနေ ဖမ်းမှဖြစ်မယ်ဆိုလည်း သူတို့ဆီမှာ အဖမ်းခံပေးမယ့်သူတွေ အလှည့်နဲ့ကိုထားထားတာ။ အပြင်ကအလုပ်တော့ အပျက်မခံ။ တရုတ်တွေကိုလိမ်ဖို့ တရုတ်တည်ကြက်တွေနဲ့ ထောင်သလိုပဲ နောက်ဆိုရင် ရုရှန်းတွေကိုလိမ်ဖို့ ချူချာတို့ ဗလာဒီမီယာတို့ ဖမ်းခေါ်ခံရတော့မယ်။ အပင်စိုက်ရင် အသီးသီးမှာ သဘာဝပဲ။ ကိုယ်ဖော်တဲ့ဆေးကိုယ် ကုန်အောင်စားဖို့သာပြင်ထား။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက လက်နက်ကိုင်တော်လှန်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိအောင် တွန်းပို့ခဲ့တဲ့ မအလ ဟာ အခုချိန်မှာတော့ စစ်သားသုံ့ပန်းတွေကို အမြစ်ပြတ်သုတ်သင်ဖို့ကလွဲရင် တခြားနည်းလမ်း မရှိအောင် တွန်းပို့နေပြန်ပါပြီ။ မြို့ပေါ်မှာဆိုရင်တော့ လူငယ်လူရွယ်တွေကို PDF ထဲ ဝင်ဖို့ကလွဲရင် တခြားနည်းလမ်း မရှိအောင် တွန်းပို့နေသေးတယ်။ ဆရာဝန် တွေကို ဘွဲ့လက်မှတ်ထုတ်မပေးဘူး။ နိုင်ငံခြားထွက်ခွင့်မပေးဘူး။ ဟုတ်လား။ လွတ်မြောက်နယ်မြေမှာ ဆေးရုံတွေ ပေါလွန်းလို့ပါဗျာ။ လူချည့်ပဲလာခဲ့။ ဆေးရုံတထောင် ဆောက်ပေးဖို့လည်း ဝန်မလေးဘူး။ Specialty units မျိုးစုံ နဲ့ Modular OT ပါ ရှိတဲ့နေရာ ရှိတယ်။ အုပ်ကြီးတွေ စုဆောင်းရေးခေါ်ရင် ဆရာဝန်မို့လို့ ချမ်းသာပေးမှာ မဟုတ်ဘူး။ ဒီဘက်မှာတော့ ဆရာဝန်တွေ ဘေးကင်းရာမှာနေပြီး ဆေးကုလို့ အတွေ့အကြုံသစ်ရှာနိုင်တယ်။ အတင်းခေါ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ဘာကိုယ် စဉ်းစား။ ဒီမှာစစ်တိုက်နေတဲ့ PDF တွေကိုလည်း ဘယ်သူကမှ လိမ်ညာခေါ်ထားတာ၊ အတင်းအဓမ္မ စုဆောင်းထားတာ မဟုတ်ဘူး။ စစ်သားတွေအဖို့ တပ်ခြံစည်းရိုးကထွက်လိုက်ရင် ရန်သူ့နယ်မြေ ဖြစ်သွားသလိုပဲ ပြည်သူတွေအဖို့လည်း စစ်တပ်စိုးမိုးဧရိယာက ထွက်လိုက်ရင် လွတ်မြောက်နယ်မြေ ရောက်နေပြီ။ နယ်စပ်အထိ လာစရာ မလိုဘူး။ နောက်ဆုံးတော့ သဘောပေါက်လာမှာပါ။ ပြည်သူမှာလည်း ရွေးခြယ်စရာ တခြားလမ်း မရှိပါဘူး။

ခက်ခဲကြမ်းတမ်းတဲ့ ခေတ်ကြပ်ကြီးထဲမှာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်အောင် ရပ်တည်နိုင်ဖို့ အရေးကြီးပါတယ်။ ကမ္ဘာဦးကတည်းက အခုထိတိုင်အောင် ရှင်သန်ကျန်ရစ်တဲ့ မျိုးစိတ်တွေထဲမှာ ဒိုင်နိုဆော မပါပါဘူး။ ပိုးဟပ်တော့ ပါပါတယ်။ ခံနိုင်ရည်စွမ်းအားဆိုတာ အင်အားကြီးတာ မကြီးတာနဲ့ မဆိုင်ဘူး။ ဘဝက ကိုယ့်ကို သံပုရာသီးတွေ ပေးလာရင် ဦးပိန်တံတားပေါ် သံပုရာသီးသုပ်သွားရောင်းလိုက်ရုံ ရှိတာပေါ့။ ရုရှားကပြန်လာလို့ လက်နက်အသစ်အဆန်းတွေ ပါလာရင်လည်း အဲ့ဒီဟာတွေကို ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားရမှာပဲ။ တတိယကမ္ဘာစစ်ကြီး ဖြစ်ကြစတမ်း ဆိုရင်လည်း ခြေစုံပစ်ပြီး ဝင်လိုက်ရုံသာ ရှိပါတယ်။ မြို့ပြမှာ အန္တရာယ်မကင်းရင် စွန့်ခွါသင့်လည်း စွန့်ခွါရမှာပဲ။ နယ်တွေမှာ ဘယ်နေရာမဆို အိုးအိမ်စွန့်ပစ် ထွက်ပြေးနေရတဲ့သူတွေမှ အများကြီး။ ကိုယ်တို့လည်း စွန့်ပစ်ထွက်ခွါခဲ့တာ ၄ နှစ်တောင် မကတော့ဘူး။ ကိုယ့်အသက်ကိုယ် ရှင်သန်အောင်ကာကွယ်ဖို့က ကိုယ်ကိုယ်တိုင်မှာလည်း တာဝန်ရှိပါတယ်။ နိုင်ငံရေးတွေ နားမလည်နိုင်ရင် ထားလိုက်တော့။ ကိိုယ့်သေရေးရှင်ရေးလေးကိုယ် နားလည်နိုင်ရင် ရပြီ။ ဘယ်သူမပါလို့ ကြန့်ကြာနေတာ။ ဘယ်သူမကူလို့ မထူထောင်နိုင်တာ။ ဘာတစ်ခုမှ ခေါင်းထဲမထားနဲ့။ ကိုယ့်ဘာကိုယ်သာ လွတ်အောင်ရုန်း။ မရုန်းနိုင်ရင် ကိုယ်အရင်သေမှာ။

ကိုယ့်အတွက်ကတော့ ကိုယ်ကိုယ်တိုင်လည်း မပူသလို ဘယ်သူ့ကိုမှလည်း အပူမကပ်ပါဘူး။ အသက်ရှင်နေသေးတဲ့အချိန်တွေကို အအားမထားပဲ တော်လှန်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမယ်။ အိပ်လည်းဒီစိတ်ပဲ။ စားလည်း ဒီစိတ်ပဲ။ စစ်ကောင်စီ မပျက်သုဉ်းသ၍ မနက်ဖြန်ဆိုတာ ကိုယ့်မှာ မရှိဘူး။ ဆေးကုဖို့အတွက်တင်မကဘူး။ စစ်တိုက်ဖို့ပါ ပြင်ဆင်ထားနှင့်တယ်။ ပိုပြီးတော့ပြတ်သားတဲ့စိတ်၊ ပိုပြီးတော့ ပြင်းပြတဲ့ဆန္ဒ နဲ့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင် ကျော်လွှားမယ်။ ဘုရားရှိသလား မရှိသလား။ မယုံဘူး။ ငရဲပြည်တွေ နတ်ပြည်တွေ တကယ်ရှိသလား မရှိသလား။ မယုံဘူး။ ဒါပေမယ့် ကိုယ်တို့တော်လှန်ရေးကြီး အောင်ကိုအောင်ရမယ် ဆိုတာတော့ ယုံတယ်။ တရုတ်တွေ၊ ရုရှားတွေ အနုမြူလက်နက်ကြီးနဲ့ ဝင်တားလည်း မအလစစ်သားတွေကို ကုန်အောင်ချေမှုန်းမှာပဲ။ အဲ့ဒါ သွေးသစ္စာ မဟုတ်ဘူး။ အသက်နဲ့ရင်းတဲ့သစ္စာ။ အားတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ။ ဘယ်သူ့ဆီက ကွမ်းတစ်ယာ ရေတစ်မုတ်နဲ့မှ မာန်မချဘူး။ သူသေကိုယ်သေပဲ။ ဘယ်တော့မှလည်း ခွင့်မလွှတ်ဘူး။

