အောင်ပွဲတွေက နေ့စဉ်ရှိပါတယ်။ ရခိုင်မှာလည်း ဝက်ဝက်ကွဲအောင်မြင်နေတယ်။ ကချင်မှာလည်း တအိအိ တရွေ့ရွေ့နဲ့ ရှေ့သို့သာ ဆက်ချီနေတယ်။ ဘယ်နေရာမှာမှ အနိုင်မရတဲ့ စကစတပ်တွေကို တနိုင်ငံလုံးက ဝိုင်းဆော်နေကြတယ်ဆိုတာ တကမ္ဘာလုံးက သိသလို သူတို့ကိုယ်တိုင်လည်း သိပါတယ်။ စကားနိုင်လုပြီး ငြင်းခုန်နေစရာကို မလိုတာ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အပြောမဟုတ်။ အလုပ်နဲ့အဖြေထွက်လာကြတော့တယ်။ ရှင်းရှင်းလေးကွယ်။ အလစ်အငိုက်ချောင်းပြီး တိုက်နေတဲ့ကိစ္စလည်း မဟုတ်ဘူး။ တရားဝင်စစ်ကြေငြာပြီး တိုက်နေမှန်းသိလျက်နဲ့ သူတို့ဘက်က စစ်စခန်းတွေ တစ်ခုပြီးတစ်ခု၊ မြို့တွေ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရတဲ့ဥစ္စာ။ ဘောမတွေရပ်ကွက်မှာဆို ဖျာတန်းကိုမီးလောင်နေတဲ့အတိုင်း။ သူများသတ်ရဖို့ဆို ဘယ်တုန်းကမှလက်မရွံ့တဲ့ကောင်တွေက သူတို့အလှည့်ရောက်တော့ သွေးတွေကိုပျက်နေရော။ ကိုယ်တို့ဘက်က မနိုင်မှာ မပူနဲ့။ နိုင်ကိုနိုင်တယ်။ ပွဲမပြီးသေးတာပဲ ရှိတယ်။ အဖြေရလဒ်က ပြန်မပြောင်းနိုင်တော့ဘူး။ ရမခ က ကျပြီးသား။ တရုတ်ကြီး ရုပ်ပျက်ဆင်းပျက် ဝင်ကယ်တာတောင် ပြန်မဆယ်နိုင်တဲ့ဘဝ။ နပခ မှာက အဘကြီးရော အဘလေးရော လစ်ပြီ။ မောင်းတောမှာဆို ဗိုလ်ချုပ်အဆင့်နဲ့ စစ်သားကြီးကို အာဆာတွေက ဘင်္ဂလားနယ်ထဲ ကယ်ထုတ်ယူရသတဲ့။ အခုတော့ မိသွားပြီလေ။ ဒါပြီးရင် လပခ၊ မပခ ပဲ ရှိတော့တယ်။
တနေ့တနေ့ ကိုယ့်ဘက်ကလူတွေ မိုတီပေးတဲ့စကားတွေချည့် ပြောနေရတာ ပျင်းလာပြီ။ ဟိုဘက်ကလူတွေ ဒိုဘီပေးတဲ့ စကားလေးများလည်း ဆိုဦးမှပါ။ နာနာကလေး ဖွတ်လိုက်ကြရအောင်။ အမောင်တို့စစ်သည်တွေဒဏ်ရာရကြတာ ဆေးကုပေးမယ့်သူမရှိပဲ ငတ်ပြတ်ပုတ်ဟောင်နေပြီဆို။ လောက်ကိုင်က ကာရာအိုကေမယ်တွေကို ဟပ်စကီးနဲ့ ကယ်ထုတ်နိုင်လျက်သားနဲ့ မောင်ရင်တို့ကျမှ “ဂျာကစ် ဆာဗူးသလီး” လုပ်နေတာ မြင်ပြီမှလား။ နောက်လှည့်ကြည့်လို့မှ ကိုယ့်တပ်ရင်းမှူးကိုယ် မမြင်ရတော့ပဲ “မင်းတို့ကောင်တွေ အသေခံတိုက်ကြကွာ။” ဆိုတဲ့ အမိန့်တော်ကြီးကို ထမ်းရွက်နေရတာ သေသင့်တာပေါ့ ခေါင်းကြီးတို့ရာ။ ဉာဏ်တိမ်လို့ ကံမှိန်ရတဲ့ဟာကို။ မင်းတို့ သူများသားသမီးမို့လို့ အတင်းဖမ်း စစ်မှုထမ်းခိုင်းနေတာ။ သူတို့သားသမီးတွေ အကုန် စည်းစိမ်နဲ့တကွ နိုင်ငံခြား ပို့ထားပြီးပြီဟ။ သက်စောင့်ဉာဏ်ကလေးဘာလေး ချန်ထားစမ်းပါဦး။ မင်းတို့မလည်း တုံးပြီဆို တဆုံး။
