ချန်ဂင်တို့စခန်း (၃၁၉)

ဆောင်းတွင်းကြီးမှာ မိုးတွေရွာရင် တော်တော်အေးမယ် ထင်ပေမယ့် အရမ်းကြီးတော့ မအေးပါဘူး။ ခါတိုင်းဆို မနက်မနက် အုံ့ဆိုင်းမှိုင်းဝေနေတာ။ ခုတော့ အရာအားလုံးက ရေချိုးသန့်စင်ထားသလို ရှင်းသန့်ဝင်းဖန့်နေတယ်။ လမ်းကလေးတွေလည်း ဖုန်သိပ်သွားပြီ။ ညက မိုးသည်းခဲ့တာတောင်မသိလိုက်အောင် အိပ်ပျော်သွားတာပဲ။ ဒီတစ်ပါတ်လုံး မိုးလင်းမိုးချုပ် တစ်ရက်မှ အနားမရပါဘူး။ လူနာများလို့ပါ။ အဲ့လောက် အလုပ်လုပ်ချင်နေတဲ့သူဆိုတော့ လူနာများရင် ပျော်နေမှာပဲ လို့ မထင်လိုက်ပါနဲ့။ ကိုယ် ဘာမှ လုပ်ပေးလို့ မရတဲ့လူနာတွေ လာရင် မပျော်နိုင်ပါဘူး။ အများအားဖြင့်တော့ ကင်ဆာလူနာတွေ လာရင် မပျော်ဘူး။ ခွဲပေးရုံနဲ့ ပြီးမယ့်ကိစ္စလည်း မဟုတ်ဘူး။ biopsy ပို့ရမယ်။ oncologist နဲ့ ပြရမယ်။ သွေးတွေအခါခါ ဖောက်ရမယ်။ ကင်ဆာဆေးတွေ မှာပေးရမယ်။ ဆေးလည်းမှန်မှန်သွင်းပေးရမယ်။ အားလုံးလုပ်ပေးပြီး ပျောက်သွားကောင်းသွားတယ် ဆိုတာလည်း မရှိ။ အပြီးသတ်ကျတော့ သေတာပါပဲ။

ဒီလောက် တိုင်းပြည်ပျက်နေတဲ့ ခေတ်ကြပ်ကြီးထဲမှာကွယ်။ ငါတို့မြန်မာပြည် ဘာမက်မောစရာရှိလို့ အသက်ဆက်ရှင်ချင်ရတာလဲ။ ကြည်အေးဝတ္ထုထဲကလိုပဲ ပြောလိုက်မယ်။ “အုံ့မှိုင်းတွေဝေ မြူသာထွေသော ဤအရပ်၌ မနေပါနှင့်။ အဝေးသို့သာ ပျံပါချေ အထွေး။” နောက်ဘဝ အီသီယိုးပီးယားမှာ လူလာဖြစ်ရင်တောင် မြန်မာပြည်ထက်တော့ မီးမှန်ပါလိမ့်မယ်။ အခုကတော့ကွယ် ကိုယ့်ဆေးရုံက ကင်ဆာဆေးတွေ ရန်ကုန်ကမှာပြီး အလကားသွင်းပေးနေတယ် ဆိုလို့ မတတ်နိုင်ရှာသူ မသွားနိုင်ရှာသူ လူနာကလေးတွေက အားကိုးတကြီး ပြေးပြေးလာကြတာ သူတို့မှာ ရွှေရင်မဆို့ပဲ ရှမ်းပြည်စောနိုင် ရုပ်ကြီးနဲ့ ခေါင်းလေးယမ်းယမ်းပြနေရတဲ့ ကိုယ့်မှာ ရင်တွေကို နာလို့။ စိတ်လည်း တိုမိတယ်။