အခု ဆေးသင်တန်းဆင်းပေးလိုက်ပြီး သင်တန်းသားတွေအားလုံး ကိုယ့်တပ်ရင်းကိုယ် ပြန်သွားကြပြီ။ အဲ့ဒီကနေ ဆေးရုံနဲ့ချိတ်ဆက်ပြီိး ဆေးကုကြမယ်၊ လူနာတွေ လွှဲပို့ကြမယ်၊ ဒဏ်ရာရတဲ့ တပ်သားတွေကို အသက်ကယ်ကြမယ်။ ဆေးရုံရဲ့ ချိတ်ဆက်မှုနဲ့ coverage area လည်း အများကြီး ပိုကျယ်လာပြီ။ ကားကြီးကားငယ်တွေနဲ့ လူနာတွေ အဝင်အထွက် မပြတ်တာလည်း ဖုံတထောင်းထောင်း ထလို့ကိုနေတယ်။ ရှေ့ဆက်ပြီး ကိုယ့်ဘက်က အချိန်ပေးနိုင်တာ၊ အားစိုက်နိုင်တာကတော့ အတွေ့အကြုံ လိုချင်တဲ့ ဆရာဝန်တွေရှိရင် လက်ခံသင်ကြားပေးနိုင်တယ်။ ကိုယ်နေသလိုနေ၊ ကိုယ်စားသလို စားရမှာပေါ့။ နိုင်ငံခြားလည်း ထွက်လို့မရတဲ့အတူတူ ဒီမှာလာလုပ်ရင် အများကြီး အကျိုးရှိစေရမယ် လို့ အာမခံတယ်။ ကိုယ်နဲ့အတူ ဆေးရုံမှာ အလုပ်လုပ်နေကြတဲ့ junior doctors တွေဟာ အခုဆို ကိုယ်မပါပဲလည်း သူတို့ဘာသူတို့ နိုင်နိုင်နင်းနင်း အလုပ်လုပ်နိုင်ကြပြီ။ သူနာပြုတွေ၊ ဆေးတပ်သားတွေလည်း အတူတူပေါ့။ ဒီဆေးရုံကနေ ခွဲပေးလိုက်တဲ့လူနာ ၇၅၀ ပြည့်သွားပြီ။ ဒီလူနာတွေအားလုံးကို သူတို့အားကိုးနဲ့ပဲ ခွဲစိတ်ကုသပေးခဲ့တာ။ ဒီဆေးရုံမှာ ကိုယ်ကလွဲရင် specialist တစ်ယောက်တလေတောင် မရှိဘူး။ မေ့ဆေးပေးလည်း သူတို့နဲ့ပဲ။ ဓါတ်မှန်ရိုက်လည်း သူတို့နဲ့ပဲ။ ultrasound ကြည့်လည်း သူတို့နဲ့ပဲ။ ခွဲစိတ်ကုသတယ်ဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ ပြီးတာ မဟုတ်။ အငယ်တွေကို မတတ်တတ်အောင် သင်ပေးထားလို့သာ အသေအပျောက်ကင်းကင်း လက်တွေ့လုပ်ကိုင်နိုင်တာ။ သူတို့ကိုသင်ပေးတဲ့ရည်ရွယ်ချက်ကိုက ဘာမှမရှိတဲ့၊ ဘယ်သူမှ မရှိတဲ့အရပ်မှာ အထာကျကျ လုပ်နိုင်ကိုင်နိုင်စေဖို့။ ကိုယ့်ဆီမှာ training လာယူမယ် ဆိုရင်တော့ ဒီလို ဒီဟာတွေတော့ လုပ်တတ်ကိုင်တတ် သွားမှာပဲ။ လာမလား။ လာရင် သင်ပေးမယ်။ တတ်သွားရင် ဆေးရုံတွေလည်း ခွဲထောင်ပေးမယ်။ ကိုယ့်တုန်းကလို တောထဲတောင်ထဲမှာ လက်ချည့်သက်သက် စ စရာမလိုဘူး။ မြို့ပေါ်က ဆောက်ပြီးသားဆေးရုံမှာ ရေမီးအစုံနဲ့ လေထီးခုန်ရုံ အသင့်ပဲ။ ဦးသက်ခိုင်ဝင်းဆီ ဆမလျှောက်ပြီး blacklist အသွင်းခံမယ့်အစား ချန်ဂင်ကိုလာခဲ့ရင် Federal SAMA လည်း လျှောက်လို့ရစေ့မယ်။ Fellowship program တွေလည်း join ပေးမယ်။ “မင်းလာမယ်ဆိုရင် ကိုယ်ခင်းပေးပါ့မယ် အချေ့ရယ်။ ဒါပေမယ့် ဒီလမ်းကို မင်း ထာဝရ လျှောက်ရမယ်။”

