အရင်တခါတုန်းက မွေးလူနာနှစ်ယောက် တပြိုင်တည်း ကလေးထွက်လို့ နှစ်သင်းခွဲပြီး ဂိုးစောင့်ရတဲ့ စံချိန်ကို အခုတခါမှာတော့ ဗိုက် ၃ ဗိုက် ပြိုင်တူမွေးပြီး စံချိန်သစ်တင်သွားပါပြီ။ ပထမ ခွဲဖို့ပြင်ထားတာက သွေးပေါင်ချိန် အရမ်းတက်နေတဲ့ ကိုယ်ဝန်သည်။ သားအိမ်အပွင့်နှေးလို့ ခွဲမွေးမယ်ကြံနေတုန်း ရှိသေး။ ရေမွှာမပေါက်ခင် သွေးတွေ ဒလဟောဆင်းပြီး ရောက်လာတဲ့ နောက်ကိုယ်ဝန်သည်က ခွဲခန်းထဲကို အရင်ဝင်ရတော့မလို ဖြစ်သွားတယ်။ သူက ကလေးခေါင်း အောက်မဆင်းပဲ သွေးတွေသွန်နေတာမို့ သူ့ကိုဦးစားပေးရမှာပေါ့လေ။ ခွဲခန်းပြင်ပြီး လူနာသွင်းဖို့လည်းခေါ်ရော အရင်ရောက်နှင့်တဲ့သူက နောက်မှမွေးပြီး မယ်ဦးတပ်တာ မခံချင်စိတ်နဲ့ ဆောင့်ကြီးအောင့်ကြီး ညှစ်ချလိုက်တာ ကလေးခေါင်းလေး တစ်လစ်ဖြစ်လာရော။ ဒါနဲ့ ခွဲခန်း နေဦး ဆို မွေးခန်းထဲဝင် ကလေးအရင်ကောက်ကြတာပေါ့။ ပြီးမှ အေးဆေး ကလေးမွေး ခွဲခန်းထဲမှာ ဓါးတင်မယ် မကြံသေးဘူး။ အပြင်မှာ ဒိတ်လွန်ကိုယ်ဝန်နဲ့ ကလေး မလှုပ်တဲ့ နောက်တစ်ဗိုက် ရောက်လာပြန်ရော။ ခုလေးတင်နှစ်ယောက်ဆက်တိုက်ဆွဲထားတာ ပစ္စည်းပေါင်းဖို့တော့ ခဏတော့ စောင့်ရဦးမယ် ဆို အခန်းသန့်ရှင်းရေးပြန်လုပ် နောက်တစ်ဗိုက် ဆက်ခွဲမယ်ပြင်နေတုန်း ကံကောင်းထောက်မစွာ “သည်အတိုင်းပဲ ဆင်းလာခဲ့” ဖြစ်သွားပါတယ်။
မမအိုဂျီကတော့ ဒပ်ဖရင်ကို ပြန်ရောက်သွားသလို ခံစားရမှာပေါ့လေ။ သူ လေ့ကျင့်ပေးထားတဲ့ သမီးငယ်လေးတွေကလည်း တော်တော် အားကိုးရပြီပဲ။ ညနေစာတောင် အလှည့်နဲ့ ထွက်စားရတယ်။ ထမင်းစားနားဖို့ အချိန်မရလိုက်ဘူး။ ဆေးရုံမှာလည်း ထပ်တင်စရာ ကုတင်မရှိတော့ဘူး။ မွေးလူနာ ၃ ယောက်စလုံးဟာ ရွာတွေမှာ မွေးရဖွားရခက်လို့ ခွဲခန်းရှိလေရဲ့ ဆို ကိုယ်တို့ဆေးရုံ တည့်တည့်မတ်မတ် လမ်းညွှန်လွှတ်လိုက်တဲ့ လူနာတွေမို့ ပင်ပန်းရကျိုးနပ်တယ် လို့ ပြောရမှာပါ။ နဂိုမူလက ရည်မှန်းထားတဲ့အတိုင်း ဝန်းကျင်ပတ်လည်တခိုက အားထားရတဲ့ referral hospital ကလေးတစ်ခု ပီပီပြင်ပြင် ဖြစ်လာတဲ့သဘောပေါ့။ နောက်နေ့ လက်သမားဆရာဆီ သွားပြီး ကုတင်တွေ ထပ်မှာထားရတယ်။