မနေ့ကလာတဲ့ကလေးမလေးဆို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ရှိသမျှဆေးရုံ အကုန်တက်ခဲ့ပြီးသား။ ပြန်မပြနိုင်တော့လို့ ကိုယ့်ဆီလာပြတော့ ဒီမှာ ဘာလုပ်ပေးလို့ရမှာလဲ။ “ဘုရားသခင် ကောင်းချီးပေးပါစေ။ အာမင်။” လို့ပဲ ဆုတောင်းပေးလို့ ရမှာပေါ့။ တောထဲက ဆေးရုံဟာကို။ ဒါပေမယ့်လည်း ကလေးမလေးက ၁၄ နှစ်လောက်ပဲ ရှိသေးတာ။ တကိုယ်လုံး သွေးတွေယိုစီးပြီး ဖြူဖျော့ ရောက်လာတာမို့ သွေး ၂ လုံးသွင်းပေးလိုက်ရသေးတယ်။ တနေ့တနေ့ အဲ့လိုလူနာတွေ ရောက်ရောက်လာရင် ကိုယ့်မှာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ အရက်သောက်ပြီး အသည်းခြောက်လို့ သွေးအန်ပြီးရောက်လာတဲ့သူတွေ၊ ဆေးသုံးပြီး overdose ဖြစ်လို့ အသက်ရှူရပ်ပြီး ရောက်လာတဲ့သူတွေ။ COVID, TB, HIV နဲ့ ၃ ဘာသာဂုဏ်ထူးထွက်တဲ့သူတွေ။ လာတော့လည်း အသည်းအသန်မို့ ကုရတာပေါ့။ ကုလိုက်တော့လည်း ချက်ချင်းမသေပဲ တစ်ပါတ်လောက် အပြုစုခံပြီးမှသေရော။ မသေခင်မှာ ကိုယ့်ဆီက ဆေးတွေ၊ သွေးတွေ၊ အောက်ဆီဂျင်တွေကို အားရပါးရ သုံးစွဲပြီးမှသေတော့ မသာရှင်ထက်ဦးအောင် ရင်ဘတ်ကြီးထုထုပြီး ငိုရမလိုဖြစ်နေတယ်။ အောင်မယ်လေး။ အသေမစောလို့ နှမျောလိုက်လေခြင်း။

လူနာများနေတဲ့အချိန်မှာ ကိုယ်တို့ဆေးရုံက ရုန်းနေရတဲ့ဝန်ဟာ အင်မတန်လေးပါတယ်။ အစစအရာရာ ခက်ခဲဈေးကြီးနေတဲ့အချိန်မှာ ပိုက်ဆံစကား တစ်ခွန်းမှမပြောပဲ လိုလေသေးမရှိ ကုပေးနိုင်ဖို့ဆိုတာ စဉ်းစားသာကြည့်ပါတော့။ အဲ့ဒါကြောင့် ကိုယ့်မှာ လူနာများတိုင်း မပျော်နိုင်ပါဘူး။ ဒီလိုမျိုး မထူးဇာတ်ကြီးနဲ့ လူနာတွေ များလာရင် စိတ်ပါတိုရတယ်။ ဒါပေမယ့်လည်း ကိုယ့်အလုပ်က စိတ်ရှည်ရမယ့် အလုပ် မဟုတ်လား။ လျှော့။ လျှော့။ ကိုယ့်စိတ်ကိုယ်ပြန်လျှော့။ အဲ့လိုကျမှ အလုပ်ဆက်လုပ်လို့ ရမယ်လေ။