မင်းတို့ မပြောနဲ့။ မင်းတို့ပါပါးကြီး မင်းအောင်လှိုင်တောင် တရုတ်ကယ်နိုး၊ ရုရှားကယ်နိုး အိပ်မက်တွ လန့်နိုးခဲ့ပြီ။ အာရပ်နွေဦးတောင် အောင်ပွဲရသွားတာ စောင့်ကြည့်သုံးသပ်သူတွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်ရတယ်။ ဟျောင့်ရေ။ ဒီခေတ်ကြီးထဲမှာ သမ္မတကိုယ်တိုင် အာဏာသိမ်းလည်း မအောင်မြင်ဘူး။ အကြမ်းဖက်စစ်တပ်မှန်ရင် အီရန်တွေ ရုရှားတွေ ဝိုင်းပြီးကျားကန်ထားလည်း ဘုန်းဘုန်းလဲ ကျရှုံးရတယ်။ မြင်ပြီမှလား။ အတိအလင်း စစ်ကြေငြာပြီးတိုက်တဲ့ ယူကရိန်းကိုတောင် ၃ နှစ်ကြာတဲ့အထိ နိုင်အောင်မတိုက်နိုင်လို့ သိက္ခာတွေ ကျနေတာ။ ICJ မှာ ဝရမ်းတောင်းခံရတဲ့ကောင်ကို ကြိုးရှည်ရှည်နဲ့လှန်ထားတယ် ဆိုတာ သူ့သောက်ကြွေးတွေ ဆုံးမှာစိုးလို့ဟ။ မော်စကို ပြေးချင်သပဆိုရင် ခိုးထုပ်ခိုးထည်တွေ အရင် ပို့လှည့်ပါဦးမောင်။ ရာပန်ဇယ် လို “ဆံနွယ်လေးတွေ ခိုကာတက်ခဲ့ပါတော့” လို့ ကယ်ရအောင်ကလည်း ဘကြီးပူတင် ခေါင်းမွှေးက မကျွတ်ပဲနဲ့ကို ကြဲနေတာ။ ကိုင်း ဘယ်လိုမှ မအောင့်မေ့ပါနဲ့။ နွေးထွေးတဲ့ ခိုလှုံရာ ရှာချင် ပေါက်ဖော်ကြီး ပေါင်ကြားထဲကို တိုးဝင်ဖို့သာ ရှိပါတော့တယ်။
တာ့ကောကြီးအဖြစ်ကတော့ ပုလင်းထဲ လက်လျှိုနှိုက်မိတဲ့ မျောက်လိုပါပဲ။ လက်ဆုပ်လက်ကိုင် နှိုက်ထားမိတာ မဆန့်မပြဲနဲ့ဆိုတော့ ပုလင်းအဝတစ်ပြီး ပြန်နှုတ်လို့ မရနိုင်ဘူး။ လက်ဆုပ်ဖြည်ပြီး လက်ချည့်ပလာ ပြန်ထုတ်ရမှာကျတော့လည်း သူ့လောဘက ခွင့်မပြုဘူး။ ဘိုင်ဒင်ကြီးက ထွက်ခါနီး အီးတစ်ချက်ပေါက်တာနဲ့တင် ယူကရိန်း နဲ့ ဆီးရီးယားမှာ ဗြောင်းဆန်နေတယ်ဆိုရင် ဒေါ်နွယ်ထွန်းကြီး မျောက်ဖမ်းချင်ရင် မြန်မာပြည်တစ်ချက်ဝင်လိုက်တာနဲ့ ကွိကနဲ မိတော့မှာ မမြင်ပဲ မနေလောက်ဘူးနော့။ မြန်မာပြည်ကတော့ မဖုတ်လောက် မသုပ်လောက်မို့လို့ သူ့အတွက် အကျိုးအမြတ် မရှိလောက်တာ မှန်ပေမယ့် ဒီက ငါးစာမှာ လာဟပ်ထားတဲ့ အကောင်ကြီးကတော့ သူလိုချင်နေတာ ကြာလှပြီလေ။ အလဲထိုးဖို့ ချက်ကောင်းရှာနေတဲ့ ရန်သူပီပီ ချိုင်းကြားက ချပ်ဝပ်တစ်ဟစာကို အလှကြည့်နေလိမ့်မယ် မထင်ပါဘူး။ ဘိလပ်က မမနှဲဆို ရထားစီးရင်းတောင် အနံ့ရလို့ စာအရှည်ကြီး ရေးထားပြီ။