ဆေးတွေလည်း တရစပ်ကို မှာနေရတာလေ။ အရင် မှာနေကျထက်တော့ ရက်လည်းပိုကြာ စားရိတ်လည်းပိုထောင်းတယ်။ သို့ပေသိ မမှာလို့ကလည်း မရ။ မိုးတွင်းစာပါဆို။ ပြောလို့တော့ မရဘူးနော်။ လမ်းတွေပိတ်ချင်သလောက်ပိတ်။ ကောင်းကင်ကနေ လေထီးနဲ့ ဆေးဖာတွေ လာချပေးမယ်ဆိုတဲ့ CDM လေယာဉ်တွေလည်း ရှိချင်ရှိလာနိုင်သေးတယ် မဟုတ်လား။ အခုတောင်မှ “ဟုတ်ပေါင်။ ယောင်လို့။” ဆို ကိုယ့်လူကိုယ် ကျဲပြီးပြန်ပြန်သွားတာ ခဏခဏ။ အခြေအနေကတော့ ဗုဒ္ဓဝင်ဖွားတော်မူခန်းထဲက ဗကဘိုးဘိုးကြီးအသံနဲ့ ပြောရရင် “ကပိလပြည်ဘက် ဘီးတဝက်နင်းပဟေ့။” လို့ အော်ရတော့မယ် ထင်ပါတယ်။ စကစဘက်က ထိုးစစ်တွေရပ် ခံစစ်တွေပြင်ပြီး တိုင်းရင်းသားတွေနဲ့ စစ်ပြေငြိမ်းစကားဆိုလာတာကိုး။ ဒီအဆင်နဲ့ ဒီအဆင်မြင်ရင် သူတို့ဘက်က ဘယ်လောက်တောင် မရှုမလှ အရေးနိမ့်နေသလဲ လူတိုင်းသိမြင်နိုင်ပါရဲ့။ ပေအဖြစ်နဲ့ လှိမ့်ခံခဲ့ရသမျှ ကိုယ့်လက်ထဲ တူရောက်ရုံရှိသေး ဘွာတေး ဘွာတေး နဲ့ အနိုင်နဲ့ပိုင်းချင်လို့ ရမလား။ သေထားတဲ့အသက်တွေ အလကားတော့အဖြစ်မခံနိုင်။ တန်ရာတန်ကြေးဆိုတာ ရှိရမှာပေါ့။ ဒီလို ရူးချင်ယောင်ဆောင်တဲ့အကွက်တွေ တပ်တွင်းစည်းရုံးရေးဆင်းတော့မှ သုံးချေပါ။ အပြင်မှာတော့ ဘာရမလဲ သာဝရယ်။
သာဝက အစကတည်းက ဇရှိလို့ ဇစ်ဖြုတ်ခဲ့တဲ့ကောင် မဟုတ်ဘူး။ စစ်တပ်ထဲ သူ့ထက်ရာထူးကြီးတာ တစ်ကောင်တစ်မြီး မရှိပဲနဲ့တောင် ပထွေးအားကိုး ပုဆိန်ရိုးလုပ်တဲ့ အမျိုးသားသစ္စာဖောက်သက်သက်ရယ်။ အာဏာမသိမ်းခင်ကတည်းက တရုတ်ပြေးလိုက် ရုရှားပြေးလိုက်နဲ့ ဘယ်လက်ညောင်းရင် ညာလက်ပြောင်းမ တဲ့ ဘောမစစ်စစ်။ အခုတော့ သူ့ကိုယ်သူ သေမင်းငင်နေမှန်း သဘောပေါက်လာလို့ ဝမ်ယိပါပါးဆီ “ကျူးမီးငှါး” သွားလုပ်တဲ့အခါ ဟိုက ချေးထုပ်ကြီး အိမ်ပေါ်တက်လာမှာစိုးလို့ “two countries policy” ဆိုပြီး နှပ်ကြောင်းပေး ချွေးသိပ်လွှတ်လိုက်ပုံ ရပါတယ်။ “ယူတို့ အဲ့သလောက်တောင် အဆင်မပြေဖြစ်နေရင်လည်း