အဲ့ဒီနေ့က လူနာကားတစ်စီးက ကြိုအကြောင်းကြားမထားပဲ ညကြီးမိုးချုပ် ၈ နာရီကျော်မှ ရောက်လာတယ်။ လွှဲစာမှာရေးထားတာက C ပိုးရှိ၊ အသည်းခြောက်ပြီး သွေးအန်တာတဲ့။ ကိုယ်တို့ဆီမှာ သွေးသွင်းပေးစရာ donor screening လုပ်တဲ့ test kit တွေက ကုန်တော့မယ်။ မှာထားတာ မရောက်သေးဘူး။ ဘယ်လောက်ကြာဦးမယ် မသိဘူး။ သူ့ကိုသွေးသွင်းပေးလိုက်ရင် စစ်ပွဲလူနာတွေ အရေးပေါ်သွေးသွင်းစရာ ကျန်မှာ မဟုတ်ဘူး။ သူကလည်း စာထဲရေးထားတဲ့အတိုင်းဆို သွေးတစ်လုံးနှစ်လုံးနဲ့ ပျောက်သွားကောင်းသွားမယ့် လူနာ မဟုတ်။ ကားလမ်းပေါ်ကဆေးရုံမှာ ၅ ရက်လောက်တက်ပြီးကာမှ ဘာမပြောညာမပြောနဲ့ တောထဲက ဆေးရုံကို ညကြီးအချိန်မတော် ရောက်ချလာရော။ ခုချိန်ကျမှ ပြန်လွှတ်ရင်လည်း လမ်းမှာ ဂိတ်တွေက ပေးမဖြတ်တော့ဘူး။ ချမ်းချမ်းစီးစီးနဲ့ ကြုံရာနေရာ ကားထိုးပြီး အိပ်ရမှာ။ ဒါကတော့ မဖြစ်သင့်ဘူး။ လူမမာကြီးက သွေးအန်နေတာ လို့ ပြောထားတယ်။ “ဒီတစ်ညတော့ ဒီမှာပဲ အိပ်။ မနက်ကျမှ ပြန်။” ဆို လူနာကို ဆေးရုံထဲသွင်းလည်းပြီးရော ကားဆရာက သူတို့ဒီမှာ ညအိပ်လို့ မရဘူး။ ချောကားမို့လို့ ပို့ပေးပြီး ချက်ချင်းပြန်ခဲ့ဖို့ မှာထားတယ်တဲ့။ ငါစိတ်ရှည်နေတယ်နော။ ကဲ မထူးပါဘူး။ ချ ချ။ လူနာကြီး ကားပေါ်က ချဆိုတော့ ဘယ့်နှယ့်ဟာကြီးပါလိမ့်။ ဒရစ်ပုလင်းက လက်မှာ မပါပဲ ချက်အထက် ဗိုက်ပေါ်မှာ အပ်ကြီးတန်းလန်း။ ပိုက်နဲ့ ဆက်ထားတယ်။ “ဟဲ့ ဘယ့်နှယ့်ဟာကြီးတုန်း။ ဒါကြီးက ဘာကြီးလဲ။” ဆိုတော့ “ရေဖျဉ်း ဖောက်ထုတ်ထားတာ ၃ ရက်ရှိပြီ။ ဘာမှ မထွက်ဘူး။” တဲ့။ ကြံကြီးစည်ရာ။ “တခုခုတော့ မှားနေပြီ။” ဆိုပြီး အစအဆုံးပြန်စမ်း၊ ဓါတ်မှန်လည်းရိုက်ကြည့်လိုက် ရော GUD positive တွေ့ပါလေရော။ ဘုရား ဘုရား။ သေချာမစမ်းပဲသာ ဒီအတိုင်း ပြန်လွှတ်လိုက်လို့ကတော့ လမ်းတင် သေမယ့် လူနာပါဗျား။ အဲ့ဒီအခါကျလည်း လက်သည်တရားခံက ကိုယ်သာလျှင် ဖြစ်တော့မှာဗျား။ စိတ်ရှည်သည်းခံခြင်းအကျိုးကို လက်တွေ့ခံစားရလေတယ်။ ကိုင်း ကားဆရာတို့။ လစ်တော့ လစ်တော့။ ဒီလူနာ ကိုယ်တို့တာဝန်ထား။ အခုညပဲ ခွဲခန်း ဝင်ရလိမ့်မယ်။ သို့သော် အခု တန်းခွဲရင် သေမှာ။ နှုတ်ခမ်းတွေခြောက်ပြီး ရှူရှူးတောင် မထွက်နိုင်တော့ဘူး။ တနေ့လုံးလည်း ဒရစ်တစ်လုံးမှ မဝင်ဘူးတဲ့။ မေ့ဆေးပေးရင် ပြန်မှ နိုးပါ့မလား။ လိုင်း ၂ လိုင်း ဖွင့်ပြီး ဒရစ် ၄ လုံးကုန်မှ ဝင်မယ် ဆို ရေတွေအရင်ဖြည့်ရတာပေါ့။ ခြောက်ခန်းနေတဲ့ဟာကို။

