စောင့်ရတဲ့သူတွေအတွက်ဆို အချိန်တွေက ကုန်ခဲလိုက်တာတဲ့။ ကိုယ်ကတော့ ဘာကိုမှ မစောင့်ပဲ ချက်ချင်း ချက်ချင်း ထလုပ်တတ်လို့ ထင်ပါရဲ့။ အချိန်တွေက ဘယ်လိုဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ကုန်သွားပြန်ပြီ တစ်ရက်။ ရေးဖြစ်ပြန်ပြီ နောက်တစ်ပုဒ်။ ဘာမှလည်း ထွေထွေထူးထူး ဖြစ်ပျက်ပြောင်းလဲနေတာ မရှိပေမယ့်လည်း မပျင်းမရိ ဖတ်ကြသားနော်။ ဆျာစိုးဆီ ဝင်ဝင်ဖတ်လို့ give away လည်း ပေးစရာ မရှိသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက်ဆီဆယ်လ်ဖီလေးတွေလည်း တင်မထားမိပါဘူး။ အိုပဲ အိုလှပေါ့ဟာကို။ ဟိုဘက်ကလူတွေကတော့ ဒီဆရာဝန်ကို သွပ်ကမိုးယို (အနီကောင်) လို့ပဲ သဘောထားမှာပါ။ ဒီဘက်မှာလား။ ပါဝါရိန်းဂျား အနီကောင်တော့ လုပ်လိုက်။ ဘယ်သူတွေ ဘယ်လိုထင်ထင်ပါလေ။ နေ့ရှိသ၍ အပတ်တကုတ် ကြိုးစားလုပ်ကိုင်လာခဲ့သမျှဟာ ပွင့် သီး ရင့် မှည့် လို့ အကျိုးရလပ်တွေ ထွက်ပေါ် လာခဲ့တာ အမှန်ပါပဲ။ မိုင်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင် ဖြတ်ကျော်လာခဲ့တဲ့ ကားကလေးလို လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ခွဲရင်း နေ့ရက်တွေကို လှစ်ကနဲ လှစ်ကနဲ ဖြတ်သန်းလာခဲ့တယ်။
အတွေ့အကြုံတွေ ဆိုတာကတော့ သင်ယူလို့ မဆုံးသလို ရေးဖွဲ့လို့လည်း မကုန်ပါဘူး။ ဒီတစ်ခေါက်လာတဲ့ လူနာတွေထဲမှာ ထူးထူးခြားခြား အခက်အခဲတွေ့တာကတော့ ခြေထောက်ကို သေနတ်မှန်တဲ့ လူနာ ၂ ယောက်ပါ။ နှစ်ယောက်စလုံး shock ရနေလို့ ကိုယ့်ဆီလွှဲမယ့်ဆရာဝန်က သွေးပုလင်းတန်းလန်း ဒရစ်ပုလင်းတန်းလန်းနဲ့ ပို့တာ။ သူတို့ဆီမှာတုန်းက BP က zero နဲ့ပါ။ ကိုယ့်ဆီရောက်တော့ shock ကို revise လုပ်ပြီး သွေးတွေ ထပ်သွင်းယူရတယ်။ pressure stable ဖြစ်မှ ဓါတ်မှန်ရိုက်ပြီးခွဲခန်းထဲသွင်းတယ်။ ပထမလူနာက ပေါင်မှာ ကျည်ဆန်မှန်တာ။ ရှေ့ကဝင်ပြီး နောက်ကဖောက်ထွက်သွားတာဗျ။ အရိုးတော့ မကျိုးဘူး။ ထူးဆန်းတာက ခြေသလုံးမှာ ဘာဒဏ်ရာမှ မရှိပဲ ယောင်ယမ်းနာကျင်နေတာပါ။ လုံးပတ်တိုင်းတော့လည်း အဲ့ဒီဘက်က သိသိသာသာ ပိုကြီးနေတယ်။ ခြေဖနောင့်ကော့လိုက်ရင်လည်း နာတယ်။ စဉ်းစားစရာ ရှိတာက ခြေသလုံးကြွက်သားထဲ သွေးခဲနေတဲ့ DVT လား။ ခြေသလုံးကြွက်သား ယောင်ယမ်းပြီး