ကွဲလိုက်ကြပါလား။” ဆိုတဲ့ စကားနည်းရန်စဲ လင်မယားကွဲ အစီအစဉ်လေ။ အဲ့ဒါနဲ့ပဲ ဂဠုန်ဦးစောအလုပ်တွေလုပ်ပြီး သူ့ကိုယ်သူ ဗိုလ်အောင်ဆန်းလောက် စိတ်ကူးတွေယဉ်နေတဲ့သူပီပီ မြန်မာပြည်ကြီး နှစ်ခြမ်းကွဲရင် တိုင်းရင်းသားတွေထဲက သူနဲ့ဘယ်သူလိုက်မလဲ ဆို သူ့ဖင်သူ လုံအောင်ကာဖို့ ဖင်လုံစာချုပ်ချုပ်ပါ့မယ်ဆို ဘာပဲပေးရပေးရ ပေးပါ့မယ် အတင်းလိုက်ခေါ်နေရတာ။
ဒီအရူးက အရူးပါး လို့ပြောရအောင်ကလည်း လုပ်ထားပုံက အထူကြီးတွေ။ မန်ကျည်းစေ့ ထက်ခြမ်းခွဲ ဝေရင် သူ့ဆီမှာချည့် အသားတင်ကျန်အောင် ဗဟိုဘဏ်မှာ ရှိသမျှဒေါ်လာငွေတွေလည်း သူ့ဆီယူထားပြီးပြီ။ လောင်စာဆီဆိုလည်း အရံဆီတောင် မကျန်တော့ဘူး။ တပ်က အကုန်ထုတ်ယူထားနှင့်တာ။ ဒါတွေက အခုလိုခေတ်မျိုးရောက်မှ လူသိရှင်ကြား ဖုံးမရဖိမရပေါ်လာတာ မဟုတ်ဘူး။ ၈၈ တုန်းကလည်း မြန်မာ့စီးပွါးရေးဘဏ်က ပိုက်ဆံတွေ စစ်ကားကြီးနဲ့ လာတိုက်သွားတာ လူတိုင်းအသိ။ ကုန်သွယ်ရေးဂိုထောင်တွေလာဖောက်တာလည်း စစ်တပ်ပဲ။ သူတို့လိုချင်တာ အကုန်ယူပြီးမှ တံခါးဟင်းလင်း ချန်ထားခဲ့ပြီး ဟိုကျန်သည်ကျန် ဝင်သယ်တဲ့ အရပ်သားတွေကို ပစ်သတ် တီဗီသတင်းရိုက်ပြီး တရားခံလုပ်ခဲ့တာ။ လူ့ဘဝလာပြီး အနှစ် ၅၀ လောက်လေး နေရပါတယ်။ ဒီခွေးသူတောင်းစားတွေ ယုတ်မာပုံကို နှစ်ခါကြုံရတာ ဘယ်လောက်အသည်းနာစရာကောင်းသတုန်း။ သူများက လာပြောရင်တောင် ဇဝေဇဝါနဲ့ ယုံဖို့ခက်ဦးမယ်။ ဆယ်ခါခံလည်း ဆယ်ခါကောင်းတာပေါ့ဆိုတဲ့ ကိုကိုကြီး လို လူမျိုးတွေကို အံ့ဩလို့မဆုံး။ သေချာပါတယ်။ ကြင်စိုးကတော့ ခြေဆော့လက်ဆော့နဲ့ အိမ်ဖော်မလေးတွေ ပွဲစားလက်ပြန်အပ်တဲ့အခါလို သယ်လို့ဝှက်လို့ရသမျှ အကြိုအကြားမကျန် ကဲ့ယူသွားမယ့်သူ။ ကျက်သရေတင်တုံးတာမဟုတ်။ အမျိုးလည်းယုတ်တယ်။