ဒီလူနာက ခွဲရမှာ မကြောက်ဘူး။ မေ့ဆေးပေးရမှာကိုပဲ ကြောက်တာ။ ၅ ရက်လုံးလုံး အနာတခြား ဆေးတခြားနဲ့ ရွဲချင်တိုင်းရွဲလာတဲ့ဟာကြီးကို မေ့ဆေးပေးရင် ပြန်နိုးမယ် မထင်ဘူး။ မေ့ဆေးမဟုတ်ပဲ spinal နဲ့လည်း ခွဲလို့ရမယ့်ဟာ မဟုတ်ဘူး။ မတတ်နိုင်ဘူးလေ။ “စွန့်စားမယ် ကိုယ့်ချစ်ရဲ့။ လိုက်ရဲလား။” ပဲ။ ဗိုက်ထဲမှာတော့ ပြည်တွေပြည်တွေဆိုတာ ဆေးလို့ကို မနိုင်ပါဘူး။ အူတွေအကုန် ခဲကပ်နေတာ။ အူသိမ်ဦးမှာ အပေါက်ကြီး ဟောင်းလောင်းနဲ့။ ခွဲတာ၊ ဖာတာ၊ ဆေးတာက ဘာမှ မကြာဘူး။ မေ့ဆေးကြာကြာပေးရမှာစိုးလို့ ဒုန်းစိုင်းပြီးနှင်တာ။ အဲ့ဒီလူကြီးသတိပြန်ရမှ သက်ပြင်းကောင်းကောင်း ချနိုင်တယ်။ တော်ပါသေးရဲ့။ အဲ့ဒါ ငါတော်လို့ ငါတတ်လို့မဟုတ်ဘူး။ စိတ်ရှည်လို့ သည်းခံလို့ လူနာမသေတာ။ စိတ်တိုတိုနဲ့ ပြန်ခေါ်သွားခိုင်းလိုက်ရင် ကိုယ့်လောက် အသုံးမကျတဲ့သူ ရှိမှာ မဟုတ်တော့ဘူး။

“အေး အေး။ မသေတာလေးတွေ ရွေးရေးပြီး ကိုယ့်အတ္တကိုယ် အရောင်တင်ထားလိုက် သိလား။ သူများအသက်တွေနဲ့ရင်းပြီး ဂုဏ်ဆာနေတယ်။” ဒီလိုလေးများ မငေါ့ချင်ကြဘူးလား။ ငေါ့ချင်လည်း ငေါ့လို့ မရပါဘူးလေ။ သေကိုမသေလို့ မသေဘူး ပြောတာပေါ့။ မယုံ လာကြည့်လှည့်။ ဒီလိုပြောနိုင်ဖို့ အများကြီး ထောင့်စေ့အောင်ပြင်ဆင်ထားခဲ့တယ်။ တိုနေတဲ့စိတ်ကိုတောင်် ဆွဲဆန့်ပြီး အလုပ်လုပ်နေခဲ့တာ။ ကိုယ့်ဆေးရုံကို အသက်ရှင်လျက်ရောက်လာတဲ့ ဒဏ်ရာရလူနာတွေ တစ်ယောက်မှ အသေအပျောက် မရှိဖို့က ရည်မှန်းချက်ပန်းတိုင်ပဲ။ chemical weapon ထိလို့ ရောက်လာတဲ့ လူနာတစ်ယောက်ကလွဲလို့ ဘယ်သူမှ အဖိတ်အစင် မရှိဖူးဘူး။ အကုန်လုံး မှတ်တမ်းနဲ့ထားတယ်။ ဆယ်ဇင်းရဲစခန်းထဲကနေ SNA တွေ လက်ထဲထည့်ပြီး ကိုယ့်ကျင်းကိုယ်တူး၊ ခေါင်းကိုရိုက်၊ လည်ပင်းလှီးသတ်တဲ့ ဆယ်ဇင်းသား ၂ ယောက်တောင် မသေဘူး။ အခု KIA ထဲဝင်ပြီး ရှေ့တန်းလိုက်နေပြီ။

ဒီတစ်ပါတ်တည်းမှာတင် ဦးခေါင်းသေနတ်မှန်တဲ့လူနာ ၄ ယောက် ရောက်လာတယ်။ ၂ ယောက်က ခေါင်းခွံဟက်တက်ကြီး ကွဲပြီး ဦးနှောက်တွေ မြင်နေရတယ်။ နောက်စေ့မှန်တဲ့တစ်ယောက်က မျက်စိမမြင်တော့ဘူး။ ညာဘက်ချိုစောင်းပွင့်တဲ့တစ်ယောက်က ဘယ်ဘက်တခြမ်းလေဖြတ်သွားတယ်။ နားထင်ကို RPG စင်တဲ့တစ်ယောက်က အထဲမှာ ခဲစဝင်နေတယ်။ နောက်တစ်ယောက်က မျက်လုံးအောက်ကဝင်သွားတဲ့ကျည်က ပါးရိုးကိုဖောက်ပြီး နားရွက်ကို ထက်ပိုင်းဖြတ်ထွက်သွားတယ်။ ဒါပေမယ့် တစ်ယောက်မှ မသေဘူး။ ပြန်ကောင်းလာတယ်။ နားတစ်ဘက်ကန်းတာ၊ မျက်စိတခြမ်းမမြင်တာပဲ ရှိတယ်။ လေဖြတ်တဲ့သူတောင် လမ်းပြန်လျှောက်နေပြီ။

လှိုင်သာယာမှာတုန်းက အဲ့လိုလူနာမျိုးတွေ မျက်စိအောက်တင် ကုတင်ပေါ်ကထပြေးပြီး ဆန့်ငင်ဆန့်ငင်နဲ့ တက်နေတာ ဒီအတိုင်းမတ်တပ်ကြီး ကြည့်နေခဲ့ရဖူးတယ်။ Open Chest Wound ကြီးထဲက သွေးတွေ ပွက်ကနဲပွက်ကနဲထွက်ပြီး အသက်ပါသွားတာလည်း လက်ပလာနဲ့ မင်တက်မိနေခဲ့ဖူးတယ်။ အခု အဲ့ဒါမျိုးကို ခွဲခန်းထဲတောင် မသွင်းဘူး။ Trolly ပေါ်တင် chest tube ထည့်ပေးထားတာ လောလောဆယ်ကို ၃ ယောက်ဗျား။ ဒါမျိုးတွေ လုပ်ပေးနိုင်ဖို့ ဒီလမ်းကို ရွေးခဲ့ရတာ ဘယ်လောက်တန်သလဲ။ ဂုဏ်ထူးဆောင်ပါမောက္ခကြီးရဲ့ သွေးသားရင်းချာတွေကိုတောင် အောက်ဆီဂျင်ပေးစရာမရှိတဲ့ ဆေးရုံကြီးတွေကို စွန့်ခွါပြီး တောထဲမှာ အောက်ဆီဂျင်အိုး အလုံး ၅၀ လောက်နဲ့ ဆေးအလကား ကုပေးနိုင်တဲ့ ဆရာဝန်ဖြစ်ခွင့်ရတာ ဘာဂုဏ်ငယ်စရာ ရှိရမှာလဲ။ ကိုယ်ရွေးတဲ့လမ်းကိုယ် ကျေနပ်ပါတယ်။ အထူးသဖြင့်တော့ ဟိုဘက်ရပ်ကွက်ကလူတွေကို စိန်ခေါ်ချင်တာဗျ။ ဟျောင့်တေ။ မင်းတို့ အသက်ပေးပြီး ကာကွယ်နေရတဲ့ ဘဘကြီးတွေက မင်းတို့ကောင်တေ ဒဏ်ရာရလို့ရှိရင် ငါ့လိုမျိုး ကုပေးနိုင်တဲ့ကောင် ရှိလား။ ပြောစမ်း ပြောစမ်း။ သနားရမှာတောင် သနားတယ်။ မင်းတို့ဘဝ။ သွား။ အောင်မြင့်မိုရ်မင်း က အသက်အာမခံကြေးသွင်းတဲ့အခါကျမှ သီချင်းဆိုပြီး tiktok ကကြ။ “ရယူခြင်းမဟုတ်တဲ့ အချစ်စစ်နဲ့ စော်ကွန့်စားပြီးချစ်မယ် ဆိုတဲ့ မော်ကပ်မြင့်ရယ်။” အယ်လယ် မျက်ရည်နှစ် စက်။