ဒီအခြေအနေတွေက သိပ်ပြီးပျော်စရာကောင်းတဲ့ အဖြစ်အပျက်လို့တော့ မထင်ပါဘူး။ အခုမှ ဖြစ်ဖူးတာမှ မဟုတ်တာ။ အရင်တုန်းကလည်း ဗီယက်နမ်မှာ၊ ကမ္ဗောဒီးယားမှာ သူတို့တွေ လူအရှင်လတ်လတ်တွေနဲ့ စစ်တုရင်ကစားကြလို့ လူတွေသန်းနဲ့ချီ သေခဲ့ပြီးပြီလေ။ ခမာနီ နဲ့ ဗီယက်ကောင်း ဆိုတာ ခုကလေးတွေမှ မကြားဖူးကြတာ မဟုတ်ဘူး။ ကိုယ်တို့မျိုးဆက်မှာကတည်းက သတင်းစာထဲ မပါအောင် အမှောင်ချပြီး ဖျောက်ဖျက် ထားကြတာ။ ဘယ်နိုင်ငံနဲ့မှ စစ်မဖြစ်ပဲ လာအိုနိုင်ငံထဲကို လေယာဉ်နဲ့ ဗုံးဝင်ဝင်ကြဲတာလည်း ဘယ်သူကမှ မတားဆီးခဲ့ဘူး မှလား။ ကိုယ်တို့မှာ ကြင်စိုးနန်းသက် ၄ နှစ်လောက်ကို ငရဲခန်းလို သရုပ်ဖော်နေကြတာ။ သူများနိုင်ငံတွေမှာ သည့်ထက် ဆယ်ဆလောက် ဆိုးတဲ့အဖြစ်တွေကို ရှိမှန်းတောင် မသိခဲ့ဘူးလေ။ အခု သူတို့က ပြန်လည်ထူထောင်ရေး အရှိန်ရလာခါမှ ကိုယ့်နိုင်ငံက အဝီစိကို ဒိုင်ဗင်ထိုးဆင်းသွားတာ ချိုးကိုကပ်ရော။ အရှေ့တီမောကတောင် စုတ်တသပ်သပ် သနားယူရတယ်။
မင်းသားကြီးသီဟာနု ပီကင်းသွားတုန်း အာဏာအသိမ်းခံရတဲ့အခါ ကမ္ဗောဒီးယားမှာကျန်ခဲ့တဲ့ သူ့သားသမီး ၁၄ ယောက်တင် မကဘူး။ မြေးတွေပါ အကုန်သတ်ပစ်တာတဲ့။ တို့ဆီမှာတော့ အကိုအေးတို့၊ အကိုသွေးတို့ အလတ်ကြီးရှိသေးတယ်။ ကြင်စိုးထွက်ပြေးရင်တော့ တဆွေလုံးတမျိုးလုံး စမုံတုံးမလား မပြောတတ်။ အန်တီကြူရဲ့ မွေးစားသားဆိုတဲ့ စစ်ဆရာဝန်တွေလည်း အဲ့ခါကျရင် အဆိုင်လမ်လျှောက်ပြီး ထွက်ပြေးကြမှာပါလေ။ ပိုပေါ့ ကမှ သူမသေခင် တိုင်းပြည်ကို ဝန်ချတောင်းပန်သွားသေးတယ်။ မအလ ကတော့ တပ်သားသစ် ထပ်စုနေတုန်းပဲ။ ကိုယ့်စစ်ဌာနချုပ်ကိုယ် ဗုံးပြန်ကျဲပြီး ပွဲတကာလည်တက်ပြနေတော့ ကိုယ်တွေကတောင် မိုတီလေးတစ်ဖြတ်ဆို မြဝတီသတင်းတွေ ထရှဲရမယ့်ပုံ။ စောင်စစ်သားတွေ ငိုကြစမ်းကွား။