“ကမ္ဘာမြေ နှစ်ခြမ်းကွဲ မင်းရှိတဲ့တခြမ်းထဲ ကိုယ်လေ ရောက်အောင်လာခဲ့မယ်။” ဆိုတာနဲ့ ပြောင်းပြန်ပေါ့။ ကြင်စိုးနဲ့အတူမနေလိုသောမြန်မာပြည်ကြီးဆိုတာများ သီးခြား ထွက်ပေါ်လာခဲ့ရင် ကြင်စိုးရဲ့နောက်မှာ “မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်။ ယုံ။”.ဆိုတဲ့သူ ရှိရောရှိပါ့မလား။ ရှိရင် အကုန်ခေါ်သွားစမ်းပါကွယ်။ သူတို့မျက်နှာလည်း မမြင်ချင်တော့လို့ပါ။ ခေါ်သာသွား။ ဘယ်သူဖြစ်ဖြစ်။ ကိုယ်တွေလို တော်လှန်သက်လေးတစ်နှစ်လောက်နဲ့တောင် အဲ့သလောက် ခါးခါးသည်းသည်း မုန်းနေမှပဲဟာ အနှစ် ၆၀ လောက် စစ်တိုက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက “ဒီအရိပ်မှာ လာပါ နားပါ။” ခေါ်ရအောင် မုန့်လုံးရေပေါ်တွေ စားနေလို့လား။
အစကတည်းက သူတို့ဟာသူတို့ နယ်မြေစိုးမိုးမှု ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေကို အသာထား။ စစ်ဘိနပ်အောက်မှာ ပြားနေအောင်နင်းပြီးသား ဗမာ ပြည်မကြီးက ဘယ်တိုင်းဒေသကြီးမှာများ စစ်တပ်က အခြေချမယ် ကြံရွယ်ထားသတုန်း။ စမ်းကြည့်လိုက်စမ်းပါဗျ။ မမနော်မာ ယင်းမာပင်ဘက် ရောက်ဖူးသလား။ မရောက်ဘူးလည်း နေပါစေလေ။ ကိုကိုအောင်ပြည့်စုံတို့ မမခင်သီရိသက်မွန်တို့ အညာကိုလာရင်တော့ ဟိုမှာ တန်ဖိုးနည်းအသက်တွေနဲ့ အညာသားကျောမွဲကြီးတွေက ဧည့်မခံလိုက်ရမှာစိုးလို့ ငေါက်တောက်ကြီး ထိုင်စောင့်နေကြသဗျား။ ရိုးသားကြိုးစား ဧရာဝတီသားတွေကတော့ နာဂစ်တည်းက ချစ်မဝလို့ လှိုင်သာယာကတင် ညိုနွဲ့ကို ကြိုလှည့်တော့မတဲ့။ ပဲခူးလောက်ဆို တော်ပြီလား။ မကွေးလောက်ရော ရပြီလား။ NTQ ကဖို့ TikTok လေး ရိုက်ပေးထားမယ်လေ။ “သိပ်ချစ်တဲ့မောင်မောင်ရယ်။ ရှာမနေနဲ့။ ဘယ်ကိုသွားသွား မလုံပါကွယ်။” ဆိုတာလေးလေ။ “သွားစို့ သွားစို့ လာကွယ်။ တခြား ရှာမယ်။” နဲ့ မြန်မာတပြည်လုံး နှံ့အောင် ပတ်ရိုက်လို့ရတယ် မဟုတ်လား။
ဒီပုံအတိုင်းဆို ဆေးရုံအတွက် ၆ လစာ ဆေးတွေကြိုမှာထားတာ များများ များနေပလား မပြောတတ်ပေါင်။ ဒီကောင်တွေ နောက် ၆ လ ဆက် ခံဖို့ဆိုတာ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာတောင် မသေချာတော့ဘူး။ လွန်ရောကျွံရော ဝါသာဆိုချင်ဆိုမယ်။ ပြာသိုတော့မကူးလောက်။ အခု လေသံပစ်လာတဲ့ “ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ မပျောင်းနွဲ့နှင့်။” ကို ဘယ်သူတွေ ဘယ်လိုအကြောင်းပြန်မလဲ ကြည့်လိုက်ရင်ကို အဖြေထွက်နေပြီ။ သင်္ဘောဆိပ်မှာ အသက်ကို ညာခေါ်သွားလို့ရတဲ့ ငယ်ကျွမ်းဆွေ ဇာတ်ညွှန်း ဟာ ဘဘဗိုလ်ကလေးတင့်အောင် လူပျိုပေါက်တုန်းကခေတ်နော်။ အနှစ်တစ်ရာပြည့်လုပြီ သိလား။ နားလိုက်တော့။
တကယ်တော့ ငြိမ်းချမ်းရေးသီချင်း ဆိုတာ ဦးအောင်မင်းကြီး ခေတ်ကတည်းက ဟဲသွားတာပါလို့ ဟိုးတခါ ပြောခဲ့ဖူးတယ်လေ။ မှတ်မိဦးမလား မသိဘူး။ “ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ရသူ။ ကိုယ်ပါ။” တဲ့။ အခုတော့ ကိုကြင်စိုးကြီး ကိုယ်တိုင်ဟစ်ရမယ့် ကောရပ်စ်ပိုက် ရောက်လာပြီဗျား။ “ဒါပေမယ့် ထင်သလို စေတနာ အကျိုးမပေးပုံရယ်။ မိကြူရေ တို့နှစ်ယောက်ရဲ့ကံကိုပဲ ရိုး။ မိကြူရေ။ တို့နှစ်ယောက်ရဲ့ ကံကဆိုး။” ဆိုရင်းဆိုရင်းကို မျက်ရည်တွေ ဘူးသီးလုံးလောက် ညှစ်ချလို့ရမယ်။ သနားစရာလေး။ ဟေး ဟေး။
ဘယ်လိုပဲပြောပြောပေါ့လေ။ ချန်ဂင်တို့စခန်း ဇာတ်လမ်းတွဲကလေးလည်း “မုဆိုးမလေး မဂင်္ဂါ” လောက်တော့ ပေရှည်စရာ အကြောင်း မရှိတော့ဘူး။ စာတစ်ပုဒ် မဆုံးခင်ကို သီချင်းဆယ်ပုဒ်လောက် အစဖော်ပေးသွားတဲ့ တေးသံစုံဇာတ်မြူးလေး ဖြစ်လို့လာပြီ မဟုတ်လား။ ဇာတ်ကားထဲမှာပါတဲ့ သီချင်းကလေးတွေကို အကုန်ရနေတယ် ဆိုရင်တော့ သေချာပါတယ်။ အဲ့ဒီစာဖတ်သူဟာ သီချင်းလေးတွေကို တော်တော်ချစ်တဲ့ ဂီတမြတ်နိုးသူတစ်ယောက်ပေါ့။ ဂီတဆိုတာ ပင်လယ်ကမ်းစပ်မှာပဲရှိရှိ၊ တောထဲတောင်ထဲကိုပဲသွားသွား။ နေမမြင် ရေပြင်ခဲတဲ့ မြောက်ဝင်ရိုးစွန်းကိုပဲခေါ်ခေါ် ပျော်သွားစေနိုင်တဲ့ အရာ မဟုတ်လား။ သည်းသည်းမည်းမည်း ဇွဲနဲ့ နှစ်ယောက်တည်းနေချင်သပ ဆိုလည်း အောင်စည်ရွမ်းသံကြားရင် အလည်လာခဲ့ကြပေါ့ဗျာ။ သီချင်းလေးတွေကို အတူတူ ဆိုရအောင်။ နော့။
(အခုတော့ အနားဝန်းကျင်ကလူတွေ ဝမ်းသာအားရ လာလာလည်နေကြတယ်ဗျို့။ စားစရာသောက်စရာတွေ မနိုင်မနင်း သယ်သယ်လာကြလို့ ယနေ့ညမီနူးမှာ ကြက်ချဉ်စပ်၊ ဝက်ကုန်းဘောင်၊ ပုဇွန်မီးဖုတ်သုပ်တို့ ဖြစ်ပါကြောင်း။)