ဒီရက်ပိုင်းအတွင်း ဆေးရုံမှာ လူနာတွေများရတဲ့အကြောင်းက ရှင်းပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်နေလို့ပါ။ ဘာဖြစ်လို့ ပြန်ဖြစ်ရသလဲဆိုတော့ ကိုယ်တို့ဘက်က သိမ်းထားတဲ့ SNA စခန်း နဲ့ နယ်မြေတွေကို သူတို့ဘက်က အင်အားအလုံးအရင်း နဲ့ ပြန်တက်လပြီး သိမ်းလို့ပါ။ ဘယ်ကအင်အားတွေလဲ ဆိုတော့ SNA နဲ့အတူ စကစရယ်၊ ပျူတွေ၊ ရဲတွေရယ်။ ရာကြီးပိုင်း လို့လည်း ပြောတယ်။ တချို့ကလည်း ထောင်ချီတယ် လို့ ပြောတယ်။ တရစပ်ပစ်နေတဲ့ကြားက အသေခံပြီး တက်လာတယ်။ အဲ့ဒီနားတင် တက်လိုက်ဆုတ်လိုက်နဲ့ တိုက်နေတာ ၅ ရက် ရှိပြီ။ နေ့ရောညရော တဂျိန်းဂျိန်းပဲ။ အခုတော့ ထပ်တက်မလာတော့ဘူး။ လူနာလည်း ထပ်ရောက်မလာတော့ဘူး။ ကိုယ်လည်း စာလေးဘာလေး ပြန်ရေးဖို့ အချိန်ရလာပြီ။ ကြည့်ရတာ ရှမ်းမြောက်က အပစ်ရပ်လို့ ဆုတ်လာတဲ့တပ်တွေနဲ့ ကချင်ကို ဝင်တိုးကြည့်ပုံ ရပါတယ်။ Nice try ခေါင်းကြီးတို့။ မင်းတို့ ရိက္ခာမလောက်တော့လည်း ငါတို့ လူလျှော့ပေးရမှာပေါ့။ စာကလေး အမွှေးနှုတ် ဗြုတ် ကွာ။

လိုင်းပေါ်မှာ သတင်းမတက်ပေမယ့် အဲ့ဒီကောင်တွေ ပိုးစိုးပက်စက် အတုံးအရုံး ဂန့်ကုန်တဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ကိုယ်တို့လည်း မကြာခဏ ကြည့်ရပါတယ်။ ဟိုးအရင်တုန်းကလို စစ်တပ်က ရက်ရက်စက်စက် သတ်လို့ အရပ်သားတွေ အများကြီး သေရတာ မဟုတ်ပဲ စစ်တပ်ထဲမှာတင် အထက်အရာရှိက လက်အောက်ငယ်သားတွေကို စတေးပစ်လို့ စစ်သားတွေ သောက်သောက်လဲ သေနေတဲ့ခေတ်ကို ရောက်လာတာပါ။ အစတုန်းကတော့ ကိုယ်တို့အရပ်သားတွေက အသက်ရှင်ကျန်ရစ်ရေး survival game အတွက် လက်နက်ကိုင် တော်လှန်ကြရတယ်။ အခုချိန်မှာတော့ စစ်သားတွေအနေနဲ့ သူတို့အသက်ရှင်ကျန်ရစ်ရေးအတွက် အထက်အရာရှိတွေကို တော်လှန်ပုန်ကန် ရမယ့် အချိန် ရောက်လာပါပြီ။ မနေချင်လို့ သေချင်သပ ဆိုရင်တော့ ကိုယ်တို့လည်း လေကုန်သက်သာတာပေါ့။ မင်းတို့ကို ရွေးစရာ ၂ ခုပေးမယ်လေ။ နေမလား သေမလား ပြော။ (အမယ် ငါတောင် ပေါကားမကြည့်ပဲ အေးချမ်းမောင်တွေ ဆန်နေပြီ။)