ရှေးရှေ့က ဒေသတွင်းနိုင်ငံတွေရဲ့ သမိုင်းကြောင်းတွေ ပြန်ကြည့်ရင် မြန်မာပြည်မှာလည်း proxy war တွေ ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိတာပေါ့။ ဒါပေမယ့်လည်း ဖြစ်ကာမှဖြစ်ရော။ ဒီစစ်အစိုးရကို အမြစ်ဖြတ်နိုင်မှ ကိုယ့်တိုင်းပြည်က လူငယ်လူရွယ်တွေ လူလိုသူလို အသက်ရှင်ခွင့်ရမှာဆိုတော့ ထွက်ပေါက်က ဒီတစ်ခုတည်းရှိတာလေ။ လွတ်အောင်ရုန်းရတော့မှာပဲ။ ရုန်းထွက်ရကောင်းမှန်း မသိလောက်အောင် ဉာဏ်ရည်နိမ့်တဲ့သူတွေ၊ သတ္တိမရှိတဲ့သူတွေ သိပ်များနေလို့သာ အခုလောက်အထိ ကြာလာတာ။ အခုလိုမျိုး လွတ်အောင်ရုန်းမလား၊ ငုတ်တုတ် အသေခံမလား၊ နှစ်ခုပဲ ရွေးစရာရှိတဲ့အချိန်ကိုရောက်လာတော့ မရုန်းတဲ့သူတွေသေကုန်ပြီး မသေတဲ့သူတွေ ဆက်ရုန်းကြလိမ့်မယ်။ ရှင်းရှင်းလေးပဲ။ ငါတို့နိုင်မှာ။ ရင်းနှီးပေးဆပ်ရတာတွေများပေမယ့် အဆုံးသတ်ကျ ငါတို့ကသာ အနိုင်ရဖို့ ရှိတယ်။ အခုလက်ရှိမှာကို နိုင်နေပြီ။ ဘေးလူတွေ ဝင်ဆွဲသလိုလိုနဲ့ ကိုယ့်ဘက်ကို ချုပ်ပေးပြီး စစ်သားတွေကို အလဲထိုးခိုင်းထားတာတောင် ကိုယ်တို့စိတ်ဓါတ်ကို ရိုက်ချိုးလို့ မရဘူး။ ကိုရီးယားမှာလို ညတွင်းချင်း ပြောင်းပြန်လှန်ပစ်လို့ မရပေမယ့် ဆီးရီးယားမှာလို အာဆတ်ကို ထွက်ပြေးစေတဲ့အထိ တိုက်နိုင်တော့မှာ။
အောင်မယ်လေးလေး။ ဘာတွေ ဘယ်လောက်တောင် သေချာနေတယ် မသိဘူး။ တွက်ရေးကတော့ စက်သူဌေးပဲ။ တကယ်လို့မနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါများ ခက်လွန်းလို့ကွယ်။ မနိုင်ရင် မနိုင်မချင်း ဆက်တိုက်မှာပေါ့။ ကိုယ်တို့ဘက်မှာတော့ အကုန်လုံး အဲ့ဒီစိတ်ထားပဲ ရှိတယ်။ မင်းတို့ မအလ ငါတို့လို စိတ်ထားမျိုးရှိရင် စိမ်လိုက်လေ။ ထွက်မပြေးကြေး။ ပြေးပဲ ပြေးနိုင်ပါစေဦးကွာ။ အာဆတ်လို ၁၅၃ ဘီလီယံသယ်ပြေးဖို့နေနေသာသာ အရင်သောက်ကြွေးတွေတောင် ပြန်မဆပ်နိုင်တဲ့ သောက်တလွဲကောင်ကို ဘယ်သူကမှလည်း လက်ခံမှာ မဟုတ်ပါဘူး။ တရုတ်ကြီးကတော့ သူ့ဆီပြေးလာမှာစိုးးလို့ ကြိုကန်ထားတယ်ဗျ။ သူ့နိုင်ငံထဲရောက်နေတဲ့ ဆခုန်တိန့်ယိန်းကို လေယာဉ်နဲ့ နေပြည်တော် ပြန်ပို့ပလိုက်တယ်။ “မောင်ကြင်စိုး မင်းစဉ်းစားနော်။ မင်းကိုလည်း ငါတို့ပြန်ပို့လို့ရတယ်။” လို့ မက်ဆေ့ချ်ပေးလိုက်တဲ့သဘော။ ဒီကောင်ကြီးထွက်ပြေးရင် အမိဖမ်းပြီးလိုက်သတ်မယ့်သူတွေက သူ့အောက်ကလူတွေကိုယ်တိုင်ဖြစ်နေမှာ။ မနိုင်ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာက ကိုယ်စဉ်းစားရမှာ မဟုတ်ဘူး။ သူတို့ ခေါင်းမီးတောက်နေကြတဲ့ ကိစ္စ။ လောင်ကြပလေ့စေ။