သွေးကြောပိတ်သွားတဲ့ Compartment Syndrome လားပေါ့။ ခြေဖမိုးမှာတော့ သွေးခုန်နှုန်းလေး ခပ်ဖျော့ဖျော့ စမ်းလို့ရသေးတယ်။ အဲ့ဒီနေ့က ဇွန်းမီတင် ရှိပြီး ဆရာဝန်တွေ စုံမယ့်ရက်ဆိုတော့ ခွဲမယ့်လူနာ ခဏစောင့်ခိုင်းထားပြီး ညီလာခံဝင်ရတာပေါ့ကွယ်။ ဖြစ်ချင်တော့ ကိုယ်ပို့ထားတဲ့ စာကို သူတို့မမြင်ဘူး။ အရမ်းတွေကို ဆွေးနွေးပြီး ၃ နာရီလည်းကျော်ပြီ။ သဘာပတိကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားပေးပါ ဆိုတော့မှ အံ့ကျော်ကြီး ထန်းလျက်တောင်းနဲ့ ပြေးလိုက်သလို “နေပါဦး နေပါဦး” နဲ့ လိုက်ပြီး case တင်ရတယ်။
အစည်းအဝေးပြီးတဲ့အချိန်မှာ လူနာက နာလွန်းလို့ ငိုနေပြီ။ ခြေသလုံးကြီးကလည်း တင်းကားနေပြီ။ သေနတ်ဒဏ်ရာကတော့ သွေးထွက်မနေဘူး။ ဆေးကြော ရှင်းလင်းပြီး ခြေသလုံးကြွက်သားကို ငါးခြောက်ခွဲသလို အမြှောင်းလိုက် ခွဲပေးခဲ့တယ်။ သက်တော့ သက်သာလာသလို ရှိပါတယ်။ ခြေဖဝါးလေးပြန်နွေးလာတယ်။ ဒါပေမယ့် pulse ကတော့ faint ဖြစ်တုန်းပဲ။ မိတော့မိနေတယ်။ မကောင်းတာက ခြေသလုံးကြွက်သားတွေ ကာလာမကောင်းတော့ဘူး။ အနံ့ထွက်လာတယ်။ ဆေးထည့်ရင်း ညှပ်ညှပ်ထုတ်ရတယ်။ နောက်တစ်ပါတ်ကျ ဆရာအော်သိုလာတဲ့အခါ ပေါင်ရင်းက ဒဏ်ရာကို ခပ်ကျယ်ကျယ်ဖွင့်ပြီး ရှာကြတော့မှ တရားခံတွေ့ရတယ်။ acute ischemic limb ရနေတာပဲ။ ပေါင်ခြံကသွေးကြောကြီးကို တိုးလျှိုပေါက် ဖောက်ထွက်သွားတယ်။ အမှန်ဆိုရင် အဲ့ဒီက သွေးထွက်တာနဲ့တင် သေလောက်တာ။ သွေးတိတ်အောင် ကြပ်စည်းပြီး shock ကို revise လုပ်တော့ ပြန်ကောင်းလာတယ်။ ပေါက်သွားတဲ့သွေးကြောထဲမှာ သွေးတွေအတောင့်လိုက်ခဲပြီး သွေးတော့တိတ်သွားတယ်။ အောက်ဖက်ကို သွေးမလျှောက်တော့ဘူး။ ကိုယ်လည်းပဲ တတ်နိုင်သလောက် သွေးထိန်းညှပ်ကလေးတွေနဲ့ညှပ်၊ သွေးခဲကလေးတွေ ဆွဲထုတ်ပြီး သွေးကြောအပေါက် ပြန်ဖာခဲ့ပါတယ်။ အပေါ်ဘက်ကိုတော့ ပွင့်သွားတယ်။ ညှပ်ဖယ်လိုက်ရင် ဒလဟောဆင်းလာတာ။ အောက်ဘက်ကို မီသလောက် နှိုက်ထုတ်သော်လည်း သွေးခုန်နှုန်းက ပြန်မရဘူး။ ဘယ်ထိအောင် ပိတ်နေမှန်းလည်းမသိ။ သွေးခဲထုတ်တဲ့ ဘောလုံးနဲ့ပိုက်လည်း မရှိ။ မတတ်နိုင်ဘူးလေ။ မကောင်းရင်တော့ ဖြတ်ရတော့မှာပေါ့။ လောလောဆယ်တော့ ခြေချောင်းလေးတွေ အရောင်မပြောင်းသေးလို့ စောင့်ကြည့်ဦးမယ်။ ဖြတ်တာက ဘယ်အချိန်ဖြတ်ဖြတ် ရတာပဲ။ သွေးဆိပ်ပြန့်မသွားဖို့၊ ကျောက်ကပ်ပျက်မသွားဖို့ စောင့်ကြည့်ရုံ ရှိတာပေါ့။ ခြေဖဝါးအထိက ကောင်းတယ်။ ခြေသလုံးကြွက်သားတွေဆီ သွေးမရောက်လို့ အသားတွေ ပုပ်ကုန်တာ။ ကောင်းမလာရင် ဖြတ်ရမယ် လို့ ရှင်းပြထားပေမယ့် ဆိုးလည်း ဆိုးမလာဘူး။ ဒီအတိုင်းလေးပဲ။ ငါ့နှယ်နော်။ ချိန်ခွင်လျှာ မငြိမ်သေးလို့ ဓါးကလေး ဆကာဆကာ စောင့်ကြည့်နေတဲ့ ဆိတ်သားဆိုင်က မာမူကြီး ကျနေတာပဲ။
နောက်တစ်ယောက်ကတော့ ခြေသလုံးကို သေနတ်မှန်တာ။ ဒူးအောက်မှာ ထက်ပိုင်းကျိုးသွားတာ အရိုးနှစ်ချောင်းလုံးပဲ။ သူ့ကိုတော့ ဖြတ်ကောင်းဖြတ်ရနိုင်တယ် လို့ တွက်မိတယ်။ ခြေဖဝါးက အေးစက်ဖြူဖျော့နေပြီ။ အထဲမှာတော့ အရိုးစတွေ ဖွာထွက်သွားလို့ ထိပ်ချင်းပြန်တေ့လို့ မရဘူး။ ဟနေတယ်။ ကြွက်သားတွေ ကာလာကောင်းသေးတယ်။ လူက ကာလာမကောင်းတော့လို့ သွေး ၃ လုံးတောင် သွင်းရတာ။ BP zero နဲ့လာတာ။ vascular injury တော့ ပါလိမ့်မယ် ထင်လို့ ဆရာအော်သိုဆီ ဓါတ်ပုံပို့ပြီး ဘာဆက်လုပ်ရမလဲ အကြံဉာဏ် တောင်းတယ်။ “စောင့်ကြည့်ရအောင်လေ” ဆိုတဲ့ စကားကြားမှ စိတ်အေးလက်အေး ဆေးကြောသန့်စင်ပြီး ပြန်ထွက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီပို့ရမယ့် လူနာလေ။ ဖြတ်တာက ဘာမှ မခက်ဘူး။ အခုဖြတ် အခုပြတ်တယ်။ ဒါပေမယ့် နောက်ရက်မှာ ကာလာမကောင်းတော့လို့ ဖြတ်မယ်ပြင်နေဆဲ နောက်ထပ် Both Bone fracture တစ်ယောက် ထပ်ရောက်လာလို့ ဝမ်းသာအားရ ဆရာအော်သိုဆီ လွှတ်လိုက်တယ်။ အခု ဖြတ်ပြီးသွားပတဲ့။
ဒီရက်ပိုင်းကလေးတင် vascular injury ၂ ယောက်တွေ့တယ်။ အဲ့ဒါနဲ့ပတ်သက်ပီး ကိုယ်လုပ်ပေးနိုင်တာက amputation ပဲ ရှိတဲ့အခါ မလိုအပ်ပဲ စိတ်မြန်လက်မြန်နဲ့ ဖြတ်လိုက်မိမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် ဘရိတ်အုပ်နေရတာပဲ။ ငုတ်တိုတန်းလန်းနဲ့လာလို့ တိပေးလိုက်ရတာက ကိစ္စမရှိဘူးလေ။ လောကကြီးမှာ နေရာတကာတိုင်းတော့ ဘယ်တတ်မှာလဲကွယ်။ ကိုယ် မလုပ်နိုင်တာ၊ ကိုယ်မလုပ်တတ်တာတွေလည်း ရှိတာပေါ့။ ခက်တာက ဘယ်ကိုမှ ညွှန်းဆိုလွှဲပို့လို့ မရနိုင်ဘူး။ သူတို့ဘက်ကနေ ပိတ်ဆို့ဖြတ်တောက်ထားတာကိုး။ အရင်ကဆို အဲ့ဒါမျိုး တရုတ်ပြည်ပို့ရင် ခွေးမိန်ထိ တက်ကုလို့ရတယ်။ အခုများတော့ စိမ်းကားသွားခဲ့ပြီ။ “နောက်လေယာဉ်မှာ အဆင်ပြေမှာပါ။ ငါ့အနား မလာနဲ့တော့။ အခုလိုပြောတာ မချစ်လို့ မဟုတ်ဘူးနော်။”