အောက်ပိုင်းမှာ နေမရလို့ ပြေးလာတဲ့ ပျူတွေဟာ ရဲစခန်းအသိမ်းခံရလို့ ခွက်ပျောက်နေတဲ့ ရဲတွေနဲ့အတူ SNA နဲ့ စကစ တပ်တွေကို လာပူးပေါင်းပါတယ်။ ဒီကောင်တွေက ချန်ထားရင် ရန်များမယ့်ကောင်တွေချည့်ပဲမို့ ကောက်သင်းလိုက်ကောက်ဖို့ ခက်နေချိန်မှာ သူတို့ဟာသူတို့ ပစ်ကွင်းထဲ လာစုကြတော့လည်း အခန့်သင့်လိုက်လေ။ ကိုယ်တို့ဘက်က ကိုယ့်အသက်ကိုယ် စွန့်ဖို့ ပြတ်သားသလို ရှင်းလင်းဖို့ လိုအပ်လာရင်လည်း တွေဝေမနေပါဘူး။ စစ်ပွဲကြားမှာ နေလာတာပဲ လေးနှစ်ပြည့်တော့မယ့်ဥစ္စာ။ ဒီအဆင့်တွေကို မလွဲမသွေ ဖြတ်သန်းပြီးမှ ခရီးရောက်မယ် ဆိုရင်လည်း ခပ်မြန်မြန်ကလေး ဖြတ်သန်းလိုက်ကြတာပေါ့။ စစ်ပွဲတွေက အရမ်းကြာရင် မကောင်းဘူး။ စစ်ကိုအမှီပြုပြီး စီးပွါးရှာမယ့်သူတွေ ပေါ်လာလိမ့်မယ်။ ချန်ဂင်ဟာ ဒီဘက်ပွဲမှာ မီးကုန်ယမ်းကုန် ကြဲထားတယ်။ အဖြေရလဒ်က အားလုံး မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက်လည်း အကုန်လုံး ပြင်ဆင်ပြီးသား ရှိတယ်။ ဒါလည်းပဲ သဲသဲကွဲကွဲ အဖြေပေါ်လာမယ့်ကိစ္စမို့ ထူးထူးထွေထွေ ကြွားဝါနေစရာ မလိုပါဘူး။ “ရွှေခန်းက ပြန်ပါတယ် ဘာပါလဲ မေး။ ပါပါတယ် ဆတ်သွားဖူးရယ် နန်းဦးကမွှေး။” တဲ့။ လူမမြင်ခင်က သတင်းမွှေးပြီးသား နေပါလိမ့်မယ်။ ကြိုမယ်ဆို ပြင်သာထားလိုက်ပါတော့။

“ပျိုလေး ကြိုလှည့်ပါ့

မှာခဲ့မယ်လေး။

ကြိုလှည့်ပါ့ ယောင်ကြီးဗွေ

ဆီးကြိုလှည့်လေး။

ရွှေနံ့သာခေါက်ကိုလ

ပြစ်လောက်အောင်သွေး။

လိမ်းမယ်လို့ ကြံ

မှန်ယူခဲ့ ညိုညိုထွေးရယ်

ခေါင်းဖြီးခဲ့လေး……။”