တကယ်လို့များ တော်လှန်ရေးကြီးဟာ ဆရာစိုးတို့ မိုတီပေးသလို နက်ဖြန်သဘက်ခါနဲ့ မပြီးသေးပဲ ကြာနေရင် ဘယ်လိုလုပ်မလဲ။ ဒီအတွေးက တွေးကိုတွေးထားရမှာဖြစ်သလို ပြင်ကိုပြင်ဆင်ထားရမှာလည်း ဖြစ်ပါတယ်။ အဲ့လိုဆို ကိုယ်ကလည်း မေးချင်တာပေါ့။ မတော်လို့များ တော်လှန်ရေးကြီးဟာ ဂိုးတိုင်အဝမှာ ဒစ်လည်နေပြီးတော့ အီလေးဆွဲသွားလို့ရှိရင် ခင်ဗျားတို့ ဘာလုပ်မှာလဲ။ စစ်ဗိုလ်တွေ၊ အုပ်ကြီးတွေက နှိမ့်နှိမ့်ချချ ဆက်ဆံပြီး “ခများတို့ ဆရာဝန်တွေဟာလေ ….” ဆိုပြီး မအေတွေ နှမတွေ မိုးမွှန်အောင် အဆဲခံရတာကို ဒိန်းဒေါင်တို့၊ ငြိမ်းချမ်းတို့လို “ဟုတ် အဘ။ ဟုတ် အဘ။” နဲ့ လက်အုပ်ကလေးချီပြီး သွားဖြဲပြနိုင်ကြသလား။ “တော်လှန်ရေးသမားတွေက စစ်ကောင်စီကို ခုထက်ထိ အနိုင်မယူနိုင်သေးပါလား။” လို့ တဘက်တည်း မမြင်နဲ့။ ကြည်းရေလေ တပ်မတော်ကြီးနဲ့ တရုတ်ရော၊ ရုရှားပါ ဖျင်ကုန်း၊ စစ်ကူခေါ်တာတောင် ဘယ်တော်လှန်ရေးသမားကိုမှ နိုင်အောင်မတိုက်နိုင်တဲ့ မင်းအောင်လှိုင် အဖြစ်ကိုလည်း မြင်အောင် ကြည့်လိုက်ဦး။ ဘယ်လိုပဲဖြစ်ဖြစ် တဘက်ဘက်က အပြတ်အသတ် အနိုင်ရဖို့ ခက်တဲ့အခြေအနေဆိုရင် ဒီတော်လှန်ရေးကြီးက မဖြစ်မနေ အဓွန့်ရှည်ရတော့မှာပဲ။ နောက်ထပ် ၁၀ နှစ်လည်း ဖြစ်ရင် ဖြစ်မယ်။ အနှစ် ၂၀ လည်း ဖြစ်ရင်ဖြစ်မယ်။ ကဲ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးပါ။ အဲ့ဒီ နှစ်တွေလတွေအတွင်းမှာ ဘာဆက်လုပ် ကြမလဲ။ နိုင်ငံခြားလည်း ထွက်လို့မရ။ ပြည်တွင်းမှာလည်း အလုပ်လုပ်လို့မရ။ ကိုယ့်အသက်၊ ကိုယ့်အသက်မွေးမှု နယ်ပယ်ရဲ့ ရပ်တည်ရှင်သန်ရေးဟာ ဘယ်နေရာမှာနေပြီး ဘယ်သူနဲ့လက်တွဲမှ ဆက်ပြီး ရှင်သန်လို့ရမလဲ။ ပိုးဟပ်ကလေး တစ်ကောင်လောက် အသိဉာဏ်ရှိရင်တောင် ခင်ဗျားဟာ ရှင်သန်ကျန်ရစ်ဖို့ ဖြစ်နိုင်သူ တစ်ယောက်ပါ။ သေချာ စဉ်းစားနော်။ နို့မို့ဆို မျိုးသုဉ်းပျောက်ကွယ် သွားတဲ့ ဆရာဝန်လူတန်းစားထဲမှာ ပါသွားလိမ့်မယ်။ တကယ်တမ်းကျတော့ ဒီငမြွေတိုးတွေအောက်မှာ လည်စင်းခေါင်းငုံ့ ခံလာရတာ ၅ နှစ်တောင် ရှိနေပြီမို့ ဒီကောင်တွေအကြောင်း ကိုယ့်ထက် ဘယ်သူက ပိုသိနိုင်မှာလဲ။ ဒီအတိုင်းပဲ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ပြီးအနိုင်ကျင့်ခံလိုတယ်ဆိုလည်း သဘောပါ။ မြန်ချင်ရင်တော့ အတူတူဝိုင်းလှော်ကြရအောင် တက်တစ်ချောင်း ကမ်းပါရစေနော့။