တိုက်ပွဲဖြစ်တဲ့အခါ ကိုယ်တို့ဆီကို အများဆုံးရောက်လာတဲ့လူနာတွေကတော့ ခြေလက်အင်္ဂါ ထိခိုက်ကျိုးပဲ့တဲ့ လူနာတွေပါပဲ။ orthopedic cases တွေပေါ့။ ဗိုက်ခွဲရတဲ့လူနာ၊ ရင်ဘတ်ထိတဲ့လူနာက အနည်းအပါးပဲ ရှိတယ်။ ရှိလည်း တစ်ပါတ်ဆယ်ရက်ဆို ကောင်းလို့ ဆင်းသွားပြီ။ အရိုးလူနာကျ လနဲ့ချီနေတာအပြင် ခြေတုတပ်ဖို့ဆို နှစ်ပေါက်အောင် ပြင်ဆင်စောင့်ဆိုင်းကြရပါတယ်။ အနာတွေမကောင်းရင်လည်း နေ့တိုင်းဆေးထည့်ရတာ မပြီးတော့ဘူး။ ဂွမ်း၊ ပတ်တီး၊ အရက်ပျံ၊ ဘီတာဒင်းဆိုတာ စုဆောင်းထားသမျှ တက်တက်ပြောင်ရော။ ဆိုးတာက ကိုယ်မကျွမ်းကျင် တဲ့အလုပ်ဖြစ်နေတော့ အရေးပေါ် အသက်ကယ်တာ၊ အပြင်က POP စည်းပေးတာကလွဲရင် အထဲက operation တွေ ကိုယ်မလုပ်တတ်ဘူး။ အလွန်ဆုံးလုပ်မှ ဖြတ်တာတောက်တာလောက်ပဲ ရတယ်။ အရင်တစ်ခါ ပြောဖူးသလိုပါပဲ။ ကိုယ်တို့က lifesaving ပဲ ရတယ်။ limb saving က ortho ရှိမှ အဆင်ပြေတယ်။ ဒါကြောင့်မို့ လူနာများရင် ဆရာအော်သို ကို ကိုယ့်ဆီခေါ်ပြီး၊ တစ်ယောက်ချင်းဆို သူ့ဆီ လွှဲတယ်။ Vascular surgeon ကတော့ အနားဝန်းကျင်မှာ မရှိဘူး။ မြစ်ကြီးနား၊ မန္တလေးမှာတောင် မသေချာဘူးဆိုတော့ လွှဲလို့ မရဘူး။ ပြည်နယ်တွေမှာ Specialty Service တွေ လိုလာတဲ့အကြောင်း ပြောတာပါ။ ရန်ကုန်၊ မန်းလေး၊ နေပြည်တော် ကို မြောက်မြန်မာပြည်အဖြစ် သဘောထားတော့မယ်ဆိုရင် ကိုယ့်ဆရာသမားတို့ ပြုံယမ်းမှာနေမလား ဆိုးလ်မှာနေမလား ကိုယ့်ဘာသာကိုယ် စဉ်းစားကြပေါ့။ နိုင်ငံခြားလည်း ပေးထွက်မှာ မဟုတ်တဲ့ဥစ္စာကို။
ဟိုးအရင်နှစ်တွေက ကိုယ်ခန့်မှန်းခဲ့သလိုပဲ tertiary medical services တွေနဲ့ referral system က peripheral ကနေ အသက်ဝင်လာတဲ့ အချိန်ကို ရောက်လာပြီ။ Humanitarian aides တွေ စကစလက်ထဲ မထည့်ပဲ တိုင်းရင်းသားပြည်နယ်တွေဆီ တိုက်ရိုက်ရောက်လာနိုင်လို့ရှိရင် public health လုပ်ငန်းတွေ ပြန်လည်ပတ်လို့ရမယ်။ အဲ့ဒီအဖွဲ့အစည်းတွေဟာ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီချင်တာလား မအလစစ်တပ်က ဗုံးကျဲသတ်ဖြတ်နိုင်အောင် ဗုံးတွေ၊ ဒရုန်းတွေ ဝယ်ပေးချင်တာလား။ ကိုယ်ပေးတဲ့ အထောက်အပံ့တွေ ဘယ်ကိုရောက်ကုန်သလဲ။ မြေပြင်အထိ ဆင်းကြည့်သင့်ပါတယ်။ ကိုယ်တို့ဆေးရုံမှာတော့ WHO တံဆိပ်ပါတဲ့ ဓါတ်ဆားထုပ်ကလေး တစ်ထုပ်တောင် မရောက်ပါဘူး။ စစ်တပ်က ရောင်းစားမှ အရပ်သားတွေ ဝယ်သုံးနိုင်တဲ့အဖြစ်။ ငှက်ဖျားဆေး၊ တီဘီဆေး၊ ART ဆေးတွေဆို ဖျက်ဆီးပစ်နေကျ။ ဒါတွေကို သူတိူ့ဘက်က မသိသလို သိအောင်လည်း မလုပ်ပါဘူး။ Neutrality ကို ပါးစပ်ကတဖွဖွပြောပြီး မြန်မာပြည်လာရင် ဦးသက်ခိုင်ဝင်းနဲ့ တွေ့ပြီးပြန်ပြန်သွားကြတာ မဟုတ်လား။ အဲ့လိုလူစားတွေများလာတဲ့ကမ္ဘာကြီးအတွက် ဒေါ်နွယ်ထွမ့်လို စကြာကိုယ်တော်ကြီးကလည်း ခါတန်သင့်လို့ ပွင့်ချိန်ကြုံရတာပ။ “Encore des mots, toujours des mots, les memes mots, rien que des mots” တဲ့။ အင်္ဂလိပ်လိုတော့ “Again words! Always words! The same words! Nothing but words!” ပေါ့။ အလကား အာဖျံကွီးတွေပါကွာ။ တခါတရံမှာ အဲ့ဒီလူတွေက ကိုယ်တို့ကို ethics တွေ၊ ကျောသားရင်သား မခွဲခြားပဲ ကုသပေးဖို့တွေ လာသွန်သင်နေရင် ဆက်နားမထောင်ချင်တော့ဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ သိတယ်။ သူမသိလည်း နေပစေ။ သူတို့ဆီက အကူအညီရဖို့ ဆိုက္ကားဂိတ်မှာ ပဒေသာပင်ထောင်ပြပြီး ဖလားခေါက်နေတာ မဟုတ်ဘူး။ ကိုယ်လည်းပဲ ကိုယ့်အချိန်တွေ နှမျောရမယ်။ ချွေတာရမယ်။ တာ့တာ။
ယူကရိန်းကလူတွေက EU က လက်နက်ရလို့ စစ်တိုက်နိုင်တာပါ။ ကိုယ်တို့ဆီကလူတွေကတော့ တူးမီးသေနတ်တောင် လူစေ့မကိုင်နိုင်ပဲ စ တော်လှန်ခဲ့တာ။ သေနတ်မရှိရင် ဓါးမတိုနဲ့ တက်ခုတ်မှာ။ အခုမှ ကိုယ်တွေလက်ထဲ လက်နက်ရောက်ရုံရှိသေး။ ကြောက်ချေးပန်းပြီး တရုတ်ပြေး စစ်ကူတောင်းရော။ ဒီလိုနဲ့ ရရိုးလား။ ရှီဖေဖေလည်း မကယ်နိုင်၊ စုမေမေလည်း မတားနိုင်ပါဘူး။ စစ်တပ်ကကောင်တွေကို ဘုရားနဲ့ အမျိုးစပ်ပြရင်တောင် ကိုယ်တို့က “ကဝိမူလ ညှိယူဆလိုက်တော့ ဝိဍဍူပတဲ့ ဟေ့” ဆို မပြုတ်မချင်းတိုက်မှာ။ ဘယ်သူမှ မကူလည်း ရပါတယ်။ ကိုယ့်ဘာသာ ဖြစ်အောင်လုပ်မှာပါ။ ဘယ်သူတားလို့မှ နောက်မဆုတ်ပါဘူး။ ကိုယ်တို့တိုင်းပြည်ထဲမှာ လူအမြောက်အများ သေကြေပျက်စီးနေပြီး လူသန်းပေါင်းများစွာ အဆင်မပြေပဲ ဒုက္ခရောက်နေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါလေးပြပြပြီး သူများပေးစာကမ်းစာ မျှော်စားမယ့်အစားမဟုတ်သလို သူများ project proposal ရေးစားဖို့ မယ်သုန်ရေ ပေါက်စီရေ နဲ့ တဖွဲ့တနွဲ့ ငိုမပြနိုင်ပါဘူး။ စိန်တွေကျောက်တွေ သီးနေအောင်ဝတ်ပြီး လက်ဘက်သုပ်ကလေး စားပြနေမှ ချေတာမိုးတာ မဟုတ်ပါဘူး။ သံဇလုံ နဲ့ ပဲပြုတ်စားရင်းလည်း သူ့လောက်တော့ အောက်မကျို့တတ်တဲ့ ဆင်းရဲသားဆရာဝန်လေးပါ။
တော်လှန်ရေးကာလအတွင်းမှာ ဘယ်လိုပဲ ခက်ခဲဆင်းရဲ ပင်ပန်းရှားပါးသည်ဖြစ်ပစေ၊ ကိုယ့်ဘက်ကတော့ လူနာတိုင်းကို လိုလေသေးမရှိအောင် အခမဲ့ ကုသပေးနိုင်ဆဲပဲ။ ကိုယ့်နဲ့အတူတကွ အလုပ်လုပ်တဲ့သူတွေဆိုလည်း ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်ပါပဲ။ အားလုံးကို လက်ရည်တပြင်တည်း မရှိအတူ ရှိအတူ ဝေစားမျှစား နေကြတယ်။ ပိုင်ဆိုင်မှုမရှိတဲ့ဘဝဟာ အပူအပင်ကင်းပါတယ်။ ဒါ ငါ့ဟာ၊ ငါထူထောင်ထားတဲ့ဆေးရုံ၊ ငါ့ပစ္စည်း ငါ့ပိုက်ဆံ လို့ကို စိတ်ထဲမထားဘူး။ သေလည်း ထားခဲ့ရမှာ၊ ရှင်လည်း အိမ်ပြန်သယ်မသွားဘူးဆိုတဲ့ ပစ္စည်းတွေပါ။ ဘာကိုမှ တွယ်တာတပ်မက်မနေပါဘူး။ လေယာဉ်လာလို့ ကျင်းထဲဆင်းရင်လည်း လက်ချည့်ပလာ ဆင်းတယ်။ တောထဲဝင်လို့ စာသင်ရရင်လည်း ဖုန်းတောင်ယူမသွားဘူး။ လူတကိုယ်ပေါ်မှာ ပိုက်ဆံနဲ့ဖလှယ်လို့ရလောက်တဲ့အရာဆိုလို့ လက်ပတ်နာရီတောင် ပတ်မထားဘူး။ ပိုက်ဆံတောင် ကိုယ့်ဘာကိုယ် ကိုင်မသုံးတာ ကြာပြီ။ ကိုမြတ်ကို ကပ္ပိယခန့်ပြီး သူ့ဆီကတောင်းသုံးတယ်။ ကိုယ်ခွဲပေးလိုက်တဲ့ ဘယ်လူနာရဲ့ အိပ်ကပ်အထူအပါးကိုမှ ကြည့်စရာမလို။ ကိုယ့်ဆေးရုံကို လှူပါစေကြောင်း မျက်စောင်းကလေးမှလည်း ထိုးကြည့်စရာမလို။ “အလှူ့ရှင်တွေ ဝမ်းသာဖို့ အမျှကလေးပေးကာ မေတ္တာပို့။ ကျန်းမာစေဖို့၊ ချမ်းသာစေဖို့၊ အဖြူရောင်လေးကို ဆင်မြန်းလို့….” ဆို အရပ်တကာလည်ပြီး မနောသီချင်းဖွင့်စရာ မလိုပါဘူးခင်ဗျ။ ပဲပြုတ်နဲ့လည်း စားတတ်တယ်။ တဲကုပ်နဲ့လည်း အိပ်တတ်တယ်။ ဘာမှမရှိလည်း ဘာမှမလိုတော့တဲ့သူက ပိုပြီးချမ်းသာတယ် လို့ ဆိုရမှာပေါ့ ညီမလေး မတ်မတ်ပြုံးရယ်။