ရမခမှာ လက်နက်ချတဲ့သူတွေကိုသေဒဏ်ပေးပစ်တယ်။ နပခမှာ ပိတ်မိနေတဲ့သူတွေကို ကယ်မထုတ်ပဲ လေယာဉ်နဲ့ ဗုံးကျဲပစ်တယ်။ ကောင်းတာပေါ့။ အဲ့ဒီအလုပ်တွေ ကိုယ်လုပ်စရာ မလိုတော့ဘူး။ ဆန်ကုန်သက်သာတယ်။ အဲ့ဘက်ကကောင်တွေအတွက်ဆို ကွမ်းတစ်ယာ ရေတစ်မှုတ်တောင် သထာတာ မဟုတ်ဘူး။ သူ့အဘက သူ့ဘာသူ စားရိပ်ငြိမ်း ပို့ပေးလိုက်တော့လည်း အေးတာပဲ။ ဘယ်နေရာမှာ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရုံသာ ရှိတယ်။ ဒီကောင်တွေ လှော်ရင်းနစ်နေပြီ။ သွား သွား။ ဆယ်တော်မူဘုရားလေး ထီးပြေးတင်ချေဦး။ ဘယ့်နှယ်။ သပိတ်ကလေးဘာလေးမှ သွပ်ဖော်မရပဲ သင်္ကြန်ရေကစားဖို့ အကတိုက်ခိုင်းသတဲ့။ “စံတူမမီ လှကိုလှသည်။ ဖော့ပြားလေးလည်း မနိုင့်တနိုင်ချီ။” နဲ့ ထွက်လာကြရော။ ကရမှာက ငါတို့လေဟာ။
အလုပ်တွေများတော့ လူနာအကြွေးမကျန်ပေမယ့်လည်း ရေးထားတဲ့စာတွေ အသံဖိုင်နဲ့ ပြန်ဖတ်ဖတ်ပြရမှာက အကြွေးတွေတင်လာတာ တစ်နှစ်စာလောက် ရှိလာပါတယ်။ မနှစ်တုန်းက အလှူလုပ်ခဲ့တဲ့စာကိုဖတ်ပြနေတဲ့အချိန်မှာ ဒီနှစ်အတွက် အလှူလုပ်ဖို့ လုံးပန်းနေရပြီ။ စာအဟောင်းတွေကို ပြန်ဖတ်တဲ့အခါ “အရင်ကဟာနဲ့ အခုဟာနဲ့က ဘာမှလည်း ထူးမလာပါလား။ မင်းတို့တော်လှန်ရေးကြီးကလည်း ဇာတ်မျောကြီးပါကွာ။ မောင်ရင် မနှစ်တုန်းကလည်း ကနေ့နက်ဖြန် အိမ်ပြန်ရတော့မလို ရေးခဲ့သေးတာပဲ။” လို့ ပြောမယ်ဆို ပြောစရာဖြစ်လာတာပေါ့လေ။ ဒါပေမယ့် ဘယ်သူကမှ အဲ့သလို ပြောမယ့်သူ မရှိလို့ ကိုယ့်ဘာသာကိုယ် ပြန်ပြောနေရတယ်။ မရှိဆို ဘောမတွေအားလုံး ကိုယ့်အဘ ကိုယ်ပြန်ဆဲပြီး ကြေကွဲနေရလို့ မအားသေးဘူး။ အဘပြေးရင် သူတို့ချည့်ကျန်ရစ်လို့ကတော့ အမှုန့်ကြိတ်ခံရမှာပေါ့။ အာစရိနော် အားကြီးဆိုးတယ်။ အိုစမာဘင်လာဒင်လိုမျိုးကွယ်။ ဆိုမာလီတွေထက် ပိုဆိုးတယ်။ အားကြီးအားကြီးကို ပိုဆိုးတယ်။ ကဲ ဘယ်လိုလုပ်မလဲ။ ဇာတ်မျောလား ဇာတ်သိမ်းလား ကိုယ်တိုင် ဝင်က ကြည့်ရအောင်။
ဗိုလ် ဗိုလ် ဗိုလ် ဗိုလ်
ဗိုလ် ဗိုလ် ဗိုလ် ဗိုလ်
ဗိုလ် ဗိုလ် ဗိုလ် ဗိုလ်
မင်းရဲကျော်စွာ ဗိုလ်နေတိုးကွယ်။