ပူပင်သောက အကုန်လုံး ကင်းစင်သွားပြီ လို့တော့ မဆိုလိုပါဘူးနော်။ ဘုရား၊ ရဟန္တာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် တော်တော်ပုတဲ့ ပုထုဇဉ် လို့ သတ်မှတ်ပါတယ်။ ကိုယ့်အတွက်ကိုယ် မပူပင်မိပေမယ့် အိမ်က လူကြီးမိဘ နေထိုင်မကောင်းတာ သတင်းကြားရင် စိတ်ပူမိတာပဲ။ ဆွေတွေမျိုးတွေ ဆုံးပါးသွားရင် ဝမ်းနည်းရတာပဲ။ အိမ်ကလူတွေနဲ့ စကားပြောရင် စကားကြီး ၃ ခွန်းပဲ မေးစရာရှိတယ်။ “ထမင်းစားပြီးပလား။” “နေကောင်းလား။” “အဆင်ပြေလား။” အင်း ၃ အင်းကလွဲရင် တခြားဖြေစရာ မရှိဘူး လို့ သိပေမယ့် သူတို့ဆီမှာ ကိုယ်သိချင်တာလည်း အဲ့ဒီ အင်း ၃ အင်းပဲ ရှိတယ်။ တခြားပြောစရာ မရှိဘူး။ ညီတော်မောင်နဲ့ ဖုန်းပြောဖြစ်ရင်တောင် လူနာလှမ်းပြတာ၊ လူနာအကြောင်းကလွဲလို့ ကျန်တာဘာမှ မပြောဖြစ်ဘူး။ အထဲမှာ ဘာဖြစ်ခဲ့လဲ၊ အပြင်မှာ ဘာတွေဖြစ်နေသလဲတောင် ခုထက်ထိ တစ်ခွန်းမှ မမေးဖြစ်ဘူး။ လိုင်းပေါ်မှာသာ စီကာပတ်ကုံး ရေးနေတာ အိမ်ကလူတွေဆို စကားကြီး ၃ ခွန်း၊ အင်းကြီး ၃ အင်း ရရင် ကျေနပ်ပြီ။ မတွေ့တာမဆုံတာ ကြာတဲ့သူငယ်ချင်းတွေကိုလည်း ဒါပဲမေးစရာရှိတယ်။ ကိုယ့်အကြောင်းကတော့ သုံးလေးရက်တစ်ခါလောက် စာဝင်ဖတ်ရင် up to date အကုန်သိရမှာပါ။
တောထဲမှာ စစ်ပွဲဖြစ်နေတဲ့နေရာမှာ မပြေးပဲ မရှောင်ပဲ နေနေရတဲ့အတွက် စိုးရိမ်ထိတ်လန့်စရာလည်း မရှိပါဘူး။ လေယာဉ်လာရင် အသံကြားပါတယ်။ ခွဲခန်းထဲမှာ မဟုတ်ရင် ကျင်းထဲဆင်းပြီးသားပဲ။ ခေါင်းပေါ်တည့်တည့်ရောက်လာပြီး မီးပန်းလွှတ်သလို ရွှီကနဲအသံကြားရင် “ဒီတစ်ခါတော့ သွားပြီလား မသိဘူး။” ဆို ပြားနေအောင် ဝပ် ပလိုက်တာပေါ့။ ပြီးတော့လည်း “ငါ့ဆီ မဟုတ်ဘူး။ ဟဲဟဲ။” ဆို ဖုတ်ဖက်ခါ ခြေလက်ဆေး၊ နေမြဲတိုင်းနေတာပါပဲ။ ကိုယ့်ဆီမှာ အနာရှိမှန်းသိရင် အလကားနေ အဲ့ဒီအနာကို သွားသွားမဆွဘူး။ ပစ်ထားလိုက်တယ်။ ကျက်ပလေ့စေ။ တွေးကိုမတွေးဘုး။ “တရေးနိုးတဲ့ညတွေဆို ပြန်အိပ်မရပါ။” ဆိုတာမျိုးတွေရှိလည်းပဲ အခုလောလောဆယ် လုပ်စရာတွေ မရပ်မနားရှိနေတဲ့အတွက် ဘာမှလုပ်မရသောအရာကို အချိန်မပေးနိုင်ပါဘူး။ အဲ့ဒါ luxury တွေလေ။ ဆောရီးပါ။ ဆီးယူလိတ်တား။ “တစ်နေ့တော့ မင်းပြန်လာဦးမလား။ ဟိုးတုန်းကလို ချစ်ဦးမလား။ ဘာ့ကြောင့် ငါ့ကို မင်းထားသွားလဲ။ ဖြေ။” ဆိုတာမျိုး မျှော်မနေဘူး။ သီချင်းပဲ ဆက်ဆိုစရာ ရှိတယ်။ “ဒါ အိပ်မက်တွေ။” မနက်လင်းရင် တနေ့တာအတွက် လုပ်စရာအလုပ်တွေ တန်းစီနေတယ်။ “ဘယ်လူနာအတွက် ဘာလေးလုပ်ပေးစရာ ကျန်သေးတယ်။” ဆိုတာ မကျန်တဲ့နေ့ဟာ ကိုယ့်အဖို့တော့ စိတ်ချမ်းသာတဲ့နေ့ပါပဲ။ အိပ်မပျော်ရင် စာထိုင်ရေးတယ်။ အိပ်မရရင် စာထရေးတယ်။ ပင်ပန်းတာရက်ဆက်လာရင် ၇ နာရီလောက်ကတည်းက ဖုန်းကိုလက်နဲ့ မမနိင်တော့ပဲ အိပ်ပျော်သွားရော။ အိပ်မပျော်လို့ လေးငါးလလောက် ကိုယ် ဆေးကုပေးနေရတဲ့ လူနာတွေကို အံ့ဩမိတယ်။ အိပ်မပျော်လည်း မအိပ်ပဲနေလိုက်လေ။ ဘာမှမပူနဲ့။ နောက် ၃-၄ ရက်လောက်နေလို့ သံပတ်ကုန်သွားတဲ့အခါ တချိုးတည်း ပေါင်းအိပ်သွားလိမ့်မှာပေါ့။ အာရုံကို တနေရာမှာ စူးစိုက်လိုက်ရင် အတွေးမျှင်တွေက ပြတ်တောက်သွားတာပဲ။ ကိုယ်ဆို ရုပ်ရှင်ကြည့်လည်း အဲ့ဒီထဲပဲ စိတ်ထားတယ်။ ဝတ္ထုဖတ် လည်း အဲ့ထဲမှာပဲ။ အလုပ်ပြန်ပေါ်လာရင် အဲ့ဒီအာရုံကို ဖြတ်ပြီး အလုပ်ထဲပြန်ထည့်တာ။ သယ်မလာဘူး။ ထားရစ်ခဲ့တယ်။
ကိုယ်တို့ဆီက မောင် Loki ကလေးလည်း သူ့ဆရာနဲ့ တဖြတ်တည်းပါကွယ်။ အရင်က သွားလေရာ တကောက်ကောက်လိုက်လာပြီး အိပ်ရင်တောင် ခြေထောက်ပေါ် မေးတင်ပြီး ခွေခွေကလေး လာအိပ်တာ၊ မနက်အိပ်ယာနိုးရင် ဘေးကငုတ်တုတ်ကလေးထိုင်ပြီး အလင်းရောင်လာတာနဲ့ လက်ကလေးပုတ်ပုတ်ပြီးနှိုးတာ ပုံပြင်ကလေးဖြစ်သွားပြီ။ သူလည်း ဆေးရုံမှာပဲ ပျော်တော့တယ်။ ထမင်းကျွေးရင်တောင် ဆေးရုံကို လိုက်ခေါ်ပြီး ကျွေးရတယ်။ မနက် ဆေးရုံမှာ လူနာသွား round ရင် သူပါ round လိုက် တယ်။ Sophie ကို ပလစ်ပြီး မိဖြူတို့ မိကျားတို့နဲ့ ပျော်ပေမယ့် တခြားကကောင်တွေ လာရစ်ရင် ဂုတ်ကိုခဲလွှတ်တာ။ ဆေးရုံဟာ သူ့နယ်ပယ်မို့ ဆေးရုံမှာရှိနေတဲ့ ဘယ်သူနဲ့မဆို သူတည့်တယ်။ မျောက်ကလေးဆို သူ့ဂုတ်ပေါ်ကမဆင်းဘူး။ ချာလီနဲ့လည်း တည့်တယ်။ ဆိတ်တွေနဲ့လည်း ရန်မဖြစ်ဘူး။ Loki နဲ့ Sophie ကို ပေးတဲ့ PDF ကလေးက သေနတ်မှန်လို့ ဆေးရုံရောက်လာတော့ “Loki ရေ။ လာ လာ။ ဒီမှာ မင်းသခင်လေ။” လို့ပြတော့ မမှတ်မိဘူးဗျ။ ကိုယ့်ပေါ်ပဲ အတင်းဖက်ဖက်တက်နေတယ်။ ကိုယ်တို့ကိုလည်း သူတနေ့ မေ့သွားပြီး တွေ့တဲ့သူနဲ့ ပျော်နိုင်မှာပါလေ။ သူ့ကမ္ဘာကြီးမှာ သူ့ဟာသူတော့ မင်းတုန်းမင်းကြီးလို စံစားနေရမှာပေါ့။ မင်းခေတ်ပဲကွာ။ ပျော်သလိုသာ နေပါတော့။ ခင်မင်ရတဲ့ ရေစက်ထဲမှာ မင်းလည်းပါပါတယ်။ ပင်စီကိုတော့ သတိမရတော့ပါဘူး။